← Chapters

ကြိုသိလို့ကတော့ လမ်းကြောင်းကိုထာဝရပိတ်ပစ်လိုက်မှာ

Vol. 53 Ch. 745

ကြိုသိလို့ကတော့ လမ်းကြောင်းကိုထာဝရပိတ်ပစ်လိုက်မှာ

Vol. 53 Ch. 745

အခန်း (၇၄၅) ကြိုသိလို့ကတော့ လမ်းကြောင်းကိုထာဝရပိတ်ပစ်လိုက်မှာ

ကောင်းကင်အက်ကွဲကြောင်းပတ်ဝန်းကျင်မှ တန်ခိုးစွမ်းအားရောင်ဝါများကို အာရုံခံမိသည်နှင့် မည်သူများရောက်ရှိနေကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။

လော့ကျီးထောင်အပြင် ထန်ကျင်းနှင့် ကွမ်းမင်ဂိုဏ်းမှကျင့်ကြံသူများ ၊ ‘ခန်း’ သခင်မတို့သုံးယောက်နှင့် ရန်ကျောက်ကဲတို့ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့ကြသည်။ ထို့ကြောင့် အကြောင်းသိသူများက သူတို့ကိုရှာဖွေရန် ဇာမဏီနယ်မြေတွင် စုဝေးခဲ့ကြသည်။

စောစောကပင် ဤနေရာမှ ကမ္ဘာဖြတ်လမ်းကြောင်းက ပျောက်ကွယ်သွားခဲ့ပြီး ပုံရိပ်ယောင်ပမာ ပြောင်းလဲသွားကာ ကောင်းကင်အက်ကွဲကြောင်းတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားသည်။

ရောက်ရှိနေကြသော နှစ်ဖက်သိုင်းသမားများက အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း မသိရှိသဖြင့် အချင်းချင်း သတိထားနေကြရပြီး သူတို့အားလုံး ဇာမဏီနယ်မြေတစ်ဝိုက်တွင် ပြဿနာမရှာရဲကြပေ။

လာရောက်ကူညီပေးကြသော တန်ခိုးစွမ်းအားရှင်များမှာ ဘာဖြစ်နေသည်ကိုလည်းမသိရဘဲ အချင်းချင်းလည်း သတိထားနေရသဖြင့် အခြေအနေက မတိုးသာမဆုတ်သာဖြစ်နေပြီး မည်သူမှ အရမ်းကာရော မလှုပ်ရှားရဲကြပေ။

တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာသော ကောင်းကင်အက်ကွဲကြောင်းကိုကြည့်ရင်း အားလုံး သတိအနေအထား ဖြစ်သွားကြသည်။

ရန်ကျောက်ကဲကလည်း အပြင်သို့ရောက်ရောက်ချင်း ခဏမျှအာရုံခံလိုက်ရာ ပြင်းထန်သေသာစွမ်းအားရောင်ဝါ (၂)ခုရှိကြောင်း သတိပြုလိုက်မိသည်။ စွမ်းအား (၂)ခုလုံးက ဓားချီများဖြစ်ကြ၏။

ဓားချီတစ်ခုက ပင်လယ်သမုဒ္ဒရာတစ်စင်းအလား ကြီးမားပြင်းထန်လွန်းသည်။

ကျန်တစ်ခုကတော့ အစမရှိ အဆုံးမရှိ ၊ အလွန်တရာနက်ရှိုင်းသော အချိန်၏သဘောတရားကိုပြသထားသည်။

မေးခွန်းထုတ်စရာမလိုပေ။

မြောက်ပင်လယ်ဓားခန်းမ၏ ခန်းမသခင် ‘ကုဟုန်’ နှင့် ရှန်လင်ဓားဆယ်လက်မှ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက် ရောက်ရှိနေခြင်း ဖြစ်၏။

အလစ်ချောင်းတိုက်ခိုက်ခံရသဖြင့် ဒဏ်ရာအပြင်းအထန်ရထားသော ကုကျန်းကတော့ လာရောက်နိုင်မည် မဟုတ်ပေ။ ဒဏ်ရာပြန်ကောင်းလာရန်မှာလည်း မသေချာသေးပေ။

