ကြက်ပေါက်လေးနှင့် ချူရှင်ကျီ
Vol. 11 Ch. 144
ပတ်ဝန်းကျင်မှ အေးစက်မှုက ပို၍ အားကောင်း လာလေသည်။ မိုဝူကျီ ခန့်မှန်းချက်ပေါ် မူတည်၍ သူ့၏ အေးခဲမှု အရင် အခြေအနေသို့ ပြန်ရောက်ရန် မလိုတော့ကြောင်း သိလိုက်၏။ သူ့ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပညာရပ်၏ ပထမပုံစံကို လေ့ကျင့်နေစဉ်သာ မီးတောက် လောင်ကျွမ်းနိုင်ခြင်း ဖြစ်၏။ သို့သော် ယခုတွင် သူက ဤပညာရပ်ကို ဆည်းပူးပြီးပြီ ဖြစ်၍ ဆက်ကျင့်ကြံ နေလျှင်ပင် လောင်ကျွမ်းမှု ပြင်းအားက တိုးမြင့်လာမည် မဟုတ်ပေ။
တောက်လောင် နေသည့် ခံစားချက် ပျောက်ဆုံး သွားသည်နှင့် သူက သူနှင့်အတူ ဝင်လာသော အမျိုးသားနှင့် အမျိုးသမီးတို့၏ သနားစရာ ကောင်းလှသည့် အခြေအနေ ကဲ့သို့ ပြန်ရောက် သွားလိမ့်မည်။
မိုဝူကျီက ထပ်၍ တွေဝေ မနေတော့ဘဲ ရေခဲပန်းများကို သူတို့၏ ၁၅ စင်တီမီတာ ရှိနေသော အမြစ်နှင့်အတူ ဆူးဆွတ်ကာ ရေခဲလှေကားမှ အပြေးအလွှား ပြန်တက် သွားတော့သည်။
အမွှေးတိုင် တစ်ဝက်အကြာတွင် မိုဝူကျီက သူလာခဲ့သည့် အခန်း အတွင်းသို့ ပြန်ရောက်သွားကာ အသက်မနည်း ရှူနေရ၏။ အောက်သို့ ဦးတည်နေသော လှေကားကို ကြည့်နေရင်း အကြောက်တရားက သူ့နှလုံးသားထဲ ကိန်းအောင်း လာလေ၏။ သူ့ကား အောက်တွင် သေလုတော့ မတတ် ဖြစ်ခဲ့သည်။
အောက်တွင် ရှိနေသော ရတနာများမှာ အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ကျောက် နှစ်ခုတည်း မဟုတ်ကြောင်း သိ၏။ အထဲတွင် အဖိုးတန် ရတနာများစွာ ရှိနေလျှင်ပင် သူက ရေခဲငရဲကို နောက်ထပ် မခံစား ရဲတော့ချေ။
ရေခဲပန်း နှစ်ခုက သူ့လက်ကို အေးစက်စက် အငွေ့အသက်များ ထုတ်လွှင့် နေသောကြောင့် ခေါင်းရှင်း သွားလေ၏။ မိုဝူကျီက ထိုအရာများသည် အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ကျောက် မဟုတ်လျှင်ပင် သူတို့သည် အတော်တန်ဖိုး ရှိမည်မှန်းတော့ သေချာ၏။
သူ့လက်ထဲတွင် ကျောက်စိမ်း သေတ္တာနှစ်လုံး ပေါ်လာပြီး မိုဝူကျီက အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကို ထည့်လိုက် တော့သည်။ ထို့နောက် သူ့သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။
အောက်တွင် အေးခဲပြီး သေလုမတတ် ဖြစ်ခဲ့သည့် ဆုလာဘ် အနေနှင့် အနည်းဆုံးတော့ ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး၏ ပထမပုံစံကို အောင်မြင်ခဲ့၏။ ဖြစ်နိုင်သည်က သူ သင်ယူလိုက် ရသည်က အစစ်အမှန် ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး မဟုတ်လောက်ပေ။ ထို့အပြင် ရုပ်ပြပုံ ကလည်း မပြည့်စုံသည့် အတွက် စွမ်းအား လှည့်ပတ်ခြင်း လမ်းကြောင်းကား မရှင်းလင်းပေ။ ထိုမသေချာ မရေရာမှုများကို အင်မော်တယ် မော်တယ် ပညာရပ်မှ နားလည် နိုင်စွမ်းပေါ် မူတည်၍ ဖြေရှင်းထားခြင်း ဖြစ်သည်။
