ကျူပ်က သူများတွေကို ကူညီရတာ သဘောကျတယ်
Vol. 10 Ch. 140
ချူဝမ်အာသည် တုန်လှုပ် သွားသောကြောင့် စကားပင် ထွက်မလာတော့ပေ။ သူမက ပတ်ဝန်းကျင်မှ လူအများကို ကြည့်လိုက်သည့်အခါ တစ်ယောက်မှ တုန်လှုပ် နေသည့်ဟန် မပေါ်ပေ။ သိသာလှစွာ ထိုသည်က ပထမဆုံးအကြိမ် ဖြစ်ပျက်ခြင်း မဟုတ်ပေ။
ထိုစဉ် လေပြင်း တိုက်ခံလိုက်ရသည့် ကျင့်ကြံသူ အချို့က မြန်မြန် ပြန်လျောဆင်း လာကြသည်။ သူတို့က ရေခဲတောင်၏ ဆယ်ပုံတစ်ပုံပင် မရောက်သေးပေ။ အကယ်၍ သူတို့ ထပ်တက်ပါက ပို၍ အန္တရာယ်များနိုင်၏။
“တစ်ယောက်ကမှ စစ်မှန်ခြင်း နတ်ဘုရားပန်းက အဲမှာ ရှိတယ်လို့ ဘယ်သူမှ အတည်မပြုနိုင်ဘူး တကယ်လို့ အဲမှာမရှိဘဲ ငါတို့က တက်နေရင် အလကား ဖြစ်မသွားဘူးလား …”
အမျိုးသမီး ကျင့်ကြံသူ တစ်ဦးက ရေခဲတောင်ကို မော့ကြည့်ရင်း ညည်းတွားလိုက်သည်။ တောင်သည် အလွန်မြင့်မား၍ ထိပ်ဆုံးကို မမြင်နိုင်ပေ။
တစ်ယောက်မှ သူမ စကားကို ပြန်၍ မပြောကြပေ။ စစ်မှန်ခြင်း နတ်ဘုရားပန်း ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ သူတို့စိတ်ထဲမှ သေချာ သိနေသည်။ မယုံကြည်သူတွေ အနေနှင့် ထွက်သွားနိုင်ပြီး ယှဉ်ပြိုင်သူ နည်းသွားလိမ့်မည်။
ဟော်ယွီချန်က ရုတ်တရက် ရှေ့တိုးပြီး ဝင်ပြောလိုက်သည်။
“မိတ်ဆွေတို့ ဒီလိုမျိုး တစ်ယောက်တည်း လုပ်ပြီး ကျွန်တော်တို့ အချင်းချင်း ယှဉ်ပြိုင်နေရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး တကယ်လို့ တစ်ယောက်က ထိပ်ဆုံးထိ ရောက်သွားခဲ့မယ် ဆိုရင်တောင် ပြန်ဆင်းတဲ့အခါ အခက်တွေ့လိမ့်မယ် …”
“မင်းက ဘာလဲ ...”
မုတ်ဆိတ်များ ပြည့်နေသည့် လူသန်ကြီးသည် ဟော်ယွီချန်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူက ယွမ်ဒန် အဆင့်တွင် ဖြစ်နေပြီး ထိုဟော်ယွီချန်သည် သေချာပေါက် ယွမ်ဒန်အဆင့် မရောက်သေးပေ။ သို့သော် သူက အဓိပ္ပာယ်မရှိသည့် အရာများကို ပြောရဲသေး၏။
ဟော်ယွီချန်က အပြုံးကို ဆက်လက် ချိတ်ဆွဲထားရင်း စိတ်တိုခြင်း အလျင်းမရှိ ပြန်ပြောလိုက်သည်။
“ကျွန်တော်က ဘာမှတော့ မဟုတ်ပါဘူး ကောင်းကင် နတ်ဆိုးဂိုဏ်းက ဟော်ယွီချန်ပါ ...”
