ဧရာမ ရေခဲတောင်ကြီး
Vol. 10 Ch. 139
“ဟုတ်ပါတယ် သူက မိုဝူကျီပါ ကျွန်မကို ဒီလက်ပတ်ပေးထားတဲ့ သူလေ …”
ချူဝမ်အာက ပြန်ဖြေလိုက်သည်။
ဟော်ယွီချန်က ရယ်မောရင်း ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ ဂျူနီယာဝမ်အာပဲ ဒီလျှပ်စီး အက်ကွဲမြက်ကို သိမ်းထားလိုက်ပါ ...”
မိုဝူကျီနှင့် ဟော်ယွီချန်တို့ နှစ်ယောက်လုံးက လျှပ်စီး အက်ကွဲမြက်ကို မလိုချင်မှတော့ ချူဝမ်အာက သိမ်းထားဖို့ ဆုံးဖြတ်လိုက်တော့သည်။
“ဆေးလုံးသခင်မို ဘယ်လိုလုပ် ဒီထိ ရောက်လာတာလဲ …”
ချူဝမ်အာက လျှပ်စီးအက်ကွဲမြက်ကို သိမ်းဆည်း ထားလိုက်ပြီးတော့ မေးလိုက်သည်။
သူမက မိုဝူကျီကို သူ့ကျင့်ကြံဆင့် အနိမ့်လေးဖြင့် ဒီနေရာထိ ဘယ်လို ရောက်လာတာလဲဟု မေးချင်တာ ဖြစ်သည်။ သူဝင်လာကတည်းက ထိုမျှ အဝေးကြီး မည်သို့ ရောက်လာသနည်း။
မိုဝူကျီ၏ ခြေလှမ်းကျဲဖြင့် မရပ်မနား လျှောက်လာလျှင်ပင် ဤနေရာသို့ ရောက်ဦးမည် မဟုတ်ပေ။ မိုဝူကျီက ထိုမျှ ရောက်ဖို့ရာ ရက်တချို့ မနားတမ်း ပြေးလာခဲ့မှန်း သူမ မသိပေ။
မိုဝူကျီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ကျွန်တော်လည်း မသိဘူး လျှောက်ရင်း လျှောက်ရင်းနဲ့ ရပ်လိုက်တဲ့အခါ ဒီနေရာ ရောက်နေတာပဲ …”
ချူဝမ်အာက မိုဝူကျီ အင်တင်တင် ဖြစ်နေသည်ကို သတိပြုမိပြီး ထပ်မမေးတော့ပေ။ ထို့အစား ဟော်ယွီချန်က အရင် မေးလိုက်တော့သည်။
“ညီလေးမို ဒီနေရာမှာ ရေခဲတောင်ရှိတယ် အဲဒီမှာ ရေခဲ သဘာဝနဲ့ ရေသဘာဝ စစ်မှန်ခြင်း နတ်ဘုရားပန်း နှစ်ပွင့်ရှိတယ်တဲ့ သွားကြည့်ဖို့ ငါတို့နဲ့ လိုက်ချင်လား …”
မိုဝူကျီက ခဏတာ ကြောင်သွားလေသည်။ တုန့်လွန်သည် ကျန်းဟယ်ဖေးကို သတ်သည်က ရေခဲတောင်၏ လျှို့ဝှက်ချက်ကို ပေါက်ကြားမှာ စိုး၍ မဟုတ်ပေဘူးလား အခုတော့ အားလုံးက သိနေကြတာတဲ့လား …
ချူဝမ်အာက မြန်မြန် ပြောလိုက်သည်။
“စီနီယာဟော် ဆေးလုံးဆရာမိုက ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်ပဲ ရှိသေးတာလေ ရေခဲတောင်ဆီ သွားနေကြတဲ့ အားလုံးက အဆင့်မြင့်တဲ့ သူတွေချည်းပဲလေ ဆေးလုံးဆရာမို သွားလို့ အဆင်ပြေပါ့မလား …”
ဟော်ယွီချန်က ရယ်မောရင်း …
“ငါတော့ ညီလေးမိုကို ရေခဲတောင် သွားနိင်မယ်လို့ ယုံကြည်ချက် ရှိတယ် …”
“စီနီယာဟော် ဒီရေခဲတောင်အကြောင်း ဘယ်လို သိကြတာလဲ…”
မိုဝူကျီက ထိုကိစ္စကို အရမ်း သိချင်နေမိသည်။
ချူဝမ်အာက ပြန်ဖြေလိုက်သည်။
“ငါတို့တင် မဟုတ်ဘူး ဒီနေရာက ရေခဲတောင် အကြောင်းကို အနည်းဆုံး လူရာဂဏန်းလောက် သိကြတယ် ရေခဲတောင်မှာ စစ်မှန်ခြင်း နတ်ဘုရားပန်း ရှိတာကိုလည်း သိနေကြတယ် ရှင်တစ်လမ်းစဉ် အိမ်တော် လေလံပွဲ ရောက်ဖူးလား ... သူတို့ လေလံတင်တဲ့ မြေပုံမှာ ဒီနယ်ပယ်ကို ဆွဲထားတာလေ ...”
