← Chapters

အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ကျောက်

Vol. 11 Ch. 148

အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ကျောက်

Vol. 11 Ch. 148

ထိုသို့သော အခြေအနေမျိုးနှင့် မိုဝူကျီက သက်ညှာ မနေတော့ပေ။ သူက တျန်းဂျီတုတ်ကို ဧရာမ ကတ်ကြေးနှင့် လူ၏ လည်ပင်းဆီ လွှဲရိုက် လိုက်တော့သည်။

ဂျွတ်ခနဲ မြည်၍ ထိုကျင့်ကြံသူ လည်ပင်းနှင့် ဘေးတစ်ဖက်မှ ပခုံးက တုတ်တစ်ချက် အဝှေ့တွင် ကြေမွသွားကာ မြေပြင်ပေါ် အသံမထွက်ဘဲ လဲကျ သွားတော့သည်။

မိုဝူကျီက လင်ဇီးကို မြန်မြန် တူးယူလိုက်ပြီး သူ့သိုလှောင် အိတ်ထဲ သိမ်းလိုက်တော့သည်။ ယွီကျီက မြေပြင်ပေါ်တွင် လဲနေသော လူ၏ သိုလှောင်အိတ်ကို ကောက်ယူလိုက်သည်။

မိုဝူကျီက လင်ဇီးကို တူးယူတော့သည့် အချိန်တွင် သူ့ကို ချောင်းမြောင်း တိုက်ခိုက် လာသူအား မိုဝူကျီနှင့် ယွီကျီတို့ နှစ်ယောက် အင်အားပေါင်း၍ ထိုလူကို ရှောင်နိုင်ခဲ့သည်။ ထိုအချိန်တိုလေး အတွင်းတွင် ဖြစ်ပျက် သွားခဲ့၏။ နှစ်ယောက်သားက ယခင်က လုပ်ဖူးထားသည့် အလား လက်တွဲညီညီ တွဲ၍ လုပ်ဆောင် နိုင်ခဲ့ကြသည်။

“မင်းတို့က ငါ့ဂျူနီယာ ညီလေးကို သတ်ပစ် ရဲတယ်ပေါ့ ... . ငါ့ရှေ့ ဒူးထောက် ကြစမ်း ...” ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး မိုဝူကျီနှင့် ယွီကျီတို့ဆီ တစ်ချက် ရောက်ရှိလာသည်။ နှစ်ယောက်သား ပေါင်း၍ ခုခံလိုက် သော်လည်း ထိုအငွေ့အသက် များကို မတားဆီးနိုင်ပေ။ သူတို့ ခြေထောက်မှ ဂျွတ်ခနဲ အသံများ ထွက်လာသည့် အထိ နောက်ဆုတ် သွားလိုက်ရ၏။ မိုဝူကျီက အံကို ကြိတ်လိုက်ပြီး လျှပ်တစ်ပြက် လျှပ်စီးကို ဖော်ထုတ်ရန် ပြင်ဆင်လိုက်သည့် အချိန်တွင် သူ့ဘေးမှ စွမ်းအား ပေါက်ကွဲမှု လှိုင်းများ ရှေ့ထွက်လာလေ၏။

တုန်လှုပ်မိ သွားသည်။ အကယ်၍ ထိုစွမ်းအားသာ သူ့ကျောပေါ် ကျရောက်ပါက သူသည် အသားကင် ဖြစ်သွားလိမ့်မည်။

“ဘမ်း ...” စွမ်းအား နှစ်ခုကား ပေါင်းစပ်သွားပြီး မြေပေါ်တွင် ဧရာမ ချိုင့်ဝှမ်းကြီး ဖြစ်ပေါ်သွား၏။ မိုဝူကျီက သူ့ပတ်ဝန်းကျင်မှ ဖိအားများက လျော့နည်း သွားသည်ကို ခံစားမိလိုက် သောကြောင့် လျှပ်တစ်ပြက် လျှပ်စီးကို အသုံးပြုရန် လက်လျှော့ လိုက်သည်။

ထို့နောက်တွင် သူက တည်တည်ငြိမ်ငြိမ် အသံတစ်ခုကို ကြားလိုက်ရ၏။

“ငါတို့က မင်းရဲ့ ဂျူနီယာ ညီလေးကို သတ်တော့ရော ဘာဖြစ်လဲ ...”