ဟော်ယွီချန်က ကောင်းကင် နတ်ဆိုးဂိုဏ်းမှ ဖြစ်သည်ကို ကြားပြီး မုတ်ဆိတ်နှင့် လူသန်ကြီးသည် သူ့အား ဆက်၍ မပြောတော့ပေ။ ကောင်းကင်နတ်ဆိုး ဂိုဏ်းသည် ကောင်းကင်အဆင့် ဂိုဏ်းသုံးဂိုဏ်း - ကောင်းကင် နတ်ဓားကျွန်း၊ ကောင်းကင်တေးသီ နန်းတော်နှင့် ကောင်းကင် နတ်ဆိုးဂိုဏ်းမှ တစ်ဂိုဏ်း ဖြစ်၏။ ဂိုဏ်းသုံးဂိုဏ်းတွင် နောက်ဆုံး ဖြစ်နေသော်လည်း အထင်သေး၍ မရပေ။ ဂိုဏ်းက ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ် ပညာရပ်များကို ကျင့်ကြံကြတာ ဖြစ်၏။ ဘာဖြစ်ပျက်သွားမှန်း မသိလိုက်ခင် ရုတ်တရက် သေသွားနိုင်သည်။
“အစ်ကိုဟော်မှာ အကြံကောင်းလေးများ ရှိလို့လား …”
နောက်တစ်ယောက်က ရှေ့ထွက်လာပြီး လက်နှစ်ဖက် ယှက်လျက် မေးလိုက်သည်။
“ကျွန်တော်မှာ မရှိရဲပါဘူး …”
ဟော်ယွီချန်က လက်နှစ်ဖက် ယှက်လျက် လေးစားသမှုနှင့် ပြန်ပြောလိုက်သည်။ ထို့နောက်တွင် …
“တောင်မှာ လေအေးတွေက အမြဲလှည့်ပတ် တိုက်နေတာ မြင့်မြင့်ရောက်လေ လေအားက ပိုသန်လေလေပဲ ကျွန်တော် တစ်ခု အကြံပေးချင်တာက အားလုံး အတူတူ တွဲလုပ်ပြီး ရေခဲမှာ ခြေလှမ်းရာ ထွင်းဖို့ပါ ဒါက အားထုတ်စရာ သိပ်မလိုဘဲ အားလုံး ဘေးကင်းကင်းနဲ့ သွားနိုင်မဲ့ နည်းလမ်းပဲ”
“ငါတို့နောက်က လူတွေက ငါတို့ဆီက အလကား ရမသွားဘူးလား …”
မုတ်ဆိတ်နှင့် လူသန်ကြီးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဟော်ယွီချန်က အသာပြုံး လိုက်သော်လည်း မုတ်ဆိတ်နှင့် လူကြီး စကားများကို ပြန်၍ မတုံ့ပြန်ပေ။ မုတ်ဆိတ်လူကြီးက နှာခေါင်းရှုံ့ကာ သူ့ကျင့်ကြံဆင့်က ဟော်ယွီချန်ထက် ပိုမြင့်သော်လည်း ဤနေရာတွင် ရုတ်ရုတ်သဲသဲ မလုပ်ရဲပေ။
ပိန်ပါးပြီး ငယ်ရွှယ်သည့် ကျင့်ကြံသူ တစ်ယောက်က အရင် ပြောလိုက်သည်။
“ကျွန်တော်တို့ တောင်ပေါ်တက်တဲ့အခါ လေပြင်းတွေက ကျွန်တော်တို့ ခြေလှမ်းတွေကို အချိန်တိုအတွင်း ဖုံးလွှမ်းသွားမှာပဲ ဒါပေမဲ့ ကျွန်တောတို့ လူအများကြီး တက်သွားပြီး စစ်မှန်ခြင်း နတ်ဘုရားပန်း အလုံအလောက် မရှိရင် ဘယ်လို ခွဲယူကြမှာလဲ ...”
