ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ရောက်ခြင်း
Vol. 10 Ch. 134
ကျန်းရှောက်ခယ်က မြန်မြန် မိတ်ဆက် ပေးလိုက်သည် “ဝူကျီ မင်းက ကောင်းကင် ဖွေရှာနန်းတော် ဆေးလုံးဘုံစေတီက ဆေးလုံးသခင်မုနဲ့တော့ ရင်းနှီးမှာပါ ဒါက ကောင်းကင် ဖွေရှာနန်းတော် ဓားရေကန်က ကျိုးရှောက်ယီတဲ့.... ”
သူ့စကား ပြောနေစဉ်အတွင်း ကျန်းရှောက်ခယ်က မုယင်နှင့် သူမဘေးမှ ဘဲဥမျက်နှာ အမျိုးသမီးအား လက်ဟန် ပြပြောလိုက်သည်။
မုယင်က ပြုံးပြကာ ကျိုးရှောက်ယီဟု ခေါ်သည့် အမျိုးသမီးကို ပြောလိုက်သည် “ဟုတ်တယ်လေ သူက ငါ နင့်ကို မိတ်ဆက် ပေးချင်နေတဲ့ ဆေးလုံးသခင်မိုပဲ ဆေးလုံး လမ်းစဉ်မှာပဲ ကျွမ်းကျင်တာ မဟုတ်ဘူး သူက ကြင်နာပြီးတော့ သဘောကောင်းတယ်...”
ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ဈေးချိုသော ထုတ်ကုန်လား....
ကျန်းရှောက်ခယ်၏ အသံထွက်က မတိကျသောကြောင့် မိုဝူကျီအတွက် ဓားရေကန်နှင့် ဈေးချိုသော ထုတ်ကုန်ကို လွဲမှားသွားစေ၏။ သို့သော်လည်း ကျန်းရှောက်ခယ်က ဈေးချိုသော ထုတ်ကုန်ဟု မပြောမှန်း သေချာသည်။ ထို့ကြောင့် သူက အဆောတလို မေးလိုက်သည် “ရှောက်ခယ် မင်းပြောတာ ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ဘာကြီး...”
“ဓားရေကန်လေ အဲဒါက ဆေးလုံးဘုံစေတီနဲ့ အတူတူပင် ကောင်းကင်ဖွေရှာ နန်းတော်ထဲမှာ ဆေးလုံး ဘုံစေတီရယ် ဓားရေကန်ရယ် လက်မှုပညာ တောင်ထိပ် အစရှိသဖြင့် ရှိတယ် ပြီးတော့ ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အရည်အချင်း အရှိဆုံးက .....” ကျန်းရှောက်ခယ်သည် သူတို့ကို ဖော်ပြရန် စကားလုံးတွေ ရှာနေစဉ် မိုဝူကျီက သူပြောမည့်အရာကို ဝင်ဖြတ်ပြောလိုက်ရသည်။ ထိုအရာများက ကောင်းကင်ဖွေရှာနန်းတော်၏ အမျိုးမျိုးသော အထူးပြုမှုများ ဖြစ်၏။
“စီနီယာမု စီနီယာကျိုး ကျေးဇူးပြုပြီးတော့ အထဲဝင်ပါဦးဗျ...” သူတို့နှစ်ယောက်သည် အဘယ်ကြောင့် ရောက်လာမှန်း မသိသော်လည်း မိုဝူကျီက အထဲ ဖိတ်ခေါ်လိုက်ရသည်။
ဖိတ်ခေါ်ပြီးတော့မှ အထဲရှိ ရှုပ်ထွေးမှုများကို ရုတ်တရက် သတိရသွားလေသည်။
မိုဝူကျီက ကျန်းရှောက်ခယ် အခန်းကို အသုံးပြုရန် ပြောမည့်ဆဲဆဲတွင် ကျိုးရှောက်ယီခေါ်သည့် အမျိုးသမီးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “စီနီယာအစ်မမု ညီမလေး ရုတ်တရက်ကြီး သိပ်နေလို့ မကောင်းတော့ဘူး နောက်ရက်မှ ထပ်လုပ်လို့ ရမလား....”