“ဟော်ယွီချန် မင်းက ကြားဝင်ရှုပ် မလို့လား ...” လူသန်ကြီးက မိုဝူကျီနှင့် မနီးမဝေးသို့ ရောက်လာသည်။ မိုဝူကျီနှင့် ယွီကျီတို့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သော သူဖြစ်၏။

“အစ်ကိုဟော် ကူညီပေးတာ ကျေးဇူး တင်ပါတယ် ... စီနီယာချူ ကျွန်တော်တို့ ဒီမှာ ထပ်တွေ့မယ်လို့ ထင်မထားမိဘူး ...” မိုဝူကျီက ဟော်ယွီချန်နှင့် ချူဝမ်အာတို့ကို လှည့်ကြည့်လိုက်သည်။

အကယ်၍ သူတို့သာ ပေါ်မလာခဲ့လျှင် သူက လျှပ်တစ်ပြက် လျှပ်စီးကို အသုံးပြုလိမ့်မည်။ ထိုလူလက်ထဲမှ သူ့အသက်လေး လွတ်မြောက်ဖို့ရာ ခက်ခဲမှန်း သိ၏။ ထိုလူကား အနည်းဆုံး လူသား အဆင့်လွန် အလယ်အလတ် အဆင့်တွင် ရှိလိမ့်မည်။ သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၉ တွင် ဖြစ်ပြီး ယွီကျီက အများဆုံး စိတ်ဝိညာဉ် တည်ဆောက်ခြင်း ပြီးပြည့်စုံခြင်း အဆင့်ထိသာ ရှိဦးမည်။

ဟော်ယွီချန်က မိုဝူကျီကို ပြုံးပြလိုက်ရင်း …

“ငါတို့က ရေခဲတောင်ကို အတူတူ တက်ခဲ့တဲ့ အဖွဲ့သားတွေ ပဲလေ ...”

ထိုစကား အဆုံးတွင် သူက လူသန်ကြီးဆီ လှည့်ကာ ပြောလိုက်သည်။

“ငါက သေချာပေါက် ဒီကိစ္စ ဝင်ပါရမှာပဲ ... တကယ်လို့ ပြဿနာရှိရင် ကျုပ်ဆီ လာရှင်းလှည့် ...” ထိုအမျိုးသားက မိုဝူကျီနှင့် ယွီကျီကို စိုက်ကြည့် လိုက်ပြီး စကား တစ်ခွန်းမျှ မပြောဘဲ ထွက်သွားတော့သည်။ ဟော်ယွီချန်က သူ့ထက်များစွာ အားကောင်းပြီး ဂိုဏ်းအကြီးကြီးမှ ဖြစ်၏။ သူက ဟော်ယွီချန်နှင့် မယှဉ်နိုင်ပေ။

“ညီလေးမို ... မင်းအဆင်ပြေမယ် ဆိုတာ သိနေတယ် ... ” ဟော်ယွီချန်က မိုဝူကျီကို လေးလေးစားစား ဦးညွှတ်၍ ပြောလိုက်သည်။

ဘေးမှ ချူဝမ်အာက ထပ်ပြောလိုက်သည်။

“စီနီယာ ဟော်က ရှင် တစ်ခုခု ဖြစ်ပြီ ထင်လို့ ... ရှင့်ကို လိုက်ဖို့ ခေါ်ခဲ့တာ သူဆိုပြီး ... အမြဲတမ်း အပြစ်ရှိစိတ် ခံစားနေရတာ ... ရှင်ဘေးကင်း နေတဲ့အတွက် တော်ပါသေးတယ် ...”