သို့ဖြစ်ရာ ရှန်လင်ကျီအဆက်အနွယ်များမှ လာရောက်သူများမှာ ခန်းဖင်းကိုယ်တိုင်မဟုတ်လျှင် ဟယ်တုန်းချန် ဖြစ်နိုင်သည်။

ကုဟုန်နှင့် ဟယ်တုန်းချန်အပြင် အခြားသော တန်ခိုးစွမ်းအားရှင်များ၏ စွမ်းအားရောင်ဝါများကိုလည်း အာရုံခံမိသည်။ ကွမ်းမင်ဂိုဏ်းနှင့် တာ့ရွှမ်တိုင်းပြည်မှ အခြားသောကျင့်ကြံသူများလည်း ရောက်ရှိနေခြင်း ဖြစ်နိုင်၏။

‌ကောင်းကင်အက်ကွဲကြောင်းအတွင်းမှ ရန်ကျောက်ကဲထွက်လာသည်ကိုတွေ့သည့်အခါ ကုဟုန်တို့အုပ်စု အတော်လေး အံ့အားသင့်သွားကြသည်။ သူတို့က ကောင်းကင်အက်ကွဲကြောင်းအတွင်း ဘာဖြစ်နေသည်ကို မသိကြဘဲ ပျောက်ဆုံးနေသူများကို ရှာဖွေရန်သာ ရောက်လာကြခြင်း ဖြစ်သည်။

ကုဟုန်ကိုမြင်တော့ ရန်ကျောက်ကဲလည်း အနည်းငယ်အံ့အားသင့်သွားသည်။ သို့သော် အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းလိုက်နိုင်၏။

ကုဟုန်က ကွမ်းမင်ဂိုဏ်း၏တောင်းဆိုချက်အရ ရောက်လာခဲ့ခြင်း ဖြစ်နိုင်သည်။

နုန်ယွိရွှမ်က ရန်ကျောက်ကဲဂုဏ်ပုဒ်ကို ခိုးယူသည့်ကိစ္စဖြစ်ပွားပြီးနောက် ကွမ်းမင်ဂိုဏ်းနှင့် မြောက်ပင်လယ်ဓားခန်းမကြား အတော်လေး မကျေမလည် ဖြစ်ခဲ့ရသည်။ သို့သော် သူတို့နှစ်ဂိုဏ်းက ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းလိုမျိုး နောက်ပြတ်ဆုတ်မရနိုင်သော ကမ္ဘာရန်များ မဟုတ်ကြပေ။

ကွမ်းမင်ဂိုဏ်းက မြောက်ပင်လယ်ဓားခန်းမနှင့် ဆက်ဆံရေးပြေလျော့သွားစေရန် မည်သို့သောတန်ကြေး ပေးဆောင်ခဲ့ကြောင်းမသိရသော်လည်း တန်ဖိုးနည်းပါးမည်တော့မဟုတ်ပေ။

နုန်ယွိရွှမ်လည်းသေဆုံးသွားပြီဖြစ်ရာ ကွမ်းမင်ဂိုဏ်း၏တောင်းပန်မှုကိလက်ခံသည်မှာ မြောက်ပင်လယ်ဓားခန်းမအတွက်လည်း ကျိုးကြောင်းဆီလျော်ပါသည်။

လက်ရှိတွင် တာ့ရွှမ်တိုင်းပြည်က စစ်ဗုံကိုတီးခတ်ခြင်းမရှိဘဲ သိုသိုသိပ်သိပ်နေထိုင်ရင်း အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ ဆုံးဖြတ်ချက်ကိုစောင့်မျှော်နေသည်။ ဆုံးဖြတ်ချက် အတည်မပြုနိုင်မချင်း မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို မည်သူမှ အတိအကျ မသိနိုင်‌ပေ။

