အလယ်ဆင့်မှော်ဝင်ပစ္စည်းကိုပင် အပျော်သဘောအသုံးပြုသတဲ့လား
Vol. 13 Ch. 174
အခန်း (၁၇၄) အလယ်ဆင့်မှော်ဝင်ပစ္စည်းကိုပင် အပျော်သဘောအသုံးပြုသတဲ့လား
ရန်ကျောက်ကဲက ချန်လင်းကို ခဏမျှ စိုက်ကြည့်နေရင်း...
“ဘာလဲ... မင်းက အစိမ်းရောင်တစ္ဆေဝံပုလွေနဲ့ တိုက်ခိုက်ဖို့ ငါ့ရဲ့ ဖီရှိုးကို ခေါ်ထုတ်ချင်တာလား”
“ဒီညီမလေးက အစ်ကိုကြီး’ရန်’ ထက် ကျင့်ကြံခြင်းအဆင့်နိမ့်ကျတာ သိပါတယ် ၊ ဝိညာဉ်သားရဲမွေးမြူတာမှာလည်း တွေ့အကြုံနည်းနည်းတော့ အခု ကြုံဆုံတုန်း အစ်ကိုကြီး’ရန်’ ဆီကနေ သင်ယူချင်တာပါ”
ချန်လင်းက အေးဆေးစွာဖြင့် ဆက်ပြောသည်။
“တကယ်တော့ ဝိညာဉ်သားရဲတွေမွေးမြူတယ်ဆိုတာက သူတို့ကို ကျွေးမွေးတာအပြင် တိုက်ပွဲအတွေ့အကြုံရှိအောင် သင်ပြပေးဖို့လည်း လိုတယ်မလား”
ထိုစကားကိုကြားတော့ ရဲ့ကျိုးကျုန်း မျက်နှာပျက်သွားသည်။
ရန်ကျောက်ကဲက မှားယွင်းသည့် လှုပ်ရှားမှုများ မပြုလုပ်မိစေရန် သူ့ကို လက်ကာပြပြီး တားဆီးလိုက်၏။
ချန်လင်း၏ အစိမ်းရောင်တစ္ဆေဝံပုလွေကိုကြည့်ပြီး ရန်ကျောက်ကဲက ခေါင်းခါယမ်းသည်။
“ဒီ အစိမ်းရောင်တစ္ဆေဝံပုလွေက အစ်ကို’ရဲ့’ ရဲ့ ရေနက်မှော်နဂါးနဲ့ တိုက်ခိုက်ထားတော့ ငါ့ရဲ့ ဖီရှိုးနဲ့ ထပ်ပြီးတိုက်ခိုက်မယ်ဆိုရင်... တိုက်ပွဲမှာ ငါ အနိုင်ရခဲ့မယ်ဆိုရင်တောင် တရားမျှတမှု မရှိနိုင်ဘူး”
ရန်ကျောက်ကဲပြောနေသည့်စကားများက တိုက်ပွဲကို ယုံကြည်မှုမရှိဘဲ ရှောင်လွှဲရန်ကြိုးစားနေကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသနေဟန်ရှိလေရာ ရန်ကျောက်ကဲ လုပ်နေကျပုံစံနှင့် မကိုက်ညီသဖြင့် အနည်းငယ်ထူးဆန်းနေသည်ဟု ရဲ့ကျုန်းကျိုး ခံစားရသည်။
“အစ်ကိုကြီး’ရန်’က တခြားသူတွေအတွက် စဉ်းစားပြီး ကိုယ်ချင်းဆာပေးတတ်တယ် ၊ ဒါကို ချန်လင်း သဘောကျပါတယ် ၊ ဒါပေမဲ့ ဒီကိစ္စကတော့ စိတ်ပူစရာ မရှိပါဘူး”
ချန်လင်းက အေးဆေးစွာပင် ရယ်မောလိုက်ရင်း...
