← Chapters

ကျုပ်က လူကောင်း

Vol. 11 Ch. 141

ကျုပ်က လူကောင်း

Vol. 11 Ch. 141

“မင်း တကယ် အဆင်ပြေရဲ့လား …”

မုတ်ဆိတ်လူကြီးက မိုဝူကျီကို တအံ့တဩ ကြည့်ကာ မေးလိုက်သည်။ သူတို့အဖွဲ့ လူ ၆၀ ကျော်လောက်လေးတွင် ဆယ်ယောက်ကျော်လောက်က ပျောက်ဆုံး သွားလေပြီ။ မိုဝူကျီက အဖွဲ့၏ အစွန်ဆုံးတွင် ရှိနေပြီး သူ့ကျင့်ကြံဆင့်ကား အနိမ့်ဆုံး ဖြစ်နေသေး၏။ ပုံမှန်အားဖြင့် လေပြင်းနှင့် ပါသွားမည့် သူထဲ ပထမဆုံးသူက မိုဝူကျီ ဖြစ်သင့်သည်။ သို့သော်လည်း လက်တွေ့တွင် ပါသွားသော လူများကြားတွင် မိုဝူကျီတစ်ယောက် မပါသွားခဲ့ချေ။

မိုဝူကျီက ကျိတ်ရယ်မောလိုက်ပြီး …

“ကျူပ်က အားလုံးကို တောင်ထိပ်ရောက်အောင် ကူဖို့ လာတာလေ ဒါပေမဲ့ ကျူပ်တို့က အဲဒီမှ မရောက်သေးတာ ကျုပ်ဆီ တစ်ခုခု ဖြစ်လို့ ရပါ့မလား …”

“သူက အဆင်ပြေရုံတင် မကဘူး သူ့ဘေးက လူကိုပါ ကယ်လိုက်သေးတာ  …”

ကလန်ကလား အမျိုးသားက မိုဝူကျီကို သုံးသပ်လိုက်သည်။

ချူဝမ်အာက နောက်ဆုံးတွင် မိုဝူကျီက အမှန်တကယ် ထူးခြားသည် ဟူသော ဟော်ယွီချန် စကားများကို ယုံကြည် လာလေသည်။ ထိုအခြေအနေ အပြီးတွင် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူအတွက် ထိခိုက်ဒဏ်ရာ မရဘဲ ကျန်ရှိနေသည် ဆိုတာ ဖြစ်နိုင်ရဲ့လား …

ချင်ချီယု တစ်ယောက်သာ အဖြစ်အပျက်များကို နားလည်လေသည်။ သူက အလွန်လေးစားစွာ ချီးမွမ်းပြောလိုက်သည်။

“အစ်ကိုကြီးမို  အစ်ကိုကြီး တူးထားတဲ့ ရေခဲတွင်းတွေ အကြောင်း နားလည်သွားပြီ ဒါက အသက်ကယ်ဖို့ပဲ ...”

မိုဝူကျီက တစ်ခုခု ပြန်ပြောမည့်ဆဲဆဲတွင် သူက တစ်ခုကို တွေးမိသွားဟန်ဖြင့် သူက ချက်ချင်း ခါးကုန်းကာ ရေခဲအပိုင်းအစ တချို့ကို ကောက်ယူလိုက်သည်။ သူလက်ထဲရှိ ရေခဲတုံးကို ကြည့်ပြီး တစ်ခု သေချာသွားလေ၏။ သူ့လက်ထဲတွင် ရှိနေသော အရာမှာ ရေခဲတုံး မဟုတ်ဘဲ ရေခဲနှင့်တူသည့် ကျောက်စိမ်းတစ်မျိုး ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

တောင်တစ်ဝက်လောက် ရောက်နေပြီ ဖြစ်သောကြောင့် ရေခဲနှင့်တူသော ကျောက်စိမ်းတုံးသည် တိုက်ဆိုင်စွာ ပေါ်လာခြင်း မဖြစ်နိုင်ပေ။ ဖြစ်နိုင်ချေ တစ်ခုသာ ရှိလေ၏။ တစ်ယောက်ယောက်က ထားထားတာ ဖြစ်ရမည်။