မုယင်က ကျိုးရှောက်ယီ စကားနောက်မှ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက် လိုက်ကာ သူမက မိုဝူကျီကို အားနာစွာ ပြောလိုက်သည် “ဆေးလုံးဆရာမို ဂျုနီယာညီမလေးက သိပ်နေမကောင်းဘူးဆိုတော့ နောက်တစ်ခါမှ ထပ်လာခဲ့ပါ့မယ်....”
မုယင်ပင် မိုဝူကျီက ထိုမျှ အခြေအနေဆိုးဆိုး မည်သို့ ကျရောက်သွားမှန်း နားမလည်ပေ။
“ရပါတယ် ရပါတယ်...” မိုဝူကျီက လက်ကိုပြပြီး ပြောလိုက်သည်။ ထိုအမျိုးသမီး နှစ်ယောက် ရောက်လာသည့် အကြောင်းရင်းပင် မသိလိုက်ရချေ။
ထိုအမျိုးသမီး နှစ်ဦးကို လိုက်ပို့ပြီးသည်နှင့် မိုဝူကျီနှင့် ကျန်းရှောက်ခယ်တို့က အခန်းထဲ ဝင်လိုက်ကြသည်။
ကျန်းရှောက်ခယ်က အခန်းထဲ ရောက်သည်နှင့် ပါးစပ် အဟောင်းသား ဖြစ်သွားတော့သည်။ မိုဝူကျီ တစ်ယောက် ဒီထဲတွင် ဘာများလုပ်နေတာလဲ....
မိုဝူကျီက ကျန်းရှောက်ခယ် ပခုံးကို ပုတ်ကာ “ရှောက်ခယ် ငါ့အခန်း အခြေအနေကို အသာထား မုယင်နဲ့ ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ဓားရေကန် ကျိုးရှောက်ယီတို့က ဘာလို့ ရောက်လာတာလဲ သူတို့ကလည်း နေရာလိုနေတာတဲ့လား....”
အခြားသော ဂိုဏ်းများက နေရာ လိုအပ်ကောင်း လိုအပ်နိုင်သော်လည်း ကောင်းကင်ဖွေရှာ နန်းတော်ကတော့ ထိုထဲ ပါမည် မဟုတ်ကြောင်း ယုံကြည်သည်။
ကျန်းရှောက်ခယ်က အားရပါးရ ရယ်မောကာ “အဲဒီ ကျိုးရှောက်ယီက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ဓားရေကန်က ပါရမီရှင်တစ်ယောက်ပဲ သူမဂုဏ်သတင်းကလည်း ဆေးလုံးဘုံစေတီက မုယင်ထက် အောက်မကျဘူး သူမက မင်းနဲ့ ရင်းနှီးချင်လို့ ရောက်လာတာ ဒါပေမဲ့ ပုံစံကို ကြည့်ပြီးတော့ မင်းက သူမမျှော်လင့်ထားသလို မဟုတ်လို့ လှည့်ပြန်သွားတာပဲ....”
မိုဝူကျီက ကျန်းရှောက်ခယ်အား အထိတ်တလန့် ကြည့်လိုက်သည်။ အချိန်အနည်းငယ် အကြာတွင် ကျန်းရှောက်ခယ်က သူ့ကို လိမ်ညာနေသည် မဟုတ်ကြောင်း သိလိုက်ရသည် “ရှောက်ခယ် ငါက ဆေးလုံးပြိုင်ပွဲမှာ အဆင့် ၅၀ နဲ့ နိုင်ခဲ့ပေမဲ့ ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ပါရမီရှင် သတိထားမိလောက်အောင်တော့ မဟုတ်ဘူးမလား ဒါက ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာလဲ...”
