အသက်သုံးသက်နည်းစနစ်နှင့် ဓားဆေးလုံး
Vol. 9 Ch. 121
ဓားပျိုးထောင်စနစ်၊ ဓားစုစည်းစနစ်နှင့် ဓားစစ်သည်စနစ်။
ဓားစံအိမ်မှ အမွေအနှစ်သုံးမျိုး။
ဓားပျိုးထောင်စနစ်သည် ဓားချီဖြင့် ဓားအရိုးကို စုစည်းခြင်းစနစ်ဖြစ်သည်။ ၎င်းသည် အသက်ရှုကြိမ်တစ်ရာအတွင်း၌ ကောင်းကင်ဘုံအဆင့်အား အနိုင်ယူနိုင်၏။ ဓားတစ်ချက်ကို ထုတ်လွှတ်ပြီးနောက် ထိုအဆင့်ကို ရရှန်ရန် တဖန် အနှစ် ၆၀ စောင့်ဆိုင်းရသည်။
၎င်းသည် ဓားပျိုးထောင်စနစ်ဖြစ်သည်။
ဓားစုစည်းစနစ်ကား စိတ်ဝိညာဉ်ကို ဓားဝိညာဉ်အဖြစ် စုစည်းခြင်းဖြစ်ကာ ၎င်းသည် သုံးစွဲပြီးပါက နောက်တစ်ကြိမ် သုံး၍ မရတော့ပါ။
ဓားစစ်သည်စနစ်ကား ဓားကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်ခြင်း ဖြစ်သည်။ ဓားသည် လူ၊ လူသည် ဓားဖြစ်လာကာ ဓားကျိုးသွားပါက လူသေသည်။
အမွေအနှစ်သုံးမျိုးထဲတွင် ဓားပျိုးထောင်စနစ်သည်သာ အဓိကအမွေအနှစ်အဖြစ် သတ်မှတ်ထား၏။
လင်းချုံးရှောင်၏ဝိညာဉ်ထွက်ပေါ်လာသည်နှင့် သူသည် လင်းရှန်၏နဖူးထဲကို တိုးဝင်သွားသည်။ အဆက်မပြတ် ရုန်းကန်နေသော လင်းရှန်သည် တုန်ခါသွားကာ သူ့မျက်လုံးသည်လည်း စူးရှလင်းလက်သွား၏။
သူ့မျက်နှာတွင် နာကျင်မှုများ ရှိနေသော်လည်း သူက အံကြိတ်ကာ ပြုံးနေသည်။
“အစ်ကို…”
တိုးတိုးလေးခေါ်ကာ လင်းရှန်သည် ဓားကို တင်းတင်းဆုပ်ကိုင်ထား၏။ သူ့ခန္ဓာကိုယ်ကို ဓားချီများ အဆက်မပြတ် စီးဆင်းနေသည်။
သူ့အား ချုပ်နှောင်ထားသော အရိုးများမှာလည်း ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲကာ လင်းရှန်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။
“ဒါက ဘယ်လိုနည်းစနစ်လဲ… သူက ကောင်းကင်ဘုံအဆင့်ဓားအရိုးနဲ့ အမှန်တကယ် ပေါင်းစပ်နိုင်တယ်”
“ဒီအဖိုးကြီးချုံးယွင်… မင်းက ရူးနေတာပဲ။ ဒါက မင်းနှစ်ပေါင်းများစွာ ကျင့်ကြံလာတဲ့ဓားအရိုးတွေ။ ဘာလို့ တခြားလူတွေကို ပေးလိုက်ရတာလဲ”
တာအိုဆရာတရန်၏အသံတွင် စိုးရိမ်သံများ ထွက်ပေါ်လာသည်။
လင်းရှန်၏အရှိန်အဝါမှာ အဆက်မပြတ် မြင့်တက်လာသည်ကို ဟန်မူယဲ့ မြင်၏။
ဓားအရိုးများမှာ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီးဖြစ်ကာ အားကောင်းသော ဓားဆန္ဒတစ်ခုသည် သူ့အား လှည့်ပတ်လျက် ဓားကျိုးကို လွှတ်ရန် တွန်းအားပေးနေသည်။