တစ်ယောက်ယောက်က ရေခဲတောင်ပေါ်တွင် ဘာကြောင့် ဒီလို ရေခဲနှင့် တူတဲ့ အရာကို ထားထားမှာလဲ … ဖြစ်နိုင်တာက …

သူက တွေးမိလိုက်ပြီး မိုဝူကျီက လှေကားပေါ်တွင် ထိုင်ချလိုက်ကာ ရေခဲတွင်းထဲ လက်ထည့် လိုက်တော့သည်။ မိုဝူကျီ၏ ပေါင်းစပ်မှုကို ချက်ချင်း  အတည်ပြုလိုက်သည်။ ရေခဲတွင်း အောက်ခြေတွင် ရှိနေသည့် အရာမှာ ရေခဲမဟုတ်ဘဲ ရေခဲနှင့် တူသော ပစ္စည်းသာ ဖြစ်သည်။

“မင်းကျင့်ကြံဆင့်လေးနဲ့ ကိုယ့်အသက်ကို ကာကွယ်နိုင်တာကိုက အထင်ကြီးဖို့ ကောင်းနေပြီ ဒီလိုအန္တရာယ်များတဲ့ အခြေအနေ အောက်မှာ တခြားသူကို ကယ်ဖို့ တွေးနိုင်လိမ့်မယ်လို့ ထင်မထားမိဘူး  …”

မုတ်ဆိတ်လူကြီးက မိုဝူကျီကို ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ မိုဝူကျီလိုမျိုး လူကား ပျောက်ကွယ်နေတာ ကြာလှပြီဟု ခံစားမိလိုက်သည်။

မိုဝူကျီက မတ်တတ်ရပ်ကာ အားရပါးရ ရယ်မောလိုက်ပြီး …

“ကျုပ်က လူကောင်းလေ အားလုံးကို အကူအညီ ပေးချင်တယ် အားလုံးရဲ့ ပျော်ရွှင်မှုက အစစ်အမှန် ပျော်ရွင်မှုပဲလေ ကျုပ်က သိပ်အရေး မကြီးပါဘူး …”

ချူဝမ်အာက မိုဝူကျီကို မှင်တက်စွာ ကြည့်လိုက်သည်။ အကယ်၍ သူမသာ မိုဝူကျီက လျှပ်စီးမိကျောင်းများ၏ လျှပ်စီးကို အသုံးချပြီး ဟောင်ကျန်းဟူကို သတ်ခဲ့တာကို ကိုယ်တိုင် မတွေ့ခဲ့ပါက သူမက သူ့စကားလုံးများကို ယုံကြည်ကောင်း ယုံကြည်မိလိမ့်မည်။

အစပိုင်းတွင် သူမက မိုဝူကျီသည် ထိုအခြေအနေ အောက်တွင် ကူကယ်ရာမဲ့နေပြီး ဟောင်ကျန်းဟူကို ကယ်ဖို့ရာ မတတ်နိုင်ခဲ့သည် ဟုသာ ထင်ခဲ့မိသည်။ သို့သော်လည်း အဖြစ်အပျက်များကို သေချာ စဉ်းစားကြည့်ပါက မိုဝူကျီက ဟောင်ကျန်းဟူကို ကယ်ဖို့ရာ မရွေးချယ်ခဲ့ခြင်း ဖြစ်ရာ သူက လျှပ်စီးမိကျောင်းကိုပင် ဟောင်ကျန်းဟူကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သေး၏။

မိုဝူကျီသည် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲတွင် နေရာများ ရအောင် ယူနိုင်ခဲ့သည်ကို သိပြီးနောက်တွင် ချူဝမ်အာက မိုဝူကျီသည် သူပြောနေသကဲ့သို့ သူများကို ကူညီတတ်သူ မဟုတ်ကြောင်း သေချာသည်။ သို့သော်လည်း သူမက မိုဝူကျီထံ မည်သည့် အထင်သေး ရှုံ့ချမှုမျိုးမှ မခံစားရပေ။ မိုဝူကျီက သူမစိတ်ထဲတွင် ပုံရိပ်ကောင်း ရှိနေပြီး ဖြစ်၏။ သူမက မိုဝူကျီလို လူစားမျိုးကို လေးစား၏။ တစ်ဖက်တွင် အမှိုက်လို ဟောင်ကျန်းဟူ သေခြင်းက ရိုးရှင်းသော သေခြင်းတရား တစ်ခု ဖြစ်သည်။

