← Chapters

လင်ဇီးအတွက် တိုက်ပွဲ

Vol. 11 Ch. 147

လင်ဇီးအတွက် တိုက်ပွဲ

Vol. 11 Ch. 147

“ဆေးလုံးဆရာမို ကျုပ် ခန္ဓာဖွဲ့စည်းမြက် သုံးပင်ကို ဒီမှာ ထားခဲ့မယ် ...” မိုဝူကျီက ဆေးပင်များကို ငေးကြည့် နေသည်ကို မြင်၍ ယွီကျီက ကျောက်စိမ်းသေတ္တာ သုံးလုံးကို ထုတ်ယူပြီး ပြောလိုက်သည်။

မိုဝူကျီက မြေကြီးပေါ်ရှိ ဆေးပင်များကို ကြည့်လိုက်ပြီး ယွီကျီကို ပြောလိုက်သည်။

“အစ်ကိုယွီ ဒီဆေးပင်တွေနဲ့ ဆိုရင်တောင် ကျူပ်တို့မှာ အခြား ဆေးပင်တွေ နည်းနည်း လိုနေသေးတယ် ... ဒါပေမဲ့ အဲဒါတွေက အပြင်မှာ ရနိုင်တယ် ဝယ်ဖို့က မခက်ခဲလောက်ဘူး ...”

အမှန်တရားကား မိုဝူကျီက ဆေးပင် တချို့ကို မြင်လိုက်ရသည့် အတွက် စိတ်လှုပ်ရှား သွားလေ၏။ အထူးသဖြင့် ကောင်းကင် ဂျင်ဆင်းနှင့် နှစ်တစ်သောင်း လုံယန်မြက်တို့ ဖြစ်သည်။ ထိုအရာများကား သူအမှန်တကယ် လိုအပ်နေသော အရာများ ဖြစ်၏။ ကောင်းကင် ဂျင်ဆင်းနှင့် ရွှေဝါရောင် ဂျင်ဆင်းတွင် တူညီသည့် သဘော သဘာဝရှိပြီး ဂျင်ဆင်းမျိုးနွယ်ထဲတွင် ပါဝင်ပေသည်။ သို့သော်လည်း ကွာခြားချက်က ကောင်းကင်ဂျင်ဆင်းသည် အဆင့််လေး ဆေးပင် ဖြစ်၏။ ရွှေဝါရောင် ဂျင်ဆင်း နေရာတွင် အစားထိုး လိုက်လျှင် သူ့ဆေး အာနိသင်ကား ဆယ်ဆမက တိုးတက် သွားစေလိမ့်မည်။

ထိုအရာများသည် ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးဖော်စပ်ဖို့ရာ လိုအပ်သည့် ထိပ်တန်း ဆေးပင်များ ဖြစ်နေသည်။ သူတို့သည် သူ့ရှေ့တွင် ရှိနေသေး၏။ နှစ်တစ်သိန်း ထင်းရှူးနှင့် ခရမ်း ကြာပန်းမြစ် ရှိနေပြီး သူ့တွင် လိုအပ်နေသည့် တစ်ခုတည်းသော အရာက လင်ဇီးသာ ဖြစ်၏။

သန့်စင်မှု မြင့်သည့် မီးကျောက် အတွက် နှမြောဖို့ ကောင်းသည်က သူတွေ့လိုက် သော်လည်း အခြား သူများထက် အရင် ယူဖို့ရာ အခွင့်အရေး မရှိခဲ့ပေ။ သန့်စင်မှု မြင့်သည့် မီးကျောက် မရှိလျှင်ပင် သူ့တွင် ပို၍ အံ့အားသင့်ဖွယ်‌ ကောင်းသည့် မီးကျောက်တုံး ရှိနေသေး၏။ မြေကမ္ဘာ မီးချိုင့်မှ ရရှိလာသည့် မီးကျောက်တုံးကား သာမန် မီးကျောက်များထက် သေချာပေါက် ပိုကောင်းလိမ့်မည်။

