ကောင်းကင်နတ်ဆိုး ဂိုဏ်း၏ ဟော်ယွီချန်
Vol. 10 Ch. 138
လျှပ်စစ် အလုံးများက မိုဝူကျီ ခန္ဓာပေါ် ကျရောက်လာပြီး တစ်လက်လက် လျှပ်စီးများ ဖြစ်ပေါ်နေသည်။ မိုဝူကျီ လက်ပေါ်သို့ ကျရောက်သော လျှပ်စစ်မှ လွဲ၍ ကျန်လျှပ်စစ်များက သူ့အပြင် အဝတ်ကို အပေါက်ဖြစ်အောင် လောင်ကျွမ်း သွားကြသည်။
သူလက်ထဲတွင် လောင်ကျွမ်း နေသော ခံစားချက် အပြင် ခန္ဓာပေါ်သို့ ကျရောက်လာသော လျှပ်စစ်များက သူ့အား ထိရောက်ခြင်း မရှိပေ။
ကောင်းကင်ကျီး သဘာဝပိုးချည် ချပ်ဝတ်က အမှန်တကယ် အသုံးဝင်လှသည်။ မိုဝူကျီက စိတ်ထဲတွင် အောင်ပွဲ ခံနေလေ၏။ ထိုချပ်ဝတ် မပါလျှင်ပင် ထိုလျှပ်စစ်အားက သူ့အား သက်ရောက်မှု ရှိမည် မဟုတ်ပေ။ သို့သော် ထိုချပ်ဝတ်ကြောင့် သူခံစားရသည်က များစွာသက်သာ သွားပေ၏။
လျှပ်စီး ကျားသစ်က သူ့တိုက်ခိုက်မှုသည် မိုဝူကျီအပေါ် သက်ရောက်မှု မရှိသည်ကို မြင်သောအခါ မိုဝူကျီထက် သူ့ထက်များစွာ သန်မာကြောင်း ချက်ချင်း သဘောပေါက် သွားတော့သည်။ အဆင့်နှစ်အထိ ကျင့်ကြံ ထားသည့် သားရဲအနေဖြင့် သူ့တွင် အသိဉာဏ် နည်းနည်းတော့ ရှိ၏။ လျှပ်စီး ကျားသစ်က သူ့တိုက်ခိုက်မှု အလုပ် မဖြစ်သည်ကို မြင်သောအခါ လှည့်ပြေးတော့သည်။
လျှပ်စီး ကျားသစ်၏ တိုက်ခိုက်စွမ်းက အားကောင်းသည်ဟု ယူဆ၍ မရချေ။ သူ့၏ အဓိက စွမ်းဆောင်ရည်မှာ အမြန်နှုန်းသာ ဖြစ်၏။
မိုဝူကျီက လျှပ်စီး ကျားသစ် ထွက်ပြေးမှုကို စောင့်နေခဲ့တာ ဖြစ်ပြီး ယခု လျှပ်စီး ကျားသစ်က ထွက်ပြေးသော အခါ သူက နောက်က ချက်ချင်း လိုက်သွားလိုက်သည်။ သူက လျှပ်စီး မိကျောင်းကို အဆုံးသတ်ရန် ရည်ရွယ်ချက် မရှိဘဲ လျှပ်စီးမိကျောင်း နေသည့် နေရာကိုသာ ရှာဖွေလိုခြင်း ဖြစ်သည်။ ရေခဲတောင် ကိစ္စကို အတွေးမှ ထုတ်ပစ် လိုက်လေသည်။
အကယ်၍ ရေခဲတောင်တွင် စစ်မှန်ခြင်း နတ်ဘုရားပန်း ရှိနေလျှင်ပင် ထိုအရာက သူ့လျှပ်စီး ရှာတွေ့ပြီးသည် အထိ စောင့်နိုင်သည်။
လျှပ်စီး ကျားသစ်နောက် လိုက်မည့် အတွေးသည် မည်မျှ မှားယွင်း သွားကြောင်း သတိပြုမိ လိုက်သည်။ လျှပ်စီး ကျားသစ်၏ အမြန်နှုန်းကား သူ့ထက် အဆများစွာ ပိုမြန်ဆန်ပေသည်။ အမွှေးတိုင် တစ်ဝက်လောက် ကုန်ချိန်တွင် လျှပ်စီး ကျားသစ်၏ ပုံရိပ်သာ မြင်နိုင်လေ တော့သည်။ အချိန်တချို့ အကြာတွင် ပုံရိပ်ပင် လုံးဝ ပျောက်ကွယ် သွားတော့သည်။