မုတ်ဆိတ်လူကြီးက သူ့အား ခက်ထန်စွာ ကြည့်လိုက်ပြီး …
“ခွဲယူဖို့လား … အဲအတွက် တိုက်ခိုက်နိုင်စွမ်းရှိတဲ့ မည်သူမဆိုပေါ့ ကျန်သူတွေတော့ ဘေးဖယ်နေ”
တချို့သော စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများသည် အဖွဲ့မှ နုတ်ထွက်ကုန်ကြသည်။ သူတို့၏ ကျင့်ကြံဆင့်ဖြင့် ပါဝင်ခြင်းသည် တခြားသူများအတွက် လှေကားထစ်သာ ဖြစ်နေလိမ့်မည်။
မိုဝူကျီက နောက်ဆုတ်မည့် ရည်ရွယ်ချက် မရှိသည်ကို မြင်၍ ချူဝမ်အာက မျက်ခုံးကြုတ်ကာ အရင်ဦးဆုံး မေးကြည့်လိုက်သည်။
“ဆေးလုံးဆရာမိုက ဘာလို့ ဒီမှာပဲ မနေခဲ့တာလဲ ...”
မိုဝူကျီက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး …
“ရပါတယ် ကျွန်တော်က တူးတဲ့ အဆင့်တော့ လုပ်နိုင်ပါတယ် ပြီးတော့ အပို အကူအညီရတာ ကောင်းတာပဲလေ …”
“ဖူး …”
အမျိုးသမီး တစ်ယောက်က မိုဝူကျီ စကားများ ကြားပြီး မရယ်မောဘဲ မနေနိင်တော့ချေ၊ မိုဝူကျီ တစ်ကိုယ်လုံးတွင် ဝိညာဉ်စွမ်းအားများ မရှိဘဲ သာမန်လူ တစ်ယောက်ကဲ့သို့ ရိုးရိုးရှင်းရှင်းသာ ဖြစ်နေသည်။ ကျင့်ကြံသူ တစ်ယောက် အနေနှင့် မိုဝူကျီ အရည်အချင်းက နိမ့်ကြောင်းနှင့် သူ့ကျင့်ကြံခြင်းကား သာမန် ဖြစ်ကြောင်း ပြောနိုင်သည်။ ထို့အပြင် ကျင့်ကြံသူက သန်မာလေလေ သူ့ဝိညာဉ်စွမ်းအားက အားကောင်းလေလေ ဖြစ်သည်။
“ကောင်လေး မင်းက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်တောင် မရောက်သေးဘူးမလား တကယ်လို့ မင်းသွားရင် မင်းလုပ်နိုင်တာက လှေကားအတွက် ရေခဲ တူးတာပဲ ရှိမှာ မင်းဒီမှာပဲ နေနေလိုက် ပန်းက ရှိရင်တောင် အလုံအလောက် ရှိမှာ မဟုတ်ဘူးကွဲ့”
အမျိုးသမီးက ရယ်မောရင်း ထပ်ပြောလိုက်သည်။
အမျိုးသမီး ရုပ်ရည်က သာမာန် ဖြစ်ကာ သူမ စကားတွင် အထင်သေးမှုများ ပါဝင်နေသော်လည်း မိုဝူကျီက သူမသည် စိတ်မယုတ်မာကြောင်း သိ၏။ သူမက သူ့ကျင့်ကြံဆင့် နိမ့်မှန်း သိ၍ သူတို့နောက်ကို လိုက်ခြင်းက အလကားသပ်သပ် ဖြစ်နေလိမ့်မည်ဟု သတိပေးနေခြင်းသာ ဖြစ်သည်။ နောက်ဆုံးတွင် သူက ထိပ်ဆုံးထိ ရောက်နိုင်ဖို့ရာ မသေချာပေ။
မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး …
“စီနီယာရဲ့ နွေးထွေးတဲ့ အကြံပေးချက်အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျ ဒါပေမဲ့ ကျွန်တော်က ငယ်ငယ်လေး ကတည်းက သူများတွေကို ကူညီပေးတာ အရမ်း သဘောကျတယ် လဲကျနေတဲ့ လူကြီးကိုတောင် ကူညီပေးဖို့ မစိုးရိမ်တာ လှေကားတူးဖို့က အသာလေးပါ ပြီးတော့ စီနီယာအစ်ကိုတွေ အစ်မတွေကို ကူညီခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူမှုပါပဲ…”
ကျင့်ကြံသူအများစုက မိုဝူကျီ စကားများကို ကြားပြီး ကြောင်သွားကြသည်။ ဟော်ယွီချန်ပင် မိုဝူကျီ စကားနောက်က ရည်ရွယ်ချက်ကို နားမလည်ပေ။ သို့သော် အားလုံးက မိုဝူကျီ၏ နောက်ဆုံးစကားကို နားလည်ကြသည်။ မိုဝူကျီ၏ ကျင့်ကြံဆင့် အနိမ့်လေးဖြင့် သူက ရေခဲလှေကား တူးပေးပြီး စွန့်စားမှု ပြုလုပ်ရန် ဆန္ဒရှိနေသည်။
တစ်ဖက်တွင် မုတ်ဆိတ်လူကြီးက အားရပါးရ ရယ်မောလိုက်ပြီး မိုဝူကျီကို ပြောလိုက်သည်။
“မင်းက အလားအလာ ကောင်းတဲ့ ကလေးပဲ …”
ထို့နောက်တွင် သူက ဟော်ယွီချန်ဘက် လှည့်ကြည့်လိုက်ပြီး …
“အခု ငါတို့မှာ ပါဝင်ချင်တဲ့သူတွေ လူ ၆၀ ကျော်ရှိနေပြီ မင်းက လူအင်အားခွဲလိုက် ငါတို့ အခုပဲ စရအောင် …”
တခြားလူများက ဟော်ယွီချန်ကို ကြည့်လိုက်ကြပြီး သူ့တို့ကို လှေကားတူးသည့် ကိစ္စ၌ ဟော်ယွီချန်က ခေါင်းဆောင်ပေးရန် ဆန္ဒရှိနေကြသည်။
ဟော်ယွီချန်က လက်နှစ်ဖက် ယှက်လျက် ပြောလိုက်သည်။
“အစပိုင်းမှာ ကျွန်တော်က အဖွဲ့နှစ်ဖွဲ့ခွဲဖို့ ပြောမလို့ပဲ ဒါပေမဲ့ လူက ၆၃ ယောက် ဖြစ်နေတာဆိုတော့ အားလုံးအတူတူ လုပ်ပြီး လှေကားတူးကြမယ် ရေခဲတောင်က မာကျောတဲ့အတွက် တစ်ယောက်တည်းဆို အရမ်းခက်ခဲမယ် ဒါပေမဲ့ ကျွန်တော်တို့ အတူတူ လုပ်ရင် ဆယ်ဆမက ပိုလွယ်သွားလိမ့်မယ် …”
“ကောင်းပြီလေ ငါတို့ အဲဒီအတိုင်း လုပ်ကြမယ် …”
မုတ်ဆိတ်လူကြီးက လက်နှစ်ဖက် ယှက်ပြီး သူ့မှော်ရတနာကို ထုတ်ယူလိုက်သည်။ ထိုသည်က လက်ရာမြောက်လှသော စူးချွန် ဖြစ်နေသည်။
တခြားလူများက သဘောမတူတာ မရှိသောကြောင့် သူတို့၏ မှော်ရတနာများကို ထုတ်ယူ လိုက်ကြသည်။ မိုဝူကျီတွင် တျန်းဂျီတုတ်သာ ရှိသောကြောင့် ထိုအရာသာ ဆွဲယူလိုက်ရသည်။
“ရှင့်မှော်ရတနာက သတ္တုတုတ်လား …”
ချူဝမ်အာက အနည်းငယ် ပါးစပ်ဟောင်းလောင်း ဖြစ်သွားခဲ့သည်။ တုတ်ကို လက်နက်အဖြစ် သုံးသည့် ကျင့်ကြံသူများက ရှိသော်လည်း ဇာမဏီဌက်ကဲ့သို့ ရှားပါးလှသည်။ မိုဝူကျီလို ကျင့်ကြံဆင့် ရှိသည့် လူတစ်ယောက်အတွက် တုတ်ကို မှော်ရတနာအဖြစ် သုံးခြင်းကား သူသည် သေချာပေါက် ပထမဆုံးလူ ဖြစ်လာလိမ့်မည်။
“ကောင်းတယ်ဟေ့ ထူးခြားတာပေါ့ ဟားဟား ...”
