ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်
Vol. 67 Ch. 935
အိပ်မက်များက လှပသော်လည်း လက်တွေ့ဘဝက ရက်စက်ပေသည်။
ဝူနီသည် သူ၏တိုက်ခိုက်မှုက တိတ်တဆိတ် ပျောက်ကွယ်သွားကြောင်း တွေ့လိုက်သောအခါ ကောင်းကင်စိတ်အာရုံဖြင့် လျင်မြန်စွာ အာရုံခံလိုက်သည်။ ကျန်းရီပတ်ပတ်လည်ရှိ ထူးဆန်းသောအရာအချို့ကို သူ အာရုံခံမိလိုက်၏။
“ဝိညာဉ်လေတွေလား”
ဝူနီ၏ စိတ်ဝိညာဉ်က အတော်လေးသန်မာပေ။ ဝူမျိုးနွယ်၌ မွေးဖွားလာသူများတွင် စိတ်ဝိညာဉ်အားနည်းသူများ သိပ်မရှိချေ။ သို့သော် သူသည် ဝိညာဉ်လေများကို အာရုံခံမိသောအခါ အတော်လေး တုန်လှုပ်သွားပြီး ခန္ဓာကိုယ် တုန်ယင်သွားလေသည်။ သူသည် သူ့အစောင့်များအား သူ့ကို ကယ်တင်ပေးရန် အော်ပြောမိမလိုပင် ဖြစ်သွား၏။
ဝိညာဉ်လေများက မည်သို့သော အရာများနည်း။
ဝိညာဉ်လေများသည် ဖျက်ဆီး၍ မရနိုင်သော သေစေနိုင်သည့် လက်နက်များပင်။ ယခုတွင် ကျန်းရီက အပြစ်ဆေးကြောဒေသထဲ၌ သူ၏ ဝိညာဉ်ချိတ်ဆက် မူလရတနာကိ မည်သို့ ဖျက်ဆီးခဲ့ကြောင်း ဝူနီ နားလည်သွားပေပြီ။ သူ နောက်သို့ အလျင်အမြန် ဆုတ်လိုက်၏။ သူ၏ ကောင်းကင်စိတ်အာရုံကလည်း ကျန်းရီကို အာရုံခံလိုက်သည်။ သူသည် ကျန်းရီ၏ ပတ်ဝန်းကျင်ကို စူးစမ်းပြီးနောက် အတန်ငယ် စိတ်အေးသွား၏။
ဝူနီသည် ကျန်းရီက ဝိညာဉ်လေများကို မည်သို့ထုတ်လွှတ်ကြောင်း မသိပေ။ သို့သော် ဝိညာဉ်လေများသည် ကျန်းရီနှင့် သုံးကီလိုမီတာအကွာအထိသာ သွားနိုင်ကြောင်း သူ သတိပြုမိလိုက်သည်။ ကျန်းရီ၏ ဝိညာဉ်လေများက သုံးကီလိုမီတာထက်ပို၍ မသွားနိုင်ပုံပင်။ မဟုတ်လျှင် ကျန်းရီက သူ့ကို တိုက်ခိုက်ပြီးနေလောက်ပေပြီ။
ဝှစ်...ဝှစ်...
ဝူနီသည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွား၏။ ယခုက နေ့အချိန်ဖြစ်၍ မြေပြင်အထက် ကီလိုမီတာ(၃၀)အတွင်းတွင် လုံခြုံမှုရှိပေသည်။ ထို့ကြောင့် ဝူနီက ဆက်၍ပျံတက်သွားဝံ့ခြင်းပင်။ သူနှင့် ယှဉ်လျှင် ကျန်းရီ၏ အရှိန်က အလွန်နှေး၏။ သူသည် ကျန်းရီကို အလွယ်တကူ ရှောင်ကာ ဤအခြေအနေအတွင်းမှ ဖောက်ထွက်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားနိုင်ပေသည်။
“ဝိညာဉ်လေတွေလား...”
အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များက ကောင်းကင်စိတ်အာရုံများနှင့် အာရုံခံကြည့်လိုက်ကြပြီး ကျန်းရီအနီးရှိ ထူးဆန်းသော စွမ်းအင်ကို လျင်မြန်စွာ သတိပြုမိသွားကြသည်။ ထိုစွမ်းအင်များက ဝိညာဉ်လေများနှင့် တူညီပေသည်။ ပညာရှင်များစွာသည် ယင်းတို့က ဝိညာဉ်လေများဖြစ်ကြောင်း အတည်ပြုပြီးသောအခါ အုတ်အော်သောင်းနင်းဖြစ်သွားကြ၏။
ကျန်းရီက ဝိညာဉ်လေများကို မည်သို့ရခဲ့ကြောင်း မည်သူမှမသိပေ။ လူများသည် သူ ဝိညာဉ်လေများကို စုပ်ယူသည်ကိုလည်း မမြင်ရပေ။ ထို့ကြောင့် သူက ရတနာတစ်မျိုးကို ရခဲ့ခြင်းဖြစ်မည်ဟု သူတို့ ယူဆလိုက်ကြသည်။ မည်သူမှ ဝိညာဉ်လေများကို စုပ်ယူနိုင်၊ ထုတ်လွှတ်နိုင်ကြောင်း မတွေးမိကြပေ။ ဝိညာဉ်လေများကို စုပ်ယူနိုင်ကြောင်းကို မျိုးနွယ်ကြီးသုံးခုသာ သိထားသည် မဟုတ်ပါလား။
ကျန့်၊ ရီနှင့် ယဉ်မျိုးနွယ်တို့၏ အရေးပါသော မျိုးဆက်များမှလွဲ၍ ဆန်းကြယ်ဧကရာဇ်တွင် ထိုသို့သော စွမ်းရည်မျိုးရှိခဲ့ကြောင်း မည်သူမှ မသိပေ။ ဝိညာဉ်လေများက ကြောက်မက်ဖွယ်ကောင်း၏။ ထို့ကြောင့် ယင်းဝိညာဉ်လေများကို စုပ်ယူနိုင်လိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
မည်သို့ပင်ဖြစ်စေ...
ကျန်းရီက ဝိညာဉ်လေများကို အသုံးပြုနိုင်နေခြင်းက လူများစွာကို တုန်လှုပ်သွားစေပေသည်။ ဝူမျိုးနွယ်မှ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ပါးသည် တိုက်ပွဲကို အတင်းဝင်တားရန်ပင် တွေးမိသွား၏။ သို့သော် သူတို့သည် မျက်လုံးပေါင်းများစွာက ထိုတရားဝင်တစ်ယောက်ချင်းယှဉ်ပြိုင်ပွဲကို ကြည့်နေကြကြောင်း တွေးမိသွား၏။ သူတို့သာ ဝင်ပါလိုက်ပါက ဝူနီ အရှက်ရသွားပေလိမ့်မည်။ ထို့ကြောင့် မည်သူမှ မဆင်မခြင် မလှုပ်ရှားဝံ့ကြပေ။
“တစ်ခုခုတော့ မှားနေပြီ...”
ပညာရှင်များစွာသည် ကျန်းရီ၏ လျှို့ဝှက်ချက်များကို လျင်မြန်စွာ သိရှိသွားကြ၏။ သူ၏ဝိညာဉ်လေများက သူ့ခန္ဓာကိုယ်ပတ်ပတ်လည် သုံးကီလိုမီတာအတွင်းတွင်သာ လှည့်ပတ်နိုင်ပေသည်။ ထို့ကြောင့် ကျန်းရီက ဝူနီအနားသို့ ကပ်ရန် အဆက်မပြတ် ကြိုးစားနေခြင်းပင်။ သို့သော် ဝူနီက သူ၏အလျင်ကို အားပြု၍ ရှောင်ထွက်နေ၏။ မဟုတ်လျှင် ဝူနီ ဒုက္ခတွေ့ပြီးနေလောက်ပေပြီ။
“ဟူး...”