မိုဝူကျီက အမှန်တကယ် လမ်းကြောင်း ပျောက်သွားကာ မအောင်မြင်တော့ပေ။
“ဘမ်း ဘမ်း ဘမ်း ...” မိုဝူကျီ ဝမ်းသာမှု နောက်တွင် ဆက်တိုက် ပေါက်ကွဲမှုကား တိတ်ဆိတ်မှုကို ချိုးဖျက် လိုက်တော့သည်။ လျှပ်စီး ကျားသစ်က ပျောက်သွား သော်လည်း သူက လျှပ်စီးရေကန်ကို တွေ့လိုက်ရ၏။
လျှပ်စီး ကျားသစ်သည် လျှပ်စီး ရေကန်ထဲတွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ လျှပ်စီး ရေကန်မှ လျှပ်စီးအားများက အဆက်မပြတ် ထွက်ပေါ်နေကာ ရေအောက်မှ ထွက်ပေါ် နေမှုကြောင့် အသံများ ထွက်ပေါ်နေလေ၏။
မိုဝူကျီက လျှပ်စီး ကျားသစ်ကို အဘယ်ကြောင့် ဂရုစိုက် နေရမည်နည်း။ သူက ချက်ချင်း လျှပ်စီး ရေကန်ဆီ အပြေးအလွှား သွားလိုက်တော့သည်။ လျှပ်စီးရေကန်က အဝေးကြီး မဟုတ်သည်က ကံကောင်းလှသည်။
လျှပ်စီး ရေကန်ဘေးတွင် ရပ်နေရင်း သူက ပြင်းထန်သော လျှပ်စီးအားကို ခံစားမိသည်။ မိုးကြိုးမြူ တောထဲရှိသော လျှပ်စီး ရေကန်ထက် အဆများစွာ အားကောင်းကြောင်း တွေ့လိုက်ရသည်။ လျှပ်စီး အခန်းရှိ လျှပ်စီး အားသည်ပင် ထိုမျှ အံ့အားသင့်စရာ မကောင်းပေ။
သို့သော်လည်း မိုဝူကျီက တွေဝေ မနေတော့ချေ။ ယခု သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၈ ထိပ်ဆုံးသို့ ရောက်နေပြီး ချပ်ဝတ်လည်း ဝတ်ဆင် ထားသေး၏။ သူက သေချာပေါက် ထိုမျှ ပြင်းအားကို ခံနိုင်လိမ့်မည်။
မိုဝူကျီက လျှပ်စီး ရေကန်ထဲသို့ ခြေချ လိုက်တော့သည်။ သူက ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို သောက်လိုက်ပြီး နောက်တွင် လျှပ်စီးနှစ်ခုက ကျဆင်း လာလေ၏။ လျှပ်စီးများက သူအပေါ် ကျရောက်သည့် အချိန်ကို မစောင့်နေဘဲ မိုဝူကျီက လက်ကို မြှောက်လိုက်ပြီး လျှပ်စီးအားကို အရင်ဦးအောင် ဆန့်ကျင်လိုက်သည်။
သူ့စိတ်ဝိညာဉ် ဆန္ဒအကူနှင့် အတူ မိုဝူကျီ၏ တိုးတက်လာသော ကျင့်ကြံဆင့်ကြောင့် ထိုလျှပ်စီးကို သူ့ချီ သွေးကြောများဆီ ဆွဲယူလိုက်နိုင်သည်။
ဘမ်းဘမ်း ... ထိုလျှပ်စီး နှစ်ချက်ဖြင့် မိုဝူကျီ၏ ချီသွေးကြော ၆၂ ခုကား တစ်ဝက်ထက် ပွင့်သွားလေပြီ။