လေလံပွဲတွင် ထိုမြေပုံ၏ လျှို့ဝှက်ချက်ကား လုံခြုံမှု မရှိကြောင်း ခန့်မှန်းမိကာ ထိုလျို့ဝှက်ချက်များက ပေါက်ကြားသွားမည် ဖြစ်ကြောင်း သိနေ၏။
လူအများက ထိုအကြောင်းကို သိသွားသောကြောင့် မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရားပန်းကို စိတ်မဝင်စားပေ။ ရေခဲတောင်သို့ သွားမည့် အတွေးလည်း ဖြေဖျောက်လိုက်သည်။ သူလိုမျိုး လူက ရေခဲတောင်သို့ သွား၍ စစ်မှန်ခြင်း နတ်ဘုရားပန်းအတွက် အဆင့်မြင့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နေလျှင် ပြက်လုံးတစ်ခု ဖြစ်နေလိမ့်မည်။
“ဒါနဲ့ စီနီယာချူ ဒီဒြပ်ငါးမျိုး ကင်းမဲ့နယ်မှာ အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ရှိတာ အမှန်ပဲလား …”
မိုဝူကျီက သူသည် အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ကို မည့်သည့်နေရာတွင် ရှာရမည် ဖြစ်ကြောင်း မသိသေးသောကြောင့် ချူဝမ်အာ ထွက်မသွားခင် သူမကို မေးလိုက်သည်။
ဘေးတွင် ရပ်နေသော ဟော်ယွီချန်က ပြောလိုက်သည်။
“အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်က ထိပ်တန်းရတနာ ဆိုတော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ရှိတာ သဘာဝကျပါတယ် စစ်မှန်ခြင်း နတ်ဘုရားပန်း ထက်တောင် အဖိုးတန်သေးတယ် အဲဒါက ရေခဲနေတဲ့ ပတ်ဝန်းကျင်မျိုးမှာပဲ ကြီးထွားတယ်လို့ ပြောသံကြားဖူးတယ် အဲဒါကြောင့် ငါတို့သွားမဲ့ ရေခဲတောင်မှာ အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ကျောက် တွေ့နိုင်ဖို့ အခွင့်အရေး ရှိတာပဲ …”
ထိုအရာကို ကြားပြီး မိုဝူကျီ စိတ်ဓာတ်က ပြန်တက်ကြွလာပြီး ပြောလိုက်သည်။
“စီနီယာဟော် စီနီယာချူ ကျွန်တော် ခဏလောက် နားချင်သေးတယ် အဲဒါပြီးရင် ကျွန်တော်လည်း စီနီယာတို့နှစ်ယောက် နောက်လိုက်လို့ ရမလား …”
ဟော်ယွီချန်က ပြုံးကာ ပြောလိုက်သည်။
“ရတာပေါ့ ညီလေးမို ကောင်းကောင်းနား ငါတို့လည်း နှစ်ရက်ဆက်တိုက် လာခဲ့တာ ဆိုတော့ နည်းနည်း ပင်ပန်းလာတယ် ငါတို့တွေ အနားယူပြီးမှ ဆက်သွားကြမယ် …”