“အစိမ်းရောင်တစ္ဆေက အခုချိန်မှာ တိုက်ပွဲဝင်ဖို့ အကောင်းဆုံးအနေအထား မဟုတ်ပါဘူး ၊ ဒါပေမဲ့ အစ်ကိုကြီး’ရန်’ ရဲ့ ဖီရှိုးနဲ့ ယှဉ်ပြိုင်ဖို့ ကျွန်မမှာ ‘အေးခဲတစ္ဆေဝံပုလွေ’ ရှိပါသေးတယ်”
ပြောပြီးသည်နှင့် သူမက လေတစ်ချက်ချွန်လိုက်ရာ အေးစိမ့်လှသည့် ချီစွမ်းအားတစ်ခု အနီးအနားသို့ ရောက်ရှိလာသလို ခံစားလိုက်ရသည်။
ခဏအကြာတွင် ခန္ဓာကိုယ်ပိုမိုကြီးထွားပြီး ပုံစံကတင့်တယ်လွန်းသော အစိမ်းရောင်တစ္ဆေဝံပုလွေတစ်ကောင် သူတို့မျက်စိရှေ့သို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားသည်။
ရဲ့ကျုန်းကျိုးနှင့် အခြားသူများ မျက်နှာပျက်သွားကြသည်။ ချန်လင်းက နောက်ခံထူးခြားသူတစ်ယောက်မဟုတ်ပါဘဲ အစွမ်းထက်သော အစိမ်းရောင်ဝံပုလွေတစ္ဆေ (၂)ကောင် ပိုင်ဆိုင်လိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
အထူးသဖြင့် “အေးခဲတစ္ဆေဝံပုလွေ” ဟု အမည်ပေးထားသည့် အသစ်ရောက်လာသော အစိမ်းရောင်တစ္ဆေဝံပုလွေသည် ရဲ့ကျုန်းကျိုး၏ ရေနက်မှော်နဂါးထက်ပင် ခန္ဓာကိုယ်ကြံ့ခိုင်ပြီး စွမ်းအားမြင့်မားကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လျှက် ရှိသည်။
ရဲ့ကျုန်းကျိုး သက်ပြင်းတစ်ချက်ချလိုက်ရင်း...
“ငါ့ရဲ့ ရှုံးနိမ့်မှုက တကယ်ကို ရှောင်လွှဲလို့ မရနိုင်ဘူးပဲ”
အကယ်၍ သူ၏ ရေနက်မှော်နဂါးကြီးသာ ချန်လင်း၏ “အေးခဲတစ္ဆေဝံပုလွေ” နှင့် ယှဉ်ပြိုင်ရပါက တစ်ချက်တည်းဖြင့် ရှုံးနိမ့်နိုင်ခြေ ရှိသည်။
ရန်ကျောက်ကဲ တွေးလိုက်သည်။
“ဒီတော့... ဒီတိုက်ပွဲက အဓိကတိုက်ပွဲပေါ့လေ ၊ စောစောက အစ်ကို’ရဲ့’ နဲ့တိုက်ပွဲက အမြည်းကျွေးတဲ့ တိုက်ပွဲ ဆိုပါတော့”
သူက ချန်လင်းကိုကြည့်လိုက်ပြီး စိတ်ထဲမှ အေးစက်စွာ ပြုံးလိုက်၏။
“မင်းက ငါ့ရဲ့ ဖီရှိုးထွက်လာအောင်လုပ်ဖို့ အစကတည်းက ရည်ရွယ်ခဲ့တာပဲ”
ချန်လင်းက ပြုံးလိုက်ရင်း...
“ဘယ်လိုလဲ... ၊ အစ်ကို’ရန်’ ရဲ့ ဖီရှိုးကို ခေါ်ထုတ်လို့ ရပြီလား”
ရန်ကျောက်ကဲက စိတ်ထဲတွင် စိုးရိမ်မှုများ ရှိနေသော်လည်း သူက ဟန်ဆောင်ဖုံးကွယ်ထားလိုက်သည်။
“အစ်ကို’ရဲ့ ‘ စောစောက ပြောခဲ့သလိုပဲ ဒီဝိဉာဉ်သားရဲတွေက ဉာဏ်ထက်ပေမယ့် အသိဉာဏ်သိပ်မရှိသေးဘူးလေ ၊ သူတို့ အပြင်းအထန်တိုက်ခိုက်တဲ့အနေအထားရောက်သွားရင် အချိန်မီ မတားဆီးနိုင်မှာကို စိုးရိမ်မိတယ် ၊ စောစောက တိုက်ပွဲမှာ ညီမလေး’ချန်’ ကိုယ်တိုင် အစိမ်းရောင်တစ္ဆေဝံပုလွေကို အချိန်မီ မထိန်းချုပ်လိုက်နိုင်ဘူး မဟုတ်လား”
ချန်လင်းက ပြုံးလိုက်ရင်း...