မိုဝူကျီ အတွက် ဟော်ယွီချန်၏ အမူအရာ မဖတ်နိုင် သကဲ့သို့ သူ့ရည်ရွယ်ချက် ကိုလည်း မသိနိုင်ပေ။ သို့သော်လည်း ဤတစ်ကြိမ်တွင် ဟော်ယွီချန်က သူ့အသက် ကယ်တင်ခဲ့၍ သူက အလွန်အမင်း ကျေးဇူးတင်မိ၏။

အနီးအနားမှ သန့်ရှင်းနေသော ဆေးပင်များကို ခူးယူလိုက်ပြီး သုံးယောက်က ထွက်မသွား ကြသေးပဲ အရင်က အဖြစ်အပျက်များကို ပြန်ပြောပြ နေကြ၏။ မိုဝူကျီသည် လျှိုဘေးနံရံများ အောက်တွင် ဝိညာဉ် သွေးကြောများ ရှိကြောင်း ဟော်ယွီချန်ဆီမှ သိလိုက်ရသည်။ ထို့ကြောင့် ဆေးပင်များက ဝိညာဉ် သွေးကြော နှစ်ခုကြားတွင် ပေါက်ရောက်ကြခြင်း ဖြစ်၏။ အချိန်ကုန်လွန် သွားသည်နှင့် အဆင့်နိမ့် ဆေးပင်များကို ဖယ်လိုက်ပြီး ထိပ်တန်း အဆင့်များသာ ချန်ထား လိုက်တော့သည်။

ထို့နောက်တွင် မိုဝူကျီက ရေခဲအခန်းတွင် သူဘယ်လို အသက်ရှင်အောင် ရုန်းကန် ခဲ့ရကြောင်း အကြမ်းဖျင်း ရှင်းပြလိုက်သည်။ သူ့အသက်လေး အတွက် လွတ်မြောက်အောင် ကြိုးစားပမ်းစား ဆောင်ရွက် ခဲ့ရ၏။ မိုဝူကျီက ရေခဲအခန်းမှ ထွက်လာနိုင် သော်လည်း ဟော်ယွီချန်က ထိုအကြောင်းကို မမေးပေ။ ပုံမှန်အားဖြင့် မိုဝူကျီက ဟော်ယွီချန်နှင့် ချူဝမ်အာတို့ကို ရေခဲတောင်မှ ဘာရရှိလာကြောင်း မမေးခဲ့ပေ။

မိုဝူကျီက ဟော်ယွီချန်နှင့် ချူဝမ်အာတို့နှင့် ကျွမ်းဝင်မှုကို မြင်၍ ယွီကျီက တိတ်တဆိတ်သာ နေနေလေ၏။ ယခင်က သူက မိုဝူကျီဘေးသို့ နေရန် သဘောတူသည်က မိုဝူကျီက သူ့ဝိညာဉ် ဆေးပင်များကို ယူမည်ကို မကြောက်ရွံ့၍ ဖြစ်၏။ ယခု မိုဝူကျီက ယွီကျီထက် များစွာ အားကောင်းသော သူများနှင့် သိကျွမ်း နေသောအခါ အကယ်၍ သူက ဆေးပင်တွေ အားလုံးကို တစ်ယောက်တည်း ယူပစ်လိုက်လျှင်ပင် ယွီကျီက ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။ ကံကောင်းလှစွာ ယွီကျီတွင် သူ့အတွက် ဆေးပင် အနည်းငယ်တော့ ကျန်ရှိနေ သေးသည်။

ယွီကျီက စိတ်မအေး ဖြစ်နေသည့် အခြေအနေတွင် မိုဝူကျီက သူ့အား လှမ်းခေါ်လိုက်ပြီး ဟော်ယွီချန်နှင့် ချူဝမ်အာတို့ကို ပြောလိုက်သည်။

“ဒါက ယွီကျီလေ ... သူ့ဇနီးက နေမကောင်း ဖြစ်နေတယ် ... ကျွန်တော့်ကို ဆေးလုံး ဖော်စပ်ပေးဖို့ အကူအညီ တောင်းထားတာ ... အဲဒါကြောင့် ကျွန်တော်တို့က ဒီနေရာကို လာပြီး ဆေးပင် လာရှာတာ ...”