တစ်ခု ဝန်ခံရသည်မှာ ဟော်ယွီချန်သည် မိုဝူကျီကဲ့သို့ ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူကိုပင် နှိမ်ချမပြောဘဲ လေးစားသမှုဖြင့် ပြောဆိုခြင်း ဖြစ်သည်။
ဟော်ယွီချန်က ပြောပြီးမှတော့ ချူဝမ်အာက မငြင်းတော့ပေ။ ထို့အပြင် သူမက မိုဝူကျီကို အကြွေးတစ်ခု တင်နေသေးသည် မဟုတ်ပါလော။
ဟော်ယွီချန်နှင့် ချူဝမ်အာတို့ ထွက်သွားသည့် အခိုက်အတန့်တွင် မိုဝူကျီက စိတ်ဝိညာဉ် သိုလှောင်ရေး ဆေးလုံးကို သောက်သုံးလိုက်ကာ မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများကို ကျစ်ကျစ်ဆုပ်ထားပြီး ဝိညာဉ်စွမ်းအားများကို လှည့်ပတ်လိုက်သည်။
စောစောလေးက လျှပ်စီးအားကြောင့် အတော်လေး ဒဏ်ရာရနေ၍သာ ကျင့်ကြံဖို့ရာ ပထမဆုံးအကြိမ် ဆေးလုံး အသုံးပြုခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအား အများစုကို အဆင့်တစ်ခု တက်လှမ်းရန် အတားအဆီး ကြုံတွေ့နေသော မိုဝူကျီက စုပ်ယူ လိုက်တော့သည်။ ထို့နောက်တွင် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ၈ မှ အဆင့် ၉ သို့ အောင်အောင်မြင်မြင် တက်လှမ်းနိုင်သွား၏။
မိုဝူကျီသည် ဘေးနားမှ သဘာဝ စွမ်းအင်များကို စတင် လှည့်ပတ် လိုက်သောကြောင့် သူ့ပြန်ကောင်းလာနိုင်စွမ်းက ကြောက်ခမန်းလိလိ တိုးသွားလေ၏။
နှစ်နာရီကျော် ကြာပြီးနောက်တွင် မိုဝူကျီဆီမှ ကျယ်လောင်သည့် အော်သံတစ်ခု ထွက်ပေါ်လာလေသည်။
***
ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ၉
ထို့အပြင် သူ့ဒဏ်ရာများသည် အဆင့်တစ်ခု တက်လှမ်း သွားသောကြောင့် အလျင်အမြန် ပြန်ကောင်း သွားတော့သည်။ အဆင့် ၈ မှ အဆင့် ၉ တက်လှမ်းရသည်က အခြေအနေ ကိုက်ညီ သွားသောကြောင့် အောင်မြင်မှု လိုက်ပါလာသည့်အလား လွယ်ကူလှသည်။
သူက အဝတ်တစ်စုံ ထပ်မလဲလှယ်ခင် အရင် သန့်ရှင်းရေး လုပ်လိုက်သည်။ သူ့ပုံစံက ချုံးချုံးကျ နေသော်လည်း လျှပ်စီးရေကန်မှ တွားသွားတက် လာစဉ်နှင့် ယှဉ်လျှင်တော့ အခြေအနေ အများကြီး ပိုကောင်းလေ၏။
မိုဝူကျီ ထွက်လာသည့်အခါ မနီးမဝေးတွင် ဟော်ယွီချန်နှင့် ချူဝမ်အာတို့ စကားပြော နေကြသည်ကို တွေ့လိုက်ရသည်။ မိုဝူကျီ လျှောက်လာသည်ကို မြင်ပြီး သူတို့နှစ်ယောက် ကလည်း လျှောက်လာကြသည်။