“ဝိညာဉ်သားရဲတွေရဲ့ တိုက်ပွဲမှာ ကျဆုံးမှုဆိုတာ ရှောင်လွှဲလို့ မရပါဘူး ၊ ဒါပေမဲ့ အစ်ကိုကြီး’ရန်’ ယုံကြည်မှု မရှိဘူးဆိုရင်တော့ ကျွန်မကလည်း အတင်းတောင်းဆိုမှာ မဟုတ်ပါဘူး”
ထိုစကားကြောင့် ကောင်းကင်မိုးကြိုးခန်းမမှ တပည့်များအားလုံး ပြုံးလိုက်ကြသည်။
ချန်လင်းနှင့် အခြားသူများကိုကြည့်ပြီး ရန်ကျောက်ကဲက အသံမထွက်ဘဲ ရယ်မောလိုက်၏။
ခပ်ပါးပါး စကားနာထိုးမှုလေးများအား တန်ပြန်စကားစစ်ထိုးရသည်ကို ရန်ကျောက်ကဲ သဘောကျသည့်တိုင် တကယ်တမ်းတွင် ထိုသို့သော စကားနာထိုးမှုများက ရန်ကျောက်ကဲအပေါ် သက်ရောက်မှု မရှိပေ။
ချန်လင်းနှင့် အခြားသူများ အဘယ့်ကြောင့် ထိုမျှယုံကြည်ချက်အပြည့်အဝ ရှိနေသည်ကို ရန်ကျောက်ကဲ သိရှိသည်။ သူတို့က အေးခဲတစ္ဆေဝံပုလွေကြီးကို စွမ်းအားမြင့်မားသည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။
ရန်ကျောက်ကဲ၏ ဖီရှိုးသည် ငယ်ရွယ်ပြီး တိုက်ခိုက်ရေး အတွေ့အကြုံလည်း နည်းပါးကြောင်း တစ်နေရာမှ သတင်းရထားဟန် ရှိသည်။ ဖီရှိုးက အံ့သြတုန်လှုပ်စရာ ဝိညာဉ်သားရဲတစ်ကောင်ဖြစ်သော်လည်း တိုက်ပွဲဝင်ရန်ကတော့ အနည်းငယ် အချိန်ယူလေ့ကျင့်ပေးရဦးမည် ဖြစ်သည်။
ဝိညာဉ်သားရဲများက သာမန်သားရဲများကဲ့သို့ ကြီးထွားဖွံ့ဖြိုးမှု မကြာရှည်တတ်ပေ။ သို့သော် ကြီးထွားရန် အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်သည်ပင်။
ရန်ကျောက်ကဲက ဖီရှိုးငယ်လေးကို ကာကွယ်ရန် တိုက်ပွဲဝင်ရန် ငြင်းဆန်မည်ဆိုပါက သေချာပေါက် အဆင်ပြေနိုင်သည်။
သို့သော် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် ဝါဒတောင် ၊ ကျောက်စိမ်းပင်လယ်မြို့တော်နှင့် အဆုံးမဲ့တောင်တန်း (၃)ပွင့်ဆိုင်မဟာမိတ်အဖွဲ့က နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ မဟာမိတ် (၂)ဖွဲ့ထက် သာလွန်ခြင်း မရှိသေးပေ။
ကျောက်စိမ်းပင်မြို့တော်မှ စုန့်ချောင်သည် နေသူတော်စင်ဂိုဏ်းမှ ထန်ယုံဟောင်ကို ရှုံးနိမ့်ခဲ့ပြီး ရွှီဖေးနှင့် ထန်ယုံဟောင်တို့ တိုက်ပွဲသည်လည်း သရေဖြင့်သာ ပြီးဆုံးသွားခဲ့သည်။
ကောင်းကင်မိုးကြိုးခန်းမှ တပည့်များနှင့် အဆုံးမဲ့တောင်တန်းမှ ကျောက်ဟိုနှင့် ရှောင်ယွိတို့ တိုက်ခိုက်ရာတွင်လည်း တစ်ပွဲနိုင် ၊ တစ်ပွဲရှုံး ဖြစ်ခဲ့သည်။ ထို့ပြင် မည်သူမှ ရှဲ့ကျစ်ယီနှင့် ယှဉ်ပြိုင်ရခြင်း မရှိသေးပေ။
ယခု ရဲ့ကျုန်းကျိုး၏ ရေနက်မှော်နဂါးသည်လည်း ချန်လင်း၏ အစိမ်းရောင်တစ္ဆေဝံပုလွေကို ရှုံးနိမ့်ခဲ့သည်ဖြစ်ရာ ရန်ကျောက်ကဲကသာ လိပ်ခေါင်းဝှက်သလို အခွံထဲပုန်းနေမည်ဆိုလျှင် သူတို့အားလုံး စိတ်ထိခိုက်ကြရမည် ဖြစ်သည်။
မျက်နှာဝိုင်းဝိုင်းဖြင့် မိန်းကလေးငယ် ကျန်းယောင်က ရန်ကျောက်ကဲအား အားတုံ့အားနာဟန်ဖြင့် ကြည့်လိုက်ရင်း...