ဝူမျိုးနွယ်မှ ပညာရှင်ဆယ်ယောက်က စိတ်ပေါ့သွားဟန် သက်ပြင်းချလိုက်ကြသည်။ ကျီထင်ယွီက ရုတ်တရက် တစ်စုံတစ်ခုကို တီးတိုးပြောလိုက်၍ အကြီးအကဲတစ်ယောက်က လျင်မြန်စွာ အသံပို့လွှတ်လိုက်လေသည်။
“သခင်လေးနီ... သခင်မလေးထင်ယွီက သခင်လေးကို ပိုင်ရီကို အဆက်မပြတ်တိုက်ဖို့ ပြောပါတယ်။ သူ့ကို သခင်လေးအနား အကပ်မခံပါနဲ့တဲ့။ သူ့ရဲ့ ဝိညာဉ်လေတွေကို လွင့်ပျယ်သွားအောင်လုပ်ပါ... သူ့ရဲ့ ဝိညာဉ်လေတွေက အကန့်အသတ်မရှိတာ့ မဖြစ်နိုင်ဘူး”
“ကောင်းပြီ...”
ဝူနီသည် ထိုသို့ကြံရွယ်ထားပြီးဖြစ်၍ အမြင့်သို့ ဆက်၍ ပျံသန်းနေပြီး သူ၏လှံဖြင့် အဆက်မပြတ် ထိုးကာ သောင်းချီသော လှံအရိပ်များကို ထုတ်လွှတ်၍ ကျန်းရီ၏ ဝိညာဉ်လေများကို လွင့်ပျယ်သွားအောင် လုပ်နေလေသည်။ သူသည် ကျန်းရီနှင့် ငါးကီလိုမီတာအကွာမှနေ၍ တိုက်ခိုက်နေခြင်းပင်။
‘ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒီအတိုင်းသာ ဆက်သွားရင် ဝိညာဉ်လေတွေက နှစ်နာရီအတွင်း ကုန်သွားမှာပဲ’
ကျန်းရီ တွေးလိုက်၏။ သို့သော် သူ မည်သို့မှ မတတ်နိုင်ပေ။ သူ၏အရှိန်က နှေးလွန်းနေသည်။ ထို့ကြောင့် သူ ဝူနီကို လိုက်မမီနိုင်ချေ။ သူ၏ နဝမမြောက်ကြယ်စက်လုံးအတွင်းရှိ ဝိညာဉ်လေစွမ်းအင်က သိပ်များပေ။ လေနဂါးများကို ဖျက်ဆီးရန် ဝိညာဉ်လေများ သိပ်မလိုသော်လည်း ဝူနီသည် အတွင်းအားတိုက်ခိုက်မှုကို သုံးနေခြင်းဖြစ်၍ ထိုတိုက်ခိုက်မှုကို ဆယ်ရက်၊ ဆယ်ညတိုင်အောင် မရပ်မနား ထုတ်လွှတ်နိုင်လောက်ပေသည်။ အကယ်၍ သူသာ ဝိညာဉ်လေများကို အကုန်သုံးလိုက်လျှင် သူ့အတွက် အန္တရာယ်များပေလိမ့်မည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီနှင့် ဝူနီတို့သည် မြင့်မားသော ကောင်းကင်ထက်တွင် ပျံသန်းနေ၏။ တစ်ယောက်က လိုက်ဖမ်းနေပြီး တစ်ယောက်က ထွက်ပြေးနေသည်။ ထွက်ပြေးနေသူက တည်ငြိမ်စွာဖြင့် အဆက်မပြတ် ပြန်တိုက်ခိုက်နေသည်။ လိုက်ဖမ်းနေသူကမူ မျက်မှောင်ကြုတ်၍ မျက်နှာမည်းမှောင်နေလေသည်။
ပွဲကြည့်ပရိသတ်တစ်ထောင်နီးပါးကလည်း မျက်မှောင်ကြုတ်ကာ ကြည့်နေကြသည်။ သူတို့သည် ဤကဲ့သို့ ထူးဆန်းသော တိုက်ပွဲကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ အထူးသဖြင့် စွမ်းအားကြီး ကောင်းကင်စိတ်အာရုံကို မပိုင်ဆိုင်ထားသော ဗုဒ္ဓဒေသမှ သခင်လေးများနှင့် သခင်မလေးများသည် ဝိညာဉ်လေများကို အာရုံမခံနိုင်ပေ။ ထို့ကြောင့် သူတို့သည် ကျန်းရီက ဝူနီ၏ တိုက်ခိုက်မှုများကို မည်သို့ ပျောက်ကွယ်သွားအောင် လုပ်နေကြောင်း မသိနိုင်ဖြစ်နေကြသည်။ အဘယ်ကြောင့် ဝူနီက စွမ်းအားကြီးစွမ်းရည်များကို မထုတ်လွှတ်ဘဲ ထိုသို့ပျင်းစရာကောင်းသည့် တိုက်ခိုက်မှုကို သုံးနေကြောင်းကိုလည်း သူတို့ နားမလည်နိုင်ကြပေ။