ဟော်ယွီချန် အကြည့်က မိုဝူကျီဆီ ရောက်သွားသောအခါ အံ့ဩသွားပြီး လက်နှစ်ဖက်ယှက်လျက် ပြောလိုက်သည်။
“ညီလေးမို နောက်တစ်ဆင့် တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် …”
မိုဝူကျီက လက်နှစ်ဖက် ယှက်လျက် ပြန်ဖြေလိုက်သည်။
“အစ်ကိုမိုနဲ့ ယှဉ်ရင် ကျွန်တော် ကျင့်ကြံဆင့်က ဘာမှ မဟုတ်သေးပါဘူးဗျာ …”
မိုဝူကျီ၏ အော်သံကို ကြားပြီး ချူဝမ်အာလည်း မိုဝူကျီ၏ စွမ်းအားများ မြင့်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူ့အဆင့်နိမ့် ဝိညာဉ်ကြောဖြင့် သူ့ဒဏ်ရာများ ပြန်ကောင်းသည်က အများဆုံးဟုသာ ထင်ထားမိ၍ အံ့အားသင့် သွားမိသည်။ နှစ်နာရီအတွင်း မိုဝူကျီ ဒဏ်ရာများက အကုန်ပြန်ကောင်း သွားရုံသာမက နောက်တစ်ဆင့်ပင် တက်လှမ်းနိုင်ကြောင်း မည်သူ ထင်ထားမည်နည်း။
“ဆေးလုံးဆရာမို ရှင့်မှာ အဆင့်နိမ့် ဝိညာဉ်ကြော ရှိတာရော ဟုတ်ရဲ့လား …”
ချူဝမ်အာက မမေးဘဲ မနေနိုင်တော့ချေ။
မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး …
“ကျွန်တော်လည်း အဆင့်နိမ့် ဝိညာဉ်ကြောမရှိဖို့ ဆုတောင်းတာပေါ့ဗျာ နှမြောစရာ ကောင်းတာက စမ်းသပ်လိုက်တိုင်း အဆင့်နိမ့် ဝိညာဉ်ကြော ရှိတယ် ပြနေတာပဲ မဟုတ်ရင် ဂိုဏ်းမှာ ဧည့်ဆေးလုံးဆရာ ဖြစ်မှာ မဟုတ်ဘူး အဆင့်နိမ့် ဝိညာဉ်ကြော ရှိပေမဲ့ ကျွန်တော်ရဲ့ ထိုးထွင်းဉာဏ်က မဆိုးလို့သာ အခု အဆင့်တက်နိုင်သွားတာ ကံကောင်းတာပဲ …”
ဟော်ယွီချန်က လေးလေးနက်နက် ပြောလိုက်သည်။
“ညီလေးမိုက ဇွဲလုံ့လကြီးတယ် မင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက ငါ့ထက် နောက်ကောက်ကျန်မှာ မဟုတ်ဘူး ဆိုတာ သေချာတယ်”
ချူဝမ်အာက ထိုသည်က ဟော်ယွီချန်၏ ဖော်ရွေမှုသာ ဖြစ်ကြောင်း သိသည်။ ကောင်းကင်ဖွေရှာ နန်းတော်ကို ဝင်ခါနီး ဖြစ်နေသည့် ကောင်းကင် နတ်ဆိုးဂိုဏ်း၏ ပါရမီရှင် တစ်ယောက်ကို လိုက်မီဖို့ဆိုတာ မဖြစ်နိုင်ချေ။
ချူဝမ်အာက သူ့ဝိညာဉ်ကြောကို မေးခွန်းထုတ်ရာမှ ကာကွယ်ရန် မိုဝူကျီက ဟော်ယွီချန်ကို အရင်ဦးဆုံး မေးလိုက်သည်။
