ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးနှင့် ခန္ဓာဖွဲ့စည်းမြက်
Vol. 11 Ch. 146
မိုဝူကျီက တတ်နိုင်သမျှ မြန်မြန် ရေခဲတောင်မှ ထွက်လာ လိုက်ပြီးနောက် သူလမ်းပျောက် သွားကြောင်း သတိပြုမိ လိုက်သည်။
ဒြပ်ငါးမျိုး ကင်းမဲ့နယ်မှ ထွက်ရန် တစ်လပင် မလိုတော့သည့် အချိန်တွင် သူ့၌ လက်ပတ် မရှိသေးပေ။ ထို့ကြောင့် လက်ပတ်တစ်ခု ရဖို့ရန် ဦးစားပေး ဖြစ်နေလေ၏။
လမ်းပျောက် ပြီးနောက် မိုဝူကျီက မစိုးရိမ်ပေ။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ လူငါးထောင်ကျော် ဝင်လာကြသည့် အတွက် ကျန်ရှိနေသည့် အချိန်အတွင်း တစ်ယောက်နှင့်မျှ မတွေ့ဖူးဆိုတာ မယုံပေ။
သို့သော် သူ၏ အကြီးမားဆုံး နောင်တကား ခရမ်းကြာပန်း တချို့မှ လွဲ၍ ဆေးပင်များကို များများ မခူးဆွတ် နိုင်ခဲ့ခြင်းသာ ဖြစ်၏။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်တွင် ထိပ်တန်း ဆေးပင်များစွာ ရှိသည့်အတွက် အမှန်တကယ် ဝမ်းနည်းဖို့ ကောင်းလှ၏။
ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်လာသည့် ပထမရက်မှ စ၍ မိုဝူကျီသည် တောက်လျှောက် ပြေးလွှား နေခဲ့၍သော် လည်းကောင်း နှစ်လတာလုံး ရေခဲတောင်တွင် အချိန် ကုန်ဆုံး၍သော် လည်းကောင်း အချိန်များ ကုန်နေခဲ့၏။ သူ့အတွက် ဆေးပင်များ ရယူဖို့ အခွင့်အရေးပင် မရှိချေ။ အမှန်တကယ်တော့ သူက ဆေးပင်များကို မည်သည့် နေရာတွင် သွားရှာရမည် မှန်းလည်း မသိချေ။
သူ့ပတ်ဝန်းကျင်မှ သိပ်သည်း လှသော ဝိညာဉ် စွမ်းအားများကို ခံစားမိပြီး မိုဝူကျီက ဝိညာဉ် စွမ်းအားများ ပို၍ သိပ်သည်းသည့် ဦးတည်ရာသို့ သွားရန် ရွေးချယ် လိုက်တော့သည်။
သူမရပ်နားခင် သုံးရက်တာလောက် အမြန်အဆန် ပြေးခဲ့ရ၏။ နောက်ဆုံးတွင် မြင်ကွင်းထဲ ကျင့်ကြံသူ တစ်ယောက် ပေါ်လာလေပြီ။ သူစိမ်း တစ်ယောက်ကို တားဆီးခြင်းက သူ့ကဲ့သို့ ကျင့်ကြံဆင့် အတွက် အန္တရာယ် များလွန်းသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ ထိုသည်က သူ့အတွက် ထွက်လမ်းကို တွေ့နိုင်ဖို့ရန် ဖြစ်သည်။
“မင်းမှာ ဘာကိစ္စ ရှိလို့လဲ ...” ကျင့်ကြံသူက မိုဝူကျီ ထွက်ပေါ် လာသည်ကို မြင်လိုက်၍ ခါးကို ခါလိုက်သည်နှင့် လခြမ်းကွေး ဓားက သူ့လက်ထဲ ရောက်ရှိလာသည်။ တစ်ချိန်တည်းတွင် သူက မိုဝူကျီကို သတိတကြီး ထား၍ မေးလိုက်သည်။
ထိုကျင့်ကြံသူ မျက်နှာကား ဝါကြင့်ကြင့် ဖြစ်နေပြီး အန္တရာယ်ရှိသည့် အငွေ့အသက်များ ထုတ်လွှင့်နေသည်။ မိုဝူကျီက အမြန်အဆန် ဦးညွှတ်လိုက်ကာ …
“မိတ်ဆွေ ကျုပ်က လက်ပတ် ပျောက်သွားလို့ ပြန်လမ်းလေး မေးချင်လို့ပါဗျာ ... တကယ်လို့ ခင်ဗျားလည်း ဦးဆုံးနေရာ ပြန်သွားမှာ ဆိုရင် ကျုပ်နဲ့ အတူတူ သွားပေးလို့ ရမလားဗျ ...”