ထို့ကြောင့် ကွမ်းမင်ဂိုဏ်းနှင့် မြောက်ပင်လယ်ဓားခန်းမအနေဖြင့် ဘုံရန်သူဖြစ်သော တာ့ရွှမ်တိုင်းပြည်ကို လက်တွဲရင်ဆိုင်ရမည်ဖြစ်ရာ တစ်ယောက်နှင့်တစ်ယောက် ရန်ဆောင်နေ၍မရဘဲ သင့်မြတ်အောင်နေထိုင်ရပေမည်။

ကွမ်းမင်ဂိုဏ်းမှ အဆင်ပြေအောင် ညှိနှိုင်းလာသဖြင့် မြောက်ပင်လယ်ဓားခန်းမကလည်း သူတို့ကို ကူညီရန် ဆုံးဖြတ်ခဲ့၏။

“ရန်ကျောက်ကဲ...”

ရန်ကျောက်ကဲကိုတွေ့တော့ ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားများမှာ ဆိုးဆိုးရွားရွား ခံစားလိုက်ကြရသည်။ ကံမကောင်းသည်မှာ မြောက်ပင်လယ်ဓားခန်းမက ရန်ကျောက်ကဲနှင့် ဆက်ဆံရေးကောင်းမွန်နေခြင်းပင်။

ထိုအချိန် မြစ်ရေပမာ ရှည်လျားစီးဆင်းနေသော ဓားအလင်းတန်းက ကောင်ကင်ထက်လွင့်ပျံလာပြီး ကောင်းကင်အက်ကွဲကြောင်းဆီသို့ ဦးတည်ဝင်ရောက်သွားသည်။

ရန်သူ့ဘက်က တိုက်ခိုက်လာသည့်အခါ ကုဟုန်က ချက်ချင်းပင် ကောင်းကင်ထက်သို့ပျံသန်းသွားပြီး ရန်ကျောက်ကဲကို ကာကွယ်ပေးလိုက်၏။

“မိတ်ဆွေလေး’ရန်’…”

ကုဟုန်က မေးခွန်းထုတ်သည့်အနေဖြင့် ရန်ကျောက်ကဲကိုကြည့်လိုက်တော့ လူငယ်က ပခုံးတစ်ချက်တွန့်ရင်း...

“လော့ကျီးထောင် ၊ ထန်ကျင်းနဲ့ တခြားလူတွေ ကောင်းကင်အက်ကွဲကြောင်းအပြင်ဘက်မှာ ရှိတယ် ၊ အခု ပရမ်းပတာ ဗလာနယ်စီးကြောင်းတွေက အရမ်းပြင်းထန်နေတော့ ထွက်လာနိုင်ပါ့မလားဆိုတာ သူတို့အစွမ်းအစအပေါ် မူတည်တယ်”

“ပြီးတော့ တာ့ရွှမ်တိုင်းပြည်ကလူတွေလည်း အဲဒီမှာရှိနေတယ်”

ကုဟုန် အံ့အားသင့်သွားပြီး ကောင်းကင်အက်ကွဲကြောင်းဆီသို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်သည်။

ထိုအချိန်...

အလွန်တရာထိတ်လန့်တုန်လှုပ်နေသူတစ်ယောက် အက်ကွဲကြောင်းအတွင်းမှ ပြေးထွက်လာသည်ကိုတွေ့ရ၏။

အခြားသူမဟုတ် ၊ ကွမ်းမင်ဂိုဏ်းချုပ် ‘လော့ကျီးထောင်’ ပင်။

လော့ကျီးထောင်မှာ ကပ်ဆိုးကြီးအတွင်းမှ ကပ်သီလေးလွတ်မြောက်ခဲ့သည်ဟု ခံစားရပြီး အလွန်တရာ ကြောက်ရွံ့ထိတ်လန့်လျှက် ရှိသည်။

ဤနေရာတွင်ရှိနေသော တာ့ရွှမ်မင်းဆက်မှလူများကို ဦးဆောင်လာသူက အလွန်တရာ အသက်အရွယ်ကြီးရင့်ဟန်ရှိသော်လည်း မျက်ဝန်းများကတော့ လူငယ်တစ်ယောက်ပမာ တောက်ပနုပျိုနေသည်။ သူက ရှန်လင်ကျီအဆက်အနွယ်မှ အမတကူးပြောင်းခြင်း ကနဦးအဆင့် တန်ခိုးစွမ်းအားရှင် ‘ဟယ်တုန်းချန်’ ပင် ဖြစ်၏။