“အစ်ကိုဟော် ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ စီနီယာ ယန်ယင်ပင်းက တော်တော်လေး တော်တယ်လို့ ကြားဖူးတယ် ဒါက အမှန်ပဲလား ဆိုတာ သိခွင့်ရှိမလား …”
“ဟားဟား ညီလေးမိုက ယောက်ျားကောင်း တစ်ယောက်ပဲ ဂျူနီယာညီမလေး ယန်ယင်ပင်းက ငါတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ ပါရမီရှင်ဆိုတာ အမှန်ပဲ သူမ၏ ထူးခြားလွန်းတဲ့ ရုပ်ရည်အပြင် သူ့မ ကျင့်ကြံဆင့်ကလည်း ငါ့ထက် မနိမ့်ဘူး တကယ်လို့ ညီလေးမို စိတ်ဝင်စားရင် မိတ်ဆက် ပေးမယ်လေ …”
ဟော်ယွီချန်က မိုဝူကျီသည် သူမနှင့် မထိုက်တန်ဘူးဟု မတွေးဘဲ ရယ်ရယ်မောမော ပြောလိုက်သည်။
မိုဝူကျီက အလျင်အမြန် လက်ကို ခါလိုက်ကာ …
“ကျွန်တော့်လို ကျင့်ကြံဆင့်နိမ့်တဲ့ သူနဲ့ စီနီယာယန်နဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ကျွန်တော်က လူတွေ အများကြီး ပြောနေတာ ကြားဖူးလို့ မေးကြည့်ရုံပါ …”
ဟော်ယွီချန်က သူ့စကားကို စိတ်ထဲ မထားဘဲ ပြောလိုက်သည်။
“ညီလေးမို မင်းကိုယ်မင်း အဆင့်နိမ့် ဝိညာဉ်ကြောရှိတယ် ဆိုပြီး မသိမ်ငယ်သင့်ဘူး မင်းက အဆင့်သုံး ဆေးလုံးဆရာတောင် ဖြစ်လာပြီလေကွာ ဒါက လူတိုင်း ဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး ညီလေးမိုက နောက်ပိုင်း ကောင်းကင်ဖွေရှာ နန်းတော်ထိ ရောက်လာမယ်လို့ ယုံကြည်တယ် ပြီးတော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲက ထွက်လာတာနဲ့ ငါနဲ့ ဂျုနီယာ ညီမလေးယန်က ကောင်းကင်ဖွေရှာ နန်းတော်ဆီ သွားကြမှာ ငါတို့နောင်ကျ သေချာပေါက် ပြန်တွေ့ဖို့ အခွင့်အရေး ရှိဦးမှာပါ …”
“စီနီယာဟော် စီနီယာချူ ဒါတွေက နောင်အနာဂတ်မှပါ အခု ကျွန်တော်တို့ ရေခဲတောင်ဆီ သွားရအောင်လေ …”
မိုဝူကျီက ဟော်ယွီချန်သည် သူ့လျှပ်စီးကန်အတွင်း ဒဏ်ရာရသည်ကို မြင်ပြီး သူ့အပေါ်တွင် သံသယတချို့ ရှိနေသည်ကို ခန့်မှန်းမိ၏။
“ကောင်းပြီလေ ...”
ချုဝမ်အာက ထိုစကားအဆုံးတွင် မိုဝူကျီတွင် လက်ပတ် မရှိတော့ကြောင်း သတိပြုမိလိုက်၍ မေးလိုက်သည်။
“ဆေးလုံးဆရာမို လက်ပတ် ပျောက်သွားပြီလား ...”