မုတ်ဆိတ်လူကြီးက အားရပါးရ ရယ်မောရင်း နေရာယူလိုက်သည်။
ဟော်ယွီချန်ပင် တော်တော် အံ့ဩမိ သွားသည်။ သူက မိုဝူကျီ၏ မှော်ရတနာသည် လျှပ်စီးနှင့် ပတ်သက်သည့် အရာ ဖြစ်လိမ့်မည်ဟု ထင်နေမိသည်။ မိုဝူကျီက သတ္တုတုတ်ကို ထုတ်ယူလိမ့်မည်လို့တော့ တွေးမထားပေ။
သူက အသိပြန်ကပ်လာပြီး ကျယ်လောင်စွာ ကြော်ငြာလိုက်သည်။
“အားလုံး စကြစို့ …”
“ဒုတ် ဒုတ် ဒုတ်….” အမျိုးမျိုးသော မှော်ရတနာများက ရေခဲတောင်ပေါ်သို့ တချိန်တည်း ကျရောက်လာကာ တုန်လှုပ်မှုကြီး တစ်ခု ဖြစ်လာလေသည်။ တိုက်ခိုက်မှုတွင် သဘာဝစွမ်းအားများ ရောနှော ထားသောကြောင့် တိုက်ခိုက်မှု တစ်ခုချင်းစီက မာကျောသော ရေခဲတောင်ပေါ်တွင် လှေကားထစ် တစ်ခုစီ ဖြစ်လာနိုင်စေသည်။
အားလုံးက ဝမ်းသာနေကြသည်။ တောင်ပေါ်သို့ တက်ရန် အားလုံး၏ အားထုတ်မှုများ ပေါင်းစပ်ရန် လိုအပ်ပေသည်။ ထိုသည်က တစ်နှင့် တစ်ပေါင်း (၁+၁) သကဲ့သို့ မဟုတ်ဘဲ ထို့ထက်ပင် ကျော်လွန်နေပေ၏။
မိုဝူကျီ ကျင့်ကြံဆင့်က အနိမ့်ဆုံး ဖြစ်သည့်အတွက် သူက ဘေးဘက်တွင် နေရာချထားခံရသည်။ ထိုနေရာက အန္တရာယ် အများဆုံး နေရာဖြစ်မှန်း သိသော်လည်း သူ့တွင် ငြင်းဆန်ရန် အနေအထား မရှိပေ။ ထိုနေရာတွင် အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်များစွာ ရှိနေနိုင်သည်ဟု တွေးတောပြီး စိတ်ဆုံးဖြတ်ကာ တက်နေခြင်း ဖြစ်သည်။
ကံကောင်းလှစွာ မိုဝူကျီနှင့် တျန်းဂျီတုတ် ပေါင်းစပ်အားက မဆိုးလှပေ။ ကျန်သူများက သူ့ပါဝင်မှုကို မငြင်းပယ်နိုင်ကြပေ။ ထို့အပြင် ဤနေရာတွင် ရှိနေသော တခြားလူများကား အားကောင်းလှသည့် အတွက် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်သာ ရှိသော မိုဝူကျီအနေနှင့် စစ်မှန်ခြင်း နတ်ဘုရားပန်းကို ရယူဖို့ရာ အခွင့်အရေး မရှိပေ။ ထို့ကြောင့် လုပ်အားသပ်သပ် စိုက်ထုတ်နေခြင်းနှင့် တူညီသည်။