ထိုလူတွင် သွေးများ ပေကျံနေကာ မိုဝူကျီက ဦးတည်ရာ မေးလိုက်သည့် အချိန်တွင်လည်း သူက ကာကွယ်သည့် ပုံစံအပြည့် ရှိနေဆဲ ဖြစ်၏။
“ခင်ဗျား ဆေးလုံး ပြိုင်ပွဲတုန်းက ဆေးလုံးဆရာ ၆၃၂လား ...” ဝါကြင့်ကြင့် အမျိုးသားက မိုဝူကျီကို သေချာ ထပ်ကြည့်ပြီး မေးလိုက်သည်။ ဤတစ်ကြိမ်တွင် သူက အလွန်အမင်း စိတ်လှုပ်ရှား နေဟန် ပေါ်သည်။
“ဟုတ်ပါတယ် ကျုပ်က ဆေးလုံး ပြိုင်ပွဲမှာ ကံကောင်းပြီး အဆင့်ငါးဆယ် ရခဲ့တဲ့ ဆေးလုံးဆရာ ၆၃၂ ပါ ...” မိုဝူကျီက မငြင်းဆန်ပေ။ ထိုလူက သူ့အား မှတ်မိမှတော့ ပြိုင်ပွဲ တစ်ခုလုံးကို တွေ့ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။
မိုဝူကျီက ဆေးလုံးဆရာ ၆၃၂ ဖြစ်သည်ကို ကြားကာ ဝါကြင့်ကြင့် အမျိုးသားက သက်ပြင်း ချလိုက်ပြီး ဓားကို ပြန်သိမ်း လိုက်တော့သည်။ လေးလေးစားစား ဦးညွှတ် လိုက်ပြီး ပြန်ပြောလိုက်သည်။
“ကျုပ်က တစ်ကိုယ်တော် ကျင့်ကြံသူ ယွီကျီပါ ... ဆေးလုံးဆရာ မိုနဲ့ တွေ့ခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ် ...”
သူက မိုဝူကျီ ကျင့်ကြံဆင့်ကို သိ၏။ အကြောင်းမှာ ဆေးလုံးသခင် မင်နင်က သူ့သည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တွင် ဖြစ်ကြောင်း ပြောဖူး၏။ မိုဝူကျီက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ ဝင်လျှင်ပင် သူ့အတွက် အန္တရာယ် မဖြစ်စေနိုင်ပေ။ သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၉သို့ ရောက်နေပြီ ဖြစ်၏။ ထို့အပြင် မိုဝူကျီကို သေချာ ကြည့်လိုက်သောအခါ ယွီကျီက သူ့ကျင့်ကြံဆင့်သည် သိပ်မမြင့်သေးကြောင်း သိလိုက်၏။
အားကောင်းသော ကျင့်ကြံသူသည် သာမန် အငွေ့အသက်များသာ ရှိနေပြီး ဝိညာဉ်စွမ်းအား လှုပ်ရှားမှု မရှိသည့် မိုဝူကျီနှင့်တော့ သေချာပေါက် တူညီမည် မဟုတ်ပေ။
“အဲဒါဆို အစ်ကိုယွီကလည်း ကျုပ်လို တစ်ကိုယ်တော် ကျင့်ကြံသူပေါ့ ...” မိုဝူကျီက ပြုံးရင်း ပြောလိုက်သည်။ သို့သော် စိတ်ထဲတွင် အနည်းငယ် ဝေခွဲမရ ဖြစ်နေလေ၏။ သူ့ထက် ကျင့်ကြံဆင့် များစွာ မြင့်နေသည့် ယွီကျီကဲ့သို့ သူမျိုးက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တွင် ရှိနေသည့် သူ့အား ယဉ်ကျေး ရည်မွန်စွာ ဆက်ဆံ နေသည်လား ... ယွီကျီက သူ့ကို ဆေးလုံးဆရာ ၆၃၂မှန်း သိသည့်အတွက် သူ့ကျင့်ကြံဆင့် နိမ့်မှုကား လျှို့ဝှက်ချက် မဟုတ်တော့ပေ။