“ဆေးလုံးဆရာမို ဆေးပင်တွေက လတ်လတ်ဆတ်ဆတ် ဆိုရင် ပိုကောင်းမလား ...” ယွီကျန်က မိုဝူကျီ ပြောသည်ကို ကြားပြီး ရုတ်တရက် မဆီမဆိုင် ထမေးလိုက်သည်။

မိုဝူကျီက ခေါင်းကို ညိတ်လိုက်ပြီး …

“ဆေးပင်တွေက လတ်ဆတ် လေလေ ဆေးဖော်စပ်တာ အာနိသင် ပိုကောင်းလေပဲ ... ဒါပေမဲ့လည်း အဲဒီလို လတ်ဆတ်တာက ရှာဖို့ မလွယ်ဘူး ... ခင်ဗျား ယူလာတဲ့ ဆေးပင်တွေက ကောင်းကောင်း သိမ်းမထားပေမဲ့ ... လတ်ဆတ်တယ် လို့တော့ ယူဆလို့ ရပါတယ်”

မိုဝူကျီလည်း ဝိညာဉ် ဆေးပင်များကို သိမ်းဆည်းသည့် အကြောင်း များစွာ မသိပေ။ သူသည် ဆေးပင်များကို လတ်ဆတ်ဖို့ရာ အတွက် သီးသန့် ပြုလုပ်ထားသည့် ကျောက်စိမ်း သေတ္တာများကို ဆိုင်များတွင် ဝယ်ယူ၍ ရမှန်းသာ သိ၏။ ထိုအရာမှ လွဲ၍ လတ်ဆတ်သော ဆေးပင်များကို ဆေးပင်ခြောက် အဖြစ် ပြောင်းလဲ၍ သိမ်းဆည်း နိုင်ခြင်းကို သိ၏။ ထိုအရာက ဆေးပင်၏ အာနိသင်များကို လျော့ကျ သွားစေသော်လည်း ထိပ်တန်း ဆေးလုံးဆရာ တစ်ယောက်အတွက် ခြားနားချက် သိပ်မရှိပေ။

ယခုတွင် မိုဝူကျီက အစီအရင် တာအိုနှင့် ထိတွေ့ထားသည့် အတွက် ထိုဆိုင်များမှ ကျောက်စိမ်း သေတ္တာကို ဝယ်ယူရန် မလိုတော့ပေ။ သူ့ကိုယ်ပိုင် ကျောက်စိမ်း သေတ္တာကို ကိုယ်တိုင် ပြုလုပ် နိုင်ပေမည်။

“အစ်ကိုယွီ စိတ်မပူပါနဲ့ဗျာ ကျုပ်က ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးကို ဖော်စပ် ပေးမယ်လို့ ကတိ ပေးပြီးပြီလေ ကျုပ်မှာ အခု ဆေးဖော်မြူလာ မရှိသေးပေမဲ့ တစ်နည်းနည်းနဲ့ ရောက်လာမှာပါ ... ပြီးတော့ အစ်ကိုယွီမှာ ကျုပ်စိတ်ဝင်စားတဲ့ ဆေးပင်တချို့ ရှိတယ် ကျုပ်ကို နည်းနည်း မျှပေးလို့ ရမလား ... ” မိုဝူကျီက မတောင်းဆိုပဲ မနေနိုင်တော့ချေ။

ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးသည် သူ့အတွက် အရေးပါလွန်း လှသည်။ သူ ဤနေရာမှ ထွက်သွားသည်နှင့် လတ်ဆတ်မှုကို ထည့်မတွက်လျှင်ပင် တူညီသည့် အဆင့်များ ရှိသော ဆေးပင်များကို ရရှိဖို့ရာ အလွန် ခက်ခဲ သွားပေမည်။

ယွီကျီက ဆေးပင်များနှင့် ကျောက်စိမ်းသေတ္တာ သုံးခုလုံးနှင့် အတူ မိုဝူကျီဆီ အကုန်တွန်းပို့ လိုက်ပြီးတော့ ပြောလိုက်သည်။

“ဆေးလုံးဆရာမို ဒါတွေအားလုံးက ခင်ဗျား အတွက်ပါ ကျုပ်အတွက်က ခန္ဓာ ဖွဲ့စည်းခြင်း‌ ဆေးလုံး တစ်သုတ်စာပဲ ဖော်စပ်ပေးပါ ... မဟုတ်ဘူး တစ်သုတ်လုံး စာတောင် မလိုဘူး သုံးလုံးဆို ရပါပြီ ... အမှန်ဆို တစ်လုံး ဆိုရင်တောင် လုံလောက် လောက်တယ် ...”