ဟန်မူယဲ့ လင်းရှန်အား ကြည့်လိုက်၏။
ယခုတွင် သူလုပ်နိုင်သည်များအားလုံး လုပ်ပေးပြီး ဖြစ်သည်။ သူက ကောင်းကင်ဘုံအဆင့်ဓားအရိုးနှင့် ပေါင်းစပ်နိုင်မည်လားမှာ လင်းရှန်ကိုယ်တိုင်နှင့်သာ သက်ဆိုင်တော့သည်။
“ကောင်လေး… မင်းရဲ့ကျင့်ကြံဆင့်နဲ့ ဒီဓားအရိုးကို ပိုင်ဆိုင်ဖို့ အဆင့်မီလို့လားကွ”
တာအိုဆရာတရန်၏ရက်စက်ကြမ်းကြုတ်သော အသံထွက်ပေါ်လာသည်။
ထက်ရှသော ဓားချီသည် လင်းရှန်၏ခန္ဓာကိုယ်အား ပိုင်းဖြတ်လျှင် သွေးစများ ယိုစီးကျလာ၏။
“လိမ်လိမ်မာမာနဲ့ ဒီခန္ဓာကိုယ်ကို ငါ့ကို ပေးစမ်း”
ဓားချီသည် လင်းရှန်၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကာ သူ့အား အလွန်အမင်း နာကျင်မှုအား ပေးသည်။
“မဖြစ်နိုင်ဘူး… မဖြစ်ဘူး”
ဓားကျိုးကို လက်ဖြင့် ကိုင်ရင်း လင်းရှန်က တီးတိုးအော်လိုက်သည်။ ထို့နောက် သူက လက်ကို မြှောက်ကာ ရှေ့ကို ခုတ်လိုက်၏။
ဝုန်း…
ဆယ်ပေခန့်ဓားအလင်းသည် ကျောက်နံရံကို သွားရောက်ထိတွေ့ကာ သူတို့ရှေ့မှ နံရံ၏နေရာတချို့ ပျက်စီးပြိုကျ၏။
“ဓားကို အကြိမ်တစ်သန်း ဝှေ့ယမ်းပြီးတော့ တောင်ကုန်းတွေကို ဖြိုဖျက်မယ်”
သူ၏ဓားဝှေ့ယမ်းမှုတိုင်းတွင် လင်းရှန်က အော်ဟစ်၏။
သူ့ခန္ဓာကိုယ်မှ ဓားချီများမှာ ပိုမိုသိပ်သည်းလာခဲ့ကာ ဟန်မူယဲ့လည်း မတတ်သာဘဲ နောက်ဆုတ်ရသည်။
“စီနီယာအစ်ကိုဟန်… ရှင် အဆင်ပြေလား”
ဟန်မူယဲ့ဘေးသို့ ပိုင်စုကျန်း ရောက်လာကာ စိုးရိမ်စွာ မေးသည်။
ဆိုင်ရှင်ဟယ်၏လက်ထဲတွင် အစိမ်းရောင်ယပ်တောင်တစ်လက်ရှိနေကာ ၎င်းထံမှ အလင်းများသည် ပိုင်စုကျန်းအား ကာကွယ်ထား၏။
ဟန်မူယဲ့ ခေါင်းယမ်းသည်။
ဆိုင်ရှင်ဟယ်က ပိုင်စုကျန်းနှင့် အလျင်အမြန် ထွက်ပြေးသွားသည်ကို သူ အပြစ်မတင်ပါ။
သူ့အား လေ့ကျင့်ရေးမှူးလင်းကဲ့သို့ ကာကွယ်ပေးလိုသောသူ သိပ်မရှိပါ။
ထို့ကြောင့် သူက ထိုအခွင့်အလမ်းအား လင်းရှန်ကို ပေးခဲ့သည်။
ဝုန်း…
လင်းရှန်၏လက်ထဲမှ ဓားအလင်းသည် ပိုမို၍ လင်းလက်လာနေသည်။ ဓားချက်တစ်ချက် ခုတ်လိုက်တိုင်း မရေမတွက်နိုင်သော ကျောက်တုံးများ ပြိုဆင်းလာနေ၏။
သူ့ခန္ဓာကိုယ်၌ ကျောက်စိမ်းရောင်အလင်းများ ဖြာထွက်လာနေသည်။
“ဝုန်း…”
ဓားအလင်းများ ပေါက်ကွဲထွက်လျှင် ဂူတစ်ခုလုံးမှာလည်း ပြိုပျက်လာနေ၏။