မည်သို့ပင် ဖြစ်နေပါစေ ... သူက လျှပ်စီး တိုက်ခိုက်မှုများကို ထိန်းချုပ် နိုင်လေပြီ။
ထိုစဉ် မိုဝူကျီက သူ့စွမ်းအားကို လှည့်ပတ်လိုက်ပြီး လက်ဟန် အမျိုးမျိုးကို သုံးလိုက်ကာ လက်တစ်ဖက် ထုတ်လိုက်တော့သည်။ စွမ်းအား ခြောက်ချက်၊ ခုနစ်ချက်လောက် ထွက်ပေါ်လာကာ သူ့အနီးတွင် လျှပ်စီးများ တလက်လက် တောက်ပ သွားတော့သည်။
ဝမ်းနည်းစရာ ကောင်းသည်က ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး၏ ပထမပုံစံက အရမ်းတော့ ကျေနပ်စရာ မကောင်းလှပေ။ ဝိညာဉ် စွမ်းအားများသာ လွင့်ထုတ်လျှင် လျှပ်စစ် စက်ဝန်းများ ပေါ်မလာပေ။ ဝိညာဉ် စွမ်းအားသည် ထုတ်လွှင့် လိုက်သည်နှင့် လျှပ်စီး တိုက်ရိုက် ထွက်ပေါ် လာမည့်အစား လျှပ်တစ်ပြက် လျှပ်စီး တလက်လက်သာ ထုတ်လွှင့်နိုင်သည်။ ရလဒ် အနေနှင့် ထိုပညာရပ်၏ ကျွမ်းကျင် လှပမှုကား လစ်ဟာ နေလေသည်။
နောက်တစ်ကြိမ် မိုဝူကျီက လက်ဟန်ကို သုံးလိုက်သည်။ ဤတစ်ကြိမ်တွင် သူက ဝိညာဉ် စွမ်းအားများကို မထုတ်လွှင့်ဘဲ အတူတကွ စုစည်း ထားလိုက်သည်။
“ဘမ်း ...” အရင်ကထက် အဆများစွာ ကြီးမားသော လျှပ်စီးက ပေါက်ကွဲသွားကာ သူ့ရှေ့ရှိ မြေကြီးများကိုပင် မီတာအနည်းငယ် အထိ လွင့်စဉ် သွားလေ၏။ လျှပ်စီး မီးပွားများနှင့် မာကျောသော မြေကြီးသည် ပေါက်ကွဲသွားကာ ကြမ်းပြင်ရှိ ရေခဲ အပိုင်းအစများက ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကြေသွားတော့သည်။
မိုဝူကျီက သူ့လက်ကို အားရကျေနပ်စွာ ကြည့်လိုက်သည်။ ဝေဟင်လျှပ်စီး ဟန်ပန်ခုနစ်မျိုး ပညာရပ်၏ ပထမ ပုံစံကား မျက်စိပသာဒ မဖြစ်သောလည်း အရမ်းကို လက်တွေ့ကျ၏။ သို့သော် လိုအပ်ချက်ကား ပညာရပ်၏ ထိရောက်သော အကျိုး သက်ရောက်မှုကို လျော့နည်း စေသည့် လျှပ်စီး မပျောက်ကွယ် သွားရန် ဖြစ်၏။
ဝေဟင်လျှပ်စီး ဟန်ပန်ခုနစ်မျိုး ပထမပုံစံကို လျှပ်စီး မုန်တိုင်းဟု ခေါ်သော်လည်း လျှပ်စီး မုန်တိုင်းများမှ ကွဲပြားကြောင်း သေချာသည်။ အဘယ်ကြောင့် လျှပ်တစ်ပြက် လျှပ်စီးဟု မခေါ်သနည်း။ ဤနာမည်က လျှပ်စီး မုန်တိုင်းထက် ကြော့ရှင်း၍ ခေတ်ဆန်ပေသည်။ ကောင်းကင်နှင့် မြေကြီး ကွာခြားနေ သကဲ့သို့ ခြားနားလှသည်။