မိုဝူကျီက ယွီကျီကို ကြည့်လိုက်ပြီး …

“အစ်ကိုယွီ ကျုပ်ကို အဲဒီလောက် ယုံတယ်လား ...”

ယွီကျီက ပြုံးကာ ပြောလိုက်လေသည်။

“ဆေးလုံး ဆရာမိုက ကျုပ်ယုံကြည်မှုနဲ့ ထိုက်တန်တဲ့လူလို့ ယုံတယ် ...”

အကြောင်းမှာ ယွီကျီက ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးအတွက် ဆေးလုံးဆရာ များစွာကို ချဉ်းကပ် ခဲ့သော်လည်း အကူအညီ မရရှိခဲ့ပေ။ သူ့ဘိုးဘေးများမှ ထားရစ်ခဲ့သော ချမ်းသာကြွယ်ဝ ကံကောင်းမှုများပင် ကုန်ဆုံးလု မတတ် ဖြစ်နေခဲ့လေပြီ။ သို့သော် ဆေးလုံးရဖို့ရာ အတွက် မနီးစပ်သေးပေ။ ဆေးလုံးဆရာ အများစုက သူ့နှင့် တွေ့ဖို့ရာပင် စိတ်ကူး မရှိကြပေ။

မိုဝူကျီက ကူညီဖို့ လက်ခံသည့် ပထမဆုံးလူ ဖြစ်ကာ သူက ထိုဆေးလုံးကို ဖော်စပ်ပေးမည်ဟု ကတိပါ ပေးထားသေး၏။ ထို့ကြောင့် သူက မိုဝူကျီကို ယုံကြည်ရုံ အပြင် ရွေးချယ်စရာ မရှိပေ။ သူက အခုချိန်မှစ၍ ဆေးလုံး အောင်မြင်အောင် ဖော်စပ်ပြီးသည့် အထိ မိုဝူကျီနောက် လိုက်ရန် ဆုံးဖြတ်ထားသည်။

အကြောင်းအားဖြင့် ယွီကျီတွင် ခန္ဓာဖွဲ့စည်းမြက် သုံးပင်ထက် ပို၍ ရှိ၏။ သူတွင် ခြောက်ပင် ရရှိခဲ့ သော်လည်း သုံးပင်ကို ကိစ္စ တစ်ခုခု ဖြစ်လာခဲ့လျှင် အတွေးဖြင့် သူ့ဘာသာ သိမ်းဆည်း ထား၏။ ခန္ဓာ ဖွဲ့စည်းခြင်း ဆေးလုံးအတွက် လိုအပ်သော ဆေးပင်များကို ယှဉ်ကြည့်လျှင် ခန္ဓာဖွဲ့စည်း မြက်ကား အရှားပါးဆုံး ဖြစ်၏။ သူက ထိုခန္ဓာ ဖွဲ့စည်းမြက်ကို ရှာရန် အလို့ငှာ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဝင်ဖို့ရာအတွက် သူပိုင်ဆိုင်သမျှ အကုန် ပုံအောခဲ့ရ၏။

အတိအကျ ပြောရလျှင် ယွီကျီ၏ လက်ပတ်ကား မိုဝူကျီမှ ရောင်းချခဲ့ခြင်း ဖြစ်၏။

မိုဝူကျီက ယွီကျီ အတွေးများကို သိနေသည့် အလား အလျင်အမြန် ပြောလိုက်သည်။

“ခဏလောက် နေပါဦး ...”