“ဆေးလုံး ဆရာမိုလည်း တစ်ကိုယ်တော် ကျင့်ကြံသူပေါ့ ...” ယွီကျီက သူနှင့် မိုဝူကျီတို့ တူညီနေသည့် အရာကို တွေ့ပြီး တအံ့တအား ဖြစ်သွားလေ၏။
ထိုလူက သူနှင့် မိတ်ဆွေ ဖွဲ့ချင်နေတာ ဖြစ်ရမည်။ မိုဝူကျီက ထိုကိစ္စအား သေချာ သွားလေ၏။ မဟုတ်လျှင် ယွီကျီက ထိုမျှ ချဲ့ကား ပြောနေမည် မဟုတ်လောက်ပေ။ ထို့အပြင် မိုဝူကျီက လမ်းကြောင်း မေးရုံသာဖြစ်၏။
“ဆေးလုံး ဆရာမို ကျုပ်နဲ့ အတူတူသွား ...” ယွီကျီက မိုဝူကျီ တောင်းဆိုချက်ကို လက်ခံ လိုက်သော်လည်း အနည်းငယ် တွေဝေစွာဖြင့် မေးလိုက်သည်။
“ဒါပေမဲ့ ခင်ဗျားက အဆင့်လေး ဆေးလုံးကို ဖော်စပ်နိုင်လား ဆိုတာ သိခွင့်ရှိမလား ...”
မိုဝူကျီက ခဏတာ ရပ်လိုက်ပြီး ပြန်ဖြေ လိုက်သည်။
“ကျုပ်က အဆင့်လေး ဆေးလုံးတော့ မဖော်စပ် နိုင်သေးပေမဲ့ အချိန် ခဏကြာရင် ၁၀၀ ရာခိုင်နှုန်းပြည့် ဖော်စပ် နိုင်လိမ့်မယ်လို့ ယုံတယ် ...”
မိုဝူကျီက အဆင့်လေး ဆေးလုံး မဖော်စပ်နိုင် သေးတာက အမှန်ဖြစ်၏။ သူကြိုးစားခဲ့ သမျှ အကြိမ်တိုင်း ကျရှုံးမှုနှင့်သာ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် သူက အဆင့်လေး ဆေးလုံးကို အောင်အောင်မြင်မြင် မဖော်စပ် နိုင်သေးပေ။
သူသာ အဆင့်လေး ဆေးလုံးဖော်စပ် နိုင်သည်ဟု ပြောမိလျှင် ယွီကျီက သူ့အား အဆင့်လေး ဆေးလုံး ဖော်စပ် ခိုင်းမည်ကို စိုးရိမ်မိ၏။ သို့သော် သူ မလုပ်နိုင်ဘူးဟု ပြောလျှင် ယွီကျီက သူ့အား ချက်ချင်းပင် လျစ်လျူရှု သွားနိုင်၍ ကိစ္စများက ဆိုးရွား လာနိုင်၏။
ယွီကျီနှင့် တွေ့ဖို့ရာ သုံးရက်ကြာခဲ့၍ အကယ်၍ ယွီကျီသာ ထွက်သွားလျှင် သူက နောက်ကျင့်ကြံ သူနှင့် တွေ့ဖို့ မည်မျှ ထပ်စောင့် ရမည်မှန်း မသိပေ။ ထို့အပြင် နောက်လူက သူ့အား အချိန်ကြာကြာ ပေးမလား ဆိုတာလည်း မသိပေ။ နောက်လူက စကား တစ်ခွန်းမျှ မပြောဘဲ သူ့အား သတ်ပစ် လိုက်လျှင်လည်း မည်သူ သိမည်နည်း။
သို့သော်လည်း သူက မကြာခင် ကျရှုံးမှုမရှိ အဆင့်လေး ဆေးလုံးဖော်စပ် နိုင်လိမ့်မည်ဟု ပြောခြင်းက အပို မဟုတ်ပေ။ သူ့လက်ရှိ အင်အားက အရင်တစ်ခါ အဆင့်လေး ဆေးလုံး ဖော်စပ်တာထက် များစွာ ကြီးမား လာပေသည်။ သူ့စိတ် စွမ်းအားလည်း အဆင့်တက် လာလေ၏။ သူ့တွင် စိတ်စွမ်းအား ကျင့်စဉ်များ မရှိသော်လည်း သူ့စိတ် စွမ်းအားက ယခင်ကထက် အနည်းဆုံး နှစ်ဆင့် မြင့်လာကြောင်း ခံစားမိဖို့ရာ မခက်ခဲလှပေ။