လျှပ်စီးအားများက ပို၍ ကျရောက် လာလေသည်။ မိုဝူကျီ၏ စိတ်ဝိညာဉ် ဆန္ဒနှင့် ကျင့်ကြံစဉ်တို့ ဆက်တိုက် အသုံးပြုမှု အောက်တွင် သူ့ချီသွေးကြော ၆၂ ခုမြောက်ကား ပွင့်လာလေပြီ။
အရမ်းကို လွယ်ကူလွန်း လှသည်။ မိုဝူကျီက ရယ်မောလိုက်ပြီး ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို သောက်သုံး လိုက်တော့သည်။
မိုဝူကျီ အတွက် ချီသွေးကြောကို လျှပ်စီး အသုံးပြု၍ ဖွင့်ခြင်းက ပထမဆုံးအကြိမ် လွယ်ကူနေခြင်း ဖြစ်သည်။ အရင်တုန်းက သူသည် သေမင်း တံခါးဝသို့ အမြဲတမ်း ရောက်နေခဲ့ရ၏။ ဤတစ်ကြိမ်တွင် သူ့၌ ချပ်ဝတ် ရှိနေလေပြီ။ လျှပ်စီးများက ဆက်တိုက်ကျရောက် လာသော်လည်း ခန္ဓာကိုယ်တွင် ချပ်ဝတ် ပါနေသောကြောင့် လက်မောင်းသာ နာကျင်သွားလေ၏။
၆၃ ၆၄ ...
“ဘမ်းဘမ်း ...” ဤတစ်ကြိမ်တွင် မိုဝူကျီက လျှပ်စီး ခုနစ်ချက်ကို သူ့လက်ဆီ တိုက်ရိုက် လွှဲပို့လိုက်သည်။ ထိုလျှပ်စီး ခုနစ်ချက်ကား သူ့ဝတ်စုံ တစ်ခုလုံးကို ဆုတ်ဖြဲသွားပြီး အရိုးများ ကွဲကြေမတတ် အားတစ်ခုက မိုဝူကျီ၏ ၇၂ ခုမြောက် ချီသွေးကြောထဲ ဝင်ရောက် လာတော့သည်။ နာကျင်လွန်း၍ သူ တည်ငြိမ် နိုင်စွမ်းပင် ပျောက်သွားလေသည်။
ထိုသည်က လွန်လွန်း သွားလေပြီ။ ကံကောင်းလှစွာ မိုဝူကျီက ထိုမျှ နာကျင်မှုကို ခံစားဖူးသည့် အတွက် သူက လျှပ်စီးကို ချီသွေးကြော ၇၂ ခုမြောက်ထဲ ဦးတည် ပေးလိုက်သည်။ ထိုတစ်ချက် တည်းဖြင့် သူ့၏ ၇၂ခုမြောက် ချီသွေးကြောကား တိုက်ရိုက် ပွင့်သွားလေပြီ။
သူ့၏ ၇၂ ခုမြောက် ချီသွေးကြောကို ဖွင့်လိုက်သည့် အခိုက်အတန့် မိုဝူကျီက သူ့ခန္ဓာထဲမှ ပြောင်းလဲမှု အကြီးကြီးကို ခံစားမိလိုက်သည်။ သူ့တစ်ကိုယ်လုံးက ငှက်မွေးလေးလို ပေါ့ပါးသွားလေ၏။
မိုဝူကျီက အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး နောက်ထပ် ဆေးတစ်ပုလင်း ထုတ်သောက် လိုက်သည်။ သူ့တွင် ဆေးငါးပုလင်း ကျန်နေသေးရာ လက်ရှိ အနေအထားဖြင့် အနည်းဆုံး ချီသွေးကြော ၇၅ ခုမြောက် သို့မဟုတ် ၇၆ ခုမြောက်ကို ဖွင့်နိုင်လိမ့်မည်။
သူက ဆေးကို မျိုချ လိုက်သည့်အခါ လည်ချောင်း တစ်လျှောက် စီးဆင်းသွားသော အပူလေးသာ ခံစားလိုက်ရ၏။ ထို့နောက်တွင် လုံးဝ ပျောက်ကွယ် သွားတော့သည်။
