လက်ပတ် မပါရှိသော မိုဝူကျီ
Vol. 11 Ch. 149
“ဟားဟား … ဝူကျီ”
ကျန်းရှောက်ရုက မိုဝူကျီ ရောက်လာသည်ကို မြင်ပြီး ဟက်ဟက်ပက်ပက် ရယ်မောကာ ကြိုဆို နှုတ်ဆက်လိုက်သည်။
ကျန်းရှောက်ရုနှင့် တိုက်ခိုက်နေသော ကျင့်ကြံသူက ရန်သူဘက်က အကူ ရောက်လာသည်ကို မြင်၍ နှေးကျသွားသည်။ မိုဝူကျီ၏ ဝိညာဉ်စွမ်းအားက သာမန်ကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရ၍ သူက စိတ်အေးမိသွား၏။ မိုဝူကျီ၏ ကျင့်ကြံဆင့်သည် သေချာပေါက် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ မရောက်သေးပေ။ သူ့အရည်အချင်းများက သာမန် ဖြစ်သည့်အတွက် စိတ်ပူနေစရာ မလိုပေ။
“ညီလေးမို ဒါက မင်းမိတ်ဆွေလား ...”
ဟော်ယွီချန်က မိုဝူကျီ နောက်မှ လိုက်လာကာ မေးလိုက်သည်။
ဟော်ယွီချန်နောက်တွင် ချူဝမ်အာနှင့် ယွီကျီတို့ပါ လိုက်ပါ လာကြသည်။ မိုဝူကျီကို စိတ်ပူစရာ မလိုဘူးဟု တွေးနေသော ကျင့်ကြံသူသည် ချက်ချင်းပင် အမူအရာ ပြောင်းလဲသွား၏။
ဟော်ယွီချန်က အရမ်းကို နာမည်ကြီး ကျော်ကြားလှ၍ ထိုလူက တန်းသိလိုက်သည်။ ဟော်ယီချန်လက်ထဲတွင် သူက စက္ကန့်ပိုင်းလေးအတွင်း သေဆုံး သွားနိုင်သည်။ ဟော်ယွီချန်နောက်မှ ပါလာသော နှစ်ယောက်လည်း မရိုးရှင်းကြပေ။ ထိုအုပ်စုနှင့် ကျန်းရှောက်ရုတို့ ပေါင်းလိုက်လျှင် ဤနေရာတွင် ဆက်နေနေခြင်းက သူ့အတွက် သေခြင်းတရားကို လက်ယက်ခေါ်သည့် အလား ဖြစ်နေလိမ့်မည်။
မိုဝူကျီက ဟော်ယွီချန် မေးခွန်းကို မဖြေခင် ကျင့်ကြံသူက နောက်ဆုတ်ကာ ချက်ချင်းပင် လှည့်၍ ထွက်ပြေး သွားတော့သည်။
တစ်ယောက်မှ သူ့နောက် လိုက်မသွားကြပေ။ မိုဝူကျီက ကျန်းရှောက်ရုကို အားလုံးနှင့် မိတ်ဆက် ပေးလိုက်သည်။
ကျန်းရှောက်ရု၏ ကြောင်တောင်တောင် စရိုက်က ထွက်ပေါ်လာကာ သူက ထွက်ပြေးသွားတဲ့ ကျင့်ကြံသူကို ကြည့်ကာ အားရပါးရ ပြုံးလိုက်ရင်း …
“ဝူကျီ ငါတော့ ဒီတစ်ခါ အချီကြီးမိခဲ့တယ် …”
ထွက်ပေါက်နား နီးနေသော်လည်း လူများစွာ ရှိနေကြသည့် အတွက် မိုဝူကျီက ပြန်ဖြေလိုက်ရသည်။
“ရှောက်ရု ငါတို့ ထွက်သွားပြီးမှ ပြောရအောင်လေ …”
“ဟုတ်ပြီလေ ငါတို့ထွက်ပြီးမှ ဆက်ပြောပြမယ် … တစ်ခုတော့ ပြောပြရဦးမယ် … ငါက စစ်မှန်ခြင်း နတ်ဘုရားပန်းကို မရခဲ့ပေမဲ့ ငါရတာက အဲဒီထက်တော့ တန်ဖိုး မနည်းဘူးကွ … စောစောက လူက ငါ့ဟာ လိုက်လုနေတာ တော်တော်ကြာပြီ … ဟားဟား …”
ထိုကောင်လေးသည် ထပ်၍ အောင့်မထားနိုင်တော့ဘဲ သူ့ရလာသည့် အကြောင်းကို ပြောသော်လည်း သူရရှိလာသည့် ပစ္စည်း အတိအကျတော့ မပြောခဲ့ပေ။
လူတချို့က ကျန်းရှောက်ရု စကားများကို ကြား၍ နားစွင့် နေကြသည်။ သို့သော် မိုဝူကျီဘေးတွင် လူလေးယောက်လောက် ရှိနေသည်ကို မြင်လျှင် သူ့ကို ကျော်တက် သွားကြပြီး ထွက်ပေါက်ဆီသာ သွားကြတော့သည်။
မိုဝူကျီက ကျန်းရှောက်ရုကို ကပ်ပြောလိုက်သည်။