ဟော်ယွီချန်က သူ မမှားကြောင်း သေချာသည်။ မိုဝူကျီသည် မရိုးရှင်းလှပေ။

သူက လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။

“အားလုံး အတူတူ ဆက်ကြိုးစားရအောင် ဘာမှ အရိပ်အယောင် မပြဘဲ တိုက်လာတဲ့ လေပြင်းကိုလည်း ဂရုစိုက်ကြပါ”

မိုဝူကျီက သူ့စိတ်ထဲတွင် စိုးရိမ်မှု တချို့ ရှိလာလေသည်။ သူက အထက်ကို တူးဖို့ရာ စိတ်ဝင်စားမှု ပျောက်ဆုံးသွားလေပြီ။ ရေခဲတောင်ထဲတွင် တစ်ခုလုံးကို ရေခဲနှင့် တူသော ပစ္စည်းနှင့် ဆောက်ထားသည့် အရာမျိုး ရှိနေလိမ့်မည်ဟု ခံစားမိနေသည်။ သူက တစ်ယောက်တည်း အောက်ထဲ တူးဖို့ရာ ဖြစ်နိုင်လားဟု စဉ်းစားချင့်ချိန်နေသည်။

“အားလုံး ခဏနေပါဦး … ဒီမှာ တစ်ခုခု ရှိနေတယ် ကြည့်ရတာ ရေခဲကျောက်စိမ်းတုံးနဲ့ တူတယ် …”

အံ့ဩနေသည့် အသံ တစ်ခု ထွက်ပေါ်လာကာ မိန်းကလေး တစ်ယောက်က ရေခဲတုံးကို မြှောက်ပြပြီး ပြောလိုက်သည်။

မိုဝူကျီက နှမြောတသ ဖြစ်သွားပြီး ကြည့်ရသည်က သူတစ်ယောက်တည်း ရှာတွေ့ခဲ့ဟန် မဟုတ်ပေ။ စောစောလေးကပင် အားလုံးက လေပြင်းကို ရှောင်ရှားဖို့ရာ မြေပေါ် ဝပ်တွား လိုက်ပြသည့်အတွက် အားလုံးလည်း ရှာတွေ့နိုင်လေသည်။

မုတ်ဆိတ်လူကြီးက မိန်းကလေး လက်ထဲမှ ရေခဲတုံးကို ဆွဲယူကာ  ခဏ စစ်ဆေး ကြည့်လိုက်ပြီးနောက် အတည်ပြု ပေးလိုက်သည်။

“ဒီမိတ်ဆွေ ပြောတာ မမှားဘူး အဲဒါက ရေခဲတုံးမဟုတ်ဘူး …”

ဟော်ယွီချန်က ရှေ့တိုးကာ ရေခဲတုံးကို လက်ခံယူလိုက်သည်။ အသက်ရှူကြိမ်နှုန်း ခဏအကြာတွင် ဟော်ယွီချန်က တခြားကျင့်ကြံသူကို လှမ်းပေးလိုက်ကာ ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်သာ မမှားရင် ကျွန်တော်တို့ အောက်မှာ ဧရာမနန်းတော်ကြီး ရှိနေရမယ် ဒီနန်းတော်ကို ရေခဲကျောက်စိမ်းတုံးတွေ သုံးပြီး ဆောက်ထားတာ ဒါပေမဲ့ ဘယ်သူက အဲလောက် အားထုတ်ပြီးတော့ အရင်းအမြစ်တွေ သုံးမှာလဲ …”

ဟော်ယွီချန် စကားများ ကြားပြီးနောက်တွင် အားလုံးက လေအေးများ မှုတ်ထုတ် လိုက်ကြသည်။

ရေခဲကျောက်စိမ်း နန်းတော်က ရေခဲတောင်လောက် ကြီးမားတာလား … ထိုသို့ဆိုလျှင် ရေခဲကျောက်စိမ်းတွေ မည်မျှ လိုလိမ့်မည်နည်း။ ရေခဲကျောက်စိမ်းတွေ ရဖို့ရာ ရွှေပြားတွေ မည်မျှနှင့် လဲလှယ်လိုက်ရသနည်း။