ပေါက်ကွဲသံများပင် ကြားနေရကာ ရေခဲတုံးတချို့ လွင့်စဉ်လာလေ၏။ လူအုပ်ကြီးက ဖြေးဖြေးချင်းစီ အပေါ်သို့ တက်နေကြသည်။ သူတို့နောက်တွင် အပေါ်သို့ ထောင်တက်သွားသော မြွေလိမ် လှေကားကဲ့သို့ ‘S’ သဏ္ဌာန် လမ်းကြောင်းကို မြင်တွေ့နိုင်သည်။
တစ်ရက်အတွင်း အဖွဲ့သည် တောင်၏ တစ်ဝက်ထိ ရောက်အောင် တက်လှမ်းနိုင်ခဲ့ကြသည်။ သူတို့နောက်တွင် ရှိနေသော ‘S’ လမ်းကြောင်းသည် တဖြည်းဖြည်းချင်း လွင့်ပျောက် သွားလေပြီ။
“မိတ်ဆွေ အားလုံးက မင်းကို အထင်သေးမိကြတာ ထင်တယ် ငါက ရွှေရောင်လှံဂိုဏ်းက ချန်ချီယုပါ …”
မိုဝူကျီဘေးတွင် ဖွဲ့စည်းပုံ အလယ်အလတ် တည်ဆောက်ဟန် ရှိသော လူငယ် တစ်ယောက် ရောက်နေသည်။ သူတို့သည် အပေါ်ပိုရောက် လာသောကြောင့် သူ့အပေါ် အံ့ဩမှုကလည်း ပိုလာလေသည်။ အကြောင်းရင်းမှာ မိုဝူကျီ ထွင်းခဲ့သော လှေကားများက သူ့ထက် မလျော့နည်းပေ။ ပို၍ပင် ကောင်းနေသေး၏။ မိုဝူကျီ လှေကားထစ် တစ်ခု တူးလိုက်တိုင်း သူ့အား ပို၍ စိတ်ရှုပ်ထွေး လာစေသည်။ မိုဝူကျီက လှေကားထစ် တူးတိုင်း သူ့တိုင်ဖြင့် အရင် တွင်းဖောက်လိုက်ခြင်း ဖြစ်သည်။ ဤသည်က သဘာဝစွမ်းအားများကို ပို၍ ကုန်ဆုံးစေသည်။ ထိုအရာများမှ မိုဝူကျီ၏ စွမ်းဆောင်ရည်သည် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်ဖြင့် ကန့်သတ် မထားကြောင်း သိလိုက်သည်။
“ခြေသလုံးအိမ်တိုင် ကျင့်ကြံသူ မိုဝူကျီပါ အစ်ကိုချန်ရဲ့ နာမည်က တကယ် ထူးခြားတာပဲ …”
မိုဝူကျီက ပြုံးကာ ပြောလိုက်သည်။ ထိုခရီးတစ်လျှောက်တွင် သူက ထိုချန်ချီယုသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၄ တွင် ရှိနေကြောင်း အကြမ်းဖျင်း ပြောနိုင်သည်။ သို့သော်လည်း ချန်ချီယု၏ ခံနိုင်ရည်က သူ့ထက် သာပုံ မပေါ်ပေ။ လမ်းတွင် သူက ဆေးလုံး တစ်လုံးမှ မသောက်သော်လည်း အင်အားများ ကျန်ရှိနေသေး၏။ တစ်ဖက်တွင် ထိုချန်ချီယုကား ပင်ပန်းနေဟန် ပေါ်သည်။
ချန်ချီယုက မိမိကိုယ်ကို ဝေဖန်ဟန်ဖြင့် …