“မင်းက တကယ် ပြဿနာ ရှာနေတာပဲ … မင်းဆီမှာ ပစ္စည်းကောင်း မရှိတာ ပိုကောင်းတယ် … ရှိခဲ့ရင် မင်းဟာ ဖြစ်တော့မှာကို မဟုတ်ဘူး …”
“ဟီးဟီး ဒါနဲ့ ဝူကျီ … မင်းရော အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကို တွေ့ခဲ့လား … အဲဒါက ဘာနဲ့တူလဲ …”
ကျန်းရှောက်ရုက မိုဝူကျီ၏ ရည်ရွယ်ချက်ကို အမှတ်ရသွားကာ အမြန်အဆန် မေးလိုက်တော့၏။
ဟော်ယွီချန်က မိုဝူကျီ တစ်ယောက် အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ကျောက် အကြောင်း ဆက်တိုက် မေးနေသည့် အကြောင်းအရင်းကို သဘောပေါက်သွား၏။ ကြည့်ရတာ သူက အလိုရှိနေပုံ ရ၏
“ညီလေးမိုက အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ကို လိုချင်တာလား …”
ဘေးတွင် ရပ်နေသည့် ကျန်းရှောက်ရုက ဟော်ယွီချန်နှင့် သိကျွမ်းသွားပြီ ဖြစ်သည့်အတွက် သူက အာပေါင်ရင်းသန်စွာ ဖြေလိုက်သည်။
“ဟုတ်တယ် … ဝူကျီက အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်အကြောင်း ကျုပ်အစ်ကိုကြီးကို မေးမေးနေတာ ဒါပေမဲ့ ကျုပ်အစ်ကိုကလည်း သေချာမသိဘူး … ဆေးလုံးဆရာ တချို့ဆီက စုံစမ်း မေးမြန်းတာတောင် ဘာမှမသိခဲ့ရဘူး …”
“အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ကျောက်က အရမ်းရှားတယ် ငါလည်း တစ်ခါမှ မမြင်ဖူးဘူး … ဆရာဆီကနေ တစ်ခါပဲ ကြားဖူးတာ အဲဒါကြောင့် သာမန်လူတွေ မကြားဖူး မမြင်ဖူးတာ ပုံမှန်ပါပဲ …”
ဟော်ယွီချန်က ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဟော်ယွီချန်က စကားအဆုံးတွင် တစ်ခုခု တွေးမိဟန်ဖြင့် ထပ်မေးလိုက်သည်။
“ညီလေးမိုက အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ကျောက်ကို ဘွားဘွားလင်းလောင်ဆီက အကူအညီတောင်းဖို့ အတွက် ရှာနေတာ များလား…”
သက်ပြင်းချလိုက်ပြီး မိုဝူကျီက ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်ဗျ … ကျွန်တော်တို့ ရေခဲတောင်ဆီ သွားတုန်းက အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်က အဲမှာ ရှိလားလို့ မေးချင်ခဲ့တာ ဒါပေမဲ့ ဆေးလုံးဆရာတွေတောင် သူတို့ အကြောင်းကို မသိကြတာ ဆိုတော့ အစ်ကိုဟော်ကို မေးဖို့ မတွေးမိလိုက်ဘူး …”
ထိုစဉ် မိုဝူကျီက တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိလိုက်၍ ရုတ်တရက် ရပ်တန့်လိုက်သည်။
ဟော်ယွီချန်က သူ့ကိုယ်သူ သက်ပြင်းချလိုက်ကာ …
“မင်း မေးသွားရင်တောင် အချက် နည်းနည်းလေးနဲ့ ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူးလေ ပြီးတော့ မင်းက ရေခဲတောင်ထဲ နှစ်လကြာ ပိတ်မိ နေသေးတာမလား … အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ကို ရှာဖို့ ဘယ်မှာ အခွင့်အရေး ရမှာလဲ …”
“မဟုတ်သေးပါဘူး ...”
