← Chapters

စိတ်စေရာမိုးကြိုးစွမ်းအား

Vol. 53 Ch. 743

စိတ်စေရာမိုးကြိုးစွမ်းအား

Vol. 53 Ch. 743

အခန်း (၇၄၃) စိတ်စေရာမိုးကြိုးစွမ်းအား

“ငါပဲ အတွေးလွန်နေတာလား”

ရန်ကျောက်ကဲစိတ်ထဲ တစ်စုံတစ်ခုကို အရိပ်အမြွက်မျှ တွေးလိုက်မိသော်လည်း ထိုအချက်မဖြစ်နိုင်ဟု ခံစားရပြန်သည်။

ရန်ကျောက်ကဲက...

“ဒီ မိုးကြိုးစွမ်းအားကို ဘယ်လိုခေါ်လဲ ဆရာဘိုးဘိုးကို မေးခွင့်ရှိမလား”

ယွမ်ကျန်းဖုန်းက...

“အဲဒီမိုးကြိုးစွမ်းအားကို ‘စိတ်စေရာမိုးကြိုးစွမ်းအားပညာ’  လို့ခေါ်တယ် ၊ နည်းနည်းပါးပါးလေ့ကျင့်လိုက်တာနဲ့ အသုံးပြုလို့ရပြီ ၊ ဒီစွမ်းအားက မိုးကြိုးစွမ်းအားဆိုပေမယ့် လျှပ်စီးစွမ်းအားမပါဘဲ မိုးကြိုးသွားသီးသန့်ပဲ ၊ အဲဒါ ထူးဆန်းတယ်လို့ဆိုရမယ် ၊ ပြီးတော့ မိုးကြိုးစွမ်းအားက လူတစ်ယောက်ရဲ့ စိတ်စေစားတဲ့အတိုင်း ဖြစ်တည်လာတာ ၊ ဒီအဘိုးကြီး လွန်ခဲ့တဲ့နှစ်တွေက အဲဒီစွမ်းအားအကြောင်း သေသေချာချာ လေ့လာခဲ့တာ တကယ့်ကို အဆုံးမရှိတဲ့ တန်ခိုးစွမ်းအားကို ခံစားရတယ်”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

“စိတ်စေရာမိုးကြိုးစွမ်းအား...”

ထိုမိုးကြိုးစွမ်းအားအကြောင်း ရန်ကျောက်ကဲ မသိဘဲရှိပါမည်လား။

“စိတ်စေရာမိုးကြိုးစွမ်းအား” ဆိုသည်က ‘ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုး’ ပညာရပ်များထဲတွင် စတုတ္ထ‌မြောက်ဖြစ်ပြီး ‘ဒြပ်စင်ငါးပါးဖန်ဆင်းခြင်းမိုးကြိုးပညာ’ ၊ ‘ပကတိမိုးကြိုးစွမ်းအား’ နှင့် ‘ထာဝရညမိုးကြိုးစွမ်းအား’ တို့ကဲ့သို့ပင် စွမ်းအားကြီးမားသည်။

ထို မိုးကြိုးစွမ်းအား၏ ထူခြားမှုနှင့် တန်ခိုးစွမ်းအားက ခန့်မှန်းမရနိုင်ဘဲ ‘ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုးပညာရပ်’ တွင် ထိပ်တန်းအဆင့်ရပ်တည်သော မိုးကြိုးစွမ်းအားပညာ ဖြစ်၏။

ယွမ်ကျန်းဖုန်းပြောသည့်အတိုင်းပင် ထိုမိုးကြိုးစွမ်းအားက မိုးကြိုးသွားသာလျှင်ဖြစ်ပြီး လျှပ်စီးစွမ်းအားမပါဝင်‌ပေ။ သို့သော် လူတစ်ယောက်၏ စိတ်ဆန္ဒအတိုင်း စေစားဖြစ်တည်စေနိုင်သည်။