မိုဝူကျီက သူအား မိတ်ဆက် ပေးသည့်အခါ သက်ပြင်းများ ချလိုက်ပြီး အလျင်အမြန် နှုတ်ဆက် လိုက်တော့သည်။ သူ့ကဲ့သို့ တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက်ကား ဂိုဏ်းများ၏ ပါရမီရှင်များ ဖြစ်သည့် ဟော်ယွီချန်နှင့် ချူဝမ်အာတို့ ရှေ့တွင် အရမ်းကို သေးသိမ် နေလေ၏။ အနည်းဆုံးတော့ မိုဝူကျီတွင် ဆေးလုံးဆရာ ဂုဏ်ပုဒ် ရှိသေး၏။

“ညီလေးယွီက ဘာဆေးပင်တွေ လိုအပ်နေတာလဲ ...” ဟော်ယွီချန်က သူ့နဂိုအတိုင်း အေးဆေးစွာဖြင့် ပြောလိုက်သည်။ ယွီကျီ တစ်ကိုယ်တော် ကျင့်ကြံသူ ဖြစ်သော်လည်း သူ့ဆက်ဆံပုံကား နည်းနည်းမျှပင် ပြောင်းမသွားပေ။

မိုဝူကျီက အမြန်အဆန် ပြောလိုက်သည်။

“ကျွန်တော်တို့မှာ ကောင်းကင် ပင့်ကူအသီးရယ် အစွန်းရောက် သစ်ခွပန်းရယ် လိုနေတာ ... ဒီဆေးပင်တွေက အတွေ့များတယ် ဆိုတော့ ဒီနေရာမှာ တွေ့လောက်တယ်လို့ ထင်ခဲ့မိတာ ...”

သူက ထိုစကားများကို ပြောရင်း သူ့ကိုယ်သူ အရှက်ရမိ၏။ ဤနေရာသို့ လာသည့် အဓိက အကြောင်းရင်းသည် ယွီကျီအတွက် ကောင်းကင် ပင့်ကူအသီးနှင့် အစွန်းရောက် သစ်ခွပန်းကို လာရှာရန် ဖြစ်သော်လည်း သူ ပထမဆုံး ယူလိုက်သည့် အရာကား နှစ်တစ်သိန်း လင်ဇီး ဖြစ်၏။ လင်ဇီးက သူ့အပိုင် ဖြစ်လာသည့် အချိန်တွင် အခြားသော ဆေးပင်များ မရှိတော့ပေ။

ချူဝမ်အာက ပြုံးရင်း ပြောလိုက်သည်။

“အဲဒါဆို ရှာမနေနဲ့တော့ ... ကျွန်မမှာ အဲဒီ နှစ်ပင်လုံး ရှိတယ် ...” ပြောရင်း သူမ လက်ထဲတွင် ဆေးပင် အများကြီး ပေါ်လာလေ၏။ ထိုအရာများက သူရှာနေသည့် ကောင်းကင် ပင့်ကူအသီးနှင့် အစွန်းရောက် သစ်ခွပန်းတို့ ဖြစ်၏။

ယွီကျီက ချူဝမ်အာက ထပ်၍ မမေးမြန်းဘဲ ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးအတွက် လိုအပ်သော ဆေးပင်များကို ထုတ်ယူ လိုက်တော့သည်ကို မြင်၍ သူက ကျေးဇူးတင်ရန် ရှေ့သို့ တက်လာ လိုက်သည်။ ချူဝမ်အာက သူ့အား လက်ခါ ပြလိုက်ပြီး …

“ဒီဆေးပင် လေးတွေက ဘာမှ မဟုတ်ဘူး ... ဆေးလုံးဆရာမို အပေါ်မှာ တင်နေတဲ့ အကြွေး ပမာဏက ပိုများပါတယ် ...”

အကယ်၍ မိုဝူကျီကသာ သူမကို လက်ပတ် မပေးခဲ့၍ သူမဘာသာ ဝင်ခွင့်ရအောင် ကြိုးစားခဲ့မည် ဆိုလျှင် သူမ ပေးရမည့် တန်ဖိုးကား ထိုဆေးပင်များထက် အဆများစွာ ပိုများလိမ့်မည်။ ထို့ကြောင့် သူမ စိတ်ထဲတွင် မိုဝူကျီကို ကျေးဇူး တင်နေဆဲ ဖြစ်၏။

မိုဝူကျီက သတိမပြုမိဘဲ ဆေးပင်များကို သိမ်းလိုက်ပြီး သိချင်စွာ မေးကြည့် လိုက်သည်။

“စီနီယာချု ... ဒီလျှိုစောက် အနက်ပိုင်းမှာ ဆေးပင်တွေ တကယ် ရှိသေးတာလား ... ဘာလို့ ကျွန်တော်တို့ ဆက်မရှာ တော့တာလဲ ...”