မိုဝူကျီ စိတ်က လေးလံသွား၏။ သူက ဤသို့ အခြေအနေ အတွက် ပြင်ဆင် ထားသော်လည်း လက်တွေ့ ဖြစ်လာသောအခါ စိတ်ပျက်ရုံက လွဲပြီး မတတ်နိုင်ပေ။ ထိုသည်က ဒုတိယအကြိမ် ဖြစ်ရာ ပထမ တစ်ကြိမ်က သူ့ချီသွေးကြော ၃၆ ခုမြောက် ဖွင့်ပြီးစဉ်က ဖြစ်သည်။ သူက ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို အဆင့်မြင့်ဖို့ရာ အမြဲကြံစည် နေသော်လည်း သူ့ချီသွေးကြော ၇၂ ခုမြောက် ဖွင့်ပြီးသည့် အချိန်တွင် ထိုအခြေအနေကား ထပ်ဖြစ်လာပြန်၏။
ကြည့်ရသည်မှာ သူ့ဆေးကို ထပ်၍ အဆင့်မြင့် ရတော့မည်။ မိုဝူကျီက စိတ်ပျက်လက်ပျက် ပြန်လှည့်လိုက်သည်။ ဤနေရာသည် သူ့ချီ သွေးကြောများကို ဖွင့်ရန် အကောင်းဆုံး နေရာ ဖြစ်သော်လည်း ကံဆိုးလှစွာ သူ့တွင် ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးမရှိသေးပေ။
“ဘမ်း ...” မိုဝူကျီ ပြန်လှည့်သည့် အခိုက်အတန့်တွင် အရင် အရာများထက် ဆယ်ဆလောက် ပြင်းသော လျှပ်စီးက မိုဝူကျီ ကျောပေါ် ကျဆင်း လာခဲ့သည်။
“အာ့ ...” မိုဝူကျီက သွေးတစ်ပွက် အန်သွားပြီး သူ့ခန္ဓာ တစ်ကိုယ်လုံးက လျှပ်စီးကန် ထဲသို့ ပြန်ကျ သွားတော့သည်။
ရင်းနှီးလှသည့် နာကျင်မှုကို ခံစားလိုက်ရပြီး ရုန်းကန် လှုပ်ရှားဖို့ပင် ခက်ခဲလှ၏။ ထိုလျှပ်စီး တစ်ချက်တည်းဖြင့် နံရိုး ၇ချောင်း ၈ချောင်းလောက် အနည်းဆုံး ကျိုးသွားပြီး သူကလီစာ များလည်း တော်တော် ထိခိုက် သွားကြောင်း သိလိုက်သည်။
ကံကောင်းလှစွာ လျှပ်စီး တစ်ချက်တည်း ဖြစ်နေသည်။ အကယ်၍ နောက်ထပ် လျှပ်စီးသာ ကျရောက်လာရင် သေချာပေါက် သေဆုံး သွားလိမ့်မည်။
မိုဝူကျီက ကန်မှ ထွက်သွားရန် ရုန်းကန်လိုက်ပြီး ကုသဆေးလုံးများကို ထုတ်ယူကာ မျိုချလိုက်ရသည်။ အကယ်၍ ချပ်ဝတ်ကြောင့်သာ မဟုတ်လျှင် သူသည် ထိုမျှ ပြင်းထန်သော လျှပ်စီးအောက်တွင် သေဆုံး သွားလိမ့်မည်။
သူက ထိုအရာကို ဝယ်ယူခဲ့စဉ်က တကယ်ကို အမြော်အမြင် ရှိခဲ့သည်။ သို့သော်လည်း မိုဝူကျီက ဤသို့ ခံစားရမှုမျိုး ရှောင်ရှားနိုင်လျှင် ထိုအမြော်အမြင် မရှိချင်ပေ။
“မိတ်ဆွေ အကူအညီများ လိုနေလား…” စိမ်ပြေနပြေ အသံကို ကြားလိုက်ရ၏။ မိုဝူကျီက အတင်း ခေါင်းမော့ကြည့် လိုက်ရသည်။