မိုဝူကျီက ရုပ်မဆိုးသော်လည်း ကမ္ဘာကို လှုပ်ကိုင်နိုင်လောက်အောင် ခန့်ညား ချောမောနေခြင်းလည်း မဟုတ်ပေ။ ထို့အပြင် ကျင့်ကြံခြင်း လောကတွင် ခန့်ညားသော သူများက လစ်ဟာမနေပေ။ ကျိုးရှောက်ယီလို ကောင်းကင်ဖွေရှာ နန်းတော်၏ ပါရမီရှင်က သူ့ဆီ လာပြီး မိတ်ဆွေဖွဲ့ချင်သည့်အကြောင်းက ယုံရခက်နေလေ၏။ ထိုအရာက အဓိပ္ပာယ်မရှိလှချေ။
ကျန်းရှောက်ခယ်က ဆက်တိုက် ရယ်မောလိုက်ပြိး “ငါလည်း သူတို့ကြားက စကားကို မရည်ရွယ်ဘဲ ကြားလိုက်ရတာ ကြည့်ရတာ ကျိုးရှောက်ယီက မင်းကို သူ့အတွက် တာအိုမောင်နှံလုပ်ဖို့ မဟုတ်ဘူး သူမမှာ အစ်မကြီး ရှိတယ် သူမအစ်မကြီးရဲ့ ဝိညာဉ်ကြောကလည်း သာမန်အဆင့်ဆိုတော့.....”
ဆက်ပြောစရာ မလိုတော့ဘဲ မိုဝူကျီက အခြေအနေ အရပ်ရပ်ကို နားလည် သွားလေပြီ။ ကြည့်ရသည်မှာ သူ့လုပ်ဆောင်ချက်များက အသိမှတ်ပြုတော့ ခံရလေသည်။ သူ့ဝိညာဉ်ကြောများက အမှိုက်သာသာ ဖြစ်နေသော်လည်း အနည်းဆုံးတော့ သူက ဆေးလုံး ဖော်စပ်နိုင်သည့်အတွက် အလားအလာကောင်း ရှိသည်ဟုတော့ ဆိုလို့ ရလေ၏။ ထို့ကြောင့်သာ သူမ အစ်မကြီးနှ့င့် မိတ်ဆက်ပေးလိုခြင်း ဖြစ်ရမည်။
“ဟားဟား အဲဆို သူမက ငါညီမ ဖြစ်ချင်နေတာပဲ....” မိုဝူကျီက ဘာမှ အရေးမကြီးသကဲ့သို့ တဟားဟား ရယ်မောလိုက်သည်။
ကျန်းရှောက်ခယ်က ရှက်ရှက်ဖြင့် နှာခေါင်းကို ပွတ်လိုက်ပြီးတော့ “ကြည့်ရတာတော့ အဲလိုပဲ ဒါပေမဲ့ သူမအကြည့်ထဲမှာ မင်းက သူမခဲအို ဖြစ်လာတာ မင်းအတွက် ကံကောင်းမှုလို့ တွေးနေတာ သိသာနေတယ်....”
မိုဝူကျီက လက်ခါပြလိုက်ပြီး “သူမအကြောင်း မပြောနဲ့တော့ ဒါနဲ့ ကျုပ်ဆေးပင်တွေ ရပြီလား....”
ကျန်းရှောက်ခယ်က မိုဝူကျီကို အိတ်ကမ်းပေးလိုက်ရင်း “မြေကမ္ဘာ ဝိညာဉ် ကာကွယ်ရေး ဆေးလုံးဖော်စပ်ဖို့ ဆေးအသုတ် သုံးသုတ်စာပဲ ရလာတယ် နောက်ထပ် ထပ်မရနိုင်တော့ဘူး...”