ရန်ကျောက်ကဲနှင့် လော့ကျီးထောင်တို့ ကောင်းကင်အက်ကွဲကြောင်းအတွင်းမှ ထွက်လာကြသည့်တိုင် ‘ခန်း’ သခင်မတို့သားအမိ’ အရိပ်အယောင်ကို မတွေ့ရသည့်အခါ ဟယ်တုန်းချန် အတော်လေး စိတ်ပူပန်သွားသည်။

သူက ဓားတစ်ချက်ဝှေ့ယမ်းလိုက်ရာ ဓားမိုးစက်အလင်းတန်းများထွက်ပေါ်လာပြီး အချိန်ကာလ နောက်ပြန်ဆုတ်သွားသည့်အလား ထင်မှတ်ရသည်။ ကုဟုန်က ကြုံးဝါးသံတစ်ချက်ပြုရင်း သူ၏ကျင့်ကြံခြင်းစွမ်းအား အမြင့်ဆုံးအထိ ထုတ်ဖော်ကာ ဓားချက်ကို ကာကွယ်လိုက်၏။

သိပ်သည်းလှသောဓားချီက အဆုံးမရှိ သမုဒ္ဒရာရေပြင်အလား မိုးကုတ်စက်ဝိုင်းထက်တွင် လှိုင်းလုံးကြီးများဖြစ်တည်လာစေပြီး ဟယ်တုန်းချန်၏ ဓားချက်ကို တွန်းလှန်လိုက်သည်။

လော့ကျီးထောင်နှင့် ရန်ကျောက်ကဲတို့ ကောင်းကင်အက်ကွဲကြောင်းမှ အန္တရယ်ကင်းစွာထွက်ပေါ်လာပြီဖြစ်ရာ ကုဟုန်က ဆက်လက်တိုက်ခိုက်ခြင်းမရှိတော့ဘဲ ဆုတ်ခွာသွားရန် ဟန်ပြင်လိုက်သည်။

လော့ကျီးထောင်မှာ ကောင်းကင်အက်ကွဲကြောင်းအတွင်းမှ လွတ်မြောက်လာခဲ့သော်လည်း အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော နေစကြာကိုအသုံးပြုလျှင်ပင် ဟယ်တုန်းချန်ကို ရင်ဆိုင်နိုင်ခြင်းမရှိလောက်အောင် အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

ထို့ပြင် တာ့ရွှမ်တိုင်းပြည်တွင် တန်ခိုးစွမ်းအားမြင့်မားသူများ များစွာရှိလေရာ နောက်ထပ်စစ်ကူများ ထပ်မံရောက်ရှိလာပါက ကိုင်တွယ်ရခက်ခဲသွားပေမည်။

ပြီးတော့ လော့ကျီးထောင်က ရန်ကျောက်ကဲကို မကျေမနပ်ဖြင့် စိုက်ကြည့်နေသည်ဖြစ်ရာ ကုဟုန်မှာ ခေါင်းကိုက်သွားရ၏။

ရန်ကျောက်ကဲကတော့ အရေးမစိုက်ဟန် လော့ကျီးထောင်ကို ပြုံးပြလိုက်ပြီး ကောင်းကင်အက်ကွဲကြောင်းဆီသို့ လှည့်ကြည့်လိုက်သည်။

ဟယ်တုန်းချန်သည်လည်း စိုးရိမ်ပူပန်စွာဖြင့် ကောင်းကင်အက်ကွဲကြောင်းဆီသို့ လှမ်းကြည့်နေသည်။ ရန်ကျောက်ကဲ ၊ ကုဟုန်နှင့် အခြားသူများ ဆုတ်ခွာသွားသည်နှင့် သူက အက်ကွဲကြောင်းရှိရာသို့ အလျှင်အမြန် ပြေးသွားသည်။