“ဒီနာမည်က ငါ့ဘာသာ နာမည် ပေးထားတာ ငါ့နာမည်အရင်းက ချန်ချီယုပါ ငါတို့ ချန်မျိုးနွယ်စုမှာ ပါရမီရှင် ချန်ဟယ်ရှန်းကို မွေးဖွားခဲ့တယ် ငါတို့က သူ့ကို အထောက်အပံ့များစွာ ပေးခဲ့ရပေမဲ့ ငါက မလုပ်ချင်ဘူး အဲဒါကြောင့် ချန်မျိုးနွယ်စုက ထွက်လာခဲ့တာ ကံကောင်းလို့ ရွှေရောင်လှံဂိုဏ်းထဲ ဝင်ခွင့်ရခဲ့တာ …”
မှတ်ချက်။ ။ ချင်ချီယု နာမည်ရှိ ချီကား မတူညီသော ချီဖြစ်သည်။ လက်ရှိချီက စွန့်ပစ်ခြင်းဟု ဖြစ်ကာ အရင်က ချီသည် စုစည်းခြင်းဟု အဓိပ္ပာယ်ရသည်။ သူ့ယု အမည်က ကျောက်စိမ်း ဖြစ်သည်။ နာမည်ကို ချမ်းသာမှု အထောက်အပံ့တွေ အပေါ် သဘောထားကို ပြောင်းလဲလိုက်သည်ကို လိုက်၍ ပေးထားခြင်း ဖြစ်သည်။
မိုဝူကျီ စိတ်ထဲတွင် သံသယအချို့ ဝင်လာခဲ့သည်။ ချန်ချီယုက ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဝင်ခွင့် မည်သို့ ရလာခဲ့တာလဲ။ သို့သော်လည်း ထိုမေးခွန်းက သူ့ကို မေးဖို့ရာ မဟုတ်သေးပေ။
“ညီလေးမိုက ခြေသလုံးအိမ်တိုင် ကျင့်ကြံသူ တစ်ယောက် အနေနဲ့ ဒီနေရာအထိ ရောက်လာနိုင်တာ …”
ချန်ချီယုက စကားပင် ဆုံးအောင် မပြောလိုက်ရပေ။ အေးစက်စက် လေပြင်းက တိုက်ခတ်လာပြန်သည်။ အရိပ်အယောင် တစ်ခုမျှ မရှိဘဲ လေပြင်းက ရုတ်တရက် ရောက်ရှိလာခြင်း ဖြစ်သည်။
အရင်နေ့တုန်းက အဖွဲ့သည် လေပြင်း တိုက်ခိုက်မှုနှင့် မကြုံတွေ့ခဲ့ပေ။ သူတို့၏ ယခင်အတွေးများက ရှေးရိုးအရမ်း ကျလွန်းသည်ဟု ခံစားမိလိုက်သည်။ တစ်ယောက်မှ သူတို့ သတိမထားသည့် အခိုက်အတန့်တွင် လေပြင်း တိုက်လာမည်ဟု ထင်မထားကြပေ။ အားပြင်းလှသော လေပြင်းက ထင်တိုင်းကြဲ သွားလေတော့သည်။
လေထဲတွင် ကျင့်ကြံသူ ဆယ်ယောက်လောက်က ပျောက်ကွယ် သွားကြသည်။ ယခင် ‘S’ သဏ္ဌာန် လမ်းကြောင်းမှာ လုံးဝပျောက်ကွယ် သွားလေ၏။ ထိုမျှ အမြင့်ထိ ရောက်နေသောကြောင့် အသက်ရှင်နိုင်ဖွယ် အခွင့်အရေးက သုညထက် များမည် မဟုတ်ပေ။