“ဒီလောက်ဆို လုံလောက်ပါပြီ.. ” မိုဝူကျီက အိတ်ကိုဖွင့်ပြီးတော့ ဆေးပင်များကို စစ်ဆေးလိုက်သည်။ သူတို့ကို သေချာသိမ်းဆည်းထားကာ အထဲရှိ အဆောင်ဘေးတွင် ဝိညာဉ် စွမ်းအားများ စုစည်းနေကြသည်။ သူက ကျန်းရှောက်ခယ်ရှေ့တွင် အားနာမနေတော့ဘဲ သူ့သိုလှောင်အိတ်ထဲ ကောက်ထည့်လိုက်တော့သည်။
ဤအချိန်တွင် သူက ဆေးလုံးများ မဖော်စပ်နိုင်သလို ကျင့်ကြံ၍လည်း မရပေ။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို ဝင်ပြီးမှ ထိုအရာများကို လုပ်နိုင်လိမ့်မည်။
“ဒါက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ရဲ့ အကြမ်းဖျင်း မိတ်ဆက်နဲ့ မြေပုံတချို့တွေ ယူထားလိုက်....” ကျန်းရှောက်ခယ်က နောက်ထက် လက်ကမ်းစာစောင်နှစ်ခု ထုတ်ကာ မိုဝူကျီဆီ ကမ်းပေးလိုက်သည်။
မိုဝူကျီက သူတို့ကို သေချာသိမ်းဆည်းထားသည်ကို မြင်ပြီး ကျန်းရှောက်ခယ်က ဆက်ပြောလိုက်သည် “ဒြပ်ငါးမျိုး ကင်းမဲ့နယ်က နေ့ဘက်မှာ ဖွင့်လိမ့်မယ် ကောင်းကောင်း အနားယူထား ငါ မင်းကို မနှောင့်ယှက်တော့ဘူး....”
သူက မိုဝူကျီတွင် အနားယူရန် လိုအပ်နေကြောင်း သိသောကြောင့် အခြားဘာမှ မပြောတော့ပေ။
ကျိုးရှောက်ယီနှင့် ပတ်သက်၍ သူသည် မပြောချင်ပေ။ ကျိုးရှောက်ယီသည် ကောင်းကင်ဖွေရှာ နန်းတော်၏ ပါရမီရှင် တစ်ယောက် ဖြစ်သော်လည်း ကျန်းရှောက်ခယ် မျက်လုံးထဲတွင် မိုဝူကျီ အောင်မြင်မှုများက သူမ ထက် မနိမ့်ကျပေ။ တစ်ဖက်တွင် ကျိုးရှောက်ယီက မိုဝူကျီကို အထင်မသေးလျှင်ပင် မိုဝူကျီက သူမ အစ်မကြီးနှင့် မိတ်ဆွေဖြစ်ဖို့ရာ သို့မဟုတ် သူမနှင့် ခဲအိုတော်စပ်ဖို့ရာ စိတ်ကူးရှိမည် မဟုတ်ပေ။
ကျန်းရှောက်ခယ် ထွက်သွားပြီး နောက်တွင် မိုဝူကျီက ချီသွေးကြောများကို ချက်ချင်း စစ်ကြည့်လိုက်သည်။ သူတို့တွင် ပြဿနာမရှိမှန်း သိရ၍ နောက်ဆုံးတွင် စိတ်အေးသွားတော့သည်။ သူသည် မပြောပြနိုင်လောက်သည့် နာကျင်မှုနှင့် ဖျက်ဆီး ခံလိုက်ရခြင်းများကို ကြုံတွေ့ခဲ့ရသော်လည်း သူ့ချီသွေးကြောများက အကောင်းတိုင်း ရှိနေပြီး ထိခိုက်သွားသည့် လက္ခဏာ တစ်ခုပင် မတွေ့မိချေ။
နေ့ရက်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဖွင့်မည့် ရက်က ကျရောက်လာလေပြီ။ ကျန်းရှောက်ခယ်နှင့် ကျန်းရှောက်ရုတို့က မိုဝူကျီထံ သတ်မှတ်ထားသည့်ထက် စောကာ လာတွေ့ကြလေ၏။ အကယ်၍ သူတို့က အချိန်နောက်ကျသွားလျှင် လက်ပတ်ရှိနေလျှင်ပင် ဝင်၍ ရမည် မဟုတ်ချေ။