“သွားရအောင်… ကျုပ်တို့ အပြင်က စောင့်မယ်”
ဆိုင်ရှင်ဟယ်က ယပ်တောင်ကို ဝှေ့ယမ်းကာ ကျောက်တုံးကျောက်ခဲများအား ရိုက်ထုတ်သည်။ အစိမ်းရောင်အလင်းများက ဟန်မူယဲ့နှင့် ပိုင်စုကျန်းအား ကာကွယ်ကာ သူတို့ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
သူတို့သည် မြေပြင်နှင့် ပေတစ်ထောင်ခန့်အမြင့်သို့ သက်ဆင်းလာခဲ့ကာ ဓားအလင်းများ ပေါက်ကွဲနေသည်ကို ကြည့်ကြ၏။
“ဒီဓားချီတွေရဲ့စွမ်းအားဟာ ကမ္ဘာမြေအဆင့်သို့အထိတောင် ရောက်နေပြီ”
ပိုင်စုကျန်းက ပြောသည်။
အခြေခံအုတ်အမြစ်အဆင့်သို့ပင် မရောက်ဖူးသော လင်းရှန်သည် ယခု အလွန်တရာ စွမ်းအားကြီးလာခဲ့သည်။
“ကောင်းကင်ဘုံအဆင့် ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ရဲ့အရိုး… ဒါကို ခန္ဓာကိုယ်နဲ့ပေါင်းစပ်ဖို့အတွက် ရင်ဆိုင်ရမယ့် အန္တရာယ်…”
ဆိုင်ရှင်ဟယ်က အားကျမိသော်လည်း ခေါင်းယမ်းသည်။
ထိုအရိုးများက သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပါက ပိုမိုမြင့်မားသော အဆင့်များသို့ တစ်ခါတည်း တက်လှမ်းနိုင်မည်။
ထိုသို့ တက်လှမ်းရန်အတွက်လည်း အသက်ဆက်ရှန်သန်နေဖို့ လိုသေး၏။
ကမ္ဘာမြေအဆင့်ထိပ်ဆုံးမှ လူများသည်ပင် အောင်မြင်ရန် အလွန်တရာနည်းပါးသော အခွင့်အရေးသာ ရှိသည်။
ဆိုင်ရှင်ဟယ် ထိုသို့သောအလောင်းအစားကို မလုပ်ရဲပါ။
“ဒါက တကယ်ပဲ လေ့ကျင့်ရေးမှူးလင်းရဲ့ အခွင့်အလမ်းပဲ”
ပိုင်စုကျန်းက တီးတိုးပြောသည်။
လင်းရှန်အပေါ် သူမ နားလည်ထားသည်ကား ဇွဲကောင်းကာ စိတ်ဓာတ်ခက်ထန်သောသူ ဖြစ်သည်။
သူသည် ဟန်မူယဲ့ကို ကာကွယ်ပေးသောအခါ တာဝန်သိစိတ်ရှိသူလည်း ဖြစ်နေသည်။
ယနေ့ သူသည် ရုတ်တရက် ကြီးမားသော အခွင့်အလမ်းအား ရလာ၏။ သူသည် တောင့်ခံနိုင်ပါက သေချာပေါက် အမြင့်သို့ တက်လှမ်းနိုင်ပေတော့မည်။
ကောင်းကင်ဘုံအဆင့်အရိုးနှင့် ပေါင်းစပ်ပြီးနောက် သူသည် အနည်းဆုံး ကောင်းကင်တစ်ဝက်အဆင့်တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ပေမည်။
ဝုန်း…
အောက်မှ ပေတစ်ထောင်ခန့်ရှိသော ကျောင်တောင်ကြီးမှာ ပြိုပျက်သွားကာ ဓားအလင်းသည် ကောင်းကင်သို့အထိ ထိုးတက်သွား၏။
ထိုဓားကို အမြုတေဖွဲ့စည်းခြင်းအဆင့်များပင် ခံနိုင်ရည်ရှိမည် မဟုတ်ပါ။