“အားလုံးကို အောက် အတွင်းထဲတူးဖို့ အကြံပေးချင်တယ် …”

တိတ်ဆိတ်မှု ခဏအကြာတွင် နောက်ထပ် ကျင့်ကြံသူ တစ်ယောက်က ထရပ်ကာ ပြောလိုက်သည်။

တောင်ထိပ်မှ မရေရာ မသေချာသော စစ်မှန်ခြင်း နတ်ဘုရားပန်းနှင့် ယှဉ်လျှင် အတွင်း တွင် ရှိနေသော ဧရာမနန်းတော်ကြီးက ပို၍ ဆွဲဆောင်နိုင်၏။

အားလုံးက ရေခဲအောက်ကို  မျက်ဝန်းများ လင်းလက်စွာဖြင့် ကြည့်နေကြသည်။ သူတို့အောက်တွင် စောင့်ကြိုနေသည်က ရတနာတွေ ပြည့်နေသော နန်းတော်ကြီး ဖြစ်နိုင်သည်။

ချန်ချီယုက မိုဝူကျီသည် သူ့လက်ထဲရှိ ရေခဲကို လွင့်ပစ် လိုက်သည်ကို မြင်လိုက်ရသောကြောင့် သူ့နှလုံးသားက တဒုံးဒုံး ခုန်လာလေသည်။ အကယ်၍ သူက ထိုရေခဲတုံးကို မစစ်ဆေးမိလျှင်ပင် သူက ရေခဲကျောက်စိမ်း ဖြစ်ကြောင်း ခန့်မှန်းမိလောက်သည်။ ထိုသို့ဆိုလျှင် မိုဝူကျီက ထိုရေခဲကျောက်စိမ်းတုံးကို ရှာတွေ့ခဲ့သော်လည်း ဘာမှမပြောရန် ရွေးချယ်ခဲ့၏။

သူက မိုဝူကျီသည် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ဖြစ်သော်လည်း သူ့စွမ်းဆောင်ရည် အစစ်အမှန်က သူ့ထက်ပင် မနိမ့်ကြောင်း အမှတ်ရလိုက်သည်။ ထို့အပြင် မိုဝူကျီက လေပြင်း တိုက်ခတ်စဉ် သူ့အသက်ကို ကာကွယ်နိုင်စွမ်းလည်း ရှိခဲ့သည်။ ထိုတစ်ခုတည်း မဟုတ်သေးပေ။ မိုဝူကျီက သူ့အား ကယ်တင်နိုင်ခဲ့သေး၏။ မိုဝူကျီ၏ တည်နေရာသည် အလွယ်တကူ လွင့်ပါ သွားနိုင်သော နေရာတွင် ဖြစ်နေသေး၏။

ချန်ချီယုက မိုဝူကျီနှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ရန် သူ့စိတ်ထဲတွင် ခိုင်မာစွာ ဆုံးဖြတ်ချက် ချလိုက်သည်။ မိုဝူကျီသည် သူ့အသက်သခင် ဖြစ်ရုံသာမက မိုဝူကျီက အလားအလာ ကောင်းသော လူတော် တစ်ယောက် ဖြစ်၏။

မှော်ရတနာများကို အထက်မတူးတော့ဘဲ အတွင်းဘက်ကိုသာ တူးကြတော့သည်။ ရေခဲတုံးအကြီးတွေက လေထဲတွင် လွင့်စဉ်လာပြီး တဖြည်းဖြည်းနှင့် အောက်အတွင်းဘက်တွင်  အပေါက်ဝိုင်းတစ်ခု ဖြစ်လာလေ၏။

“ဒီမှာ အမှန်တကယ် ရေခဲကျောက်စိမ်းပုံစံ ရှိနေတာပဲ …”

မုတ်ဆိတ်လူကြီးက မွစာကြဲနေသည့် ရေခဲတုံးကို ကောက်ယူရင်း တဟားဟား ရယ်မောရင်း ပြောလိုက်သည်။  ထိုရေခဲကား အမှန်ပင် ရေခဲကျောက်စိမ်း ဖြစ်နေ၏။

“ဒါက ရေခဲကျောက်စိမ်း တောင်လည်း  ဖြစ်နိုင်တာပဲ …”