တစ်နာရီ ကြာပြီးနောက် ကျန်းရီ ရပ်တန့်လိုက်၏။ သူ လိုက်မမီနိုင်သဖြင့် ရပ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ထို့နောက် ကျန်းရီသည် အဝေးရှိ တောင်တန်းတစ်ခုဆီသို့ ပျံသန်းသွား၏။ သူသည် လိုက်မမီနိုင်သဖြင့် သူ၏ရန်သူကို မျှားခေါ်ရန် နည်းလမ်းတစ်ခုစဉ်းစား၍ အလစ်တိုက်ခိုက်ရမည်ဖြစ်သည်။ လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားနေပါက သူ၏ဝိညာဉ်လေများ ကုန်သွားပေလိမ့်မည်။ သို့ဆိုလျှင် သူသည် ရွေးချယ်စရာမရှိတော့ဘဲ ကောင်းကင်ရှောင်တိမ်းခြင်းနှင့် ထွက်ပြေးရပေလိမ့်မည်။
“ပြေးဖို့ ကြံနေတာလား”
ဝူနီ၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်း လက်သွား၏။ သူသည် တုံ့ဆိုင်းမှုမရှိဘဲ နောက်မှ လိုက်သွားလိုက်၏။ သို့သော် သူ သတိထားနေသေးပေသည်။ သူသည် အနားသို့ အရမ်းကပ်မသွားဘဲ ကျန်းရီ၏ ဝိညာဉ်လေများ ကုန်သွားအောင် ဆက်တိုက်ခိုက်နေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီသည် တောင်ထွတ်များအကြား လှည့်ပတ်ပျံသန်းကာ ဝူနီ၏ လေနဂါးတိုက်ခိုက်မှုများကို တောင်ထွတ်များဖြင့် ကာရံနေလေသည်။ ထို့ကြောင့် သူ ဝိညာဉ်လေများကို လျှော့သုံးနိုင်လာသည်။ ဝူနီက အဆင့်မြင့် ကောင်းကင်ဧကရာဇ်ဖြစ်ပြီး သူ့လက်ထဲမှ လှံက အတုအယောင် နတ်ဘုရား အသုံးအဆောင်ဖြစ်သည်။ ထို့ကြောင့် သူက အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်ကိုသာ ထုတ်လွှတ်နေသော်လည်း အတော်လေး စွမ်းအားကြီးနေပေသေးသည်။ အောက်ဘက်မှ တောင်ထွတ်များတွင် အပေါက်ကြီးများ ဖြစ်သွားကြသည်။ တောင်ထွတ်တော်တော်များများလည်း ပြိုကျကုန်ပေပြီ။ ထို့ကြောင့် ပြိုကျသံများက ပဲ့တင်ထပ်နေပြီး ကောင်းကင်ထက်တွင် ဖုန်မှုန့်များ ပြည့်နှက်နေလေသည်။ မြေပြင်တွင်လည်း ပရမ်းပတာ ဖြစ်နေသည်။
‘ငါ ဘာလုပ်သင့်လဲ’
ကျန်းရီသည် တောင်များအကြား လှည့်ပတ်ပျံသန်းရင်း နည်းလမ်းကို လျင်မြန်စွာ စဉ်းစားနေ၏။ ဝူနီက သတိကြီးလွန်းသဖြင့် သူ့အနားသို့ ကပ်မလာပေ။ ဝူမျိုးနွယ်မှ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များနှင့် အခြားမျိုးနွယ်များမှ သခင်လေးများ၊ သခင်မလေးများ၏ အစောင့်များကလည်း နောက်မှ လိုက်လာကြသည်။ ထို့ကြောင့် သူ နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် မိုးကြိုးအမျက်ကို ရုတ်တရက် ထုတ်သုံးလိုက်လျှင်လည်း ဝူနီကို ဖမ်းနိုင်လောက်အောင် အချိန်မရလောက်ပေ။
ဝုန်း...ဝုန်း...ဝုန်း...