သူသည် ကမ္ဘာမြေအဆင့်သို့ မတက်လှမ်းမီတွင်ပင် ကမ္ဘာမြေအဆင့်စွမ်းအားကို ပိုင်ဆိုင်ပြီး ဖြစ်သည်။
ဓားကျိုးကို ကိုင်ထားသော လင်းရှန်သည် ရှေ့သို့ တက်လှမ်းသွား၏။
ကျောက်စိမ်းရောင်ချီအလင်းနှင့် ဓားချီတို့ သူ့ခန္ဓာကိုယ်အား ရစ်ပတ်ထားသည်။ ခြေတစ်လှမ်းတိုင်းတွင် သူ့အနီးမှ ကျောက်တုံးများ ပေါက်ကွဲသွားကြရ၏။
ဤသည်ကား သူ၏ခွန်အားမှာ အလွန်သန်မာသောကြောင့် လတ်တလော မထိန်းချုပ်နိုင်သေးသော လက္ခဏာဖြစ်သည်။
သူ၏စွမ်းအင်များအား အားကောင်းလွန်းရကား ဆယ်မိုင်ပတ်လည်မှ တိမ်တိုက်များပင် လွင့်သွားရသည်။
“ညီလေးဟန်…”
လင်းရှန် ဟန်မူယဲ့ထံသို့ လျှောက်လာသည်။ သူ၏မျက်နှာတွင် ဝမ်းနည်းသော အငွေ့အသက်များ ရှိနေ၏။
ဟန်မူယဲ့က ခေါင်းညိတ်ကာ ပြောသည်။
“စိတ်မကောင်းမဖြစ်ပါနဲ့။ အစ်ကိုချုံးရှောင်ကလည်း လေ့ကျင့်ရေးမှူးလင်း ဒီအခွင့်အရေးကို ရနိုင်ဖို့ မျှော်လင့်တာပဲ”
လင်းချုံးရှောင်၏ဝိညာဉ်အပိုင်းအစမှာ လင်းရှန်အား ဓားပျိုးထောင်စနစ်ကျင့်ကြံရန် ကူညီပေးခဲ့သည့်အတွက် ပျက်စီးသွားပြီ ဖြစ်သည်။
ယခုတွင် လင်းချုံးရှောင်မှာ သည်လောက၌ ဆက်မရှိတော့ပါ။
လင်းရှန် ခေါင်းညိတ်ကာ သူ၏အရှိန်အဝါကို ထိန်းချုပ်လိုက်၏။
“ဒါတွေက ဂူထဲမှာ လျှို့ဝှက်သိမ်းဆည်းထားတာ”
လင်းရှန်က လက်မြှောက်လိုက်လျှင် ကျောက်စိမ်းပြားတစ်ခုနှင့် ပုလင်းငယ်နှစ်လုံး ပေါ်လာသည်။
ဟန်မူယဲ့က ၎င်းတို့ကို ယူလိုက်ကာ ကျောက်စိမ်းပြားအား နဖူးမှာ ထိကပ်လိုက်၏။
ကျောက်စိမ်းပြားတွင်ကား ‘အသက်သုံးသက်ပညာရပ်’ ကို ရေးထွင်းထားသည်။
ထိုနည်းစနစ်သည် စိတ်ဝိညာဉ်ကို တည်ငြိမ်စေကာ အသက်ဓာတ်ကုန်ဆုံးခြင်းအား လျော့ပါးစေ၏။
ကောင်းကင်ဘုံအဆင့်ပညာရှင် ချုံးယွင်သည် ထိုနည်းစနစ်ဖြင့် အသက်တစ်သောင်းကျော် ရှင်သန်ခဲ့၏။
ထိုနည်းစနစ်သည် သက်တမ်းကုန်ခမ်းခါနီးလူများအတွက် အလွန်အရေးပါသည်။
“ကျုပ် ဒီနည်းစနစ်ကို ကူးပြီးတော့ ဆိုင်ရှင်ပိုင်ကို ပေးပါ့မယ်”
ဟန်မူယဲ့က ကျောက်စိမ်းပြားကို သိမ်းလိုက်ကာ ပုလင်းငယ်နှစ်လုံးအား ကြည့်၏။
ပုလင်းငယ်များတွင် ချိပ်စည်းများရှိသည်။
“ကျုပ် မမှားဘူးဆိုရင် ဒီပုလင်းတွေထဲက ဆေးလုံးတွေဟာ ပြန်ဝင်စားတာနဲ့ ပတ်သက်နေလိမ့်မယ်”
ဟန်မူယဲ့က ပုလင်းငယ်နှလုံးအား ပိုင်စုကျန်းထံ ကမ်းပေးကာ ပြောသည်။