သူ့လက်ရှိ အခြေအနေဖြင့် အဆင့်လေး ဆေးလုံးကို ဖော်စပ်နိုင်လျှင် ထိုသို့ လုပ်နိုင်သည့် လူငယ် ဆေးလုံးဆရာ အရေအတွက်က အရမ်းကို နည်းလိမ့်မည်။ သို့သော် လက်တွေ့တွင် သူက ဆေးလုံး ပြိုင်ပွဲ၌ အဆင့်လေး လူငယ်ဆေးလုံး ဆရာများစွာကို တွေ့ဖူးထားသည်။ အင်ပါယာ ငါးခုကဲ့သို့ ကြီးမားသော နယ်ပယ်များတွင် အဆင့်လေး ဆေးလုံးဆရာက ရာဂဏန်းတော့ ရှိလိမ့်မည်။ တစ်ယောက်ချင်းစီက အရမ်းကို အဖိုးတန်သော တည်ရှိမှုမျိုး ဖြစ်ကြလိမ့်မည်။ သို့သော်လည်း အဆင့်လေး ဆေးလုံးဆရာများက ရှားပါးလှချည်တော့ မဟုတ်ပေ။
“ဆေးလုံး ဆရာမိုကို အဆင့်လေး ဆေးလုံး ဖော်စပ်ဖို့ အကူအညီ တောင်းချင်လို့ပါ ကျေးဇူးပြုပြီးတော့ မငြင်းပယ်ပါနဲ့ဗျာ ...” မိုဝူကျီက မကြာခင် အဆင့်လေး ဆေးလုံး ဖော်စပ် နိုင်တော့မည်ကို ကြားပြီး ယွီကျီက ချက်ချင်း ဒူးထောက်ကာ မျက်ရည်များ ထိန်းထားရင်း ပြောလိုက်သည်။
ထိုအခြေအနေကား မိုဝူကျီ အစောပိုင်းတွင် တွေ့ခဲ့ရသည့် ကိုယ်ကြမ်း နှုတ်ကြမ်း အမူအရာများဖြင့် ကွဲပြားသွားကာ …
“အစ်ကိုယွီ ထပါဗျာ အဆင့်လေး ဆေးလုံး ဖော်စပ်တာ အဲဒီလောက် ကြီးကျယ်တဲ့ ကိစ္စ မဟုတ်ပါဘူးဗျာ ဘာလို့ ဒီလောက်ထိ လုပ်နေတာလဲ ...” မိုဝူကျီက ယွီကျီကို ဆွဲထူရင်း ပြောလိုက်သည်။ ယွီကျီက သူ့အား ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေသည့် အကြောင်းအရင်းကို နားလည် သွားလေပြီ။ သူဆီမှ တစ်ခုခု တောင်းဆိုရန် ဖြစ်၏။
သို့သော် ယွီကျီ၏ အင်အားနှင့် ကျင့်ကြံဆင့်နှင့် ဆိုလျှင် အဆင့်လေး ဆေးလုံးအတွက် ထိုမျှ အားကိုးအားထား ပြုစရာ မလိုလောက်ပေ။ အဆင့်လေး ဆေးလုံးဆရာ မည်မျှပင် ရှားပါးနေပါစေ သူက အနည်းဆုံး နှစ်ယောက် လောက်တော့ ရှာတွေ့နိုင်၏။ ထို့အပြင် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံး ပြိုင်ပွဲတွင် ရာဂဏန်းလောက် တက်ရောက် ကြသေး၏။
ယွီကျီက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။
“ကျုပ်ဇနီးက လူတချို့ကြောင့် ဒဏ်ရာရပြီးတော့ နေ့တိုင်း ညနေ သုံးနာရီကနေ ငါးနာရီကြား သွေးတွေ မရပ်မနား အန်တယ် ... ကျုပ်သာ သူ့ကို သွေးအား ပြန်ဖြည့်ဆေးတွေ မပေးခဲ့ရင် သူမက ...”