မိုဝူကျီက သူ့ကိုယ်သူ သက်ပြင်း ချလိုက်ကာ သူ့နောက်မှ ရေခဲလှေကားကို ဝန်လေးစွာ ကြည့်လိုက်သည်။ အောက်တွင် ပစ္စည်းကောင်းများ ရှိသော်လည်း အဝေးမှ ကြည့်နေ ရသည်က မြင်သာမြင်ရ မကြင်ရ ဘဝသို့ ရောက်နေလေ၏။
ထိုရေခဲ အခန်းမှ လျင်မြန်စွာ ထွက်သွားရမည်။ ဤနေရာတွင် အလွန် အေးလှ၏။
ကျောက်တံခါးဆီ ပြန်သွားလိုက်ပြီး မိုဝူကျီက အထဲတွင် သော့ပေါက် မရှိမည်ကို စိုးရိမ်နေမိသည်။ ထိုသို့ဆိုလျှင် သူက အထဲတွင် ပိတ်မိသွားပြီ ဖြစ်၏။ သူက အလျင်စလို ဝင်လာရသည့် အတွက် တံခါးကို သေချာ စစ်ဆေးကြည့်ရန် အချိန်မရခဲ့ပေ။
ကျောက်တံခါး အတွင်းဘက်တွင် အပြင်ဘက်နှင့် တစ်ပုံစံတည်း သော့ပေါက် ရှိနေသည့်အတွက် ထိုစိုးရိမ်မှုများက လုံးဝ ပျောက်သွားတော့သည်။ မိုဝူကျီက သက်ပြင်း ချလိုက်ပြီး သော့ကို ထုတ်ယူ လိုက်တော့သည်။ သော့ကို သော့ပေါက်ထဲ ထည့်ခါနီးတွင် အပြင်ဘက်မှ အသံတစ်သံကို ကြားလိုက်ရသည်။
မကောင်းတော့ပေ ... တစ်ယောက်ယောက်က လာနေလေပြီ ...
ထိုအသံများမှ သူတို့သည် ကျောက်တံခါးကို တိုက်၍ အတင်းကျပ် ဖွင့်နေကြမှန်း သိလိုက်သည်။ ထို့ကြောင့် မိုဝူကျီက တံခါးကို မဖွင့်ရဲသေးပေ။ တံခါးနားက အသံကို ခဏအကြာ နားထောင် နေလိုက်ပြီး ထိုတိုက်ခိုက် နေမှုက လျော့နည်း မသွားဘဲ ပို၍ပင် အားပြင်း လာကြောင်း သိရှိလိုက်ရသည်။
နေတော့ဘဲ အခန်း၏ ထောင့်တစ်နေရာသို့ အလျင်အမြန် ပြေးပုန်း လိုက်သည်။ ထိုစဉ် မိုဝူကျီက ကျောက်တံခါး ပွင့်မလာစေရန်သာ ဆုတောင်း နေမိသည်။ ပွင့်လာသည်နှင့် ဤအခန်းက ကြီးမားသော်လည်း သူ့ကို အနှေးနှင့်အမြန် တွေ့သွားလိမ့်မည်။
နှစ်နာရီ ကြာပြီးနောက် တံခါး အပြင်ဘက်က ဆူညံသံများက ဆက်တိုက် ထွက်ပေါ်နေဆဲ ဖြစ်သည်။ သို့သော်လည်း တံခါးက တုတ်တုတ်မျှပင် မလှုပ်ပေ။ ပွင့်လာမည့် အရိပ်အယောင်လည်း မရှိပေ။ ယခုမှ မိုဝူကျီသည် အမှန်တကယ် စိတ်အေး သွားတော့သည်။ သို့သော် အအေးဓာတ် ရောက်မလာခင်ထိ ဖြစ်၏။ ထိပ်ပိုင်းတွင် အောက်ထက် ပို၍ နွေးထွေး သော်လည်း အချိန် ကြာလာသည်နှင့် အမျှ တဖြည်းဖြည်း တောင့်မခံ နိုင်တော့ပေ။
မိုဝူကျီတွင် လုပ်ရမည့် ကိစ္စ ရှိလာလေပြီ။ သူက သူ့အောက်တွင် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများကို ထားလိုက်ပြီး တစ်ချိန်တည်းတွင် စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကို ထုတ်ယူလိုက်သည်။ အကြံအစည်က အအေးဓာတ်နှင့် တိုက်ခိုက်ပြီး ကျင့်ကြံရန် ဖြစ်၏။ အင်မော်တယ် မော်တယ်ကို ကျင့်ကြံခြင်းက အောက်ထပ်ရှိ သုည အမှတ်အောက် ရောက်နေမှုကို ခံနိုင်ရည် ရှိအောင် ကူညီ ပေးနိုင်မည် မဟုတ်ပေ။ သို့သော် အပေါ်ထပ်တွင်တော့ လုံလောက်မှု ရှိ၏။