ဤ မိုးကြိုးစွမ်းအားကို စကြာဝဠာအတွင်း မည်သည့်နေရာတွင်မှ သဲလွန်စမတွေ့နိုင်‌ပေ။ အသိဉာဏ်ရှိသော သက်ရှိများအားလုံး၏ နက်ရှိုင်းသောနှလုံးသားနေရာထဲတွင်သာ အဆုံးမရှိ အလုံးစုံတည်ရှိနိုင်သည်။ ယွမ်ကျန်းဖုန်းက အကျဉ်းချုံးသာ ပြောပြခဲ့သော်လည်း ရန်ကျောက်ကဲတော့ ‘စိတ်စေရာမိုးကြိုးစွမ်းအားပညာ’ ကျင်ကြံခြင်းရလဒ်အား ယေဘူယျနားလည်သွားခဲ့သည်။

စိတ်စေရာမိုးကြိုးစွမ်းအားက ယွမ်ကျန်းဖုန်း၏ နေ့စဉ်ကျင့်ကြံခြင်းတွင်လည်း များစွာအကျိုးပြုသည်။ စိတ်နှလုံးအတွင်းမှ မကောင်းမှုအမျိုးမျိုးနှင့် အတွေးအာရုံများကိုလည်း ဖယ်ရှားပစ်နိုင်သည်။

အခြားသူများနှင့် ထိပ်တိုက်ရင်ဆိုင်သည့်အခါ ယွမ်ကျန်းဖုန်းက ‘စိတ်စေရာမိုးကြိုးစွမ်းအား’ကို အသုံးပြုလိုက်သည်နှင့် ထိုစွမ်းအားက ရန်သူ၏နှလုံးသားထဲတွင် တိုက်ရိုက်ပေါက်ကွဲသွားမည် ဖြစ်သည်။

ထို မိုးကြိုးစွမ်းအားက လူတစ်ယောက်၏နှလုံးသားကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်လေရာ ပြင်ပနည်းလမ်းများဖြင့် ခုခံရန် ခက်ခဲသည်။ ထို့ပြင် ရန်သူ၏ကျင့်ကြံခြင်းအဆင့်ကို အသာထား ၊ ရုတ်တရက်ထွက်ပေါ်လာသော နှလုံးသားအတွင်းမှ မိစ္ဆာစွမ်းအားကို ခုခံနိုင်မည် မဟုတ်ပေ။

ခုခံနိုင်မည်ဆိုလျှင်တော့ ကောင်းပေလိမ့်မည်။ မဟုတ်ပါက မိစ္ဆာစိတ်ကြောင့် ကျင့်ကြံခြင်းသွေဖယ်သွားကာ ပျက်ဆီးခြင်းသို့ကျရောက်မည့် အန္တရယ်ရှိလေ၏။ ထို့ပြင် တိုက်ပွဲတွင် အကျပ်အတည်းနှင့်ရင်ဆိုင်ရသည့်အခါ ဤစွမ်းအားက ရန်သူကို အနိုင်ယူရန် လုံလောက်ပေသည်။

ရန်သူ၏ နှလုံးသားထဲမှ မိစ္ဆာစိတ်ထွက်ပေါ်လာပြီး သူ၏ကျင့်ကြံခြင်းကို နှောက်ယှက်သည့်အခါ ယွမ်ကျန်းဖုန်းအနေဖြင့် တိုက်ပွဲအနိုင်ရရန် အားသာချက်များစွာရရှိမည် ဖြစ်၏။ ထိုနည်းလမ်းက ရက်စက်ကြမ်းကြုတ်သည်ဟုဆိုနိုင်သော်လည်း နှလုံးသားထဲတွင်ဖြစ်တည်လာသည့် မိစ္ဆာစိတ်အား ခုခံရန် ခဲယဉ်းလှပေသည်။

‘စိတ်စေရာမိုးကြိုးစွမ်းအား’ ကို ယွမ်ကျန်းဖုန်း မည်မျှနားလည်သည်ကို အခြေခံပြီး သူထုတ်လွှတ်လိုက်သည့် မိုးကြိုးစွမ်းအားသည်လည်း အပြောင်းအလဲများ ရှိပေလိမ့်မည်။