မိုဝူကျီက နောက်ဆုံးတွင် အမှတ်ရသွားခဲ့သည်။
အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်က အလွန်ရှားပါး၍ ကျန်းရှောက်ရုနှင့် ဆေးလုံးအိမ်တော်မှ ဆေးလုံးဆရာများပါ မသိကြပေ။ ထိုသို့ဆိုလျှင် ရေခဲအခန်းမှ အမျိုးသားနှင့် အမျိုးသမီးတို့က မည်သို့ သိကြသနည်း။
ယခု မိုဝူကျီက အခြေအနေ အရပ်ရပ်ကို တွေးတော၍ အဖြစ်အပျက်များကို တစ်ခုချင်းစီ သေချာစဉ်းစား ကြည့်လိုက်သည်။ ရေခဲလှေကားနှင့် မြေပြင်ကား မီတာ ဆယ်ချီ ကွာဝေးနေကာ အတန်းလိုက် ရှိနေသော သေးငယ်သည့် အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်များကို မြင်ဖို့ရာ ခက်ခဲလှလိမ့်မည်။ သူတို့ မြင်လျှင်ပင် ရေခဲစင်မြင့်ပေါ်မှ ရေခဲပန်းနှစ်ခုသာ တွေ့ကြလိမ့်မည်။ ထိုရေခဲပန်းနှစ်ခုက အရမ်းကို ထင်ရှားနေသည့်အတွက် အမှိုက်နှင့် တူသည့် လေးထောင့် ကျောက်တုံးထက် သူတို့ကိုသာ အရင်ဦးစွာ သတိထားမိ ကြလိမ့်မည်။
အဖြစ်အပျက်များကို စဉ်းစားကြည့်လျှင် အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်က သူခူးဆွတ်လာသည့် ရေခဲပန်းနှစ်ခု ဖြစ်ကြောင်း ညွှန်ပြနေသည်။
ထိုသို့ဆိုလျှင် ဟော်ယွီချန် ပြောသည့် အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက် ပုံစံသည်လည်း မမှန်လောက်ပေ။
မိုဝူကျီက ထပ်မေးလိုက်သည်။
“အစ်ကိုဟော် အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်က အဝါရောင် အလင်း သမ်းနေတဲ့ လေးထောင့်တုံး ဆိုတာ သေချာရဲ့လား…”
ဟော်ယွီချန်က ယုံကြည်စွာ ထပ်ပြောလိုက်သည်။
“မမှားနိုင်ဘူး … အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်က နည်းနည်း အဝါရောင် အလင်းသမ်းနေတဲ့ လေးထောင့်ပုံပဲ ... သူတို့က နည်းနည်း တောက်ပကြတယ်တဲ့ …”
မိုဝူကျီ တိတ်ဆိတ် သွားသည်ကို မြင်ပြီး ဟော်ယွီချန်က နှစ်သိမ့်ပေးဖို့ရာ ကြိုးစားလိုက်သည်။
“ညီလေးမို အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်က ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲတောင် ရဖို့ရာ တော်တော် ခက်ခဲတယ်၊ သူတို့က စစ်မှန်ခြင်း နတ်ဘုရား ပန်းထက်တောင် ရှားပါးတယ်၊ ပြီးတော့ ငါတို့တွေ တွေ့ရင်တောင် လက်ရှိအင်အားနဲ့ ရဖို့အတွက် အနီးကပ်ဖို့တောင် ခက်ခဲလိမ့်မယ် …”