မုတ်ဆိတ်လူကြီး၏ ပျော်ရွှင်မှုကို အေးစက်စက် အသံတစ်ခုက ဖျက်ဆီးလိုက်သည်။

မုတ်ဆိတ်လူကြီး၏ အပြုံးက တဖြည်းဖြည်းချင်း ပျောက်ဆုံးသွားပြီး သူက နှာခေါင်းရှုံ့ကာ ဘာမှပြန်မပြောပေ။ ထို့အစား သူ့က လက်ရာမြောက် စူးချွန်ကိုသာ ဝှေ့ယမ်းရင်း အားပြင်းပြင်းနှင့် ထပ်တူးလိုက်သည်။

သူက မပြောချင်တော့၍ မဟုတ်ဘဲ တစ်ဖက်လူက မှန်နေ၍သာ ဖြစ်သည်။ ရေခဲကျောက်စိမ်းတောင် အမှန်ပင်  ဖြစ်နိုင်သေး၏။ ထိုမျှ ကြီးမားသော ဧရာမ ရေခဲကျောက်စိမ်းတောင်ကို မကြားဖူးသော်လည်း မတည်ရှိခြင်းဟု ဆိုလိုခြင်း မဟုတ်ပေ။

တစ်ဖက်တွင် မိုဝူကျီက ထိုသည်က ရေခဲကျောက်စိမ်းတောင် မဟုတ်ဘဲ ဧရာမနန်းတော် ဖြစ်ကြောင်း သေချာပေါက် သိ၏။ ရေခဲကျောက်စိမ်းတောင် ဖြစ်နေလျှင်ပင် အလယ်တွင်  ဧရာမနန်းတော်ကြီး ရှိနေသည်။

ဤတောင်ပေါ် ခြေချလိုက်သည့် အခိုက်အတန့်မှ စ၍ သူက ဖြည်းဖြည်းချင်း တူးလာခဲ့ခြင်း ဖြစ်ရာ အသံများက ကွဲပြားလာကြောင်း ရိပ်မိလာသည်။ ထို့အပြင် သူတို့တူးသည့် တွင်းများမှာ သုံးမီတာလောက်ပင် မနက်ချေ။ သို့သော် အခေါင်းပွအသံ ထွက်ပေါ်နေခြင်းက အထဲတွင် ဘာမှမရှိကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။

“ရေခဲ ကျောက်စိမ်းတောင် ဖြစ်တာ မဖြစ်တာ အရေးမကြီးပါဘူး ဒါပေမဲ့ သေချာပေါက် ဧရာမနန်းတော်ကြီး ရှိတယ် … ကျွန်တော်က အသံတွေကို ကွဲကွဲပြားပြား ကြားရတယ် အားလုံး ဆက်ကြိုးစား ကြရအောင် …”

ထိုစဉ်‌ ဟော်ယွီချန်က ရှေ့ထွက်လာပြီး ပြောလိုက်သည်။

ဟော်ယွီချန်တွင် မြင့်မားသည့် ကျင့်ကြံဆင့် မရှိသော်လည်း သူက ကောင်းကင် နတ်ဆိုးဂိုဏ်းမှ ဖြစ်၏။ ကောင်းကင်ဖွေရှာ နန်းတော်မှ ကျင့်ကြံသူများ မရှိသည့် အခြေအနေ အောက်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အဆင့်အတန်းကား သေချာပေါက် ထိပ်တန်း ဖြစ်သည်။ ထို့အပြင် သူ့တွင် ကိုယ်ပိုင် စွမ်းဆောင်ရည်များ ရှိကာ သူ့အကြံပြုချက်က သူ့တို့ကို မဆုံးရှုံးစေပေ။ ထို့ကြောင့် သူက ဆက်တူးဖို့ ပြောသည့်အခါ အားလုံးက မကန့်ကွက်ခဲ့ကြပေ။

“ဒုတ်ဒုတ် … …” မှော်ရတနာများ မြေကြီးနှင့် အဆက်မပြတ် ထိရိုက်နေသံများ  ထွက်ပေါ်နေသည်။ တစ်ယောက်ကမှ အပါးခို မနေချေ။

