အဆင့်တက်ခြင်း၊ ချီစုစည်းခြင်း
Vol. 9 Ch. 122
သူတို့နှစ်ယောက် ဓားစံအိမ်သို့ ရောက်သောအခါ လုကောသည် တံခါးဝတွင် စောင့်နေပြီး ဖြစ်သည်။
“ခေါင်းဆောင်တောက်ရင်က စီနီယာအစ်ကိုဟန်နဲ့ လေ့ကျင့်ရေးမှူးလင်းဟာ သူ့ရှေ့က ပြန်သွားတယ် ပြောတယ်။ အဲဒါ စီနီယာအစ်ကိုတို့ကို မမြင်လို့ သူက စိုးရိမ်နေတယ်”
လုကောက စိုးရိမ်ဟန်ဖြင့် ပြောသည်။
လုကောသည် သူ့အား ဝိညာဉ်လက်နက်ပေါင်းစပ်ထားရာ သူ့မျက်လုံးများသည် ပျက်စီးနေသော်လည်း မြင်ရ၏။
ဓားသည် သူ၏မျက်စိဖြစ်သည်။
“ကျုပ် အကျိုးအမြတ်ချို့ရခဲ့တယ်”
ဟန်မူယဲ့က ပြုံးလျက် ဓားစံအိမ်ထဲကို ဝင်သည်။
ဟွမ်လောင်လျှိုနှင့် ကောင်းရှောင်ရွှမ်တို့ သူ့အနီးသို့ ကပ်လာစဉ်မှာပင် အပေါ်ထပ်မှ ခေါင်းဆောင်တောက်ရင်၏ခေါ်သံကို ကြားရသည်။
“ကောင်လေး… တတိယထပ်သို့ တက်လာခဲ့”
ဟန်မူယဲ့ ပြုံးလိုက်ကာ ကောင်းရှောင်ရွှမ်၏ခေါင်းကို ပုတ်လျက် တတိယထပ်သို့ တက်လာ၏။
ခေါင်းဆောင်တောက်ရင်က အလင်းတောင်ကုန်းဓားဂိုဏ်းသို့ ဓားပို့ဆောင်သည့်ကိစ္စအား သူ စိတ်ဝင်စားနေသည်။
မည်သို့ဆိုစေ ဓားသည် အလင်းတောင်ကုန်းဓားဂိုဏ်းသခင်လေးက သူ့သားအတွက် နောက်ဆုံးချန်ထားခဲ့သော အမွေဖြစ်သည်။
တတိယထပ်တွင် ခေါင်းဆောင်တောက်ရင်နှင့် ဓားစံအိမ်အကြီးအကဲတို့နှစ်ဦးလုံး ရှိနေသည်။
ဟန်မူယဲ့က ဦးညွှတ်ကာ ဓားစံအိမ်အကြီးအကဲအား ပြောသည်။
“အကြီးအကဲ… ကျွန်တော် တစ်ခု တင်ပြစရာရှိပါတယ်”
ဓားစံအိမ်အကြီးအကဲက ခေါင်းညိတ်သည်။
ဟန်မူယဲ့က ရှေးဟောင်းကျင့်ကြံသူ၏ဂူထံသို့ သွားခဲ့သော အတွေ့အကြုံများအား ပြန်ပြောပြသည်။
ခေါင်းဆောင်တောက်ရင်နှင့် ဓားစံအိမ်အကြီးအကဲတို့က သူ့အား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်ကြ၏။
“ကောင်လေး… ငါ့တစ်သက်ကျင့်ကြံလာတာ ငါကျတော့ ဘာလို့ ရှေးဟောင်းကျင့်ကြံသူရဲ့ဂူကို မတွေ့ဖူးရတာလဲ…”
ခေါင်းဆောင်တောက်ရင်က သက်ပြင်းချသည်။
“လင်းရှန်က ငါတို့ဓားစံအိမ်ရဲ့လူတစ်ယောက်ပဲ။ သူ့ကို ဓားပျိုးထောင်စနစ်ကျင့်ခွင့်ပြုတယ်”
ကောင်းချန်ကုန်းကား အတော်လေးလွတ်လပ်သော စိတ်သဘောရှိသည်။