“တစ်ခုရွေးပါ”
ပိုင်စုကျန်းက ပြုံးလျှက် ပုလင်းတစ်လုံးကို ယူလိုက်သည်။ ထို့နောက် သူမက ပြောသည်။
“ကျွန်မက ဆေးလုံးကို အကဲဖြတ်ပေးတဲ့လူကို ခေါ်ပြီး စစ်ဆေးခိုင်းလိုက်မယ်။ ဒါက တန်ဖိုးကြီးတယ်ဆိုရင် အရောင်းအဝယ်ကိစ္စ ချိတ်ပေးလို့ရတာပေါ့”
ဟန်မူယဲ့ဖြစ်စေ၊ ပိုင်စုကျန်းဖြစ်စေ ထိုသို့သောဆေးလုံးအား မလိုအပ်သေးပါ။ သူတို့က တခြားသော ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် လဲလှယ်၍ ရနိုင်ပါက ပိုကောင်းပေသည်။
အသုံးမဝင်သော ရတနာအား အသုံးဝင်သော အရင်းအမြစ်များနှင့် လဲလှယ်သင့်၏။
ဟန်မူယဲ့နှင့် ပိုင်စုကျန်းတို့သည် ထိုပုလင်းငယ်များအား သည်အတိုင်း မဖွင့်ရဲပါ။ မည်သို့ဆိုစေ ဆေးပုလင်းများသည် နှစ်တစ်သောင်းကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူတို့က အလျင်လိုကာ ပုလင်းများကို ဖွင့်လိုက်ပါက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားနိုင်သည်။
“သွားရအောင်…”
ဆိုင်ရှင်ဟယ်က ပြောသည်။
လှေပျံသည် လေထဲသို့ ထိုးတက်သွားကာ အဝေးသို့ ပျောက်ကွယ်သွားခဲ့သည်။
သူတို့ ထွက်သွားပြီးနောက် ကျောက်တုံးပုံများထဲမှ အညိုရောင်အရိပ်တစ်ခု ထိုးထွက်လာသည်။
“အဖိုးကြီးချုံးယွင်… ဒီကောင်လေးတွေ… မင်းတို့ စောင့်နေကြ။ ငါပိုင်တဲ့ဟာတွေ သေချာပေါက် ပြန်ယူမယ်”
ထိုသူကား တာအိုဆရာတရန် ဖြစ်ပေသည်။
…
တောင်ကုန်းဂိတ်တွင် ပိုင်စုကျန်းသည် ဟန်မူယဲ့နှင့် အချိန်းအချက်တချို့ ပြုလုပ်ကာ ဆိုင်ရှင်ဟယ်နှင့်အတူ ထွက်သွားခဲ့သည်။
ပိုင်စုကျန်း ထွက်သွားပြီးနောက် လင်းရှန်က ပြောသည်။
“ညီလေးဟန်… အဲဒီစီနီယာက မင်းကို ပေးခိုင်းလိုက်တာ တစ်ခုရှိတယ်”
ဟန်မူယဲ့က လင်းရှန်ထံမှ ပစ္စည်းတစ်ခုကို လက်ခံလိုက်၏။ သူကား အနည်းငယ် အံ့အားသင့်နေသည်။
ဓားဆေးလုံး…
၎င်းကား အေးစက်ဖြူဆွတ်ကာ လုံးဝန်း၏။ ၎င်းတွင် ဓားချီအငွေ့အသက်များလည်း ရှိနေသေးသည်။ ဤသည်ကား ဓားသမားများအသုံးပြုသော နာမည်ကျော်ဓားဆေးလုံး ဖြစ်ရပေမည်။
ဓားဆေးလုံးသည် ဓားလက်နက်တစ်မျိုးဖြစ်သည်။ သို့သော်လည်း သွန်းလုပ်သော နည်းစနစ်သည် ရှုပ်ထွေးကာ အဆက်မပြတ် သန့်စင်ပျိုးထောင်ရန်လည်း လိုအပ်၏။