ထိုအထိ ပြောပြီး သူ့ဇနီး ခံစားနေရသည့် ပုံရိပ်များက သူ့မျက်လုံးထဲ ပေါ်လာသည့် အတွက် ဆက်၍ မပြောနိုင်တော့ချေ။
မိုဝူကျီက အခြေအနေကို ချက်ချင်း သဘောပေါက် သွားကာ မေးခွန်းကို ပြန်လည် တုံ့ပြန်လိုက်သည်။
“အစ်ကိုယွီ ခင်ဗျားရဲ့ ဇနီးရဲ့ နေ့ဝိညာဉ် လမ်းကြောင်းက တခြား သူတွေကြောင့် တော်တော် ထိခိုက်သွားတာ မလား ... တကယ်လို့ အဲဒီလိုဆိုရင် ခင်ဗျား ဇနီးကို သွေးအားဖြည့် ဆေးတွေ တိုက်တာက အဆိပ်ပင် ရေလောင်းတာနဲ့ အတူတူပဲဗျ ...”
နေ့ဝိညာဉ် လမ်းကြောင်းကား လူခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်လမ်းကြောင်း တစ်ခု ဖြစ်၏။ အပြင်းအထန် ထိခိုက် သွားပါက လူသည် နေ့စဉ်နေ့တိုင်း သွေးများ အဆက်မပြတ် အန်နေလိမ့်မည်။ အချိန်တချို့ ကြာပြီးနောက်တွင် နေ့ဝိညာဉ် လမ်းကြောင်းကား လုံးဝ အသုံးမဝင် ဖြစ်လာလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါ အခြားသော ဝိညာဉ် လမ်းကြောင်းများပါ ရှုံ့တွလာပြီး ထိုလူသည်လည်း ရှုံ့တွ၍ သေဆုံး သွားလိမ့်မည်။
နေ့ဝိညာဉ် လမ်းကြောင်း ပျက်စီးပြီး နောက်တွင် ထိုလူက သွေးများ အန်သော်လည်း မည်သည့် သွေးအားဖြည့် ဆေးမှ မသောက်သုံးသင့်ပေ။ များများ သောက်လေ နေ့ဝိညာဉ် လမ်းကြောင်းက မြန်မြန် ခန်းခြောက်လေ ဖြစ်၏။
ထိုသည်က စကားလုံးမဲ့ ဆေးနည်း စာအုပ်တွင် ဖတ်ဖူးထားခြင်း ဖြစ်၏။ သူဖတ်ခဲ့သည့် အကြောင်းအရာက နေ့ဝိညာဉ် လမ်းကြောင်း မဟုတ်ဘဲ အဆင့်လေး ဆေးလုံး ဖြစ်သည့် ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးဖြစ်၏။ ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးသည် အဆင့်လေး ဆေးလုံးဖြစ်ကာ အဓိက ပါဝင်ပစ္စည်း ဖြစ်သည့် ခန္ဓာ ဖွဲ့စည်းမြက် ရှားပါးမှုကြောင့် အဆင့်ငါး ဆေးလုံးထက်ပင် ပို၍ အဖိုးတန်လေ၏။