အကယ်၍ ယွမ်ကျန်းဖုန်းသာ ‘စိတ်စေရာမိုးကြိုးစွမ်းအား’ တွင် ကြီးမားစွာအောင်မြင်မှုရရှိခဲ့ပါက ရန်သူက သူ့ထက်ပိုပြီး ကျင့်ကြံခြင်းအဆင့်မြင့်မားသည့်တိုင် နှလုံးသားထဲဝင်ရောက်လာသော စိတ်စေရာမိုးကြိုးစွမ်းအားဒဏ်ကို ခံစားရမည်ဖြစ်ပြီး တိုက်ပွဲကို ပရမ်းပတာ ဖြစ်သွားစေပေလိမ့်မည်။

“အဲဒါ တကယ်ပဲ စိတ်စေရာမိုးကြိုးစွမ်းအားပဲ ၊ မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက ဒီပညာကိုနားလည်တဲ့သူ နည်းနည်းပဲရှိတာပဲ”

ရန်ကျောက်ကဲစိတ်ထဲ ထူးဆန်းသောခံစားချက်တစ်ခု ထွက်ပေါ်လာပြီး သူ့စိတ်ထဲမှ မရေရာမှုများ အနည်းငယ် ပိုမိုရှင်းလင်းသွားသည်။ သို့တိုင် ထင်ရှားရှင်းလင်းစွာသိမြင်ခြင်းတော့ မရှိသေးပေ။

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း သူ့ကိုယ်သူတည်ငြိမ်စေလျှက် ယွမ်ကျန်းဖုန်းကို မေးလိုက်သည်။

“ဆရာဘိုးဘိုးက ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ကို ကျင့်ကြံထားပြီဆိုတော့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ဆုံးရှုံးသွားတဲ့လက်တစ်ဖက် ပြန်ရအောင် ကြိုးစားသင့်တယ် ၊ အောင်မြင်ဖို့ မျှော်လင့်ချက်ရှိမယ်ထင်တာပဲ”

ယွမ်ကျန်းဖုန်းက ပြုံးရင်း...

“အဲဒါလည်း အလျင်လိုစရာမရှိပါဘူး ၊ လွန်ခဲ့တဲ့နှစ်တွေကတည်းက ဒီအဘိုးကြီး အများကြီးသိနားလည်ခဲ့ပါပြီ ၊ ပြတ်သွားတဲ့လက်ကို ပြန်ရရှိစေဖို့ ပြင်ဆင်မှုတွေလုပ်ဖို့လိုသေးတယ် ၊ အစောကြီးကတည်းက ဒီအဘိုးကြီး စဉ်းစားထားပြီးသားပါ ၊ မင်း စိတ်မပူပါနဲ့ ကျောက်ကဲ”

ထိုစဉ် ဆင်းသက်ခြင်းဝိညာဉ်ကျောက်စိမ်းပြားအတွင်းမှ အချိန်ကန့်သတ်ချက် တစ်ဖန်ပြန်လည်နီးကပ်လာပြီကို ရန်ကျောက်ကဲ အာရုံခံလိုက်မိသည်။

သူက ချက်ချင်းပင် နှုတ်ဆက်စကားဆိုလိုက်သည်။

“ဆရာဘိုးဘိုး အဆင်ပြေရင် ပြီးတာပါပဲ”

“အထက်ဘုံကမ္ဘာမှာ ကျွန်တော့်အတွက်လည်း စိတ်မပူပါနဲ့ ၊ ကွမ်းမင်ဂိုဏ်းကို လက်တုံ့ပြန်ဖို့ ကျွန်တော် ဆက်ပြီးပြင်ဆင်နေပါတယ် ၊ သူတို့ရဲ့ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်မယ့်နေ့ရက်က မဝေးတော့ပါဘူး ၊ မကြာခင် အထက်ဘုံကမ္ဘာမှာ ပြန်တွေ့ရဖို့ မျှော်လင့်ပါတယ် ၊ လာမယ့်ရက်တွေမှာ အစွမ်းကုန် ဂရုစိုက်ပါ ဆရာဘိုးဘိုး”

ယွမ်ကျန်းဖုန်းက ပြုံးရင်း...