မိုဝူကျီနှင့် ချန်ချီယုတို့သည် လေပြင်းထဲ ဖိနှိပ်ခံနေရသည်။ မိုဝူကျီ တုံ့ပြန်မှုကား အလွန် မြန်ဆန်ပေသည်။ လေတိုက်လိုက်သည့် တစ်ချိန်တည်းတွင် သူက ခန္ဓာကိုယ်ကို ရေခဲလှေကားဆီ ပစ်လှဲလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ဓားဖြင့် တွင်းတစ်တွင်း တူးလိုက်သည်။ သူ့အပြုအမူများက ချောမွေ့နေကာ အချိန် ဖြုန်းတီးခြင်းလည်း မရှိပေ။ သူက ခေါင်းထဲတွင် ထိုအကြောင်းအရာကို အကြိမ်ကြိမ် တွေးထားသည့်အလား မြန်ဆန်လှ၏။
ထိုနောက်တွင် မိုဝူကျီက လက်ကို ထုတ်ပြီး လှမ်းဆွဲရန် အချိန်ပင် ရှိသေးသည်။ လေနှင့် ပါနေပြီ ဖြစ်သော ချန်ချီယုကား ကံကောင်းလှသည်။ သူ့ခြေထောက် တစ်ဖက်ကို မိုဝူကျီက လှမ်းဆွဲပေးထားပြီး သူ့ခန္ဓာတစ်ကိုယ်လုံးကား ရေခဲလှေကားပေါ်သို့ လဲကျနေသည်။
သူ့ခန္ဓာ နေရာ အတည်တကျ ဖြစ်သွားသည်နှင့် လေပြင်းက အနည်းငယ် အားလျော့ သွားလေပြီ။ ချင်ချီယုက လှေကားအား တင်းတင်းကိုင် ထားလိုက်ပြီး လက်မလွတ်ရဲချေ။
လေပြင်းက မြန်မြန် ရောက်လာပြီး မြန်မြန်ပင် ထွက်သွားလေသည်။ လေပြင်း မရှိတော့သည့်အခါ အဖွဲ့တွင် ဆယ်ယောက်ထက် မနည်း ပျောက်ဆုံးသွားကြောင်း သိလိုက်ရသည်။ အဖွဲ့တွင် နေရာလပ်များ ပိုများသွားလေသည်။
“အစ်ကိုကြီးမို ကျေးဇူးပါ …”
ချန်ချီယု၏ ကျင့်ကြံဆင့်က မိုဝူကျီထက် ပိုမြင့်မားသော်လည်း သူက စိတ်လှုပ်ရှားစွာ အရိုအသေ ပေးလိုက်ပြီး ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။ သူက မိုဝူကျီကို ‘အစ်ကိုကြီး’ ဟုပင် ခေါ်လိုက်သေး၏။
မိုဝူကျီက သူ့အသက်ကို ကယ်တင် လိုက်သောကြောင့် သူ့ကျေးဇူးတင်မှုကား နှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုသို့သော အခြေအနေနှင့် ကြုံတွေ့သည့်အခါ လက်ကမ်းဖို့ရာ အချိန်မီလျှင်ပင် တခြားသူများက ကူညီမည် မဟုတ်ပေ။ လက်ကမ်းပေးသည့် သူ့အတွက်ပင် အန္တရာယ်တွင်းထဲ ကျရောက်နိုင်လေ၏။
မိုဝူကျီက ချန်ချီယု ပခုံးကို ပုတ်လိုက်ပြီး ရယ်မောရင်း ပြောလိုက်သည်။
“ဒါက ဘာမှ မဟုတ်ပါဘူး ကျုပ်ပြောဖူးတယ် မလား ကျုပ်က တခြားသူတွေကို ကူညီရတာ သဘောကျတယ်လို့ ဒါသာကြည့် ဒီနေရာမှာ အားလုံးကို ရေခဲလှေကားထစ် ကူတူး ပေးနေတာပဲ မလား …”
***