ဓားဆေးလုံး၏အစွမ်းသည် ကြီးမားသော်လည်း ၎င်းကို အသက်သွင်းရန် ဓားဆန္ဒနှင့် အားကောင်းသော စိတ်ဝိညာဉ်အား လိုအပ်၏။ ပုံမှန်အားဖြင့် အမြုတေဖွဲစည်းခြင်းအဆင့်များသာ ဓားဆေးလုံးများကို သုံးနိုင်စွမ်း ရှိသည်။
“လေ့ကျင့်ရေးမှူးလင်း… ဒါက နာမည်ကျော်ဓားဆေးလုံးဖြစ်မယ်။ ဒါက ရတနာပဲ”
ဟန်မူယဲ့က လင်းရှန်အား ကြည့်သည်။
ဓားဆေးလုံးတိုင်းသည် အရည်အသွေးမြင့်ဝိညာဉ်လက်နက်ကဲ့သို့ တန်ဖိုးရှိ၏။
သူ့လက်ထဲမှ ဓားဆေးလုံးမှာ မတောက်ပတော့သည့် အကြောင်းအရင်းမှာ ၎င်းအား မသန့်စင်တော့သည်မှာ ကြာပြီ ဖြစ်သောကြောင့်ပင်။
သို့သော်လည်း ၎င်းသည် ပစ္စည်း၏တန်ဖိုးကို မလျော့ပါးသွားစေပါ။
ဓားဆေးလုံးသည် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၁သိန်းတန်ဖိုးရှိသည်။
ဟန်မူယဲ့၏စကားကို ကြားကာ လင်းရှန်က ပြုံးသည်။
“အဲဒီစီနီယာက ပြောတာတော့ မင်းကို ထိခိုက်ဖို့ ကြိုးစားတဲ့သူဟာ သူ့ရဲ့ဓားဝိညာဉ်ဖြစ်တယ်။ ဒါကြောင့် ဒီဓားဆေးလုံးကို တောင်းပန်တဲ့အနေနဲ့ ပေးခဲ့တာ”
“ပြီးတော့ ဒါက ငါနဲ့ မသင့်တော်ဘူး။ ဘယ်လိုပြောပြော ငါ့မှာ ဒီဓားရှိတာပဲ”
လင်းရှန်က သူ၏လက်ထဲမှ ဓားကျိုးကို မြှောက်ပြသည်။
ဓားမှာ ကျိုးနေသော်လည်း သူ မစွန့်လွှတ်လိုပါ။
ဓားတွင် သူ့အစ်ကို၏အငွေ့အသက်များ ရှိနေသည်။
ယခု သူ့ခန္ဓာကိုယ်တွင် ဓားအရိုးများ ရှိနေပြီဖြစ်ရာ လက်ထဲတွင် အရည်အသွေးမြင့်ဓားရှိခြင်း မရှိခြင်းက သူ့အား မထူးခြားစေပါ။
သူသည် ကိုင်ဆောင်သောဓားအား လဲလှယ်ရန် ဆန္ဒမရှိချေ။
“ခင်ဗျားအချိန်ရရင် ကောင်းမိသားစုဆီသွားပြီးတော့ ဓားကို ပြန်ပြုပြင်ပါ”
ဟန်မူယဲ့က ဓားဆေးလုံးကို သိမ်းဆည်းလိုက်ကာ ပြောသည်။
“ညီလေးဟန်… ကျေးဇူးပဲ…”
လင်းရှန်က တီးတိုးပြောသည်။
သည်အခွင့်အရေးမှာ ဟန်မူယဲ့ကြောင့် ဖြစ်သည်။
ဟန်မူယဲ့က သူ့အား ရှေးကျင့်ကြံသူ၏ဂူထံသို့ မခေါ်သွားပါဘဲ၊ ဟန်မူယဲ့က သူ့အား ဓားပျိုးထောင်စနစ် မသင်ပေးပါဘဲ ယနေ့ ယခုလို သူ့ခန္ဓာကိုယ်မှ ဓားအရိုးအား ဖွဲ့စည်းနိုင်မည် မဟုတ်ပါ။
“ကျုပ်တို့က ညီအစ်ကိုတွေပဲ… ဘာကို ကျေးဇူးတင်တာလဲ”
ဟန်မူယဲ့က ခေါင်းယမ်းကာ တောင်ကုန်းဂိတ်တွင် ရေးထားသော ‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်း’ နာမည်အား ကြည့်သည်။ များစွာသော စိတ်ခံစားချက်များအား သူ ခံစားရ၏။