ပေါက်ကွဲသံတစ်ချက် ပဲ့တင်ထပ်လာတိုင်း ကျန်းရီ၏ ဝိညာဉ်လေက ပိုနည်းလာလေသည်။ သူ အံကြိတ်လိုက်ပြီး အသည်းအသန် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
ကျန်းရီ တောင်ကြီးတစ်လုံးကို ပတ်လိုက်သည့်အချိန်တွင် သူ့ကျောပေါ်၌ လေအရိပ်ဝတ်ရုံ ထွက်ပေါ်လာ၏။ ထို့ကြောင့် သူ၏အရှိန်က ရုတ်တရက် မြင့်တက်သွားပေသည်။ သူသည် တောင်ကြီးကို လှည့်ပတ်၍ ဝူနီထံ လျင်မြန်စွာ ချဉ်းကပ်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျန်းရီ၏ လက်စွပ်က တောက်ပလာပြီး မရေမတွက်နိုင်သော လက်နက်များနှင့် ကျောက်တုံးများ ထွက်ပေါ်လာကာ ဝူနီထံသို့ ပြင်းထန်စွာ ပျံဝင်သွားလေသည်။ ထိုလက်နက်များသည် သူ အပြစ်ဆေးကြောဒေသထဲတွင် သစ်သားဓားများနှင့် ပုတီးစေ့များပင်။ ၎င်းတို့အားလုံးက ဝိညာဉ်အသုံးအဆောင်များနှင့် ကောင်းကင်အသုံးအဆောင်များ ဖြစ်သည်။ သူသည် ၎င်းတို့အားလုံးကို ပစ်လွှတ်လိုက်ရန် ဝန်မလေးပေ။ ထို့ကြောင့် တဒင်္ဂအတွင်းမှာပင် ကောင်းကင်ထဲ၌ လက်နက်ပုန်းများဖြင့် ပြည့်နှက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
ဝှစ်...
တစ်ချိန်တည်းမှာပင် ကျန်းရီ၏ စိတ်ဝိညာဉ်အတွင်းမှနေ၍ ဝိညာဉ်ဓားဆယ့်နှစ်ချောင်း ရုတ်တရက် ပျံထွက်လာပြီး ကောင်းကင်ထဲရှိ လက်နက်များနှင့်အတူ ရောနှောပျံသန်းသွားလေသည်။ သူသည် စွန့်စား၍ ဝူနီကို ဝိညာဉ်ဓားများဖြင့် အလစ်တိုက်ခိုက်ရန် ကြံလိုက်ခြင်းပင်။
‘သူက ဘာတွေ ကြံနေတာလဲ’
ဝူနီသည် မျက်တောင်ပုတ်ခတ်လိုက်ပြီး ကောင်းကင်ထဲရှိ လက်နက်များကို ကောင်းကင်စိတ်အာရုံဖြင့် သေချာအာရုံခံလိုက်လေသည်။ ထိုလက်နက်အားလုံးက ကစားစရာအပျက်များကဲ့သို့ပင်။ ၎င်းတို့အများစုက အဆင့်နိမ့်လက်နက်များဖြစ်ကြ၏။ ထို့ပြင် ကျန်းရီက ၎င်းတို့ကို အတွင်းအားဖြင့် ပစ်လိုက်ခြင်းပင် မဟုတ်ဘဲ ရိုးရိုးအားဖြင့်သာ ပစ်လိုက်ခြင်းပင်။ ထိုသို့သော လက်နက်များက မည်သူ့ကို သတ်နိုင်ပါမည်နည်း။
“သခင်လေး... သတိထားပါ။ သခင်မလေးထင်ယွီက သခင်လေးကို လှည့်ကွက်တွေကို သတိထားဖို့ သတိပေးလိုက်ပါတယ်”
အသံပို့လွှတ်မှုတစ်ခု ရောက်ရှိလာ၏။ ထို့ကြောင့် ဝူနီ စိုးရိမ်သွားပြီး နောက်သို့ ချက်ချင်း ဆုတ်လိုက်သည်။ သူသည် ကျီထင်ယွီကို အလွန်ယုံကြည်၏။ ထို့ကြောင့် သူမပြောသော စကားတိုင်းကို သူ နားထောင်ပေသည်။ သူသည် လက်နက်ပုန်းများကို အရေးစိုက်မနေတော့ဘဲ အရင်ဆုံး ပြတ်ဆုတ်လိုက်၏။
‘လခွမ်းပဲ...’