ခန္ဓာ ဖွဲ့စည်းခြင်း ဆေးလုံးက ဝိညာဉ် လမ်းကြောင်းရှိ ထိခိုက်မှု အမျိုးမျိုးကို ပြန်လည်ကုသ ပေးနိုင်၏။ ထို့ကြောင့် ကျင့်ကြံသူများ အတွက် ထိုသို့သော ဆေးလုံးမျိုးသည် အဖိုးတန်ဆုံး ထဲမှ တစ်ခု ဖြစ်နေသည်။ ပါဝင် ပစ္စည်းများက ဈေးကြီးရုံ သာမက ဆေးလုံး ဖော်မြူလာလည်း ရှားပါးလှ၏။ ဈေးကွက် အတွင်းရှိ ခန္ဓာ ဖွဲ့စည်းခြင်း ဆေးလုံး အရေအတွက်မှာ နည်းပါးလွန်း၍ ထိုဆေးများ ပေါ်လာသည်နှင့် အမြန်အဆန် ကုန်သွားလေ၏။
ပြင်းထန်စွာ ထိခိုက်နေသော ဝိညာဉ် လမ်းကြောင်းကို ပြုပြင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ခန္ဓာ ဖွဲ့စည်းခြင်း ဆေးလုံးကို အသုံးပြုခြင်း ဖြစ်၏။
“ဆေးလုံး ဆရာမိုက တန်းသိတာပဲ ... ကျုပ်ဇနီးရဲ့ နေ့ဝိညာဉ် လမ်းကြောင်းက အခြား လူတွေကြောင့် အကြီးအကျယ် ဒဏ်ရာရထားတာ ... သူ့ကို သွေးအားဖြည့် ဆေးတွေ တိုက်တာက သူမအတွက် မကောင်းမှန်း သိပေမဲ့ တခြား နည်းလမ်း မရှိတော့လို့ပါ ... တကယ်လို့ ကျုပ်သာ သူ့မကို မတိုက်ခဲ့ရင် သူမက အခုချိန်လောက်ဆို ...” ယွီကျီက ငိုမဲ့မဲ့ ဖြစ်နေလေ၏။ သူက သူဇနီးကို မည်မျှ ချစ်မြတ်နိုးကြောင်း သိနိုင်သည်။
“ကျုပ်ကို ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံး ဖော်စပ်ပေးစေ ချင်တာလား ...” မိုဝူကျီက ယွီကျီ အခြေအနေကို မြင်ပြီး ထပ်၍ သွယ်ဝှက် မနေတော့ပေ။
ယွီကျီက ဒူးတစ်ကြိမ် ထပ်ထောက် လိုက်ရင်း ဤတစ်ကြိမ်တွင် တစ်ဖက်တည်း မဟုတ်ဘဲ နှစ်ဖက်လုံး ဖြစ်၏။
“ဆေးလုံး ဆရာမိုသာ ခန္ဓာ ဖွဲ့စည်းခြင်း ဆေးလုံးကို ကျုပ်အတွက် ဖော်စပ်ပေးမယ် ဆိုရင် ကျူပ် ယွီကျီက ကျူပ်ဘဝ တစ်လျှောက်လုံး အစေခံအဖြစ် လုပ်ကျွေး ပြုစုပါ့မယ် ...”