အလင်းတန်းများဖြာလင်းနေသော အက်ကွဲကြောင်းက တွန့်လိမ်လျှက်ရှိပြီး ပြင်းထန်သောစွမ်းအားများပေါက်ကွဲထွက်နေသည်ကို ခံစားရသည်။ ထိုအပြောင်းအလဲများကို အာရုံခံလိုက်မိသည့်အခါ ဟယ်တုန်းချန် အနည်းငယ် မျက်နှာပျက်သွား၏။

ကောင်းကင်အက်ကွဲကြောင်းသည် အောက်ဘက်တစ်နေရာသို့ ဦးတည်နေသည်သာမက အခြာသော ဗလာနယ်တစ်ခုနှင့်လည်း ချိတ်ဆက်နေကြောင်း ရိပ်မိလိုက်သည်။

ထိုခဏတွင် ထိုနေရာမှ တစ်စုံတစ်ခု လုံဝပြိုကျသွားပြီး ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခု ထွက်ပေါ်လာလေရာ အမတကူးပြောင်းခြင်း ကနဦးအဆင့်ရှိသော ဟယ်တုန်းချန်သည်ပင် တုန်လှုပ်သွားရသည်။

ပိုပြီး စိုးရိမ်စရာကောင်းသည်မှာ ‘ခန်း’ သခင်မနှင့် သားနှစ်ယောက် ကြောက်မက်ဖွယ်ရာစွမ်းအားကိုဖြတ်ကျော်ပြီး ကောင်းကင်အက်ကွဲကြောင်းမှ ထိုးဖောက်ထွက်လာမည်ဆိုလျှင် ကယ်တင်ရန်အချိန်မမီနိုင်တော့ခြင်း ဖြစ်၏။

ထိုအချိန်...

ကောင်ကင်အက်ကွဲကြောင်းအတွင်းမှ အရှိန်အဟုန်ပြင်းစွာထွက်ပေါ်လာသော ဓားအလင်းတန်းတစ်ခုကို တွေ့မြင်လိုက်ရသည်။

ထိုဓားအလင်းတန်းကိုတွေ့မြင်လိုက်သည်နှင့် နောက်ဆုံးနည်းလမ်းဖြင့် အားကုတ်ထုတ်ရတော့မည်ကို ဟယ်တုန်းချန် နားလည်လိုက်တော့၏။

ထိုဓားအလင်းတန်းကိုမြင်လိုက်တော့ လော့ကျီးထောင်၏မျက်နှာတွင် အံ့အားသင့်သော အမူအရာထင်ဟပ်လာသည်။

ရန်ကျောက်ကဲသည်လည်း အံ့သြသွားရ၏။

သူနားလည်ထားသည်မှာ ထို သွေးနီရောင်ဝဲဂယက်က လျှင်မြန်စွာပျက်ဆီးသွားမည်ဖြစ်ပြီး ကွမ်းမင်ဂိုဏ်းနှင့် ‘ခန်း’ သခင်မတို့အုပ်စုနှစ်စုအနက် တစ်စုသာလျှင် လွတ်မြောက်ရန် အချိန်လုံလောက်မည်ဆိုခြင်းပင်။

ယခု တောက်ပသည့်ဓားအလင်းတန်းကို တွေ့မြင်လိုက်ရသည့်ခါ ရန်ကျောက်ကဲ အတွေးနက်နဲသွားသည်။

ထာဝရအလင်းကောင်းကင်ကျမ်းစာမှအစပြုသော အချိန်ရေစီးကြောင်းဓားအလင်းတန်းသည် ရှည်လျားပြီး ထာဝရတည်မြဲသည်ဟု ထင်မှတ်ရသည်။ လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလေ ၊ ဓားအလင်းတန်းက ပိုမိုသိမ်မွေ့လာလေဖြစ်ပြီး ခေတ်အဆက်ဆက်ကို သဲလွန်စမကျန် ဖြတ်သန်းသွားသည်နှင့် ဆင်တူသည်။