“လုပ်စရာရှိတာ ဆက်လုပ်ပါ ကျောက်ကဲ ၊ မင်းရောက်နေတဲ့ကမ္ဘာက အရမ်းကျယ်ပြန့်လွန်းတယ်”

ထို့နောက်မှာတော့...

ပိုင်ကျစ်မင်ရုပ်တုအတွင်းမှ ကျောက်စိမ်းရောင်အခိုးအငွေ့များက ဖြည်းညင်းစွာလေထဲသို့လွင့်ပျံသွားပြီး ရန်ကျောက်ကဲ၏ စိတ်အာရုံအပိုင်းအစသည်လည်း တာ့ရွှယ်တောင် ၊ ယန်ဖူကမ္ဘာမှ ထွက်ခွာသွားလေသည်။

အဆုံးမရှိသောဗလာနယ်ကိုဖြတ်ကျော်ပြီး ရန်ကျောက်ကဲ၏စိတ်အာရုံအပိုင်းအစက သူ့ခန္ဓာကိုယ်အတွင်း ပြန်လည်ရောက်ရှိလာသည်။

သူ့အရှေ့ဗလာနယ်ထဲတွင် အလင်းတန်းများ နေရာတိုင်းတွင်တောက်ပနေပြီး ရေနှင့်တူသောအလင်းတန်းများအလယ် အပြည့်အဝ နစ်မြုပ်နေသကဲ့သို့ ရှိသည်။

ယခင်က ပုံရိပ်ယောင်ကမ္ဘာအဖြစ်တည်ရှိနေသော ဗလာနယ်သည် ယခုတော့ တဖြည်းဖြည်း အစစ်အမှန်သို့ ပြန်လည်ရောက်ရှိလာပေပြီ။ သို့သော် ကောင်းကင်အက်ကွဲကြောင်းကတော့ မူလအတိုင်း ပြန်လည်ဖြစ်တည်လာခြင်း မရှိသေးပေ။

ရှည်လျားအေးခဲနေသော အချိန်ရေစီးကြောင်း မြစ်ရေပြင်ထဲရောက်ရှိနေသည့်အလား ရန်ကျောက်ကဲ ခံစားရသည်။

ထိုအချိန် အဝေးတစ်နေရာရှိ ‘ခန်း’ သခင်မ၏ ခန္ဓာကိုယ်ထက်မှ ဓားအလင်းတန်းတစ်ခု တောက်ပလာပြီး များပြားလှစွာသော ဒီရေလှိုင်းများအဖြစ် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ ဗလာနယ်တစ်ခုလုံးအား လွှမ်းခြုံသွား၏။

‘ခန်း’ သခင်မက တည်ငြိမ်နေသော်လည်း ရန်ကျောက်ကဲကို အေးစက်စွာကြည့်နေသည်။ သူမက တိုက်ခိုက်ရန်အတွက် အချိန်ယူရင်း ယုံကြည်မှုအပြည့်ဖြင့် စောင့်ဆိုင်းနေဟန်ပင်။ သူမ၏ ကြိုးစားအားထုတ်မှုဖြင့် ဗလာနယ်တစ်ခုလုံး အစစ်အမှန်အဖြစ်ပြောင်းလဲလာပြီး ပုံရိပ်ယောင်ကမ္ဘာက တဖြည်းဖြည်းဖယ်ရှားခံနေရသည်။

တဖြည်းဖြည်း သူမဆန္ဒအတိုင်း လှုပ်ရှားနိုင်စွမ်း ပြန်လည်ရရှိပြီဟု ‘ခန်း’ သခင်မ ယောင်ဝါးဝါး ခံစားလာရသည်။

ရေစီးကြောင်းပမာအလင်းတန်းများအပြင်ဘက်တွင် လော့ကျီးထောင်ရှိနေပြီး သူ့အရှေ့မှ ဗလာနယ်၏အပြောင်းအလဲများကို အာရုံစိုက်နေသည်။ ထန်ကျင်းနှင့်အခြားသူများကတော့ မလှုပ်ရှားနိုင်သေးဘဲ ရေစီးကြောင်းအလင်းတန်းများအောက်တွင် ပိတ်မိနေ၏။

