အားလုံးပဲ... အခု ပြိုင်ပွဲစပါပြီ
Vol. 53 Ch. 744
အခန်း (၇၄၄) အားလုံးပဲ... အခု ပြိုင်ပွဲစပါပြီ
ကြောက်မက်ဖွယ်ရာ ပရမ်းပတာဗလာနယ်စီးကြောင်းများ တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာပြီး ဗလာနယ်တစ်ခုလုံးအား လက်လှမ်းမီသမျှဝါးမျိုသွားကာ ကြီးမားသော သွေးနီရောင်ဝဲဂယက်ကြီးအဖြစ် ပြောင်းလဲသွားသည်။
‘ခန်း’ သခင်မတို့သားအမိ (၃)ယောက် ၊ ကွမ်းမင်ဂိုဏ်းမှ ထန်ကျင်းတို့အားလုံး ထိုဝဲဂယက်တွင် ပိတ်မိသွားကြသည်။ ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်သည်ပင် ဝဲဂယက်ကြီးအတွင်း ပိတ်မိနေပေပြီ။
သနားစရာလော့ကျီးထောင်မှာ ကောင်းကင်အက်ကွဲကြောင်းမှတစ်ဆင့် အထက်ဘုံကမ္ဘာသို့ ပြန်လာနိုင်ရန်အတွက် ဤနေရာသို့ ရောက်လာခဲ့ခြင်းပင်။
သို့သော် အစပိုင်းတွင် ပုံရိပ်ယောင်ကမ္ဘာအပြင်ဘက်တွင်ပိတ်မိနေပြီး အထဲဝင်ခွင့်မရခဲ့ပေ။ နောက်ဆုံး ခက်ခက်ခဲခဲဖြင့် ဝင်ရောက်ခွင့်ရခဲ့သော်လည်း ယခင်ကထက် ပိုမိုပြင်းထန် ကြောက်မက်ဖွယ်ရာ ဝဲဂယက်လှိုင်းလုံးကြီးများဖြင့် ရင်ဆိုင်ခဲ့ရသည်။
လော့ကျီးထောင်တို့အုပ်စုနှင့် ‘ခန်း’သခင်မတို့အားလုံး ရုန်းကန်ရင်းဖြင့် ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ကြသည်။
“ငါတို့အားလုံးထဲမှာ မင်းက ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးပဲ ၊ ဒီလို လှိုင်းထန်ပြီး ပရမ်းပတာဖြစ်နေတဲ့ ဗလာနယ်စီးကြောင်းထဲမှာ ငါတို့က ဒုက္ခရောက်ရုံပဲရှိမှာ ၊ မင်းက မြန်မြန်သေလိမ့်မယ်”
ထိုစကားက အနှီလူငယ်ကို မေတ္တာတုံးစွာဖြင့် သူတို့အားလုံး တွေးမိကြသည့်စကားဖြစ်၏။
သို့သော် ရန်ကျောက်ကဲ၏ပတ်ဝန်းကျင်အခြေအနေကို သေသေချာချာ လေ့လာမိသည့်အခါ သူတို့အားလုံးစိတ်ထဲ အေးစိမ့်သွားပြီး ချောက်နက်အောက်ခြေအထိ နစ်မြုပ်သွားသည့်ပမာ ခံစားလိုက်ကြရသည်။
သူတို့ရှေ့မှ သွေးနီရောင်ဝဲဂယက်ကြီးက ပြောင်းပြန်လည်ပတ်နေပြီး ရန်ကျောက်ကဲက ဝဲဂယက်အောက်ခြေတွင်ရှိနေသော အပြည့်အဝတည်ငြိမ်နေသည့် ဗလာနယ်ထဲသို့ ရောက်ရှိနေသည် မဟုတ်ပါလား။
ထိုမျှသာ မဟုတ်ပေ။ ခဏအကြာတွင် ထိုနေရာမှ အလင်းတန်းများတောက်ပလာသည်ကို တွေ့ရသည်။
လော့ကျီးထောင် ၊ ‘ခန်း’ သခင်မနှင့် ထန်ကျင်းတို့အားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြ၏။
ထိုအလင်းရောင်က အလင်းရင်းမြစ်တစ်ခုမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ကမ္ဘာဖျက်လမ်းကြောင်းဖြစ်တည်လာခြင်းကြောင့် ထွက်ပေါ်လာသော အလင်းတန်းများ ဖြစ်နေသောကြောင့်ပင်။