ယခု သူက ချီသွေးကြော ၇၂ ကို ဖွင့်ပြီးသည့်အတွက် သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၉ ထိပ်ဆုံးထိ ကျင့်ကြံ နိုင်လိမ့်မည် သို့မဟုတ် ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်ရှိ နိုင်လိမ့်မည်။ သူကား ထိုအဆင့် ရောက်သည်နှင့် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ အဆောတလျင် တက်ရန် မလိုသေးပေ။ ရှန်းလျဲ့ ယခင်က ပြောဖူးသည့် အတိုင်း ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၉ထိ ရောက်နေသည့် တစ်ယောက်က အဆင့် ၁၀ထိ ကျင့်ကြံ နိုင်ခဲ့လျှင် လူသား အဆင့်လွန်ဆုံးထိ ရောက်ရှိ နိုင်လိမ့်မည်။ သူ့တွင် ဝိညာဉ် လမ်းကြောင်းဖွင့် ဖြေဆေး ရှိနေသည့် အတွက် လူသား အဆင့်လွန်ဆုံး အဆင့်ထိ ဝင်ချင်လေ၏။
အကယ်၍ သူက အနာဂတ်တွင် ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို မဖော်နိုင်တော့ လျှင်ပင် သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀ထိပင် ရောက်တော့မည် မဟုတ်ပေ။ ထိုအခါမှ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းဖို့ရာ ရွေးချယ် လျှင်လည်း နောက်မကျသေးပေ။
သူက ဝိညာဉ် လမ်းကြောင်းဖွင့် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်နိုင်ပြီး အဆင့် ၁၀ကို တက်လှမ်းရန် နည်းမရှိသည့် အခါ သူက စိတ်စွမ်းအားကိုသာ ဆက်လေ့ကျင့် နေလိုက်မည်။ ထို့ကြောင့် မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံးနှင့် စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးတို့ကို တစ်ပြိုင်တည်း ထုတ်ယူလိုက်ခြင်း ဖြစ်၏။
မိုဝူကျီ ကျင့်ကြံနေစဉ် ပတ်ဝန်းကျင် လေထုမှ စွမ်းအားများက သူ့ဆီ အဆက်မပြတ် စီးဆင်း လာကြသည်။ သိပ်သည်းလွန်းသော ဝိညာဉ် စွမ်းအားများကို ခန္ဓာကိုယ် တစ်လျှောက် လှည့်ပတ်လိုက်ပြီး သူ့ထဲတွင် ရှိနေသည့် အသက်ဓာတ်ကို နှိုးဆွ လိုက်သည့်အခါ အအေးဓာတ်က လုံးဝ ပျက်ပြယ် သွားလေ၏။
သိပ်သည်းလွန်းသော ဝိညာဉ် စွမ်းအားများနှင့် သူထုတ်ယူ ထားသော စိတ်စွမ်းအင် ကျောက်တုံးများ ပေါင်းစပ် လိုက်သောအခါ သူ့ကျင့်ကြံခြင်းကို များစွာခုန်တက် သွားစေ၏။ သုံးရက်တာ ကာလအတွင်း သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၉ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားသည်။ မျှော်လင့် ထားသည့်အတိုင်း သူက အဆင့် ၁၀သို့ မတက်လှမ်းနိုင်ပေ။