သက်ပြင်း ချလိုက်ပြီး မိုဝူကျီက ပြန်ဖြေ လိုက်သည်။
“ကျုပ်က ခန္ဓာ ဖွဲ့စည်းခြင်း ဆေးလုံး ဖော်တာတော့ မကူညီနိုင်ဘူး ...” ထိုအရာကို ကြားပြီး ယွီကျီ မျက်လုံးထဲမှ စိတ်ပျက်မှုများက ဖဖုံးထား နိုင်တော့ချေ။ သူက ဖြည်းဖြည်းချင်း မတ်တတ် ရပ်လိုက်ပြီး ခဏတာ တိတ်ဆိတ် နေပြီးတော့ ထပ်ပြောလိုက်သည်။
“ကျုပ်က မဖြစ်နိုင်တာတွေ အိပ်မက် မက်မိနေတယ် ထင်ပါတယ်ဗျာ ... ကျုပ် အရင်က ဆေးလုံးဆရာ တော်တော်များများကို အကူအညီ တောင်းခံခဲ့ပေမဲ့ သူတို့မှာ ဆေးပင် မရှိတာရယ် ဖော်မြူလာ မရှိတာရယ် ဆိုတော့ ...”
သူက ခေါင်းကို ခါလိုက်ပြီး ယွီကျီက ဆက်မပြောတော့ပေ။ မိုဝူကျီကို သူ၏ တောင်းဆိုမှုက အရေးကြီးနေ၍ မဟုတ်ပေ။ ဆေးလုံးပြိုင်ပွဲ ပြီးစီး သွားသည်နှင့် သူက မိုဝူကျီကို ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ပေ။ သူ့အမြင်အရ မိုဝူကျီကဲ့သို့ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူသည် မြေကမ္ဘာအဆင့် ဆေးလုံးများထက် ပို၍ ထင်းထွက်နေကာ ပထမနှစ်ပွဲတွင် အဆင့် တစ်ဆယ်ထဲ ပါလိုက်သေး၏။ ထိုသည်က မိုဝူကျီတွင် အံ့ဖွယ်ဆရာ ရှိကြောင်း ညွှန်ပြ နေလေ၏။ သူက မိုဝူကျီ မဖော်စပ် နိုင်လျှင်ပင် သူ့ဆရာတော့ ဖော်စပ် နိုင်လိမ့်မည်ဟု တွေးခဲ့ခြင်း ဖြစ်၏။
ယန်အာကို တွေးလိုက်ပြီး မိုဝူကျီက ယွီကျီကို သနားစာနာ လာမိသည်။ ထို့ကြောင့် သူက စိတ်မရှည်စွာ ပြန်ဖြေလိုက်သည်။
“အစ်ကိုယွီ ကျုပ်မှာ ဆေးလုံး ဖော်မြူလာလည်း ရနိုင်တယ် အခြား ဆေးပင်တွေလည်း ရနိုင်တယ် ... ဒါပေမဲ့ ခန္ဓာဖွဲ့စည်းမြက် အတွက်ကျ ...”
ယွီကျီ၏ အိတ်ထဲမှ များပြားစွာသော ဆေးပင်များက သူ့လက်ထဲ ရောက်ရှိ လာလေ၏။ မိုဝူကျီက ထိုဆေးပင်များကို မြင်သည့်အခါ ပါးစပ် အဟောင်းသား ဖြစ်သွားလေ၏။ အပုံလိုက်တွင် ရှားပါးသော ဆေးပင်များ ပါဝင်နေသည်။ အဆင့်နိမ့်ဆုံး ဆေးပင်ပင် အဆင့်သုံး ဆေးပင်များ ဖြစ်ကြသည်။ အဆင့်လေး အဆင့်ငါးနှင့် အဆင့်ခြောက် ဆေးပင် တချို့ပါ ပါနေသေး၏။
ကောင်းကင် ဂျင်ဆင်း ၊ ရတနာ လေပွေအသီး၊ နေနီအရွက် ...
အမျိုးမျိုးသော ဆေးပင်များကို ရှုပ်ယှက်ခတ်စွာ ရောနှောထား၏။
မိုဝူကျီက လေအေးများ ရှူသွင်းလိုက်သည်။ သူသည် ဤနေရာသို့ ဝင်လာစဉ် ကတည်းမှ ဆေးပင် တစ်ပင်တောင် မမြင်ရသေးချေ။ ထိုလူက ဝိညာဉ်ဆေးပင် ဥယျာဉ်များ ဓားပြတိုက်လာ သလား ...
***