ထိုအရာကို ဟော်ယွီချန်က ပြန်ဖြေလိုက်သည်။

“တကယ်လို့ ငါတို့က လျှိုနက်ထဲ သွားမယ်ဆိုရင် နောက်ထပ် ဆေးပင်တွေ ရှိတဲ့နေရာ ရောက်ဖို့ အနည်းဆုံး သုံးရက်လောက် ကြာမယ် ... အသွားအပြန် ဆိုရင် ခြောက်ရက်လောက် ကြာသွားမယ် ... အဲဒီလို ဆိုရင် ငါတို့တွေ ထွက်ဖို့ အချိန်မီမှာ မဟုတ်တော့ဘူး ... ပြီးတော့ ရက်အနည်းငယ် အတွင်း အဆိပ်မြူတွေက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ရဲ့ ဒီဘက်ပိုင်းကို ပြန်ရောက် လာလိမ့်မယ် ... သားရဲတွေလည်း ပြန်ရောက် လာလိမ့်မယ် ... အဲဒီလိုဆိုရင် ဆေးပင်တွေ ရမရကို အသာထားဦး ... ငါတို့အတွက် အသက်ရှင်ဖို့ အခွင့်အရေး နည်းတယ် ”

မိုဝူကျီက တွေဝေ နေကြသော ကျင့်ကြံသူ တချို့မှ လွဲ၍ အခြား သူများက လျှိုမှ ထွက်သွားကြောင်း သိလိုက်ရ၏။

“အဲဒီလို ဆိုရင်တော့ ထွက်သွား ကြတာပေါ့ ...” ဝိညာဉ် ဆေးပင်များက ပစ္စည်းကောင်း လေးများ ဖြစ်သော်လည်း မိုဝူကျီအတွက် ယန်အာ ဘေးကင်းမှုက နံပါတ်တစ် ဦးစားပေး ဖြစ်၏။

“ငါလည်း အဲဒီလို တွေးထားတာ ...” ဟော်ယွီချန်က ပြန်ဖြေလိုက်သည်။

ချုဝမ်အာက ဘေးကင်းချင်သည့် အတွက် ပြန်သွားဖို့ရာ သဘောတူညီ၏။ ယွီကျီ၏ မူလ ရည်ရွယ်ချက်ကား ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးအတွက် ရောက်လာခြင်း ဖြစ်ကာ သူ့မျှော်လင့်ချက် များကို မိုဝူကျီ အပေါ်တွင် ပုံအပ်ထားသည့် အတွက် မိုဝူကျီ ရွေးချယ်တာ လိုက်လုပ်မည် ဖြစ်၏။

မိုဝူကျီတို့ လေးယောက်သား အုပ်စုက ထွက်သွား မည့်အခါ နောက်ဆုံး တွန့်ဆုတ် တွန့်ဆုတ် ကျန်ရှိနေသော သူများကလည်း နောက်ကလိုက်ရန် ဆုံးဖြတ် လိုက်ကြသည်။ အဖိုးတန် ဆေးပင်များက လောဘမီး လောင်မြိုက် စေသော်လည်း အသက်သာ ဆုံးရှုံးသွားပါက အရာအားလုံးက အချည်းနှီး ဖြစ်သွားလိမ့်မည်။

“ညီလေးမို အတွက် နှမြောစရာပဲ ... ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲက သုံးလက လောက်တာ မဟုတ်ဘူး ... ညီလေးမိုက နှစ်လလောက် ရေခဲတောင်ထဲ ပိတ်မိနေတာ ဆိုတော့ အချိန်က ပိုလောက်မှာ မဟုတ်ဘူး ...” လေးယောက်သား ပြန်လာသည့် လမ်းတွင် ဟော်ယွီချန်က သနား စာနာစွာ ပြောလိုက်၏။

ချူဝမ်အာက ပြုံးလိုက်ပြီး …

“ပြောရတာ ခက်ပါတယ် ကျွန်မ အနေနဲ့ဆိုရင် စီနီယာ အစ်ကိုဟော် အကူအညီသာ မရှိရင် ကျွန်မတော့ ဒီနေရာမှာ မရှိတော့တာ ကြာလောက်ပြီ ... စီနီယာ အစ်ကိုဟော်က မိုဝူကျီ အန္တရာယ်ထဲ ရောက်နေတဲ့ အချိန်မှာလည်း ကူညီပေးခဲ့ သေးတယ် ...”