‘ခန်း’ သခင်မ၏မျက်ဝန်းများနှင့် ရင်ဆိုင်ရတော့ ရန်ကျောက်ကဲက မည်သည့်ဖိအားနှင့် စိုးရိမ်မှုမှ မခံစားရသည့်အလား ရန်ကျောက်ကဲ ပြုံးလိုက်သည်။

လောလောဆယ် သူ့စိတ်အစဉ်က ဘယ်တုန်းကမှနှင့်မတူအောင် လွတ်လပ်ပေါ့ပါးနေသည်။

ယွမ်ကျန်းဖုန်း ဘေးကင်းစွာဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်တော့မည်ဖြစ်ရာ အချိန်အတန်ကြာ ပခုံးပေါ်ထမ်းထားရသောတာဝန်ကြီးတစ်ခု ရုတ်သိမ်းခံလိုက်ရည့်ပမာ ပေါ့ပါးသွားသည်။ ဤသို့ ပျော်ရွှင်စရာကိစ္စကိုတွေးမိသည့်အခါ ရန်ကျောက်ကဲမှာ အလွန်စိတ်ကျေနပ်လျှက် တစ်ယောက်တည်းပင် ရယ်မောလိုက်မိ၏။

‘ခန်း’ သခင်မ၏မျက်ဝန်းများက အေးစက်နေပြီး လော့ကျီးထောင် ၊ ထန်ကျင်းနှင့်အခြားသူများကတော့ ခံစားချက်ကင်းမဲ့ည့်မျက်နှာထားဖြင့် သူ့ကိုကြည့်နေသည်။ သို့သော် ရန်ကျောက်ကဲက တစ်ခုခုထပ်မံ မွှေနှောက်မည်ကိုစိုးရိမ်သဖြင့် သူတို့အားလုံး ပေါ့ပေါ့တန်တန် မလှုပ်ရှားရဲကြပေ။

ရန်ကျောက်ကဲက စိတ်ကြည်လင်ပျော်ရွှင်စွာဖြင့် ရယ်မောနေမိသည်ကို ရပ်တန့်လိုက်ပြီး ထိတ်လန့်ခြင်းလည်းမရှိသလို အလျင်လိုခြင်းလည်းမရှိဘဲ ငိုက်မျည်းနေသည့် ထူးကဲယန်စည်းတံဆိပ်နှင့် ဆက်သွယ်အာရုံခံကြည့်လိုက်သည်။  သူ၏ခန္ဓာကိုယ်တွင်းမှ ကြယ်တာရာချီစွမ်းအားများနှင့်အတူ ယင်နှင့်ယန် ထပ်မံပြောင်းလဲသွားပြီး ထူးကဲယန်စည်းတံဆိပ်အတွင်း ဝင်ရောက်သွားသည်။

သိမ်မွေ့သည့်ချီစွမ်းအားစီးကြောင်းတစ်ခုက ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်အတွင်းမှ ထူးကဲယန်စည်းတံဆိပ်အတွင်းသို့ တဖြည်းဖြည်းစီးဆင်းဝင်ရောက်သွားသည်။

“ဟုတ်တယ်... ဒီရတနာပစ္စည်းကိုပြုလုပ်တုန်းက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနဲ့ ယင်ယန်ကောင်းကင်ကျမ်းစာရဲ့သဘောတရားတွေကို ထည့်သွင်းပြုလုပ်ထားတာပဲ”

ရန်ကျောက်ကဲက သူ၏နက်ရှိုင်းသောသိုင်းစွမ်းအားကို တိတ်တဆိတ်လှည့်ပတ်လိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရများက ယန်ချီအဖြစ် ပြောင်းလဲသွားသည်။ ယန်စွမ်းအားအတွင်းသို့ ယန်စွမ်းအားထပ်မံဝင်ရောက်လာသည့်အခါ ထူးကဲယန်ဖြစ်တည်လာပြီး သမုဒ္ဒရာရေပမာ များပြားလှသော ယန်ချီများက ထူးကဲယန်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားကြ၏။