“သိပါပြီ …” မိုဝူကျီက ပြန်ဖြေလိုက်သည်။
သူက ထိုအဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်နှင့် အနီးကပ်ဖို့ရာ မည်မျှ ခက်ခဲကြောင်း တခြားသူများထက် ပိုသိ၏။ အကယ်၍ သူက ဝေဟင် လျှပ်စီးဟန်ပန် ခုနှစ်မျိုး ပညာရပ်သာ မလေ့ကျင့်ထားမိလျှင် ထိုပန်းနှစ်ပွင့်ဆီ အနီးကပ် သွားဖို့ရာ မဖြစ်နိုင်ပေ။
အားလုံးက တိတ်ဆိတ် သွားကြသည်။ တစ်ယောက်ကမှ ဘွားဘွားလင်းလောင်ကို မိုဝူကျီအား ကူညီပေးရန် မတောင်းဆိုနိုင်ကြပေ။ ကောင်းကင်ဖွေရှာ နန်းတော်၏ ပထမ ဂိုဏ်းချုပ်ပင် ကူညီပေးနိုင်မည် မဟုတ်ပေ။
အဆုံးသတ်တွင် ဘုမသိ ဘမသိ ကျန်းရှောက်ရုပင် မိုဝူကျီ အခြေအနေ မကောင်းသည်ကို သတိပြုမိပြီး တိုးတိတ်စွာ နေလိုက်တော့သည်။
နေ့ဝက် အကြာတွင် ငါးယောက်သား ထွက်ပေါက်သို့ ရောက်ရှိ လာကြသည့်အခါ ရှေ့တွင် လူထောင်ချီလောက် ရှိနေလေပြီ။ သူတို့ ရောက်ရောက်ချင်းတွင် ကြိုဆိုခဲ့ကြသော အဆိပ်မြူများက ယခုအချိန်တွင် ရှိမနေပေ။
ထွက်ပေါက်သို့ ရောက်ရှိလာကြသော ကျင့်ကြံသူများက အရမ်းကို သတိထား နေကြကာ အုပ်စုဖွဲ့၍ နေနေကြ၏။ အားလုံးက သတိတကြီး ရှိနေကြသည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲသို့ ဝင်သွားသော ကျင့်ကြံသူများက ဤနေရာမှ အကျိုးများစွာ ရရှိခဲ့ကြသည်မှာ သိသာလှ၏။
နောက်ထပ် လေးနာရီလောက် စောင့်ပြီးသည့် နောက်တွင် အသံအကျယ်ကြီး ထွက်ပေါ်လာကာ ပတ်ဝန်းကျင်မှ မြူများက ပို၍ သိပ်သည်း လာတော့သည်။
မိုဝူကျီက ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး လက်ရှိ လူအရေအတွက်မှာ နဂိုအရေအတွက်ထက် သိသိသာသာ နည်းသွားကြောင်း သတိပြုမိလိုက်သည်။ လူငါးထောင် ဝင်သွားသော်လည်း ပြန်ထွက်လာနိုင်သည့် သူမှာ သုံးထောင်ပင် မပြည့်တော့ပေ။ လူထောင်ကျော်သည် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲတွင် ပျောက်ဆုံး သွားကြလေ၏။ လူအုပ်ကြားတွင် ယန်ချင်ယင်ကို သတိပြုမိလိုက်သော်ငြား သွား၍ နှုတ်ဆက်ရမည့် စိတ်အခြေအနေမျိုး မဟုတ်ပေ။
အသံက ရပ်တန့် သွားသည့်အခါ မည်းနက်နေသည့် လိုဏ်ခေါင်းတစ်ခု ပွင့်လာလေ၏။ ဘာကိုမှ ပြောမနေတော့ဘဲ အားလုံးက အထဲသို့ ဝင်သွားလိုက်ကြသည်။
ထိုလိုဏ်ခေါင်းသည် ကျယ်ပြန့်သည့်အတွက် ကျင့်ကြံသူများက မြန်မြန်ဆန်ဆန် ဝင်နိုင်ကြသည်။ လူထောင်ချီ ဖြတ်သန်း နေသော်လည်း လမ်းမှာ ပြွတ်သိပ် မနေပေ။