မည်သို့ဆိုစေ လင်းရှန်သည် ကောင်းကင်ဘုံအဆင့်အရိုးနှင့် ပေါင်းစပ်ထားပြီး ဖြစ်သည်။
သူ့တွင် ကောင်းကင်ဘုံအဆင့်တိုက်ခိုက်စွမ်းအား မရှိသေးလျင်ပင် အနိမ့်ဆုံး ကောင်းကင်တစ်ဝက်အဆင့်များကို ဖိနှိပ်နိုင်စွမ်းရှိ၏။
ထိုသို့သော ပညာရှင်ကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လက်လွှတ်ခံမည် မဟုတ်ပါ။
ဟန်မူယဲ့က ဓားဆေးလုံး၊ ဆေးပုလင်းငယ်နှင့် ကျောက်စိမ်းပြားတို့အား ထုတ်ယူသည်။
ဓားစံအိမ်အကြီးအကဲနှင့် ခေါင်းဆောင်တောက်ရင်တို့က ထိုပစ္စည်းများအား စိတ်ဝင်စားစွာ ကြည့်ကြသည်။
“ဒီဓားဆေးလုံးဟာ ကောင်းပေမဲ့ သူ့ကို ပျိုးထောင်ဖို့ ဓားချီတွေ အများကြီးကုန်ဆုံးလိမ့်မယ်။ ဒါက မင်းအပေါ်ပဲ မူတည်တယ်”
ဓားစံအိမ်အကြီးအကဲက လက်လှမ်းကာ ဆေးပုလင်းငယ်အား ယူလိုက်သည်။ သူက ပုလင်းကို မဖွင့်ဘဲ ခေါင်းဆောင်တောက်ရင်အား ကြည့်သည်။
“ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် ပြန်ဝင်စားဖို့ဆေးလုံးတွေဟာ ဝိညာဉ်စုစည်းဆေးလုံးနဲ့ အရိုးအသွင်ပြောင်းဆေးလုံး ဖြစ်မယ်။ ဒီဆေးလုံးက အဲဒီနှစ်မျိုးထဲက တစ်မျိုးပဲ”
ခေါင်းဆောင်တောက်ရင်က ခေါင်းညိတ်ကာ ပုလင်းငယ်အား ကြည့်သည်။
“ဝိညာဉ်စုစည်းဆေးလုံးဟာ ဝိညာဉ်ကို အားဖြည့်တယ်။ အရိုးအသွင်ပြောင်းဆေးလုံးဟာ ကျောက်စိမ်းအရိုးနဲ့ ပေါင်းစပ်တယ်။ အဲဒီစီနီယာဟာ နှစ်တစ်သောင်းတုန်းက အားလုံးကို ပြင်ဆင်ထားပြီးသားပဲ။ ကံမကောင်းတာက…”
ကံမကောင်းစွာဖြင့် သူ ကျရှုံးခဲ့သည်။
၎င်းသည်ပင် ကျင့်ကြံခြင်းလောက ဖြစ်သည်။
ကြီးမြတ်သော ကျင့်ကြံသူများသည်ပင် ထာဝရအသက်ရှည်နိုင်မည်ဟု အာမခံချက် မရှိပါ။
ထိုသို့ အထီးကျန်ကျင့်ကြံသူများကို တွေးကာ ဟန်မူယဲ့သည် သူတွင် မိတ်ဆွေရောင်းရင်းများ အကြီးအကဲများ ရှိနေသည်ကို ဝမ်းသာမိ၏။
ဟွမ်လောင်လျှိုကား သူနှင့် အလွန်ရင်းနှီးကာ ညီအစ်ကိုများနှင့် မခြားပါ။
လင်းရှန်နှင့် လုကောတို့မှာလည်း သူ့အား အသက်နှင့်ရင်းကာ, ကာကွယ်ပေးကြ၏။
သူ၏ကြွယ်ဝမှုအများစုကို ပေးထားခဲ့သော သူ့ဆရာမော့ယွမ်လည်း ရှိသေးသည်။