မိုဝူကျီက ဆယ်မီတာလောက် ကွာဝေးသော တောင်ကုန်း အခြေသို့ ပြေးသွား လိုက်ပြီးနောက် သူ့စကား အဆုံးသတ် လိုက်သည်။ သူက သိုလှောင် အိတ်ထဲမှ အိတ်အကြီးကြီးနှင့် တျန်းဂျီတုတ်ကို ထုတ်ယူပြီးနောက် လှည့်၍ အော်ပြော လိုက်သည်။

“ကျုပ်မှာ အိတ်တစ်လုံးပဲ ပါလာတာ ဒီဆေးပင်တွေ အကုန်လုံး မဆံ့လောက်ဘူး ...”

သူက သိုလှောင်အိတ်ကို ထုတ်မပြရဲပေ။ ထိုထဲတွင် လူအများ အလိုရှိနေသည့် အရာများစွာ ပါဝင်ကြောင်း သိ၏။ ကျန်သည့် ကိစ္စများကို အသာထား အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့‌ကျောက် နှစ်ခုကိုပင် တော်တော်များများက အလို ရှိနေကြသည်။

မိုဝူကျီ စကားဆုံးသည့် အထိ မစောင့်ဘဲ ယွီကျီက သိုလှောင်အိတ်ကို တစ်နေရာရာမှ ထုတ်ယူ လိုက်သည်။

“ဆေးလုံးဆရာမို ဒီသိုလှောင်အိတ်နဲ့ဆို အကုန် သိမ်းလို့ ရသွားလိမ့်မယ် ...”

“ဟမ် ...” မိုဝူကျီက ယွီကျီကို ဝေခွဲမရ ကြည့်လိုက်ပြီး ယွီကျီက ဆေးလုံး ဖော်စပ်ဖို့ရာ အတွက် သူ့အတွက် မည်မျှပင် ပေးဆပ်ဖို့ လုပ်ထားသည်ကို အံ့ဩ သွားမိသည်။

ထို့အပြင် မိုဝူကျီက ဆေးလုံး ဖော်မြူလာကို ပေးနေသည်လည်း မဟုတ်ပေ။

“တကယ်လို့ ဆေးလုံး ဆရာမိုသာ ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးသာ ဖော်စပ်နိုင်မယ် ဆိုရင် သိုလှောင်အိတ် တစ်လုံးက ဘာမှ မဟုတ်ပါဘူး ...” ယွီကျီက ခံယူချက် ခိုင်ခိုင်မာမာဖြင့် ပြောလိုက်သည်။

မိုဝူကျီက ယွီကျီခါးတွင် နောက်ထပ် သိုလှောင်အိတ် တစ်လုံးကို တွေ့လိုက်ရ၍ ထိုအရာသည် သူနှင့် တိုက်လာသည့် သူဆီမှ ဖြစ်ကြောင်း ပြောနိုင်၏။

“ကောင်းပြီလေ ကျုပ်လက်ခံ လိုက်ပါ့မယ် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ ...” မိုဝူကျီက မေးခွန်း ထပ်၍ မမေးတော့ဘဲ သူက ယွီကျီအတွက် ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးကို ဖော်စပ်နိုင် လိမ့်မည်ဟု ယုံကြည်ချက် ရှိ၏။

မိုဝူကျီက သိုလှောင်အိတ်ကို သိမ်းထား လိုက်သည်ကို မြင်၍ ယွီကျီက ဆက်ပြော လိုက်သည်။

“ဆေးလုံး ဆရာမို ကျုပ်က ဆေးပင် လတ်တာ မလတ်တာ ကိစ္စရှိလား မေးတာက ကျုပ်က ဆေးပင်တွေ ပေါသောနေတဲ့ နေရာကို သိထားလို့ဗျ ...”

ထိုအရာကို ကြားပြီး မိုဝူကျီက တအံ့တဩ ပြောလိုက်သည်။

“မြန်မြန် ... အဲဒီကို သွားကြည့်ရအောင် ...”