ယခုကဲ့သို့ အလွန်တရာ လင်းလက်တောက်ပနေခြင်းက ပုံမှန်မဟုတ်သောဖြစ်စဉ်တစ်ခု ဖြစ်၏။

ဓားအလင်းတန်းက ကြယ်တံခွန်ပမာ ပကတိလင်းလက်နေသည်။

ကုဟုန်၏ဦးဆောင်မှုဖြင့် ရန်ကျောက်ကဲတို့အုပ်စုကတော့ အလျှင်အမြန် ခရီးဆက်ခဲ့ကြသည်။

ဟယ်တုန်းချန်တိုအဖွဲ့က သူတို့နောက်သို့လိုက်လာခြင်းမရှိဘဲ ကောင်းကင်အက်ကွဲကြောင်းကိုသာ အာရုံစိုက်ရင်း ကျန်ရစ်ခဲ့ကြသည်။

ဇာမဏီနယ်မြေမှ ထွက်ခွာလာပြီးနောက် ကုဟုန်က ရန်ကျောက်ကဲနှင့် လော့ကျီးထောင်ကို ကြည့်ရင်း...

“မိတ်ဆွေလေး’ရန်’ နဲ့ ‘လော့’ ဂိုဏ်းချုပ်... ဘာတွေ ဖြစ်ပျက်ခဲ့ကြတာလဲ”

“ပြောရရင်တော့ ... ‘လော့’ ဂိုဏ်းချုပ်က အပြစ်မရှိပါဘူး ၊ ကံဆိုးပြီးဒီကိစ္စထဲဆွဲသွင်းခံရတာပါ”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“ဒီ ‘ရန်’ က ကိစ္စတစ်ခုရှိလို့ ကောင်းကင်အက်ကွဲကြောင်းဆီ ရောက်လာတာ ၊ ကွမ်းမင်ဂိုဏ်းက အကြီးအကဲ’ထန်ကျင်း’ နဲ့ တာ့ရွှမ်တိုင်းပြည်ကလူတွေလည်း ရောက်လာမယ်လို့ ဘယ်ထင်ထားမလဲ”

“သူတို့နှစ်ဖွဲ့လုံးက ဒီ ‘ရန်’ ကို သေစေချင်ကြတယ်လေ ၊ ဒီ ‘ရန်’ က အသတ်ခံရဖို့ထိုင်စောင့်နေတဲ့ စဉ့်တုံးပေါ်ကဘဲတစ်ကောင်မှ မဟုတ်တာ ၊ ဒီတော့ ကောင်းကင်အက်ကွဲကြောင်းမှာ သူတို့နှစ်ဖွဲ့ကို ပြိုင်ပွဲလေးတစ်ခုလောက် လုပ်ခိုင်းလိုက်တယ်”

ရန်ကျောက်ကဲက လော့ကျီးထောင်ကို လှမ်းကြည့်ရင်း...

“’လော့’ ဂိုဏ်းချုပ်ရောက်လာတာကိုတွေ့တော့မှ မင်းတို့ဂိုဏ်းက အကြီးအကဲ’ထန်ကျင်း’ တို့အုပ်စုက ဒီနေရာကို ဘာလာလုပ်သလဲ သဘောပေါက်သွားတော့တယ်”

ရန်ကျောက်ကဲက ရယ်မောရင်း...

“အင်း... ကြိုမသိလို့ပေါ့ဗျာ ၊ ကြိုသိလို့ကတော့ ‘လော့’ ဂိုဏ်းချုပ် ဘယ်တော့မှ ပြန်လာလို့မရအောင် လမ်းကြောင်းကို ထာဝရပိတ်ပစ်လိုက်မှာ ၊ အဲဒီလိုသာဆို ဒီ ‘ရန်’ လည်း အတော်စိတ်ချမ်းသာသွားမယ် ၊ ဘာပဲဖြစ်ဖြစ်ပေါ့လေ... နောက်ဆုံးရလဒ်ကတော့ ပြောင်းလဲမယ်မထင်ပါဘူး”

All Chapters