မိုဝူကျီက လျှပ်စီးရေကန် အပြင်တွင် ရပ်နေသော ခန့်ညားလှသည့် လူငယ်ကို မြင်လိုက်ရသည်။ သူ့တွင် ရေလှိုင်းသဏ္ဌာန် မျက်ခုံးနှင့် နှာတံစင်းစင်း ပါရှိပြီး နှုတ်ခမ်းတွင် ညင်သာ နွေးထွေးသော အပြုံးကို သယ်ဆောင်ထား၏။ အမျိုးသားက မိုဝူကျီကို အသက်ရှင်ဖို့ရာ ရုန်းကန် နေရသည့် သူတစ်ယောက် ကဲ့သို့ မကြည့်ပေ။ ထို့အစား သူက လှပသည့် ရေကန်ဘေးတွင် လပြည့်ဝန်းကြီးကို ခံစားနေသော လူတစ်ယောက် ကဲ့သို့ ဖြစ်နေ၏။
မိုဝူကျီက ထိုအရာကို မြင်ပြီး သက်ပြင်းမချဘဲ မနေနိုင်ချေ။ အကယ်၍ ကမ္ဘာမြေမှာ ဆိုလျှင် ထိုလူသည် သေချာပေါက် စူပါစတား တစ်ယောက် ဖြစ်လိမ့်မည်။ သူ့ပုံရိပ်ကား ပြီးပြည့်စုံသည် သာမက ခန့်ညားပြီး အသံကလည်း ပြီးပြည့်စုံလှသည်။ အားလုံးက သဘာဝ ကျနေသောကြောင့် အယောင်ဆောင်မှု အရိပ်အယောင် မတွေ့ပေ။
“ဆေးလုံး ဆရာမို…” အံ့ဩနေသည့် အသံ တစ်ခုကို ကြားလိုက်ရသည်။ ဤတစ်ကြိမ်တွင် အမျိုးသမီး တစ်ဦးဆီမှ ဖြစ်၏။ ထိုအသံကား မိုဝူကျီနှင့် ရင်းနှီးလှသော ချူဝမ်အာဆီမှ ဖြစ်လေ၏။
ကြည့်ရသည်မှာ ချူဝမ်အာသည် ထိုကိုယ်လူချောနှင့် အတူ ရောက်လာခြင်း ဖြစ်ရမည်။
ကုသဆေးလုံး အစွမ်းက အစွမ်းပြ လာလေပြီ။ အားကောင်း လှသည့် ဆွဲအားဖြင့် မိုဝူကျီသည် လျှပ်စီးရေကန် အပြင်သို့ ရောက်ရှိသွားသည်။
“မိတ်ဆွေကို ကျေးဇူးတင်ပါတယ် အခုတော့ အကူအညီ မလိုတော့ပါဘူး…” လျှပ်စီး ရေကန်ပေါ် တက်လာပြီးနောက် မိုဝူကျီက ကျောက်တုံး အကြီးကြီးကို မှီကာ ဆေးလုံးတချို့ မျိုချရင်း ရယ်ရယ်မောမော ပြောလိုက်သည်။
ကိုလူချောက မိုဝူကျီ အတွေးကို သိဟန်ဖြင့် အနည်းငယ် ပြုံးပြလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
ချုဝမ်အာက ရှေ့တိုးလာကာ အရေးတကြီး မေးလိုက်သည်။
“ဆေးလုံး ဆရာမို အဆင်ပြေရဲ့လား ဘယ်လိုလုပ် လျှပ်စီးကန်ထဲ ရောက်နေတာလဲ…”
မိုဝူကျီက အသက်ဝအောင် ရှူလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ကျုပ်က လျှပ်စီးရေကန်ထဲ ဆေးပင် မြင်လိုက်လို့ သွားယူတာ လျှပ်စီး အားတွေက ဒီလောက် အားကောင်းမယ်လို့ ထင်မထားဘူး အဲဒါနဲ့ ကျုပ် ထွက်မလာ နိုင်တော့တာ...”