ဝဲဂယက်ကြီး၏အောက်ခြေ ၊ ရန်ကျောက်ကဲ ရောက်ရှိနေသော ဗလာနယ်ထဲတွင် ကောင်းကင်အက်ကွဲကြောင်းက မူလအခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာသည်။
အကယ်၍ သွေးနီရောင်ဝဲဂယက်အပြင်ဘက်တွင် တစ်စုံတစ်ယောက်ရှိနေမည်ဆိုလျှင် အပြည့်အဝပုံပျက်နေသော ဗလာနယ်ကိုတွေ့ရှိရမည်ဖြစ်ပြီး အလင်းလမ်းကြောင်းတစ်ခုက ဝဲဂယက်ကြီးဘေးတွင် ဖြည်းညင်းစွာပုံပေါ်လာသည်ကို တွေ့ရပေမည်။
ထိုအရာက မူလကောင်းကင်အက်ကွဲကြောင်းပင် ဖြစ်၏။
အထက်ဘုံကမ္ဘာ ၊ ကျူတောပင်လယ်ဒေသရှိ ဇာမဏီနယ်မြေတွင် အလင်းတန်းများတောက်ပနေပြီး ကောင်းကင်အက်ကွဲကြောင်းတည်ရှိရာနေရာတွင် ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ဖြစ်တည်လာသည်။
ကွမ်းမင်ဂိုဏ်းမှလူများနှင့် ‘ခန်း’ သခင်မတို့သားအမိ (၃)ယောက်မှာ အသက်ရှူကျပ်လာပြီး ငယ်ထိပ်မှ အခိုးအငွေ့များထွက်လုမတတ် ခံစားလိုက်ကြရသည်။
သွေးနီရောင်ဝဲဂယက်ကြီး၏အောက်ခြေက အပြည့်အဝ တည်ငြိမ်နေသည်။ သို့သော် ထိုနေရာသို့ရောက်လိုလျှင် သူတို့အားလုံး ကြောက်မက်ဖွယ်ရာ ဗလာနယ်မုန်တိုင်းကြီးကို ဖြတ်ကျော်ရမည် ဖြစ်၏။
အတင်းအကျပ် ထိုးဖောက်ထွက်မည်ဆိုပါက သူတို့အားလုံကို စောင့်ကြိုနေသည့်အရာမှာ သေခြင်းတရားသာလျှင် ဖြစ်နိုင်သည်။
ရန်ကျောက်ကဲက ကျန့်မုနတ်သစ်သားနှင့်ပြုလုပ်ထားသည့် စက္ကူယပ်တောင်လေးကို ဖြန့်လိုက်ပြီး သူကိုယ်တိုင်သာမက ဖန်းယွင်ရှန်း ၊ အားဟူ ၊ ရှောင်အိုက်နှင့် ပန်ပန်တို့ကို ကာကွယ်ပေးလိုက်သည်။ ယပ်တောင်လေးတွင် အကြွင်းအကျန် တန်ခိုးစွမ်းအားများ ကျန်ရှိနေသေးသည့်တိုင် ယခင်ကပင် အချိန်ကြာမြင့်စွာ အသုံးပြုထားသဖြင့် ဗလာနယ်မုန်တိုင်းများ၏ ကြီးမားသောစွမ်းအားများကို ခံနိုင်ရည်မရှိသည့်ဟန် လှုပ်ခါသွားသည်။
ခဏမျှကြာပြီးနောက် ယပ်တောင်လေးသည် သူ၏ အဆုံးစွန်ကန့်သန်ချက်သို့ ရောက်ရှိသွားတော့မည်ပင်။ သို့သော် ရန်ကျောက်ကဲတို့အုပ်စု အထက်ဘုံကမ္ဘာသို့ ပြန်သွားရန်ကတော့ လုံလောက်ပေ၏။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်ပင် ‘ခန်း’ သခင်မနှင့် လော့ကျီးထောင်တို့ကို လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။
“အားလုံးပဲ... အခု ပြိုင်ပွဲစပါပြီ ၊ ဒီ ‘ရန်’ ကတော့ အရင်သွားနှင့်ပါတော့မယ်”
‘ခန်း’ သခင်မနှင့် ကွမ်းမင်ဂိုဏ်းမှလူများမှာ သွေးအန်လုမတတ် ဒေါသချောင်းချောင်းထွက်သွားကြသည်။
သို့သော် ရန်ကျောက်ကဲကတော့ သူတို့နှင့်ဖက်ပြိုင်ဒေါသထွက်ရန် အချိန်မရှိဘဲ ဤနေရာမှထွက်ခွာသွားရန် ပြင်ဆင်နေတော့၏။
သူတို့အားလုံးရှေ့မှ သွေးနီရောင်ဝဲဂယက်ကြီးက အချိန်တိုအတွင်း ပြိုကျသွားတော့မည် ဖြစ်၏။