ယွီကျီက ခန္ဓာဖွဲ့စည်း မြက်ကို တွေ့ပြီးသည်နောက် ဆေးပင်များကို စိတ်မဝင်စား တော့သော်လည်း မိုဝူကျီက မတူညီပေ။ မိုဝူကျီက ဆေးလုံးဆရာ ဖြစ်နေသည့် အပြင် သူ့တွင် ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးအသစ် အတွက် ထိပ်တန်း လင်ဇီး လိုအပ်နေသေး၏။

“ဆေးလုံး ဆရာမို အဲဒါဆို ကျုပ်နောက် လိုက်ခဲ့ပါ ...” ယွီကျီက တွေဝေခြင်း အလျှင်းမရှိ ပြောလိုက်သည်။

မိုဝူကျီက မြေပေါ်ရှိ ဆေးပင်တွေ အကုန်လုံးကို သိုလှောင်အိတ်ထဲ သိမ်းထား လိုက်ပြီးနောက် သူ့ခါးတွင် ချိတ်ထား လိုက်သည်။ ထို့နောက် ယွီကျီနောက်သို့ လိုက်သွားတော့သည်။

သုံးရက် အကြာတွင် ယွီကျီနှင့် မိုဝူကျီတို့က လျှိုစောက် အနက်ပိုင်းသို့ ရောက်ရှိ လာကြသည်။ မိုဝူကျီက အလောင်းများ အပုံလိုက် ရှိနေသည်ကို တွေ့လိုက်ရကာ နေရာ တစ်ခုလုံးကား ရှုပ်ယှက်ခတ် နေသည်။

“အရင် တစ်ခါက ဒီနေရာမှာ ဆေးဥယျာဉ် အကြီးကြီး တွေ့ကြတော့ ဆေးပင်တွေ ရဖို့ တိုက်ပွဲ အကြီးကြီး ဖြစ်သွားခဲ့တယ် ... ကျုပ်လည်း အသက်ကို စတေးပြီး ဆေးပင်တချို့ ရခဲ့တယ် ဒီနေရာမှာပဲ ခန္ဓာဖွဲ့စည်း မြက်ကို တွေ့လိုက်ရတာဗျ ... ပြီးတော့ လျှိုအတွင်းဘက်မှာ နောက်ထပ် ဆေးဥယျာဉ် တစ်ခု ရှိသေးတယ်လို့ ကြားထားတာ ...” ယွီကျီက အနက်ပိုင်းကို ညွှန်ပြရင်း ပြောလိုက်သည်။

“ဘာကို စောင့်နေဦးမှာလဲ သွားကြစို့ ...” မိုဝူကျီက တွန့်ဆုတ်မနေဘဲ ပြောလိုက်သည်။ သူက ထိပ်တန်း ဆေးပင်များစွာကို အလိုမရှိသော်လည်း တစ်ခုတည်းသော လိုချင်မှုကား လင်ဇီးတော့ ဖြစ်၏။ နှစ်တစ်သောင်း လင်ဇီးကိုပင် အဆင့်လေး ဆေးပင် အဖြစ် သတ်မှတ်၍ ရသည်။ ထို့ကြောင့် သူက လင်ဇီးတစ်ခု အတွက် တိုက်ပွဲ စတင်လောက်ကြောင်း မယုံကြည်ပေ။

နှစ်ယောက်သား အနက်ပိုင်းထဲ ဆင်းသွားလိုက်ပြီး သူတို့က နာရီဝက်အကြာ လျှောက်ပြီး နောက်တွင် နောက်ထပ် ရှုပ်ယှက်ခတ် နေမှုကို တွေ့လိုက်ရသည်။ ဆေးပင် တချို့ကား ဖျက်ဆီးထား ခံရသော်လည်း အလောင်းတော့ မတွေ့ရှိသေးပေ။

မိုဝူကျီက အခြားသော ဆေးလုံး ဆရာများ မရှိသည့်အတွက် ဝမ်းသာသော်လည်း ပြောစရာ စကားတော့ မဲ့သွားလေ၏။ အကယ်၍ ဆေးလုံးဆရာ တစ်ယောက်က ဆေးပင်တွေကို အစိတ်စိတ် အမြွှာမြွှာ ဖျက်ဆီးခံထား ရသည်ကို မြင်လျှင် သွေးဘယ်‌လောက်တောင် အန်လိုက်မည်နည်း ...