မိုဝူကျီက ယန်အာကို နှုတ်ဆက်လိုက်ပြီးနောက် ရှုန်းရှုကျူနှင့် ဖေးပင်းကျူတို့ကို သူမအား စောင့်ရှောက်ရန် မှာကြားလိုက်သည်။ ထို့နောက်တွင် သူက ကျန်းရှောက်ခယ်၊ ကျန်းရှောက်ရုတို့ နှင့်အတူ ဒြပ်ငါးမျိုးကင်းမဲ့နယ် ဝင်ပေါက်သို့ ထွက်သွားတော့သည်။
သူက ကျန်းရှောက်ခယ်ကို အကူအညီ တောင်းထားလေ၏။ အကယ်၍ သူသာ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှ ပြန်ထွက်မလာနိုင်ခဲ့လျှင် သူတို့၏ ရင်းနှီးမှုကို ထောက်ထားကာ ကျန်းရှောက်ခယ်ကို ယန်အာအား နှစ်အနည်းငယ် ကူညီစောင့်ရှောက်ပေးရန် အကူအညီ တောင်းထားလေ၏။ ထိုမှသာ ယန်အာသည် ကမ္ဘာကြီးက ငြိမ်းငြိမ်းချမ်းချမ်း ထွက်သွားနိုင်လိမ့်မည်။ ကျန်းရှောက်ခယ်ကို နားလည်သလောက် သူသည် သေချာပေါက် ကူညီပေးလိမ့်မည်။
ထို့အပြင် ကျန်းရှောက်ခယ်အတွက် ထိုသို့ လုပ်ဆောင်ရန် မခက်ခဲချေ။
“ဒါက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ နေရာ မဟုတ်ဘူးလား...” မိုဝူကျီက ကျန်းရှောက်ခယ် နောက်မှ လိုက်လာရင်း ကောင်းကင်ဖွေရှာ နန်းတော်ထဲ ရောက်သွားလေသည်။
ကျန်းရှေုာက်ခယ်က ရယ်မောပြောလိုက်ပြီး “ဟုတ်တယ်လေ ဒြပ်ငါးမျိုးကင်းမဲ့နယ် ဝင်ပေါက်ကို ကောင်းကင်ဖွေရှာ နန်းတော်က စောင့်ကြပ်ပေးထားတာ အဲဒါကြောင့် ဒီဟာက ဒြပ်ငါးမျိုးကင်းမဲ့နယ် ဝင်ပေါက် ဟုတ်တယ် ”
မိုဝူကျီက သွားလာနေကြသော ကျင့်ကြံသူ အများအပြားသည် ကောင်းကင်ဖွေရှာ နန်းတော်သို့ ဝင်သွားကြောင်း တွေ့လိုက်ရသည်။
“ဝူကျီ ရှောက်ရု မင်းတို လက်ပတ်တွေ ပတ်ပြီးတော့ ဝင်လိုက် ငါက မင်းတို့ကို ဒီအထိပဲ လိုက်ပို့နိုင်မှာ အထဲမှာ ကံကောင်းပြီးတော့ အကျိုးများများ ရကြပါစေကွာ ရှောက်ရု တကယ်လို့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှာ ဝူကျီနဲ့တွေ့ရင် မင်း ဝူကျီ စကားနားထောင်နော် ဘာမှထိန်းမနိုင် သိမ်းမရ မလုပ်နဲ့ .....” ပြောပြီးနောက်တွင် ကျန်းရှောက်ခယ်က ကျန်းရှောက်ရုကို သီးခြားမှာကြား လိုက်သည်။
ကောင်းကင်ဖွေရှာနန်းတော် တည်နေရာ
မိုဝူကျီနှင့် ကျန်းရှောက်ရုတို့သည် ဤနေရာသို့ လာကာ ဆေးလုံးဆရာ ဆွေးနွေးပွဲ တက်ရောက်ဖူးသည်။ ဤတစ်ကြိမ်တွင် သူတို့က ဝင်ပေါက်ကို ဖြတ်လိုက်သည်နှင့် ရှည်လျားလှသည့် အပြာရောင် ကျောက်ပြားများ ခင်းထားသည်ကိုသာ မြင်လိုက်ရသည်။
ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဦးတည်နေသော ကျင့်ကြံသူများကို “အားလုံး လက်ပတ် ဝတ်ဆင်ပြီးတော့ ဒီလမ်းအတိုင်း တိတ်တဆိတ် သွားကြပါ” ဟူသော ပြောနေသံကို ကြားနေရသည်။
မိုဝူကျီနှင့် ကျန်းရှောက်ရုတို့က လူအုပ်ကြီးနောက် လိုက်ကာ ထိုရှည်လျား ကျယ်ပြန့်လှသည့် လမ်းပေါ် ရောက်သွားကြသည်။
ဝင်လာစဉ်က ထူးဆန်းသည်ကို မခံစားခဲ့ရသော်လည်း မိနစ်အနည်းငယ် အကြာ လမ်းလျှောက်ပြီးနောက်တွင် မိုဝူကျီက သူ့ခန္ဓာ တစ်ကိုယ်လုံးတွင် ကြက်သီးများ ထလာသည်ကို ခံစားမိလိုက်သည်။ နာရီဝက်နီးပါးလောက် လမ်းလျှောက်ပြီး နောက်တွင် မိုဝူကျီနှင့် တခြားလူများသည် အညတရ ဖြစ်နေသော မြို့လယ် ကွက်လပ်သို့ ရောက်ရှိလာကြသည်။ ထိုနေရာကား လမ်းဆုံး ဖြစ်ဟန် ပေါ်ကာ တခြားလမ်း သွားစရာ မရှိတော့ပေ။
ထိုကွက်လပ်ကား မြူများ ဝန်းရံနေသောကြောင့် လူထောင်ချီနေသော သူများက အနည်းငယ် တိုးဝှေ့လာကြသည်။
ထိုစဉ် ကောင်းကင်ဖွေရှာ နန်းတော်၏ ဂိုဏ်းချုပ် ဖုန်းကို ထပ်မြင်တွေ့လိုက်ရသည်။ သူက မြူများဘေးရှိ ကွက်လပ်၏ ညာဘက် အစွန်ဆုံးတွင် လက်နောက်ပစ်၍ ရပ်နေလျက်ရှိကာ ကြည့်ရသည်က ပုံရိပ်ယောင် ဆန်၍ လျှို့ဝှက်နက်နဲဟန် ပေါ်နေသည်။
မည်သူကမှ အသံ မထွက်ကြပေ သို့ မဟုတ် မလိုအပ်ဘဲ ဘာမှ မလုပ်ရဲကြချေ။ ဤနေရာရှိ လူများအားလုံးက ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က ဂိုဏ်းချုပ်ဖုန်း စကားပြောရန် တိတ်တဆိတ် စောင့်စားနေကြသည်။
အမွေးတိုင် တစ်တိုင်လောက် ကုန်ချိန်တွင် ဂိုဏ်းချုပ်ဖုန်းက ခြေလှမ်းကျဲဖြင့် လျှောက်လာပြီး စကားမပြောခင် ကျင့်ကြံသူများကို ဝေ့ကြည့်လိုက်သည် “ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်နိုင်တာက အခွင့်အရေး တစ်ခုပဲ အားလုံးက ဒီအခွင့်အရေးကို အမိအရ အသုံးချပြီး ဂိုဏ်းတွေ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာကြလိမ့်မယ်လို့ မျှော်လင့်တယ်...”
ထို့နောက်တွင် သူက မြူထဲရှိ ဗလာနတ္ထိ နေရာသို့ မျက်နှာမူလိုက်ကာ “အစ်ကိုကြီး ကျီ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို အတူတူ ဖွင့်ရအောင်...”