ထို့နောက်မှာတော့ သူတို့အားလုံးကို အလွန်တရာကြောက်စရာကောင်းသော အဖျက်စွမ်းအားတစ်ခုက စောင့်ကြိုနေတော့မည်ဖြစ်ရာ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်မဟုတ်ဘဲ အသက်ရှင်သန်ရန် မဖြစ်နိုင်ပေ။
နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ရှိသော လော့ကျီးထောင်သည်ပင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည့် နေစကြာရှိနေသည့်တိုင် အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ အမတကူးပြောင်းခြင်းအဆင့်သို့ မရောက်ရှိသေးဖြင့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏တန်ခိုးစွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သေးသောကြောင့်ပင်။
အဆုံးသတ်မှာတော့ နေစကြာပျက်ဆီးပြီး လော့ကျီးထောင်သည်လည်းသေခြင်းဖြင့် အဆုံးသတ်သွားရပေမည်။
ထို့ပြင် ယခု နေလစကြာသည်လည်း လစကြာ ပျောက်ဆုံးသွားကာ နေစကြာသာလျှင် ကျန်ရှိတော့သဖြင့် အတော်လေး စွမ်းအားလျော့နည်းနေပြီဖြစ်သည်။
လော့ကျီးထောင်သည်ပင် ထိုသို့ဖြစ်မည်ဆိုလျှင် အခြားသူများအတွက်တော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။
သူတို့ရှေ့မှ သွေးနီရောင်ဝဲဂယက်ကြီးက ကြောက်မက်ဖွယ်ကောင်းလွန်းသည့်တိုင် လော့ကျီးထောင်တို့အားလုံးအတွက် ထိုအရာတစ်ခုတည်းသာ ထွက်ပေါက်ရှိသည်။
သွေးနီရောင်ဝဲဂယက်ကြီး အပြည့်အဝ ပြိုကျမသွားခင် သူတို့ ထိုးဖောက်ထွက်ရပေမည်။ ကောင်းကင်အက်ကွဲကြောင်းရှိရာသို့ ထိုးဖောက်ထွက်နိုင်မည်ဆိုလျှင် သူတို့အားလုံး အသက်ရှင်သန်နိုင်ပေမည်။
ဤ သွေးနီရောင်ဝဲဂယက်ကြီးကို ထိုးဖောက်ထွက်မည်ဆိုပါက သေဆုံးနိုင်ခြေ ကိုးဆယ်ရာနှုန်းရှိ၏။ သို့သော် သွေးနီရောင်ဝဲဂယက်ကြီးပြိုကျသွားပြီး အဖျက်စွမ်းအားများထွက်ပေါ်လာပါက သူတို့အားလုံး ရာနှုန်းပြည့် အသက်ပျောက်ကြရပေမည်။
လော့ကျီးထောင်က ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး နေစကြာမှအလင်းတန်းများတောက်ပလာကာ ထန်ကျင်းနှင့်အခြားသူများကို လွှမ်းခြုံသွားပြီး ရွှေရောင်အလင်းတန်းက သွေးနီရောင်ဝဲဂယက်အလယ်ဗဟိုသို့ ထိုးဖောက်ထွက်သွားသည်။
‘ခန်း’ သခင်မသည်လည်း အလားတူပင် ဓားအလင်းတန်းကိုဝှေ့ယမ်းလျှက် ရှည်လျားသည့် အချိန်ရေစီးကြောင်းဓားသိုင်းကို ထုတ်ဖော်လိုက်ပြီး ခန်းကျင်းယွမ်နှင့် ခန်းမောက်ရှန်းတို့ကိုခေါ်ဆောင်ကာ သွေးနီရောင်ဝဲဂယက်အလယ်ဗဟိုသို့ ထိုးဖောက်ထွက်သွားသည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်က လော့ကျီးထောင်ထက်နိမ့်ပါးပြီး နေလစကြာကဲ့သို့ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းလည်း ပိုင်ဆိုင်ခြင်းမရှိပေ။ သို့သော် အချိန်ရေစီးကြောင်းဓားသိုင်းက စောစောကပင် ပုံရိပ်ယောင်ကမ္ဘာကို ဖယ်ရှားနိုင်သည်ဖြစ်ရာ ကွမ်းမင်ဂိုဏ်းနှင့်ယှဉ်လျှင် သူမ၏သိုင်းပညာက အလွန်တရာ မြင့်မားသည်။ ထို့ကြောင့် သူမအနေဖြင့်လည်း အခွင့်အရေးရှိသည် အမှန်ပင်။