ယခု ဓားစံအိမ်တတိယထပ်၌ ဓားဆေးလုံးနှင့် ရတနာအချို့ကို ဓားစံအိမ်အကြီးအကဲနှင့် ခေါင်းဆောင်တောက်ရင်တို့ရှေ့တွင် ချထားသော်လည်း သူတို့ စိတ်မဝင်စားပါ။
သူသည် ပြန်ဝင်စားကာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ရောက်လာကတည်းက များစွာသော လှည့်ကွက်များအား တွေ့မြင်ခဲ့ရ၏။ သူသည် ကျင့်ကြံခြင်းလောက၏ရက်စက်ကြမ်းကြုတ်မှုများကိုလည်း သိမြင်ခဲ့ရ၏။
၎င်းသည်ပင် ကျင့်ကြံခြင်းအတွက် လိုအပ်သော အရာများဖြစ်ပေသည်။
ကြီးမြတ်သော ကျင့်ကြံသူတစ်ဦးက ပြန်ဝင်စားရန်အတွက် လိုအပ်သည်များအားလုံးကို ပြင်ဆင်ထားသော်လည်း နောက်ဆုံးတွင် ကျဆုံးသွားခြင်းအား၊ သူ့လက်ထဲမှ ဆေးလုံးကို ကြည့်လျက်ပင် ဟန်မူယဲ့ အတော်များများကို နားလည်လာရသည်။
ဟူး…
သူ့အနီးတွင် ချီဓာတ်များ စတင်လှည့်ပတ်လာကာ ဟန်မူယဲ့အား လွှမ်းခြုံသွား၏။
သူ၏သွေးကြောများနှင့် ဒန်ထျန်များတွင် ချီဓာတ်များသည် လှိုင်းထလာကြသည်။
ထို့နောက် ၎င်းတို့သည် သိမ်သည်းသော အရည်များအဖြစ် ပြောင်းလဲကြ၏။
ချီစုစည်းခြင်းငွေ့ရည်။
ချီစုစည်းခြင်းအဆင့်။
ထိုအခိုက်တွင် ဉာဏ်အလင်းရခြင်းက ဟန်မူယဲ့အား ကျင့်ကြံဆင့်အတားအဆီးကို ချိုးဖျက်ကာ ချီစုစည်းခြင်းအဆင့်သို့ တက်လှမ်းစေ၏။
‘ဒီလိုလည်း ရတာပဲလား…’
ဓားစံအိမ်အကြီးအကဲနှင့် ခေါင်းဆောင်တောက်ရင်တို့သည် အချင်းချင်းကြည့်ကာ ပြုံးလျက် ခေါင်းယမ်းကြသည်။
“ကောင်လေး မင်းမှာ ဆေးလုံးကောင်းကောင်းတွေရှိရင် စားလိုက်။ ချီစုစည်းခြင်းအဆင့်ကို ရောက်ရင် မင်းဟာ အခြေခံအုတ်အမြစ်အဆင့်ငယ်ကို ရောက်ပြီလို့ ပြောနိုင်တယ်”
ခေါင်းဆောင်တောက်ရင်က ပြောကာ ကျောက်စိမ်းပုလင်းငယ်၂လုံးအား ထုတ်လိုက်သည်။
သို့သော်လည်း သူက ထုတ်လက်စ လက်အား ပြန်ရုတ်သိမ်းလိုက်၏။
ဟန်မူယဲ့၏လက်ထဲတွင် တောက်ပသော ဆေးလုံးများ ပေါ်လာသည်။
တိမ်မြူချီဆေးလုံး ၆လုံး၊ အမြင့်ဆုံးအရည်အသွေးများ။
စွမ်းအင်အသွင်ပြောင်းဆေးလုံး ၅လုံး၊ အမြင့်ဆုံးအရည်အသွေးများ။
ထို့အပြင် ထူးဆန်းသော နတ်အလင်းဖြင့် ဆေးလုံးတစ်လုံးလည်း ပါသေးသည်။
၎င်းကား ဝိညာဉ်စွမ်းအားကို တိုးစေသော နေသုံးစင်းနတ်ဆေးလုံးဖြစ်သည်။ ဆေးလုံးမှာ ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ တန်ဖိုးရှိ၏။