ဂိုဏ်းချုပ်ဖုန်း စကားဆုံးသည်နှင့် အရိပ်တစ်ခုက လူအုပ်ရှေ့တွင် ဗြုန်းခနဲ ပေါ်လာလေသည်။ သူကို မြူများ လွှမ်းနေသောကြောင့် မိုဝူကျီက ထိုလူ၏ သွင်ပြင်ကို သေချာမမြင်နိုင်လောက်ပေ။
ထိုလူ ရောက်ရှိလာသည့်အခါ သူက စကားတစ်ခွန်းမျှ မပြောဘဲ အစီအရင် အလံများကို ရိးရှင်းစွာ ပစ်လိုက်သည်။ ဂိုဏ်းချုပ်ဖုန်းက ရှေ့လှမ်းကာ နောက်ထပ် ပစ်လိုက်သည်။
မိုဝူကျီက ဆူဆူညံညံ အသံကို ကြားလိုက်ရပြီး နေရာဝန်းကျင်ရှိ မြူများက တဖြည်းဖြည်း လွင့်ပါးလာတော့သည်။ ကွက်လပ် ဝန်းကျင်တွင် မထင်မရှား လမ်းကြောင်း ပေါ်လာပြီး ကြည့်ရသည်က တစ်နေရာ ဝေးဝေးသို့ ဆက်ထားဟန် ဖြစ်သည်။ သို့သော်လည်း လမ်းကြောင်းက မြူများဖြင့် ဖုံးလွှမ်းနေကာ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ မဖြစ်နိုင်ချေ။
ငါးမိနစ်၊ ခြောက်မိနစ် အကြာတွင် ဆူဆူညံညံ အသံက လျော့ကျသွားလေသည်။ လမ်းကြောင်းက ပို၍ ကျယ်လာသော်လည်း အရင်ကလို ဝေဝေဝါးဝါး ဖြစ်နေဆဲ ဖြစ်သည်။
ဂိုဏ်းချုပ်ဖုန်းက သူလက်ဟန်များကို ရပ်လိုက်ပြီး ကျယ်လောင်စွာ ကြေငြာလိုက်သည် “ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို သွားမဲ့လမ်း ဖွင့်လိုက်ပါပြီ အားလုံးကို သတိပေးချင်တာက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို သွားမဲ့လမ်းက အခုမှ ဖွင့်ကာစမို့ အထဲမှာ အဆိပ်မြူတွေနဲ့ ပြည့်နေဦးမှာပဲ အဲကြောင့် ဒီလမ်းကြောင်းကို တတ်နိုင်သမျှ မြန်မြန်သွားပြီး အဆိပ်မြူတွေ ရှိနေတဲ့ နေရာက ထွက်သွားကြပါ မဟုတ်ရင် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဝင်ဝင်ချင်း အဆိပ်မိ သေဆုံးသွားနိုင်တယ်...
ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို သုံးလကြာ ဖွင့်ထားမှာ ဖြစ်တယ် သုံးလကြာတာနဲ့ ဒြပ်ငါးမျိုး ကင်းမဲ့နယ် လမ်းကြောင်းကို နောက်တစ်ကြိမ် ထပ်ဖွင့်ပေးမယ် အားလုံးက သုံးလဆုံးတာနဲ့ ထွက်လာကြဖို့ လိုတယ် အားလုံး မြန်မြန် ဝင်ကြတော့....”
ဂိုဏ်းချုပ်ဖုန်း စကားအဆုံးတွင် ကျင့်ကြံသူအများက လမ်းကြောင်းပေါ် သွားလိုက်ကြပြီး မြူထဲတွင် ကွယ်ပျောက် သွားကြသည်။
ကျန်းရှောက်ရုက မိုဝူကျီကို ပြောလိုက်သည် “ဝူကျီ မင်းဝင်တဲ့အခါ သေချာပေါက် အဲနေရာမှာ စောင့်မနေနဲ့ ချက်ချင်း ဘေးကင်းရာကို သွား ကံပါရင် ငါတို့ အထဲမှာ ပြန်တွေ့မှာပါ....”
ထိုစကားအဆုံးတွင် ကျန်းရှောက်ရုက ခြေလှမ်းကျဲကျဲ လျှောက်ပြီး ဝင်သွားလိုက်သည်။ မိုဝူကျီက နောက်ကျမနေရဲပေ။ သူက အဆိပ်ပြယ် ဆေးလုံး နှစ်လုံးယူကာ မျိုချလိုက်ပြီး အလောတကြီး လိုက်ဝင် သွားတော့သည်။
***