မိုဝူကျီက အနေရခက်စွာ ပြောလိုက်သည်။
“လျှပ်စီးရေကန်မှာ ပျောက်ခဲ့တာ ထင်တယ် ထားလိုက်ပါ ကျွန်တော်က စီနီယာချူတို့ နောက်က လိုက်မှာဆိုတော့ ပြန်လမ်းတော့ ကျွန်တော် မှတ်မိမှာပါ …”
မိုဝူကျီက လျှပ်စီးရေကန်တွင် ပျောက်ခဲ့ခြင်း မဟုတ်ခဲ့ဘဲ ဂူအတွင်းတွင် ထားခဲ့ကြောင်း ဖြစ်သည်။ သူက သားရဲကို ကြောက်ရွံ့နေသောကြောင့် လက်ပတ်ကို အသာထား အဝတ်အစားများပင် မယူခဲ့နိုင်ချေ။
သူက ကျန်းဟယ်ဖေးပေါ်က လက်ပတ်ကို တွေ့သော်လည်း သူက လက်ပတ်ကို မယူရဲချေ။ အကြောင်းမှာ လက်ပတ်ကို အထူးသင်္ကေတဖြင့် မှတ်သားထားမည်မှန်း မည်သူ သိမည်နည်း။
“ဒါက လက်ပတ် တစ်ခုပဲလေ ကိစ္စမရှိပါဘူး ညီလေးမို ပြောတဲ့အတိုင်း လက်ပတ်မပါတာနဲ့ သူတို့က တစ်ယောက်ကို ထုတ်ပစ်မည်လို့တော့ မထင်ဘူး ...”
ဟော်ယွီချန်က ရယ်မောရင်း ထပ်ပြောလိုက်သည်။
သုံးယောက်သာ ဦးတည်ရာ ပြောင်းပြီး ထွက်ခွာသွားကြသည်။
ချူဝမ်အာနှင့် ဟော်ယွီချန်တို့သည် မိုဝူကျီ လိုက်မှီရန် အလို့ဌာ သူတို့၏ အမြန်ဆုံးနှုန်းဖြင့် မသွားကြပေ။ ဟော်ယွီချန်သည် လမ်းတွင် ဂိုဏ်းအသီးသီးမှ လူများနှင့် မူလဇာစ်မြစ်များကို ပြောပြသေး၏။ သူတို့က ပြေးလွှားနေသော်လည်း မိုဝူကျီက ပျင်းရိသည်ဟုပင် မခံစားလိုက်ရပေ။ သူ့ဆီမှ များစွာ သင်ယူလိုက်ရသည်။
နေ့ဝက်အကြာတွင် သုံးယောက်သား အေးစက်မှု ကို ခံစားလာရသည်။ မိုဝူကျီကို သူ့၏ ရေခဲကွဲထွက်ခြင်း အဆောင်ကို ပြန်၍ အမှတ်ရစေသည်။ သူတို့ ရှေ့တိုးလာသည်နှင့် ရေခဲကွဲထွက်ခြင်း အဆောင်၏ နှလုံးသို့ နီးကပ် လာသည့်အလား အေးစက်လာသည်။
အမွှေးတိုင် တစ်ဝက်အကြာတွင် ရေခဲတောင်တန်းက မိုဝူကျီ မြင်ကွင်းသို့ ရောက်လာလေ၏။ ထိုဆက်လျက် ရှိနေသော ရေခဲတောင်များသည် တောင်ကုန်းများ အဆက်မပြတ် ဆက်ထားသည့်အလား ဖြစ်ပေါ်နေကာ မြင်ကွင်းတွင် အဆုံးမရှိပေ။
ရေခဲတောင်များ၏ အမြင့်ကို ကျော်လွန်၍ ကြည့်လိုက်သည့်အခါ မိုဝူကျီသည် ဧရာမ ရေခဲတောင်ကြီးကို မြင်လိုက်ရသည်။ သူ့တောင်ထိပ်မှာ မြင်နိုင်ဖို့ရာ မြင့်မားလွန်း လှသည်။ ထိုဧရာမ ရေခဲတောင်ကြီးကို ရေခဲတောင် အသေးလေးများ ဝန်းရံထားသည်က ကြိုးကြာတစ်ကောင်ကို ကြက်ပေါက်လေးများက ဝန်းရံထားသည့်အလား ဖြစ်ပေါ်နေသည်။
ရေခဲတောင်မှ အလင်းပြန်မှုက မိုဝူကျီ မျက်လုံးကို အနည်းငယ် အဆင်မပြေ ဖြစ်စေသည်။ မိုဝူကျီက ရှုမောဖွယ် ရေခဲတောင်များကို မြင်ပြီး အေးစက်မှုကိုပင် မေ့လျော့ သွားတော့သည်။
“ဒီက လူတွေ အများကြီး ရှာဖွေနေကြတဲ့ အမြင့်ဆုံး ရေခဲတောင်ပဲ ငါတို့ မြန်မြန် သွားသင့်တယ် ...”