အဆာခံ ဆေးလုံးကို မျိုချလိုက်ပြီး မိုဝူကျီက စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးနှင့် စိတ်စွမ်းအားကို ဆက်လေ့ကျင့် လိုက်သည်။ ထိုစဉ် မိုဝူကျီက စိတ်စွမ်းအား ရှိခြင်းသည် အကျိုး များလှကြောင်း သိလိုက်၏။ အကယ်၍ သူ့တွင် အခြား လူများထက် မြင့်မားသော စိတ်စွမ်းအားသာ မရှိလျှင် အခြားသော ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၉ ကျင့်ကြံသူများနှင့် ကွာခြားလိမ့်မည် မဟုတ်ပေ။ အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကို အသာထား ဝင်လာဖို့ပင် မဖြစ်နိုင်လောက်ပေ။
မိုဝူကျီ ကျင့်ကြံနေစဉ် အချိန်များက ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ အစပိုင်းတွင် သူက ကျောက်တံခါး ပွင့်လာမည်ကို စိုးရိမ် နေသော်လည်း တဖြည်းဖြည်းနှင့် သူက စိတ်စွမ်းအင် လေ့ကျင့်မှုတွင် အာရုံရောက် သွားတော့သည်။ ကျောက်တံခါး အတွက် ထိုကိစ္စကို စိတ်ထဲမှ ထုတ်ထား လိုက်တော့၏။
အချိန်မည်မျှ ကြာမှန်း မသိတော့သည့် အချိန်တွင် သူ့ဝိညာဉ် စွမ်းအားများက အဆုံးအစွန်ထိ ရောက်သွားပြီး နောက်တွင် ပွင့်ထွက် သွားကာ နောက်အဆင့် တစ်ခုသို့ တက်လှမ်း သွားဟန် ပေါ်သည်။ မိုဝူကျီက မျက်လုံး ရုတ်တရက် ဖွင့်လိုက်ပြီး သူ့စိတ် စွမ်းအားကို ဖြန့်ကြက် လိုက်သည်။
သူ့စိတ် စွမ်းအားက ယခင်ကထက် များစွာ ပိုအားကောင်း လာကာ အခန်းအထဲရှိ ချောင်ကြိုချောင်ကြား မကျန် တွင်းငယ်လေးများ အထိ ပျံ့နှံ့သွားတော့သည်။ စွမ်းအားများ လွှမ်းမိုး လာသည့် ခံစားချက်က မိုဝူကျီကို စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူက သူ့အင်အား အသစ်ကို စမ်းသပ် သကဲ့သို့ ဂနာမငြိမ် ဖြစ်နေကာ ထိုကြားရှိ ကွာခြားချက် မည်မျှ ကြီးမား သွားကြောင်း မြင်ရဖို့ စိတ်လှုပ်ရှား နေသည်။
သူ့စိတ်ထဲတွင် သေချာမှု အတိုင်းအတာ တစ်ခုအထိ ယုံကြည်ချက် ရှိနေသည်။ ယခု သူ့တွင် အားကောင်းသော စိတ်စွမ်းအား ရှိရုံသည် သာမက ကနဦး စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ များနှင့်လည်း ရင်ဆိုင်၍ ယှဉ်တိုက်နိုင် လောက်သည်။
“ဝါး ...” မိုဝူကျီက ကျယ်လောင်စွာ သမ်းဝေလိုက်ကာ သူ့ဆေးလုံးများ မည်မျှ ကျန်ရှိကြောင်း မစစ်ဆေး လိုက်ခင် စိတ်စွမ်းအားကို ရုတ်ခြည်း ရပ်တန့် လိုက်သည်။