ခေါင်းဆောင်တောက်ရင်၏အံ့အားသင့်မှုကို လျစ်လျူရှုကာ ဟန်မူယဲ့သည် ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲသို့ ပစ်သွင်းလိုက်၏။
ဆေးလုံးများ ဗိုက်ထဲကို ရောက်သွားလျှင် ချီဓာတ်များအဖြစ် ပြောင်းလဲကာ သွေးကြောများထဲသို့ လှိမ့်ဝင်သွားကြ၏။
ဆေးလုံးများ၏တွန်းအားကြောင့် ဟန်မူယဲ့၏သွေးချီများ နိုးထလာခဲ့ကာ သူ့နောက်တွင် နွားသိုးပုံရိပ်များလည်း ပေါ်လာသည်။
နွားသိုးပုံရိပ်ကိုးခု ဖြစ်တည်လာပြီးနောက် ၎င်းပုံရိပ်များမှာ အသွင်အပြင်များ ပြောင်းလဲလာခဲ့သည်။
နွားသိုးပုံရိပ်များသည် ပို၍ စုစည်းလာကာ သူတို့၏ကိုယ်ပေါ်၌ စက်ကွင်းသဏ္ဍာန်များ ဖြစ်ပေါ်လာသည်။
“ကျင့်ကြံစနစ် ပေါင်းစပ်ခြင်း၊ ဆင့်ကဲတိုးတက်ခြင်းနဲ့ အသွင်ပြောင်းလဲခြင်း”
ခေါင်းဆောင်တောက်ရင်က မှတ်ချက်ချသည်။
“ကောင်းတယ် ကောင်လေး… မင်းမှာ ထိုးထွင်းဉာဏ်ကောင်းကောင်းရှိတာပဲ”
“မင်း ဘယ်လောက်တောင် စွမ်းသလဲ…”
ဓားစံအိမ်အကြီးအကဲက ပြုံးလျက် ပြောသည်။
“အရင်တုန်းက ခေါင်းဆောင်နဲ့ငါ နှစ်တစ်ရာလောက် မီးလောင်ပြင်ဓားသိုင်းကို တီထွင်ကြံဆခဲ့ရတယ်”
ထိုစကားက ခေါင်းဆောင်တောက်ရင်အား အနည်းငယ် အင်တင်တင် ဖြစ်စေသည်။
“အဟမ်း… သံမဏိနွားသိုးကျင့်စဉ်က မပြည့်စုံဘူး… ဒီကောင်လေးက ဘယ်လိုဆက်ပြီး ကျင့်မလဲ ငါသိချင်တယ်”
အကြောင်းအရာကို ပြောင်းလဲကာ ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့နောက်မှ အဆက်မပြတ် အသွင်ပြောင်းလဲနေသော နွားသိုးပုံရိပ်များအား ကြည့်သည်။
ဝုန်း…
နွားသိုးကိုးကောင်ပုံရိပ်သည် ပျောက်ကွယ်သွားကာ အစိမ်းရောင်အလင်းအဖြစ် ပြောင်းလဲသွား၏။ ၎င်းတို့သည် ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲကို တိုးဝင်ကာ အရိုးများနှင့် ပေါင်းစပ်ကြသည်။
ဟန်မူယဲ့၏နောက်တွင် ကျောက်စိမ်းရောင်အရိုးများ တဖျတ်ဖျတ်လက်နေ၏။
သူသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းဖြင့် ဓားအရိုးများကို စုစည်းလိုက်၏။