သူတို့အားလုံး တူးနေသည့်အခါ လေပြင်း ထပ်တိုက်ခတ် လာပြန်သည်။ သို့သော် တစ်ယောက်မှ လွင့်ပါမသွားပေ။ အားလုံးက တွင်းထဲတွင် ရောက်နေပြီ ဖြစ်သောကြောင့် လေထု၏ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ဆီ ရောက်မလာနိုင်တော့ပေ။

“ငါတို့တွေ တူးတာ ကြာလှပြီ အခုထိ ဘာမှမရှိသေးဘူး ဘယ်လောက်ကြာကြာ ဆက်တူး နေရမှာလဲ …”

ကျင့်ကြံသူ တစ်ယောက်က မေးလိုက်သည်။ သူ့ယုံကြည်ချက်များက ယိမ်းယိုင် နေလေပြီ။

တစ်ချိန်တည်းတွင် ထိုကျင့်ကြံသူက ထပ်ပြောမည့် ဆဲဆဲတွင် ‘ဟူးလာလာ …’ အသံကို ကြားလိုက်ရသည်။ မိုဝူကျီ၏ သတ္တုတုတ်သည် မည်းနက်နေသော တွင်းကြီးတစ်ခုကို ဖွင့်လိုက်နိုင်ခဲ့ပြီ။

“ငါတို့ ရောက်သွားပြီ …”

စိတ်အရမ်း လှုပ်ရှားနေသော မုတ်ဆိတ်လူကြီးက မိုဝူကျီဘေး ပထမဆုံး ရောက်သွားသည့် သူဖြစ်သည်။ သူ့လက်ထဲရှိ စူးချွန်ဖြင့် မိုဝူကျီတူးထားသည့် တွင်းကို ထပ်ချဲ့လိုက်သည်။ အပေါက်ကား ပို၍ ကြီးမား လာသော်လည်း အောက်တွင် မည်းနက်နေကာ တစ်ခုမှ မမြင်နိုင်ပေ။ ရေခဲများ ပြုတ်ကျသွားလျှင်ပင် ပဲ့တင်သံ တစ်ခုလေးမှ မကြားရပေ။

“ဒီကောင်လေး မဆိုးဘူးဘဲ သူက ဒီနေရာကို အရင်ဆုံး ပွင့်အောင် တူးနိုင်တဲ့သူ ဖြစ်နေတာပဲ ဟားဟားဟား …”

မုတ်ဆိတ်လူကြီးက အားရပါးရ ရယ်မောလိုက်သည်။

ထိုစည် အားလုံးက သူတို့တူးနေမှုကို ရပ်တန့်လိုက်ကြသည်။ မိုဝူကျီနှင့် မုတ်ဆိတ်လူကြီး တူးထားသော အပေါက်က လူတော်တော်များများ တစ်ပြိုင်တည်း  ဝင်လို့ ရသည့်အထိ ကြီးမားနေလေပြီ။ ထပ်ချဲ့ဖို့ရာပင် မလိုတော့ပေ။ ထို့အပြင် နန်းတော်ကို  ပြိုကျသွားစေခဲ့လျှင် ပြန်၍ ပြင်လို့ရမည် မဟုတ်ပေ။

“ညီလေးမို ကျေးဇူးတင်ပါတယ် ဒီတစ်ကြိမ် မင်းဆီကနေ  ငါတို့ အကျိုးမြတ် ရသွားတယ် …”

ဟော်ယွီချန်က မိုဝူကျီ ဘေးလျှောက်လာရင်း လက်နှစ်ဖက် ယှက်လျက် ပြောလိုက်သည်။

ဟော်ယွီချန်သည် အမြဲတမ်း ခေါင်းဆောင်သဖွယ် ဆောင်ရွက်ပြီး  မိုဝူကျီကိုပင်  ကျေးဇူးတင်လိုက်သည်။  ကျန်သော ကျင့်ကြံသူများတွင် အများစုက ခေါင်းညိတ်၍ သော်လည်းကောင်း လက်နှစ်ဖက်ယှက်၍ သော်လည်းကောင်း မိုဝူကျီကို ကျေးဇူးတင် နေကြသည်။

“ငါတို့ ဘယ်လိုဆင်းကြမှာလဲ ဘယ်လောက်နက်လဲ ဆိုတာ ဘယ်သူသိလဲ …”