သူက ရှုပ်ထွေးလှသည့် ရှေးဟောင်း အက္ခရာမျိုးကို တွေ့လိုက်ရကာ သူ့အရင်က တစ်နေရာရာတွင် မြင်ခဲ့ဖူးကြောင်း တွေးမိလိုက်သည်။ လက်ပတ်တွင်လည်း ထိုသို့ ရှေးဟောင်း အက္ခရာမျိုး ပါရှိသည်။ လက်ပတ်က တည်နေရာကို ညွှန်ပြ ပေးနေကြောင်း သိလိုက်ရစဉ်က သူသည် ထိုအရာကို ထိုးထွင်းကြည့်ရန် စိတ်စွမ်းအား သုံးခဲ့ဖူးသည်။ အထဲရှိ ရှေးဟောင်း အက္ခရာများက သူ့ရှေ့တွင် ရှိနေသည့် အရာများနှင့် တူညီလှ၏။
ထိုအက္ခရာများက အလွန် အသေးစိတ် လှပြီး စကားလုံးများတွင် ရှင်းပြချက်များ ပါရှိလေ၏။
သူ့စိတ်စွမ်းအားကို ပြန်ဆုတ်လိုက်ပြီး မိုဝူကျီက ကျောက်တံခါးကို စစ်ဆေးကြည့်ရန် ဆုံးဖြတ် လိုက်တော့သည်။ ထို့နောက် အက္ခရာများကို ကြည့်လိုက်၏။ တံခါးတွင် ပြောင်းလဲမှု မရှိသောကြောင့် ဖွင့်၍ မရခြင်းနှင့် အတူတူပင် ဖြစ်၏။
သူ့အဆာခံ ဆေးပုလင်းထဲတွင် ငါးလုံးသာ ကျန်ရှိတော့၏။ တစ်ပုလင်းတွင် ၁၈ လုံးပါကာ သူက နှစ်ရက်တစ်ကြိမ် ဆေးလုံး တစ်လုံး စားနေခဲ့ကို တွက်ဆပြီး မိုဝူကျီသည် အထဲတွင် တစ်လတာမျှ နေခဲ့ကြောင်း သတိပြုမိ လိုက်တော့သည်။ စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး အတွက် သူ့တွင် ပြတ်လပ် သွားလုနီးပါး ဖြစ်နေလေပြီ။ စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး နှစ်ပုလင်းထဲမှ တစ်လုံးသာ ကျန်ရှိတော့၏။
ဆေးလုံးများကို သိမ်းထား လိုက်ပြီး မိုဝူကျီက ကျောက်တံခါးရှေ့သို့ သွားကာ လူသံကို ဂရုစိုက်၍ နားထောင် လိုက်သည်။ အပြင်ဘက်မှ တိုက်ခိုက်မှု မရှိကြောင်း သေချာသည်နှင့် သူက အက္ခရာများ ရှိနေသည့် အခန်းထောင့်သို့ ပြန်လည် သွားလိုက်သည်။
အနီးသို့ လျှောက်လှမ်း လာပြီး မိုဝူကျီက သူ့စိတ်စွမ်းအားဖြင့် ကောင်းစွာ မြင်လိုက်ရသည်။ ဤအရာက ကျောက်နံရံနှင့် မတူပေ။ ထို့အစား သတ္တု တစ်မျိုးမျိုးနှင့် လုပ်ထားသည့် နံရံနှင့် တူလေ၏။ နံရံပေါ်တွင် မရေတွက်နိုင်သည့် စကားလုံးများကို ပြွတ်သပ်စွာ ထိုးထွင်း ထားသည်။ စကားလုံးများပင် မဟုတ်ပေ။ ရုပ်ပုံများနှင့် အက္ခရာများလည်း နံရံ တစ်ဝက်လောက် နေရာ ယူထားသည်။
သူက နံရံပေါ်မှ အစနေရာသို့ လျှောက်လှမ်း လာသည့်အခါ ထိုတွင် ရှင်းလင်းစွာ ရေးထားသည်က
“ကြက်ပေါက်လေး မင်းက မင်းအဘိုးကို သော့ပိတ်ထားတဲ့ ရေခဲအခန်းကို သုံးချင်တာလား ... မင်း ဒီလောက်တောင် တုံးအနေရလား ... မင်းအဘိုး ဒီစုတ်တီးစုတ်ပြတ် အခန်းကနေ ထွက်လာမဲ့ ရက်ကို စောင့်နေ ... ပြီးရင် မင်းအဘိုးက ဘယ်လိုဆိုတာ လာပြလှည့်မယ် ...”
“ကြက်ပေါက်လေး ... မင်းက ဘာလို့ အဲဒီမိန်းမ ဗိုက်ထဲမှာ ဘာမှ သင်မလာရတာလဲ ... ဒါပေမဲ့ မင်းအဘိုးက မင်းကို အဲဒီ မိန်းမအကြောင်း ပြောပြမယ် ...”