ချူဝမ်အာက ဧရာမ ရေခဲတောင်ကြီးကို ညွှန်ပြရင်း ပြောလိုက်သည်။
သူမ ပြောသည်က မှန်၏။ ထိုနေရာသို့ သွားနေကြသော လူတန်းကြီးပင် ရှိနေသည်။ သူတို့အရိပ်များက နောက်ခံတွင် ထင်ဟပ် နေသောကြောင့် သိသာလှသည်။ သုံးယောက်သား အရှိန်မြင့်လိုက်ပြီး ရေခဲတောင် အသေးလေးများ ဝန်းရံနေသည့် နေရာကို သွားလိုက်ကြသည်။
ရေခဲတောင် အသေးလေးများဆီ ရောက်သည့်အခါ ထိုနေရာတွင် ပြေးဖို့ရာ မည်မျှ ခက်ခဲကြောင်း မိုဝူကျီ သဘောပေါက်လိုက်သည်။ အရာအားလုံးက အေးခဲနေကာ သူတို့ခြေထောက် အောက်ရှိ ရေခဲလမ်းက ချော်လွန်းသောကြောင့် အလွယ်တကူ ချော်လဲကျနိုင်သည်။ အကယ်၍ သူတို့ ဂရုမစိုက်ပါက သူတို့သည် ရေခဲချွန်ပေါ် ကျရောက်သွားကာ ဒဏ်ရာရနိုင်သည်။
ဧရာမ ရေခဲတောင်ကြီးသည် နီးနီးလေး ရှိဟန် ပေါ်သော်လည်း အမှန်တကယ်တော့ ဝေးကွာသေး၏။ သုံးယောက်သား ရေခဲတောင်ခြေသို့ ရောက်ရန် တစ်နာရီလောက် အချိန်ယူခဲ့ရသည်။
လူတစ်ရာကျော်လောက်က ရေခဲတောင်ခြေတွင် စုရုံးလျက် ရှိနေပြီး ထိုနေရာသို့ လာနေကြသော လူများက ပို၍ပင် များပြားလေ၏။
မိုဝူကျီက ရေခဲတောင်သို့ ကုပ်ကတ်တက် နေကြသော သူအချို့ကို သတိပြုမိလိုက်သည်။ သို့သော် ချော်နေသည့် မျက်နှာပြင်ကြောင့် အလွန် ခက်ခဲနေဟန် ရှိသည်။ အမြင့်သို့ တက်ဖို့ရာ တစ်ယောက် ခြေကုပ်ရာများ ဆက်တိုက် ပြုလုပ်ဖို့ လိုအပ်ပေသည်။ သို့သော်လည်း ရေခဲက အလွန်မာကျော နေသောကြောင့် ခြေကုပ် တစ်ဝက်စာ လောက်ကို နေ့တစ်ဝက်လောက် တူးနေရလိမ့်မည်။
“ငါတို့လည်း သွားကြည့်ကြည့်ရအောင် …”
ချူဝမ်အာက ကျင့်ကြံသူအချို့ တောင်ပေါ် တက်နေသည်ကို မြင်သည့်အခါ ဟော်ယွီချန်တို့ကို လှည့်ပြီး ပြောလိုက်တော့သည်။ ချူဝမ်အာ ပြောပြီးသည်နှင့် အားကောင်းသည့် လေတိုက်ခတ်သွားကာ တောင်ပေါ်သို့ တက်နေသော ကျင့်ကြံသူ တစ်ယောက် ပါသွားပြီး ပျောက်ဆုံး သွားလေသည်။ ထို့အပြင် သူတူးခဲ့သည့် ခြေကုပ်ရာပင် နဂိုအတိုင်း ပြန်ဖြစ်သွားလေပြီ။
***