မိုဝူကျီက ချူဝမ်အာ စကားများမှ အဓိပ္ပာယ်ကို နားလည်၏။ သူ့ကျင့်ကြံဆင့်က နိမ့်နေပြီး ရေခဲတောင်ထဲ နှစ်လတာသာ ပိတ်မိ မနေခဲ့လျှင် သူကား အပြင်ဘက်တွင် အသတ်ခံရ လောက်၏။

လက်တွေ့တွင် ချူဝမ်အာက မှားသည်တော့ မဟုတ်ပေ။ မိုဝူကျီကဲ့သို့ ကျင့်ကြံဆင့် နိမ့်သည့်သူက စောစောမှ ပြင်းထန်သည့် တိုက်ပွဲနှင့်သာ ကြုံရလျှင် အချိန်မရွေး သေဆုံး သွားနိုင်၏။

ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်သွားကြသည့် လူများထဲတွင် သူက ရတနာများကို ရှာဖို့ အချိန်အနည်းဆုံး သုံးခဲ့ရလေ၏။ အကြောင်းမှာ အချိန်အများစုကား ကျင့်ကြံခြင်း အပေါ်တွင်သာ အာရုံစိုက် ထားလေ၏။

“တကယ်လို့ ငါ ဝင်မနှောင့်ယှက် ရင်တောင် ညီလေးမိုက အဲဒီလူ ချောင်းတိုက်တာကို ရှောင်နိုင်မှာပါ ... ပြီးတော့ နှစ်လအတွင်း ညီလေးမိုက စစ်မှန်ခြင်း နတ်ဘုရား ပန်းကိုတောင် တွေ့ကောင်း တွေ့လာနိုင် သေးတယ် ...”ဟော်ယွီချန်က အချက်ကျကျ ပြောလိုက်သည်။

မိုဝူကျီက ဟော်ယွီချန်သည် သူ့တွင် တချို့ လှည့်ကွက်များ ရှိနေသည်ကို သိနေဟန်ဖြင့် ထိုအရာများကို ရည်ရွယ်ချက် ရှိရှိ ထုတ်ပြော နေတာလားဟု သံသယ ဖြစ်မိ၏။

“အစ်ကိုဟော် အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကို အရင်က မြင်ဖူးလား ...” မိုဝူကျီက သူ့စွမ်းအားများ အကြောင်း အကျယ်တဝင့် ရှင်းမပြလိုပေ။ ထို့အပြင် သူရရှိလာသော အရာများက အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက် ဟုတ်၊ မဟုတ် သေချာချင်လို၍ မေးမြန်းခဲ့ခြင်းသာ ဖြစ်၏။

ဟော်ယွီချန်က တဟားဟား ရယ်မောလိုက်ပြီး …

“အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်က စစ်မှန်ခြင်း နတ်ဘုရား ပန်းထက်တောင် ပိုပြီး အဖိုးတန်တယ် အဲဒီလို အရာကို ဘယ်လိုလုပ် မြင်ဖူးမှာလဲ ... ငါသိသလောက်တော့ အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်က ထောင့်လေးထောင့်နဲ့ အဝါရောင် အလင်းလေး သန်းနေတာ ...”

ထိုထိ နားထောင် လိုက်ပြီး မိုဝူကျီ စိတ်က လေးလံလာလေ၏။ နောက်ဆုံးတွင် သူမှားယွင်း သွားကြောင်း နားလည် သွားခဲ့သည်။ သူ ရရှိလာသည့် အရာက အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ကျောက် မဟုတ်ပေ။ သူရရှိလာသည့် အရာနှင့် သွင်ပြင်ခြင်း ခြားနားလှ၏။