မိုဝူကျီနှင့် အပေါင်းအပါများသည် အလယ်တွင် ရောက်ရှိနေကာ အမွေးတိုင် တစ်တိုင်လောက် အကြာတွင် သူတို့ ရောက်ခဲ့သည့် မြေကွက်လပ် အသေးလေးသို့ ပြန်ရောက် လာကြသည်။ ဝင်ပေါက်များကို ပိတ်ထားသည့်အတွက် အားလုံးက အလယ်တွင် တိတ်တဆိတ် စောင့်နေကြလေ၏။
တစ်နာရီ အကြာတွင် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာကာ ဒြပ်ငါးမျိုး ကင်းမဲ့နယ်နှင့် ဆက်နွှယ်ထားသော လိုဏ်ခေါင်းမှာ ဖြည်းဖြည်းချင်း ပိတ်သွားကာ နောက်ဆုံးတွင် လုံးဝပျောက်ကွယ် သွားတော့သည်။
“အရင်ကထက် လူတွေ နည်းသွားတာပဲ …”
ကျန်းရှောက်ရုက ကြင်နာမှုမဲ့စွာ မှတ်ချက် ပေးလိုက်သည်။
တစ်ယောက်မှ သူ့ကို ဂရုမစိုက်ပေ။ မိုဝူကျီက ကောင်းကင်ဖွေရှာ နန်းတော်၏ ဒုတိယ ဂိုဏ်းချုပ် ဖုန်းကျန့်ချိုးကို မြင်လိုက်ရသည်။ အစောင့် ဖြစ်ဟန်ပေါ်သော အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ နှစ်ယောက်ကား ဖုန်းကျန့်ချိုးနောက်တွင် မားမားမတ်မတ် ရပ်နေကြသည်။
ဖုန်းကျန့်ချိုးက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဘေးကင်းကင်းနဲ့ ပြန်ရောက် လာကြတဲ့အတွက် ဝမ်းသာပါတယ် ဒီဒြပ်ငါးမျိုး ကင်းမဲ့နယ်မှာ မင်းတို့ ရလာတဲ့ ရတနာတွေနဲ့ မင်းတို့အတွက် ရှေ့ဆက်ကျင့်ကြံဖို့ အရမ်းကို အကျိုးရှိစေမှာပါ … အခု အားလုံးက လက်ပတ်များကို ပြန်အပ်ပေးကြဖို့ တိတ်တဆိတ် စောင့်နေပေးပါ …”
ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ပြီးနောက် လက်ပတ်၏ လုပ်ဆောင်ချက်များကို သတိပြုမိသော မိုဝူကျီမှလွဲ၍ အားလုံးက သူတို့သည် လက်ပတ်ကို မပျောက်သင့်ကြောင်း သိကြ၏။ သူတို့သည် ပြန်ပေးရဦးမည် ဖြစ်၏။
ဖုန်းကျန့်ချိုး စကားဆုံးသည်နှင့် အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ နှစ်ယောက်က လက်ပတ်များကို စတင် သိမ်းဆည်း ကြတော့သည်။ သူတို့က မိုဝူကျီဆီ ရောက်လာသည့်အခါ သူက အလျင်အမြန် ဦးညွှတ်၍ တောင်းပန်လိုက်သည်။
“ကျွန်တော်က လျှပ်စီး အက်ကွဲမြက်ကို ယူတုန်း လျှပ်စီးချက် မိပြီးတော့ သေတော့မလို ဖြစ်ခဲ့တယ် … အဲဒီတုန်းက ကျွန်တော်လက်ပတ်က လျှပ်စီးရေကန်ထဲ ပျောက်သွားခဲ့တယ် …”