သို့သော် ပြင်းထန်ရှုတ်ထွေးသော ဗလာနယ်စီးကြောင်းများအကြား အသက်အန္တရယ်ရှိသည်ကတော့ အမှန်ပင်။
ပုံမှန်ဆိုလျှင် အမြဲတမ်းတည်ငြိမ်နေတတ်သော ‘ခန်း’ သခင်မမှာ ယခုတော့ နောင်တရသလို ခံစားနေရသည်။ ကောင်းကင်အက်ကွဲကြောင်းအတွင်းဝင်ရောက်ပြီး ရန်ကျောက်ကကို တိုက်ခိုက်မိသည့်အတွက် နောင်တရမိသည်။
အစပိုင်းတွင် ရန်ကျောက်ကဲကို သေစေချင်မိသော်လည်း အဆုံးသတ်မှာတော့ သူမ၏ ပေါ့လျော့မှုကြောင့် ယခုလိုအဆုံးသတ်မျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။ သူမ အစိုးရိမ်ဆုံးအချက်မှာ ဤနေရာမှ မည်သို့လွတ်မြောက်အောင်လုပ်ဆောင်ရမည်နည်းတစ်ချက်တည်းသာ ဖြစ်၏။
သူမ တစ်ယောက်တည်းမဟုတ်ပေ။
ခန်းကျင်းယွမ်နှင့် ခန်းမောက်ရှန်းတို့သည်လည်း သူမနှင့်အတူ ရှိနေသည်။ သူမသာ ကောင်းကင်အက်ကွဲကြောင်းမှ ထွက်မသွားနိုင်လျှင် သားနှစ်ယောက်လုံး သူမနှင့်အတူ အသက်ဆုံးရှုံးရပေမည်။
ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့ ကောင်းကင်အက်ကွဲကြောင်းမှတစ်ဆင့် ဗလာနယ်ကိုဖြတ်ကျော်ကာ အထက်ဘုံကမ္ဘာသို့ ပြန်သွားကြသည်။ ကောင်းကင်အက်ကွဲကြောင်းကို ဖြတ်သန်းထွက်ခွာခါနီးတွင် သွေးနီရောင်ဝဲဂယက်ကြီး လုံးလုံးလျားလျား ပြိုကျသွားသည်ကို ရန်ကျောက်ကဲ တွေ့လိုက်ရ၏။
ဗလာနယ်က ကောင်းကင်အက်ကွဲကြောင်းနှင့်ချိတ်ဆက်ထားသဖြင့် ဥမင်လမ်းကြောင်းပမာ လမ်းကြောင်းတစ်ခု ဖြစ်တည်လာသည်။
ပရမ်းပတာ ဗလာနယ်စီးကြောင်းများကြားတွင် လော့ကျီးထောင်နှင့် ‘ခန်း’ သခင်မတို့မှာ အသက်ရှင်သန်ရန်အတွက် အချင်းချင်းပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်တော့ဘဲ ထိုလမ်းကြောင်းကို မည်သူအရင်ဖြတ်သန်းနိုင်မည်ဆိုသော အခြေအနေသို့ ရောက်ရှိသွား၏။
ဤအခွင့်အရေးက ခဏတာမျှသာဖြစ်ပြီး မကြာခင်ကုန်ဆုံးသွားမည် ဖြစ်လေရာ တစ်ယောက်အသက်ရှင်မည်ဆိုလျှင် တစ်ယောက်က သေဆုံးရပေမည်။ ပိုမိုလျှင်မြန်သည့်သူက အသက်ချမ်းသာရာရမည် ဖြစ်၏။
လော့ကျီးထောင်နှင့် ‘ခန်း’ သခင်မတို့ အကြီးအကျယ်မျက်နှာပျက်လျှက် နောက်ဆုံးအခွင့်အရေးဖြစ်သော ထိုလမ်းကြောင်းဆီသို့ အလျှင်အမြန် ဝင်ရောက်သွားကြသည်။