ဟော်ယွီချန် ပြောသော ပုံစံနှင့် အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်သည် အောက်ထဲတွင် ရှိကာ သူက ရေခဲပန်း နှစ်ခု ရခဲ့ရာ နေရာနှင့် သိပ်မကွာဝေး လှပေ။ ထိုသည်က ဟော်ယွီချန် ပြောသည့်အတိုင်း လေးထောင့်ပုံစံ အဝါရောင် အလင်းလေး သန်းနေလေ၏။ သို့သော် သူတို့ကို အမှိုက်ဟု ထင်၍ ဘေးသို့ကပ်ထားခဲ့ လိုက်သည်။ သူ့ဦးဆုံး အမြင်ပေါ် မူတည်၍ မိုဝူကျီသည် ရေခဲစင်ပေါ်ရှိ ထိုအရာများက ‌အဖိုးတန်ဆုံးဟု ယူဆမိခဲ့ခြင်းသာ ဖြစ်၏။ တစ်ဖက်သို့ ကပ်ကာ ပစ်ထားခဲ့သည့် အရာများက အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်မှန်း မည်သူ သိမည်နည်း ...

အမျိုးသားနှင့် အမျိုးသမီးတို့က အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ကျောက် မြင်သည်ဟု ပြောခြင်းက အံ့ဩစရာ မရှိတော့ပေ။ သူတို့ မြင်လိုက်သည်က သူအမှိုက်လို့ တွေးထင်ထားသည့် အရာများ ဖြစ်နေ၏။

“ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကနေ မထွက်ခင် တစ်ရက်လောက် အချိန် ရသေးတယ် အမီသွားကြစို့ ...” မိုဝူကျီနှင့် ဟော်ယွီချန်တို့ စကားဝိုင်း အဆုံးသတ် သွားသည်ကို မြင်ပြီး ချူဝမ်အာက ပြောလိုက်သည်။

သူ့အတွက် အရမ်း နောက်ကျ သွားလေပြီ ...

မိုဝူကျီက သက်ပြင်းသာ ချလိုက်တော့သည်။ အကယ်၍ အချိန်ရှိသေးပါက သူသည် သေချာပေါက် ရေခဲ အခန်းဆီ ပြန်သွားလိမ့်မည်။ သေသည့်အထိ အေးခဲနေပါစေ သူက အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ကျောက်ကို ပြန်ယူဆောင် သွားရမည်။

အဆိုးဆုံး အပိုင်းကား သူက ရေခဲတောင်ကို ဟော်ယွီချန်နှင့် အတူသွားဖို့ ဆုံးဖြတ်လိုက်သည့် အခါက အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ကျောက်များ ရှိတတ်လားဟုပင် မေးခဲ့ပြီး ပုံသဏ္ဌာန်ကို မမေးမိခဲ့ခြင်း ဖြစ်၏။ မိုဝူကျီက ထိုသို့သော အမှားမျိုး နောက်တစ်ကြိမ် ထပ်မလုပ်တာ သေချာသော်လည်း တစ်ကြိမ်လျှင်ပင် ပြန်၍ အဖတ်ဆယ်၍ မရတော့ပေ။

“မင်းအဖေက မပေးချင်ဘူး ဆိုတော့ ဘာလုပ်ချင်လဲ ...” ဗြုန်းခနဲ ထွက်ပေါ်လာသော အသံက မိုဝူကျီကို နောင်တ တရားမှ လှုပ်နှိုး လိုက်တော့သည်။ ထို့နောက်တွင် စွမ်းအားများ အချင်းချင်း ထိတွေ့မှုကြောင့် ပေါက်ကွဲမှု ဖြစ်လာလေ၏။

ကျန်းရှောက်ရုလား ...

မိုဝူကျီက ကျန်းရှောက်ရုသည် ပိန်ပိန်ပါးပါး မုတ်ဆိတ်နှင့် အမျိုးသားနှင့် တိုက်ခိုက် နေကြောင်း တွေ့လိုက် ရသောကြောင့် တွေဝေမနေဘဲ တိုက်ပွဲဆီ သွားလိုက်တော့သည်။ အကယ်၍ ကျန်းရှောက်ရုက တစ်ဖက်လူကို မတိုက်နိုင်လျှင် သူ့ကျင့်ကြံဆင့်က မလုံလောက်ပါစေ သူက ကူညီပေးမည် ဖြစ်၏။

***

All Chapters