“အာ ဒီမှာ လျှပ်စီး အက်ကွဲမြက် ရှိနေတာပဲ…” ကိုလူချောက လျှပ်တစ်ပြက် ပျောက်သွားပြီးတော့ လျှပ်စီးကန်ထဲ ရောက်သွားတော့သည်။ သူပေါ်လာသည့် အခါ သူ့လက်ထဲတွင် အပြာရောင်မြက်ကို ကိုင်ဆောင် ထားသည်။
လျှပ်စီးအက်ကွဲ မြက်တဲ့လား ...
မိုဝူကျီက အံ့ဩ သွားလေသည်။ သူက လိမ်ညာနေသည် ဖြစ်သော်လည်း ထိုလူငယ်က အမှန်ပင် လျှပ်စီး အက်ကွဲမြက်ကို ရယူနိုင်ခဲ့သည်။
လျှပ်စီး အက်ကွဲမြက်သည် အလွန်တရာ ရှားပါးလွန်း သောကြောင့် ဈေးနှုန်းမှာ ကိန်းဂဏန်း ကြီးမားလွန်း လှသည်။ ထိုမြက်သည် လျှပ်စီး ရေကန်များ အတွင်းတွင်သာ ကြီးထွားနိုင်၏။ သူက ကြီးထွားရန် လျှပ်စီး အဆီအနှစ်များ စုပ်ယူသော်လည်း လျှပ်စီးကို ရှောင်ရှားနိုင်သည်။ လျှပ်စီးကန် အတွင်း သားရဲအချို့မှ လွဲ၍ ဝိညာဉ် ဆေးပင်များက ရှင်သန်ရန် ခက်ခဲလှသည်။ ထိုလျှပ်စီးမြက်ကား ထိုဆေးပင် တချို့ထဲမှ ဖြစ်လေသည်။ လျှပ်စီးများ ကျဆင်း လာသောအခါ ထိုမြက်က လမ်းကြောင်း လွှဲပေးနိုင်လိမ့်မည်။ အဆင့်နိမ့် လျှပ်စီးအက်ကွဲ မြက်က မိုဝူကျီကို ထိရိုက်ခဲ့သော လျှပ်စီးမျိုးကို လမ်းကြောင်း လွှဲပေးနိုင်မည် မဟုတ်ပေ။
သို့သော်လည်း လျှပ်စီးအက်ကွဲ မြက်က အဖိုးမဖြတ်နိုင်ပေ။ လျှပ်စီး သဘာဝရှိ ကျင့်ကြံသူများ အတွက် အဖိုး မဖြတ်နိုင်သည့် ထိပ်တန်း ရတနာ ဖြစ်သည်။
တစ်ချိန်တည်းတွင် မိုဝူကျီက ထိုလူ၏ ကျင့်ကြံဆင့်ကြောင့် အမှန်ပင် အံ့ဩတကြီး ဖြစ်မိသွားသည်။ သူလှုပ်ရှား လိုက်သည့် အမြန်နှုန်းအရ ထိုလူငယ်သည် သူ့ထက် များစွာ များစွာ များစွာ သန်မာကြောင်း ပြောနိုင်၏။
ကိုလူချောက မိုဝူကျီရှေ့ မြက်ကို ယူဆောင်လာကာ
“မင်း အရင်ဆုံး တွေ့တာဆိုတော့ မင်း ယူဖို့ ကူညီပေးတာ…”
မိုဝူကျီက ထိုလူကို သံသယဖြင့် ကြည့်လိုက်သည်။ လျှပ်စီး အက်ကွဲမြက်သည် ဈေးနှုန်းကား မြင့်မားပြီး အနည်းဆုံးတော့ အဆင့်ခြောက် ဆေးပင် ဖြစ်လေ၏။ သို့သော် သူက နောက်တစ်ယောက်ကို ပေးပစ်သည်လား ...