“ကောင်လေး… မင်းက အတော်လေး ဆုံးဖြတ်ချက် ပြတ်သားတာပဲ”
ခေါင်းဆောင်တောက်ရင်က ပြောသည်။
“မင်းက နောက်ဆက်တွဲကျင့်စဉ်ကို မရွေးရသေးလို့ ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်တက်မှာကို အတင်းရပ်ထားလိုက်တယ်။ ဒါက ရှားပါးအခွင့်အရေးပဲ”
ဤသို့သော အခွင့်အလမ်းကား ရှားပါးပေသည်။
ဟန်မူယဲ့က ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်တက်မည်ကို လက်လျှော့လိုက်ခြင်းအား ခေါင်းဆောင်တောက်ရင်က အံ့အားသင့်နေသည်။
“ဒီကောင်လေးက နောက်ထပ်အဆင့်တက်ဖို့ အခွင့်အလမ်းမရှိမှာကို စိုးရိမ်ရမှာလား”
ဓားစံအိမ်အကြီးအကဲက ရယ်မောကာ ပြောသည်။
“နွားသိုးကိုးကောင်နောက်ဆက်တွဲကျင့်စဉ်ကို ရှေးဟောင်းနွားသိုး၊ ဝိညာဉ်နက်နွားသိုး၊ ကမ္ဘာဦးနွားသိုး ဒါတွေထဲက တစ်ခုခုကို ရွေးချယ်ဖို့ သိပ်မလွယ်ကူဘူး”
စွမ်းအင်ကျင့်ကြံခြင်းကား အဆင်ပြေသည်။
သို့သော်လည်း ခန္ဓာကိုယ်ကျင့်ကြံခြင်းကား ရွေးချယ်စရာ များနေသည်။ များသောအားဖြင့် ကျင့်ကြံသူတစ်ဦးသည် လမ်းမှားကို ရွေးပြီးပါက နောက်ပြန်မလှည့်နိုင်တော့သောအခါ နောင်တရကြရ၏။
ဟန်မူယဲ့သည်လည်း အမှန်တကယ်ပင် နောက်ဆက်တွဲကျင့်ကြံရမည့် လမ်းကြောင်းအား သေချာမရွေးရသေးပေ။ ထို့ကြောင့် ခန္ဓာကိုယ်ကျင့်ကြံဆင့်တက်လှမ်းမည့်ကိစ္စကို ရပ်တန့်လိုက်သည်။
သို့သော် သူသည် နောင်တမရပါ။
၎င်းကား အဆင့်တက်ခြင်းသာဖြစ်သည်။ သူ အချိန်မရွေး လုပ်နိုင်၏။
ချီ၊သွေးနှင့် သဘာဝစွမ်းအားများ လှည့်ပတ်သွားကာ ဓားအရိုးများကို စုစည်းလျှင် ကျောက်စိမ်းရောင်ဓားအရိုးများ ဖြစ်ပေါ်လာသည်။
တစ်နာရီခန့် ကြာပြီးနောက် သူ့ဒန်ထျန်သည် ပေတစ်ရာခန့် ကျယ်သွားပြီး ဖြစ်သည်။ ၎င်းတွင် ဓားချီ ၂၀၀၀၀ ခန့် လှည်ပတ်ပျံသန်းနေကြ၏။
ချီပင်လယ်ကား အဆုံးမဲ့ကာ မရေမတွက်နိုင်သော ဓားချီများအား သိုလှောင်ထားနိုင်သည်။
ဓားဆန္ဒခြောက်ခုမှာလည်း ကိုယ်ပိုင်နေရာများ၌ တည်ရှိနေကြ၏။
နောက်ဆုံးဆေးလုံး သူ့ပါးစပ်ထဲကို ဝင်သွားသောအခါ ဟန်မူယဲ့သည် ဓားစွမ်းအင်နှင့် ချီစွမ်းအင်တို့အား ပြန်ရုပ်သိမ်းကာ သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ထူးဆန်းသွားသည်။