ရန်ကျောက်ကဲနှုတ်ခမ်းထောင့်စွန်းများ အထက်သို့ တွန့်ကွေးသွားသည်။

“ထူကဲယန်စွမ်းအား အောင်မြင်သွားပြီ ၊ တတိယအဆင့် ပြီးသွားပြီပဲ”

ထို့နောက် သူက ခေါင်းကိုမော့လိုက်ပြီး လှုပ်ရှားရန် ခက်ခဲနေသေးသော ‘ခန်း’သခင်မကိုကြည့်ရင်း ပြုံးပြလိုက်၏။

“အခု ငါလုပ်ရမယ့်အလုပ်တွေအကုန်လုံး လုပ်ပြီးသွားပြီ...  မင်းတို့နဲ့ပြိုင်ဖို့ပဲကျန်တော့တယ်”

စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲမျက်ဝန်းများထဲမှ တောက်ပသောအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို လှည့်ပတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်မှ အစစ်အမှန်သို့ပြောင်းလဲသွားပြီး ချက်ချင်းပင် ထင်သာမြင်သာ ဖြစ်လာသည်။

ဒါကိုမြင်တော့ ‘ခန်း’ သခင်မ တုန်လှုပ်သွားပြီး အချိန်နောက်ပြန်ဆုတ်ခြင်းအစီအစဉ် ပြီးဆုံးခြင်းကိုပင် အရေးမစိုက်တော့ဘဲ ဓားအလင်းတန်းတစ်ခု ထုတ်ဖော်ကာ ရန်ကျောက်ကဲကို တိုက်ခိုက်လိုက်သည်။

ရန်ကျောက်ကဲက သူ့လက်ချောင်းထိပ်ကိုကိုက်လိုက်ပြီး ဗလာနယ်ထဲတွင် ရှုတ်ထွေးသည့်သင်္ကေတအချို့ရေးသားလိုက်သည်။ နက်ရှိုင်းသောအင်းသင်္ကေတများက သူ၏ သွေးစွမ်းအားအနှစ်သာရဖြင့် ပေါင်းစည်းသွား၏။

ထိုအင်းသင်္ကေတများက လေထဲတွင် စွဲထင်သွားပြီး ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံး ချက်ချင်းပင် ပုံပျက်သွားသည်။

ရေစီးကြောင်းနှင့်ဆင်တူသည့်ဓားအလင်တးန်းက ဗလာနယ်အပြောင်းအလဲများကို ပိတ်ဆို့ထားရန် ကြိုးစားလိုက်သော်လည်း ထိုသို့မပြုလုပ်နိုင်ဘဲ အစစ်အမှန်နှင့်ပုံရိပ်ယောင်ကြားတွင် ဗလာနယ်က ကြီးမားစွာပုံပျက်သွားသည်။

‘ခန်း’ သခင်မမှာ ရန်ကျောက်ကဲကိုမတိုက်ခိုက်နိုင်တော့ဘဲ သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းလိုက်ရ၏။ လော့ကျီးထောင် ၊ ထန်ကျင်းနဲ့ တခြားသူများသည်လည်း ကြောက်မက်ဖွယ်ရာ ဒီရေလှိုင်းများကို မရပ်မနားတွန်းလှန်လျှက် ရှိသည်။

ရန်ကျောက်ကဲက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ပြီး အသင်္ချေနဂါးနန်းတော်ထဲမှ နဂါးရုပ်အလောင်းနှစ်ခုထုတ်ယူကာ ထပ်မံယာဇ်ပူဇော်လိုက်သည်။

ထိုအခါ ကြမ်းတမ်းပြီး ပရမ်းပတာစီးဆင်းနေသော ဗလာနယ်စီးကြောင်းများ ချက်ချင်းပင် တစ်ဖန် ပြန်လည် ရှင်သန်လာလေတော့သည်။

All Chapters