ချူဝမ်အာရှေ့ သဒ္ဓါတရား ကောင်းကြောင်း သက်သေ ပြချင်တာများလား ... သို့သော် မဟုတ်သေးပေ။ သူ့ပုံစံနှင့် စရိုက်အရ သူသည် ချူဝမ်အာဆီမှ မျက်နှာသာ ပေးမှုရအောင် လျှပ်စီး အက်ကွဲမြက်ကို ပေးစရာ မလိုပေ။
“ခင်ဗျားက ယူခဲ့တဲ့ သူပါ ကျုပ်ဟာ မဟုတ်ပါဘူး ပြီးတော့ ကျုပ်ရှာတွေ့တဲ့ ဆေးပင်က အဲဒါ မဟုတ်ဘူး…” မိုဝူကျီက ခေါင်းကို ခါလိုက်ပြီး ထိုလူငယ်၏ ပေးကမ်းမှုကို ငြင်းပယ်ဖို့ရာ တွေဝေမနေပေ။
သူသည် အရင်က မဟုတ်မမှန် ပြောခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လျှပ်စီး အက်ကွဲမြက်ကို ရှာတွေ့ရာမှ ခူးယူသည့် အထိ ပါဝင်ခဲ့ခြင်း မရှိပေ။ သူက တခြား လူများအပေါ် အခွင့်ကောင်း မလိုချင်ပေ။
ဘေးတွင် ချူဝမ်အာက စိတ်အား ထက်သန်စွာ ပြောလိုက်သည်။
“ဆေးလုံးဆရာမို ဒါက ကောင်းကင် နတ်ဆိုးဂိုဏ်းက စီနီယာ ဟော်ယွီချန်တဲ့ စီနီယာဟော်က တခြား လူတွေအပေါ် အမြတ်ထုတ်ပြီး အခွင့်အရေး ယူရတာ မကြိုက်ဘူး ရှင်ရှာတွေ့မှတော့ ရှင်သိမ်းထား လိုက်ပါ ဘာမှ ရှက်နေစရာ မလိုပါဘူး…”
မိုဝူကျီက အသာ ပြုံးလိုက်သည်။ ဟော်ယွီချန်က တခြား သူအပေါ် အခွင့်အရေး ယူရတာ မနှစ်သက်လျှင် သူကရော သူများအပေါ် ကုပ်သွေးစုပ် နေရသည်ကို နှစ်သက် နေလို့လား…
ဟုတ်တာပေါ့ ဘာကို မှီခိုပြီး ကုပ်သွေး စုပ်နေတာလဲ အပေါ် မူတည် သေးတာပေါ့ ... သာမန် လျှပ်စီး အက်ကွဲမြက် ဖြစ်ကာ အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ကျောက် မဟုတ်ပေ။
“ဒါက ကျုပ်ဟာ မဟုတ်ပါဘူး အစ်ကိုဟော်က ကျုပ်ကို ဘာမှ အားနာစရာ မလိုပါဘူး အဲဒါကြောင့် ကျုပ်က လျှပ်စီး အက်ကွဲမြက်ကို ယူမှာ မဟုတ်ဘူး...” မိုဝူကျီက ရိုးရိုးရှင်းရှင်း ပြောလိုက် သော်လည်း မလွဲဧကန် လေသံဖြင့် ဖြစ်နေသည်။
ဟော်ယွီချန်က ချူဝမ်အာဘက် ပြန်လှည့်ပြီး မမေးခင် အနည်းငယ် အံ့အားသင့်မိ သွားသည်။
“ဂျူနီယာ ဝမ်အာ ဒါက မင်းပြောဖူးတဲ့ ဆေးလုံး ဆရာမိုလား…”
***