သူတို့က ရှေ့သို့ ဆက်လျှောက် လာရင်း ဆေးပင်များအပေါ် တိုက်ပွဲ ဖြစ်ထားကြောင်း သိသိသာသာ တွေ့ရှိ လိုက်ရသည်။

“ကြည့်ရတာ ဒီလျှိုက ဆေးပင်တွေ ပေါက်တဲ့ နေရာပဲ ဖြစ်ရမယ် ...” မိုဝူကျီက လျှိုဝှမ်း ဘေးဘက်နံရံ နှစ်ဖက်ကို ကြည့်လိုက်ရင်း ခဏ ရပ်လိုက်သည်။

ယွီကျီက မိုဝူကျီ အမူအရာ ပြောင်းလဲမှုကို သတိပြုမိပြီး ချက်ချင်း ပြောလိုက်၏။

“ဒီနံရံ နှစ်ဖက်အောက်မှာ ဝိညာဉ် သွေးကြောရှိလို့ ထိပ်တန်း ဆေးပင်တွေက ဒီနေရာမှာ ကြီးထွား ပေါက်ရောက် ကြတယ်လို့တော့ ကြားဖူးတယ် ...”

မိုဝူကျီက လေထဲတွင် ဝိညာဉ် စွမ်းအားများ စုစည်းလာမှုကို ခံစားမိပြီး ရုတ်တရက် အသိပြန်ဝင် လာခဲ့သည်။ အကယ်၍ လျှိုဝန်းကျင်တွင် ဆေးပင်များ ပေါက်ရောက် မနေပါက မိုဝူကျီသည် ထိုလျှိုစောက်အား လူက တူးထားတာ လားဟု ထင်မိလိမ့်မည်။

“ဘုန်း ဘုန်း ...” မှော်ရတနာများမှ ပေါက်ကွဲသံများကို အဆက်မပြတ် ကြားနေရပြီး ထိုမှအလင်းများ သည်လည်း ကောင်းကင်သို့ ဖြာထွက် နေလေ၏။ မကြာခင်တွင် မှော်ရတနာများ ထိရိုက်မှုမှ ထွက်ပေါ် နေသော အသံများလည်း ကြားနေရသည်။

“ကျုပ်တို့ ရှေ့မှာ လူတွေ ရှိနေတယ် ...” ယွီကျီက အရှိန်မြင့်ရင်း ပြောလိုက်၏။

မိုဝူကျီက နောက်မှ ကပ်လိုက် သွားလိုက်သည်။ နှစ်ယောက်သား လျှိုစောက် ထောင့်တစ်နေရာ ဘေးဘက် ရောက်သွားသည့် အချိန်တွင် ကျင့်ကြံသူ ဆယ်ယောက်လောက်က ဆေးပင်တစ်ပင် အတွက် တိုက်ခိုက် နေခြင်းကို တွေ့လိုက်ရ၏။

မိုဝူကျီနှင့် ယွီကျီတို့ ရောက်လာသော်လည်း မည်သူကမှ တိုက်ခိုက်နေခြင်းကို မရပ်လိုက်ကြပေ။

“ဆေးလုံး ဆရာမို ဘယ်ဆေးပင် လိုချင်လဲ ... ကျူပ်သွားတိုက် ပေးမယ် ...” ယွီကျီက မိုဝူကျီဘေးတွင် ရပ်နေရင်း သူ့လခြမ်းကွေး ဓားကို ဆွဲထုတ်လိုက်သည်။

“လင်ဇီး တစ်ပွင့်လောက် ...” မိုဝူကျီ ရောက်သည်နှင့် သူ့အကြည့်ကား တစ်မီတာလောက် မြင့်မားသည့် လင်ဇီး အပေါ်သာ စွဲကပ်နေလေ၏။ သူ့စိတ်စွမ်းအားက လင်ဇီးကို အာရုံခံ မိသည့်အခါ ထိုလင်ဇီးသည် အနည်းဆုံး သက်တမ်း နှစ်တစ်သိန်းလောက် ဖြစ်ကြောင်း သိလိုက်၏။