“အစ်ကိုကြီး’ရန်’ ၊ ဖီရှိုးအကြောင်း ကျွန်မ သူ့ကို ပြောပြလိုက်မိတာပါ ၊ ဒီလိုဖြစ်လာမယ်လို့ ထင်မထားဘူး ၊ ကျွန်မ တောင်းပန်ပါတယ်”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“ကိစ္စမရှိပါဘူး...”
ဖီရှိုးကို ရရှိပြီးကတည်းက ရန်ကျောက်ကဲက လျှို့ဝှက်ဖုံးကွယ်ထားရန် မရည်ရွယ်ခဲ့သလို ကျန်းယောင်က ချန်လင်းကို ထိုအကြောင်း ပြောပြလိုက်သည့်အတွက် အပြစ်ဆိုစရာ မရှိပေ။
ကောင်းကင်မိုးကြိုးခန်းမက ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းနှင့်ပတ်က်သည့်သတင်းများကို လှိုင်းနက်ဂေဟာသို့ သတင်းပေးခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် လှိုင်းနက်ဂေဟာအနေဖြင့် ကောင်းကင်မိုးကြိုးခန်းမအပေါ် အကြွေးတင်ရှိနေသည်။ သို့ဖြစ်ရာ လူငယ်တပည့်များကြား ဆက်ဆံရေးက သာမန်မဟုတ်တော့ဘဲ လှိုင်းနက်ဂေဟာမှတပည့်များက ကောင်းကင်မိုးကြိုးခန်းမမှ တပည့်များကို မျက်နှာသာပေးကြရသည်။
ချန်လင်းက ပေါ့ပေါ့ပါးပါး စကားပြောကြသည့်အနေဖြင့် ကျန်းယောင်ထံမှ ဖီရှိုးသတ္တဝါအကြောင်း စကားနှိုက်သည်ဖြစ်ရာ ကျန်းယောင်ကလည်း သူမသိသမျှကို ပြောပြမိသည်သာပင်။
ချန်လင်းနှင့်အခြားသူများ ဖိအားပေးတော့မည်ကို သိရှိသဖြင့် ရန်ကျောက်ကဲ သက်ပြင်းတစ်ချက်ချရင်း အားဟူကို ပြောလိုက်သည်။
“အားဟူ... ပန်ပန်ကို သွားခေါ်လာခဲ့...”