ထိုထိ ဖတ်လိုက်ပြီး မိုဝူကျီက ဒေါသထွက်စွာ ကျိန်ဆဲနေသည့် အမျိုးသားပုံကို ဆွဲလိုက်သည်။ “မင်းအဖေ” နှင့် “မင်းအဘိုး” ဟု သုံးလိုက်သည့် အခိုက်အတန့်တွင် ချူရှင်ကျီဟု ခေါ်သော ထိုလူစိတ်ထဲရှိ ပြင်းထန်သော ဒေါသတရားက ရောင်ပြန် ဟပ်နေသည်။
မိုဝူကျီက သူ့ဘာသာ ရယ်မော လိုက်ကာ ထိုချူရှင်ကျီသည် ပါရမီရှင် တစ်ယောက်ကဲ့သို့ မပြုမူပေ။ ပါရမီရှင်မျာက ကောင်းစွာ ပြုမူကြသည် မဟုတ်ပါလား ... သူက လောကကြီးကို ဂရုမစိုက်ဘဲ လမ်းပေါ်တွင် ကျိန်ဆဲနေသည့် လမ်းဘေး လူမိုက်နှင့်ပင် တူနေသေး၏။
“ကောင်းတဘ် အဲဒီမိန်းမက မင်းကို သူ့ဗိုက်ထဲမှာ အကုန် လက်ဆင့် ကမ်းခဲ့တာပဲ ... သူမမှာ ရှိနေသမျှက မင်းအဘွား ပေးထားပေမဲ့ အဘိုးက အခုထိ စိတ်မပျော်ဘူး ... အဘိုးကို ပိတ်ထားတာ တစ်လလောက် ရှိတော့မယ် ...”
“အဲဒီခွေးမ ... အမှိုက်လို မိန်းမ ... ငါတော့ အမှိုက်နဲ့ မအိပ်ချင်ဘူး ... မင်းအဖေ သင်ပေးလိုက် တာတွေကို ကြက်ပေါက်လေးကို ဒီလို ပြန်သင်ပေး လိုက်တာလား ... မင်းအဖေကို ဆယ်နှစ်လောက် ပိတ်ထား ပြီးတော့လား ... မင်းအဖေကို သူ့ဘဝ တစ်လျှောက်လုံး တကယ် အကျဉ်းချ ထားတော့မှာလား ... ကြက်ပေါက်လေး မင်းက အဲခွေးမဆီ အဘိုးရဲ့ အစီအရင် တာအိုကို သင်ဖို့ သွားခဲ့တာလား ... ဒူးထောက်ပြီးတော့ အဘိုးလို့ ခေါ်လိုက် ... အဲဒါဆို အဘိုးက အားလုံး သင်ပေးမယ် ...”
“ကောင်းပြီ မင်းက အဘိုးကို ခေါ်မှတော့ အဘိုးက မင်းကို သူ့ရဲ့ အစီအရင် တာအိုကို မင်းဆီ လက်ဆင့် ကမ်းပေးမယ် ... အနည်းဆုံးတော့ အဲခွေးမ သင်ပေးတာထက် အဆ တစ်သောင်းလောက် ပိုသာမှာ ...”
မိုဝူကျီ နှလုံးသားက လေးလံ လာလေ၏။ သူ ဤနေရာတွင် ပိတ်မိနေဉ် ချူရှင်ကျီ ကျိန်ဆဲ နေသည်ကို တွေ့မြင်လု နီးပါး ခံစားနေရသည်။ စိတ်ပျက်မှု အဆုံးတွင် နောက်ဆုံး စာကြောင်းကို ဖတ်လိုက် ပြီးနောက် ချူရှင်ကျီသည် ဒေါသူပုန် ထကာ ရူးသွပ်သွားဟန် ဖြစ်၏။
“အစီအရင်တွေက ရိုးရှင်းတယ် ... အစီအရင် တစ်ခုကို လှောင်ချိုင့် တစ်ခုလိုမျိုး လုပ်နိုင်တယ် ... သက်ရှိဖြစ်ဖြစ် ... သက်မဲ့ ဖြစ်ဖြစ် ... သေသေရှင်ရှင် ... အဘိုးရဲ့ အက္ခရာကို ကြည့်စမ်းပါဦး ... ပထမ အက္ခရာကို ဟိုင် အစီအရင်လို့ ခေါ်တယ် ... အကောင်းဆုံး ပုံစံက အကောင်းဆုံး အစီအရင် ပြုလုပ်နိုင်တာပဲ ...”
သူက ဆက်ဖတ် လိုက်ရင်း ပို၍ ပို၍ပင် အံ့ဩ လာတော့သည်။ ချုရှင်ကျီ၏ အစီအရင် တာအိုအပေါ် ရှင်းပြချက်များက အသေးစိတ် လှသည့်အတွက် နားလည်ဖို့ရာ လွယ်ကူလှသည်။ နက်နဲသော စကားလုံး အခေါ်အဝေါ်များ မပါဝင်ပေ။
***