‘ခန်း’ သခင်မက ရှုတ်ထွေးနေသော ဗလာနယ်စီးကြောင်းရိုက်ခတ်မှုများကိုတွန်းလှန်ရန် နက်ရှိုင်းကြေးမုံချပ်ဝတ်ကိုဝတ်ဆင်လျှက် အချိန်ရေစီးကြောင်းဓားသိုင်းကို အမြင့်ဆုံးအဆင့် ထုတ်လွှတ်လိုက်သည်။ ဓားအလင်းတန်းက ရှည်လျားသည့်မြစ်ရေပမာ သွေးနီရောင်ဝဲဂယက်ကြီးကို ဖြတ်သန်းထိုးဖောက်သွားသည်။
ထူးခြားသောအခြေအနေအောက်တွင် ယွိချင်အဆက်အနွယ်၏ ထာဝရအလင်းကောင်းကင်ကျမ်းစာက အဆုံးမရှိ နက်နဲသောသဘောတရားများနှင့် အမြင့်ဆုံးအကျိုးသက်ရောက်မှုကို ပြသခဲ့သည်။
အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းမရှိသလို ကျင့်ကြံခြင်းအဆင့်လည်း အနည်းငယ် နိမ့်ပါးသည့်တိုင် ‘ခန်း’ သခင်မက လော့ကျီးထောင်ထက် ခြေလှမ်းတစ်ဝက်ခန့် ပိုမိုမြန်ဆန်နေသည်။
လော့ကျီးထောင်မျက်နှာက စိမ်းဖန့်ပြာနှမ်းနေပြီး သူ့မျက်ဝန်းထဲမှ အေးစက်သည့်အလင်းရောင်များ ထွက်ပေါ်လာသည်။ ထို့နောက် အဆုံးမရှိတောက်ပနေသော ရွှေရောင်အလင်းတန်းတစ်ခုက ‘ခန်း’ သခင်မကျောပြင်အား ထိမှန်သွားသည်။
‘ခန်း’ သခင်မ ခဏမျှရပ်တန့်သွားသည်။
နဂိုကပင် ကြီးမားသောဝန်ထုပ်ဝန်ပိုးကိုထမ်းရွက်ထားရသည့် နက်ရှိုင်းကြေးမုံချပ်ဝတ် အက်ကွဲသွားပြီး သူမခန္ဓာကိုယ်မှာ သွေးနီရောင်ဗလာနယ်စီးကြောင်းများကြောင့် ပျက်ဆီးလုနီးပါးဖြစ်သွားသလို လှုပ်ရှားမှုများလည်း နှေးကွေးသွားသည်။
လော့ကျီးထောင်က ဤအခွင့်အရေးကိုအသုံးချပြီး ကြေင်းကင်အက်ကွဲကြောင်းရှိရာသို့ အလျှင်အမြန် ဝင်ရောက်သွားသည်။ ‘ခန်း’ သခင်မမှာလည်း ထိတ်လန့်ချိန်မရသလို ဒေါသလည်းမထွက်နိုင်ဘဲ ဝင်ပေါက်ရှိရာသို့ အားကုန်သုံး လိုက်ပါသွား၏။
သူတို့ရှေ့မှ သွေးနီရောင်ဝဲဂယက်ကြီး ပြိုကျလာပြီး အဖျက်စွမ်းအားများ ထွက်ပေါ်လာသည်။
“ဘယ်သူ အသက်ရှင်မလဲတော့ မသိဘူး”
ရန်ကျောက်ကဲတွေးလိုက်သည်။
သူက ကောင်းကင်အက်ကွဲကြောင်းအတွင်း ဝင်ရောက်သွားပြီဖြစ်သောကြောင့် ရလဒ်ကိုစောင့်ကြည့်ရန် မဖြစ်နိုင်တော့ပေ။
မကြာမီ သူ့အရှေ့တွင် ပြာလဲ့ကြည်လင်သော မိုးကောင်ကင်ကြီးကိုတွေ့မြင်ရပြီး ကောင်းကင်ထက်တွင် ကြယ်စင်များပြည့်နက်လျှက်ရှိသည်။ ဤသည်က အထက်ဘုံကမ္ဘာ၏ ထူးခြားသောမြင်ကွင်းပင် ဖြစ်၏။
ရန်ကျောက်ကဲက ခြေထောက်များကို တည်ငြိမ်အောင်ထိန်းလိုက်သည်။ သူ့အရှေ့တွင် အထက်ဘုံကမ္ဘာ၏မြင်ကွင်းထွက်ပေါ်လာချိန် အလင်းရောင်များတောက်ပနေသော ကမ္ဘာဖြတ်လမ်းကြောင်းက သူ့အနောက်ဘက်တွင် ကျန်ရစ်ခဲ့သည်။
ကောင်းကင်အက်ကွဲကြောင်းပတ်ဝန်းကျင်တွင် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ ရှိနေကြပြီး ထိုခဏတွင် သူတို့အားလုံးက မူမမှန်မှုများ ဖြစ်ပေါ်နေသော ကမ္ဘာဖြတ်လမ်းကြောင်းဆီသို့ ချက်ချင်းပင် အာရုံစူးစိုက်လိုက်ကြလေ၏။