အစပိုင်းတွင် ရန်ကျောက်ကဲက ဧရာမပန်ဒါကြီးကို “ကျားပုတ်” (ဖန့်ဟူ) ဟု နာမည်ပေးရန် ရွေးချယ်ခဲ့သည်။ သို့သော် အားဟူက သူနှင့်နာမည်ဆင်နေသဖြင့် အပြင်းအထန် ကန့်ကွက်လေရာ နောက်ဆုံးတော့ “ပန်ပန်” ဖြစ်သွားခဲ့ရသည်။
ပန်ပန်တစ်ကောင် မိုးပျံကျွန်းထက် ရောက်ရှိလာသည်နှင့် အောင်နိုင်သူများပမာ ပြုံးနေကြသည့် ချန်လင်းနှင့် အခြားသူများ၏ အပြုံးများမှာ ချက်ချင်းပင် အေးခဲသွားကြသည်။
ချန်လင်းမှာ ပါးစပ်အဟောင်းသားဖြင့် အာစေးမိသလို စကားမပြောနိုင်ဖြစ်ကာ ကြွက်သေတစ်ကောင်မျိုချမိသည့်အလား ဖြစ်နေသည်။
ရန်ကျောက်ကဲ ဘေးတွင်ရပ်နေသည့် ရဲ့ကျုန်းကျိုးနှင့်အခြားသူများမှာ သစ်သားရုပ်များပမာ ကြက်သေသေလျှက် ရှိသည်။
ပန်ပန်မှာ ယခုအခါ ဆင်ပေါက်တစ်ကောင်အရွယ်အစားမဟုတ်တော့ဘဲ အရွယ်ရောက်ပြီးဆင်တစ်ကောင် အရွယ်အစား ဖြစ်နေလေပြီ။
ပန်ပန်ဝပ်နေလျှင်ပင် အစိမ်းရောင်တစ္ဆေဝံပုလွေထက် အရပ်မြင့်လေ၏။
ပုံမှန်ဆိုလျှင် ပန်ပန်က ထိုမျှ လျှင်မြန်စွာ ကြီးထွားလာမည် မဟုတ်ပေ။ သို့သော် ရန်ကျောက်ကဲ အထူးပြုလုပ်ပေးထားသည့် သွေးနီမီးတောက်သံမဏိနှင့် အလင်းအေးသံမဏိများကို သူစားချင်သလောက် အများအပြား စားသောက်ခွင့်ရရှိလေရာ ယခုလို လျှင်မြန်စွာ ကြီးထွားလာခဲ့ခြင်းပင်။
အာဟာရလုံလောက်သည့်အတွက် ကြီးထွားနှုန်းလျှင်မြန်လာလေရာ ကြည့်နေသူများအားလုံး မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်သွားခဲ့သည်။
ချန်လင်းနှင့်အခြားသူများ ပါးစပ်အဟာင်းသားဖြစ်နေသည်ကို မပြောပါနှင့် ၊ ပန်ပန်ကို မြင်ဖူးပြီးသားဖြစ်သော ရှဲ့ယိုချန်နှင့် ကျန်းယောင်တို့သည်ပင် မယုံကြည်နိုင်စွာဖြင့် အံ့သြမှင်တက်နေမိကြသည်။
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“ဝိညာဉ်သားရဲတွေကြားက တိုက်ပွဲဆိုတာက ကျဆုံးမှုတွေကို ရှောင်လွှဲမရနိုင်ဘူး ၊ ဒါပေမဲ့ ညီမလေး’ချန်’ ကြောက်နေမှာမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် မင်းမှာ မတိုက်ခိုက်ရသေးတဲ့ နောက်ထပ် အစိမ်းရောင်တစ္ဆေဝံပုလွေတစ်ကောင် ရှိနေသေးတာပဲလေ ၊ ဒါပေမဲ့ ညီမလေး’ချန်’ ယုံကြည်မှုမရှိဘူးဆိုရင်တော့ ငါက တိုက်ခိုက်ဖို့ အတင်းအကျပ် မတိုက်တွန်းပါဘူး”
ရန်ကျောက်ကဲက သူမစကားဖြင့် သူမကို ပြန်ချည်နှောင်လိုက်လေရာ ချန်လင်းအမူအရာက ချက်ချင်း အေးခဲသွားသည်။
သူမမျက်နှာက စိမ်းဖန့်ဖန်းဖြစ်သွားပြီး အသက်တစ်ချက် ရှူထုတ်လိုက်သည်။
ပြီးမှ သူမက အေးစက်စွာဖြင့်...
“သူတို့ တကယ်ရင်ဆိုင်တိုက်ခိုက်ကြတဲ့အခါ သူတို့အစွမ်း ဘယ်လောက်ရှိလဲဆိုတာ သိရမှာပေါ့ ၊ အချို့အရာတွေက အပြင်ပန်းကြည့်ပြီး သုံးသပ်လို့မရဘူးလေ”
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း...