ကျန်းရီ စိတ်ထဲမှ ဆဲလိုက်သည်။ ရွှေရောင်ဝိညာဉ်ဓားကိုးချောင်းနှင့် ရွှေအိုရောင်ဝိညာဉ်ဓားသုံးချောင်းတို့က တလက်လက်တောက်ပလာပြီး ရုတ်တရက် အရှိန်မြှင့်ကာ လျှပ်စီးတန်းဆယ့်နှစ်တန်းကဲ့သို့ ဝူနီထံ ပျံသန်းသွားလေသည်။
“အဲ့ဒါက တကယ့်ကို လှည့်ကွက်တစ်ခုပဲ”
ဝူနီ ပြုံးလိုက်လေသည်။ ပုလဲလုံးသုံးလုံးက သူ့ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ပြီး လျှပ်စီးတန်းများအဖြစ် ပြောင်းလဲကာ ကျန်းရီ၏ ဝိညာဉ်ဓားဆယ့်နှစ်ချောင်းဆီသို့ ပျံသန်းသွားသည်။ ၎င်းတို့က ဝိညာဉ်ဓားများကို ဖျက်ဆီးပစ်ရန် အသင့်ဖြစ်နေပေပြီ။
သို့သော်...
ဝိညာဉ်ဓားများက အစစ်နှင့်တူသော်လည်း အမှန်တွင် စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုသာ ဖြစ်ပေသည်။ ထို့ကြောင့် ဝိညာဉ်ဓားဆယ့်နှစ်ချောင်းသည် အစိမ်းရင့်ရောင်ပုလဲသုံးလုံးကို တိုက်ရိုက်ဖောက်ထွင်း၍ ဝူနီနောက်သို့ လိုက်သွားလေသည်။
“ဒါက...”
ဝူနီ စိတ်လှုပ်ရှားသွား၏။ ထိုဝိညာဉ်ဓားဆယ့်နှစ်ချောင်းသည် အစောကထက် နှစ်ဆပိုမြန်လာပြီး သူ့မျက်လုံးရှေ့တွင် တဖြည်းဖြည်း ကြီးထွားလာသဖြင့် သူ အံ့အားသင့်နေလေသည်။ ထိုဓားများက သူနှင့် ပေထောင်ဂဏန်းလောက်သော ဝေးတော့ပေသည်။
“သခင်လေး... သခင်လေးရဲ့ အင်အားကို ဆက်ဖုံးကွယ်မထားပါနဲ့တော့”
ဝူမျိုးနွယ်မှ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါး၏ အသံပို့လွှတ်မှု ရောက်ရှိလာသည်။
“သခင်မလေးထင်ယွီက သခင်လေးကို ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန် ထုတ်သုံးဖို့ ပြောပါတယ်။ အဲ့တာအိုပုံသဏ္ဌာန်အကြောင်းကို သူများတွေ သိသွားလည်း အရေးမကြီးဘူး... ပိုင်ရီကိုသာ ရအောင်သတ်ပါတဲ့။ အဲ့ပိုင်ရီက အရမ်းအန္တရာယ်များတယ်။ သခင်လေး သူ့ကို သေချာပေါက် သတ်ပစ်ရမယ်”
‘ငါ့အင်အားကို ဆက်ဖုံးကွယ်ထားဖို့ မလိုတော့ဘူးလား’
ဝူနီသည် ရက်စက်စွာ ပြုံးလိုက်ပြီး အော်ပြောလိုက်၏။
“ကောင်လေး... ဒီသခင်လေးက ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်ထားတယ်ကွ။ အဲ့တာအိုပုံသဏ္ဌာန်ကို အပြင်လူတွေရှေ့မှာ တစ်ခါမှ ထုတ်မပြဖူးသေးဘူး။ ဒီနေ့တော့ မင်း အဲ့တာအိုပုံသဏ္ဌာန်နဲ့ ဂုဏ်ရှိရှိ သေရတော့မှာပါ။ သေပေတော့...”
***