ကျင့်ကြံခြင်း လောကတွင် လင်ဇီးကား များစွာ မတန်သည့် အတွက် မည်သူကမျှ တိုက်ခိုက်ကြမည် မဟုတ်လောက်ပေ။ သို့သော်လည်း ထိုအရာသည် မိုဝူကျီ အလိုရှိနေသည့် အရာ ဖြစ်နေ၏။ သူက ပြောလိုက်ရင်း ထိုလင်ဇီးကို ဘယ်လိုပင် ဖြစ်ဖြစ် ရအောင်ယူရန် ရှေ့တက်လှမ်း လိုက်တော့သည်။

“ထွက်သွားစမ်း ...” မိုဝူကျီက လင်ဇီးဘေးနား ရောက်သည့် အချိန်တွင် ဒေါသတကြီး အသံနောက်တွင် ဧရာမ ကတ်ကြေးကြီးက မိုဝူကျီ လည်ပင်းကို ဖြတ်ပစ်ဖို့ရာ ထက်ကြပ်မကွာ လိုက်ပါလာ၏။

မိုဝူကျီက သူ့အင်အားသူ စမ်းသပ်ချင် မိသည်။ ထို့အတူ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူသည် မည်မျှ သန်မာ လာကြောင်းကိုလည်း သိချင်၍ တိုက်ခိုက်မှုကို ရှောင်ရှား လိုက်ပြီး တျန်းဂျီတုတ်နှင့် အားကုန်သုံး၍ ဝှေ့ယမ်း လိုက်သည်။

အမှန်တိုင်း ပြောရလျှင် တျန်းဂျီတုတ်ကို သုံး၍ ပထမဆုံး အကြိမ် တိုက်ခိုက်ခြင်း ဖြစ်၏။ ယခင်က သူက တျန်းဂျီတုတ်ဖြင့် တုန့်လွန်ကို အစိတ်စိတ် အမြွှာမြွှာ ခြေမွှွှပစ်ချင် သော်လည်း သူ့ရေခဲ ကွဲထွက်ခြင်း အဆောင်က အရမ်းကို အားကောင်းလှ၍ နှမြောစရာ ထိုအခွင့်အရေးကို လက်လွတ် သွားရ၏။ သူ့တုတ် မရောက်ခင်တွင် တုန့်လွန်က အေးခဲနေလေပြီ။

“ဘမ်း ...” တျန်းဂျီတုတ်က ဧရာမ ကတ်ကြေးနှင့် တွေ့သွားသောအခါ သတ္တုအချင်းချင်း ကြားမှ ပေါက်ကွဲသံ ထွက်ပေါ်လာ၏။ ကြောက်ခမန်း လိလိ အားတစ်ခုက မိုဝူကျီကို လာထိ၍ သူ့ရင်ဘတ်ကို သံမဏိတူဖြင့် ထုလိုက်သလို ခံစားလိုက်ရသည်။

အားအင် ခြားနားချက်က အရမ်း ကြီးမားလွန်း လှသည်။ သူ့အတွေးများကို မစုစည်းနိုင်ခင် သူ့တျန်းဂျီတုတ်ကို လာဖိနှိပ် နေသော အားက ရုတ်တရက် ပျောက်ကွယ် သွားလေ၏။

မိုဝူကျီက အံ့ဩသွား သော်လည်း ရန်သူ၏ အားပျောက်ကွယ် သွားအောင် လုပ်လိုက်သည့် ကိစ္စကို သိပ်ဂရုစိုက်မိပေ။ သူက သွေးတစ်လုတ်ကို မျိုချ လိုက်ပြီးတော့ တျန်းဂျီတုတ်ကို လွှဲမရိုက်ခင် သဘာဝ စွမ်းအားများနှင့် တိုက်ခိုက်မှုကို ပေါင်းစပ် လိုက်သည်။

သူက ပြန်တိုက်ခိုက်တော့မည့် ဆဲဆဲတွင် မိုဝူကျီက သူ့ရန်သူက အားအင် အဘယ်ကြောင့် ကင်းမဲ့ သွားကြောင်း သတိပြုမိ လိုက်သည်။ ယွီကျီ၏ ဓားကွေးက သူ့နောက်ကျောတွင် စိုက်နေကာ ထုတ်ချင်းထိုး ပေါက်သွားလေ၏။

***

All Chapters