သူ၏စိတ်စွမ်းအားသည် ဓားချီအဖြစ် စုစည်းလာ၏။
၎င်းသည် သူ ယခင်ကျင့်ကြံသော ဓားစုစည်းစနစ်မဟုတ်ဘဲ ဓားပျိုးထောင်စနစ်၊ ဓားစုစည်းစနစ်နှင့် ဓားစစ်သည်စနစ်တို့ သုံးခုပေါင်းစပ်ထားခြင်း ဖြစ်သည်။
အံ့ဖွယ်နေမင်းဓားကျင့်စဉ်။
သူ၏စိတ်နယ်ပယ်မှ ဓားချီသည် ထိုနေရာတွင် ဆက်လက်မနေတော့ဘဲ သူ့ခန္ဓာကိုယ်တွင် လှည့်ပတ်ကာ ချီပင်လယ်နှင့် ဒန်ထျန်မှ ဓားချီတို့ဖြင့် သွားရောက်ပေါင်းစပ်၏။
သူ၏စိတ်ဝိညာဉ်ဖြင့် ပေါင်းစပ်သော ဓားချီမှာ ပို၍ သိမ်မွေ့သည်။ ၎င်းသည် သွေးကြောများထဲ၌ ရေအလား သိမ်မွေ့ညင်သာစွာ ရွေ့လျား၏။
ထိုသို့သော ကျင့်ကြံခြင်းသည်သာ သာယာနာပျော်ဖွယ်ကောင်းသည်။
နေ့ဝက်ခန့် ကြာပြီးနောက် ဟန်မူယဲ့သည် ကျင့်ကြံခြင်းကို ရပ်တန့်ကာ မျက်လုံးများကို ဖွင့်၏။
ယခုတွင် သူသည် ချီစုစည်းခြင်းပထမအဆင့်သို့ ရောက်နေလေပြီ။
ယခုကျင့်ကြံဆင့်ဖြင့် ဆိုပါက သူသည် ဂိုဏ်း၏အတွင်းစည်းတပည့်အဖြစ်သို့ တရားဝင်ရောက်ရှိပြီ ဖြစ်သည်။
သူသည် ယခင်က ဂိုဏ်းသို့ ဝင်ရန်ပင် ခက်ခဲခဲ့သည်ကို တွေးကာ ဟန်မူယဲ့ သက်ပြင်းချမိသည်။
“ကျေးဇူးပါ အကြီးအကဲ… ခေါင်းဆောင်…”
သူက ဓားစံအိမ်အကြီးအကဲနှင့် ခေါင်းဆောင်တောက်ရင်အား ဦးညွှတ်သည်။
ဓားစံအိမ်အကြီးအကဲက ကျောက်စိမ်းပြားအား ပြန်ကမ်းပေးကာ ပြောသည်။
“ဒီကျောက်စိမ်းပြားက ပညာရပ်ကို ငါကူးထားလိုက်တယ်”
ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့အား ကြည့်သည်။
“ကောင်လေး… အဲဒီအရည်အသွေးအမြင့်ဆုံးဆေးလုံးတွေ မင်းကိုယ်တိုင် ဖော်စပ်တာလား”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
“မင်းက တကယ်ပဲ ဓားချီကို သုံးပြီး ဆေးဖော်စပ်တာလား”
ခေါင်းဆောင်တောက်ရင်က ထပ်မေးသည်။
“ကျွန်တော် ဓားချီနဲ့ ဆေးဖော်စပ်တာ”
ဟန်မူယဲ့ကလည်း ဖုံးကွယ်ခြင်း မပြုပါ။
“မင်းက စုလျန့်နဲ့အတူ မူမိသားစုသို့ သွားလည်မလို့မလား”
ခေါင်းဆောင်တောက်ရင်က သူ့အား လေးနက်သော အမူအရာဖြင့် ပြောသည်။
“ကောင်လေး… ငါတို့ တစ်ခု ဆွေးနွေးရအောင်… မင်း ငါ့ကို အာခီမီပညာသင်ပေးမလား”