“အင်း... မင်းပြောတာကို ငါ သဘောတူပါတယ်”
မျက်နှာချင်းဆိုင်တွင်ရှိနေသည့် “အေးခဲတစ္ဆေဝံပုလွေ”ကို တွေ့မြင်နေရသည့်တိုင် ပန်ပန်က စိတ်မဝင်စားဟန်ဖြင့် မထုံတက်တေးလုပ်နေ၏။
သူ့ပုံစံကိုမြင်တော့ ချန်လင်းနှင့် အခြားသူများ ယုံကြည်မှု တိုးလာသည်။
ပန်ပန်၏ ကြီးမားသည့်စွမ်းအားများကို ခံစားမိသည့်တိုင် ရက်စက်ကြမ်းတမ်းသည့် အေးခဲတစ္ဆေဝံပုလွေကြီးကတော့ သွေးနီရောင်မျက်ဝန်းကြီးများဖြင့် ပန်ပန်ကို စူးစိုက်ကြည့်နေသည်။
ပန်ပန်ကတော့ အခြေအနေကို နားမလည်ဟန်ဖြင့် အေးအေးဆေးဆေး ရှိနေသည်။
ဝံပုလွေကြီးက အလျင်စလို တိုက်ခိုက်ခြင်းမရှိဘဲ ပန်ပန်၏ မျက်လုံးများကို စိုက်ကြည့်ပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။
အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးသည့်အချိန်ထိ ဝိညာဉ်သားရဲ (၂)ကောင်မှာ တိုက်ခိုက်ခြင်း မရှိသေးပေ။ ပန်ပန်၏ ဂရုမစိုက်သလိုလို ၊ ဘာမှနားမလည်သလိုလို မထုံတက်တေးပုံစံကြောင့် ထူးထူးခြားခြား ရယ်စရာပင် ဖြစ်နေတော့သည်။
သို့သော် လေထုတစ်ခုလုံး အေးစက်နေပြီး အခြေအနေ တင်းမာနေသယောင် ခံစားရသည်။
ချန်လင်းက သူမ၏ အစိမ်းရောင်တစ္ဆေဝံပုလွေကြီးပေါ်တွင် ယုံကြည်မှု အပြည့်ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ အေးခဲတစ္ဆေဝံပုလွေမှထုတ်လွှတ်သည့် အေးစက်သောချီစွမ်းအားများကြောင့် ပန်ပန်အနေဖြင့် စွမ်းအားများ လျော့နည်းလာမည် ဖြစ်သည်။
သို့သော် အချိန်ကြာလာသည့်တိုင် ပတ်ဝန်းကျင်အပူချိန်က လျော့နည်းမသွားသည့်အပြင် ပိုမိုပူလောင်လာသလို ခံစားကြရသည်။
ချန်လင်း၏ မျက်ဝန်းများက ချက်ချင်းပင် ပန်ပန်၏လည်ပင်းထက်တွင်ဆွဲထားသည့် လည်ဆွဲပေါ်သို့ ကျရောက်သွားသည်။ လည်ဆွဲက ဓားရှည်တစ်လက်ချိတ်ဆွဲထားခြင်းဖြစ်ပြီး အလင်းရောင်ဖျော့ဖျော့တောက်ပနေသည်။
ခဏမျှအာရုံခံပြီးနောက် ချန်လင်း၏ မျက်နှာအမူအရာပြောင်းလဲသွားပြီး...
“ဒါက အလယ်ဆင့်မှော်ဝင်လက်နက်တစ်ခုပဲ ၊ ရန်ကျောက်ကဲ... ရှင်က ဖီရှိုးရဲ့လည်ပင်းမှာ အလယ်ဆင့်မှော်ဝင်လက်နက်တစ်ခု ဆွဲပေးထားတာလား ၊ ဒါကတော့ တိုက်ပွဲကို လှည့်စားတာပဲနော်”
ရန်ကျောက်ကဲက သူမကို အရေးမစိုက်ဟန်ဖြင့် ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း...
“ငါမွေးထားတဲ့သားရဲလေးကို မှော်ဝင်ပစ္စည်းလေးတစ်ခု ဆင်ပေးထားတာ ဘာဖြစ်လို့လဲ ၊ မင်း မကျေနပ်ရင် မင်းရဲ့ခွေးလေးအတွက်လည်း တစ်ခုဆွဲထားပေးလိုက်လေ...”
ထိုစကားကြောင့် ချန်လင်းမှာ သွေးအန်လုမတတ် ဖြစ်သွားသည်။
အလယ်ဆင့် မှော်ဝင်ပစ္စည်းဆိုသည်က သူမကိုယ်တိုင်ပင် ကိုင်ဆောင်နိုင်ခြင်းမရှိလေရာ အစိမ်းရောင်တစ္ဆေဝံပုလွေကြီးကို အဘယ်မှာ ဆွဲထားပေးနိုင်ပါမည်နည်း။