မုတ်ဆိတ်လူကြီးက မည်းမှောင်နေသည့် အပေါက်ကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။

တစ်ယောက်ကမှ အပေါက်၏ အောက်ခြေကို မမြင်ကြချေ။ သူတို့က ရေခဲများ ကျသွားသည့် ပဲ့တင်သံပင် မကြားရချေ။ ပို၍ အတိအကျ ပြောရလျှင် မိုဝူကျီမှ လွဲ၍ တစ်ယောက်ကမှ အောက်ခြေကို မမြင်နိုင်ကြပေ။

မိုဝူကျီက မည်သည့် အမူအရာကိုမှ မဖော်ပြသော်လည်း သူက စိတ်ထဲတွင် ဝမ်းသာနေလေ၏။ စိတ်ဝိညာဉ် ဆန္ဒက ထိုမျှ အထိ အသုံးပြုလို့ရမည် ဖြစ်ကြောင်း မသိခဲ့ပေ။ အခြားလူများကဲ့သို့ သူ့အမြင်သည် အောက်ခြေကို မမြင်ရသော်လည်း သူ့စိတ်စွမ်းအား ကတော့ အောက်တွင် ရှိနေသည့် အရာများကို ရှင်းရှင်းလင်းလင်း သိနိုင်စွမ်း ရှိသည်။

အောက်တွင် ကြီးမားလှသော ဧရာမနန်းတော်ကြီး အမှန်ပင် ရှိနေသည်။ အပေါက်မှ ကြမ်းပြင်အထိ အကြမ်းအားဖြင့် မီတာ ၁၀၀ လောက်ရှိပေမည်။ သာမန်လူသား တစ်ယောက်အတွက် မီတာ ၁၀၀ မှ ပြုတ်ကျလျှင် သေဖို့ရာ သေချာလှသည်။ သို့သော် ဤနေရာရှိ လူများတွင် သာမန် လူတစ်ယောက်မှ မပါချေ။ မိုဝူကျီက သူတို့သည် ထိုမျှ အမြင့်မှ ပြုတ်ကျသွားလျှင်ပင် အများဆုံး ဒဏ်ရာ အသေးလေးတွေ ရရုံသာ ဖြစ်ကြောင်း ခန့်မှန်းမိသည်။

နန်းတော်၏ ထောင့်လေး နေရာတွင် ကြီးမားသည့် ဂိတ်အပေါက် ဆယ်ပေါက် ရှိဟန် ရသည်။ နန်းတော်ထဲတွင် လေထဲ မျှောနေသော အမည်မသိအရာများ ရှိနေကာ မီးအိမ်နှင့် ခပ်ဆင်ဆင် ဖြစ်သည်။

“ကျွန်တော် အရင် ခုန်ချပြီးတော့ အားလုံးအတွက် လမ်းကြောင်း ရှာလိုက်မယ်  …”

အားလုံးက သူတို့ ဆင်းရန် ကြိုးသုံးရမလား  စဉ်းစားနေသည့် အချိန်တွင် မိုဝူကျီက ရုတ်တရက် ထပြောလိုက်သည်။

“မင်းက ခုန်ချမှာလား …”

မုတ်ဆိတ်လူကြီး သာမက အားလုံးက မိုဝူကျီကို အလန့်တကြား ကြည့်လိုက်မိသည်။ ဒီကောင်လေး ရူးနေတာများလား … အားလုံးအတွက် အသက်လာပြီးတော့ စတေးတာများလား …

မိုဝူကျီက ခပ်တည်တည် ပြောလိုက်သည်။

“ကျုပ်က အရင်က ပြောဖူးတယ်လေ  ကျုပ်က ကူညီရတာ သဘောကျတဲ့ လူကောင်းပါလို့ အားလုံး ကျွန်တော့် သတင်းကောင်း စောင့်နေကြနော် …”

ထိုသို့ပြောပြီး မိုဝူကျီက တွန့်ဆုတ်ခြင်း အလျင်းမရှိ အပေါက်ထဲ ခုန်ချ လိုက်တော့သည်။

“ဘယ်သူ့မှာ အလင်းကျောက်တုံး ပါလဲ …”

ထိုစဉ် တစ်ယောက်က အလင်းကျောက်တုံးကို သတိရသွားသည်။

***

All Chapters