မိုဝူကျီရှေ့မှ အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက မိုဝူကျီကို ကြည့်နေသည့် ဖုန်းကျန့်ချိုးကို လှည့်ကြည့်လိုက်သည်။
မိုဝူကျီက လေးလေးစားစား ဦးညွှတ်လိုက်ပြီး ဘာမှ မလုပ်ရဲပေ။ သူ့စိတ်စွမ်းအားပင် သူ့ခန္ဓာထဲမှ အကုန် ဆွဲနုတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူက စိတ်စွမ်းအားကို လေ့ကျင့်ထားသည့်အတွက် သာမန် ကျင့်ကြံသူများထက် ပို၍အာရုံခံစားမှု ကောင်းလေ၏။ သူ့သိုလှောင်အိတ်သို့ ရောက်ရှိလာသော တစ်ယောက်ယောက်၏ စိတ်စွမ်းအားကို သိသာစွာ ခံစားလိုက်ရ၏။ ခဏအကြာတွင် စိတ်စွမ်းအားက ပျောက်ကွယ် သွားလေ၏။
ထိုမှသာ မိုဝူကျီက သက်ပြင်း ချလိုက်တော့သည်။ ဖုန်းကျန့်ချိုးက သူ့ဂုဏ်သိက္ခာကို ဂရုစိုက်သေးဟန် ရှိ၏။ စိတ်စွမ်းအားသုံး၍ ခန္ဓာစစ်ဆေးခြင်းတော့ မပြုလုပ်သေးပေ။
“မင်းမှာ လက်ပတ် မရှိမှတော့ ဘေးမှာ ရပ်နေပါ …”
ဖုန်းကျန့်ချိုးက ခေါင်းကို ညိတ်ရင်း ပြောလိုက်သည်။
နာရီဝက် အကြာတွင် အနီရောင်ဝတ်ရုံနှင့် လူနှစ်ယောက်လုံးက လက်ပတ်များ အားလုံးကို သိမ်းဆည်း ပြီးသွားလေပြီ။
ဖုန်းကျန့်ချိုးက အပြုံးလေးဖြင့် ကြေငြာလိုက်သည်။
“အားလုံး အခုထွက်သွားလို့ ရပါပြီ … ကောင်းကင်ဖွေရှာ နန်းတော်ကို ဝင်ချင်တဲ့ သူတွေက ကျုပ်တို့နေရာကို စာရင်း လာပေးနိုင်ပါတယ် … အရည်အချင်းနဲ့ အကျိုးပြုမှုတို့အပေါ် မူတည်ပြီးတော့ မျှမျှတတ အဆင့်ခွဲပေးမှာပါ … ဒီတစ်ကြိမ် လူ ၃၀၀ ခေါ်မှာဆိုတော့ အားလုံးက အခွင့်အရေး ကောင်းကောင်း ရယူနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် …”
ဒြပ်ငါးမျိုး ကင်းမဲ့နယ် ထွက်ပေါက်နှင့် ဆက်နွှယ်ထားသည့် အပေါက်ကို ဖွင့်လိုက်သည့်အခါ အားလုံးက အလျင်အမြန် ထွက်သွားကြသည်။ ကျန်းရှောက်ရုက မိုဝူကျီ နားဆီ ကပ်၍ ပြောလိုက်သည်
“ဒီတစ်ခါတော့ ငါ ကောင်းကင်ဖွေရှာ နန်းတော်ကို ရအောင်ဝင်နိုင်မှာပါ ... ဝူကျီ အဲဒီအခါကျ ငါမင်းကို ဘွားဘွားလင်းလောင်ကို ကူရှာပေးမယ်လေ …”
ဤကောင်လေးက ကောင်းကင်ဖွေရှာ နန်းတော်ပင် မဝင်ရောက်ရသေးဘဲ ဘွားဘွားလင်းလောင်ကို ရှာမည့် ကိစ္စကို လွယ်လွယ်လေး တွေးနေလေ၏။
မိုဝူကျီကား ပြောစရာ စကားမဲ့ သွားလေ၏။ ကောင်းကင်ဖွေရှာ နန်းတော်က သူတို့ ရရှိလာသော ရတနာများပေါ် မူတည်၍ တန်ဖိုးဖြတ်မည့်အကြောင်း မှန်းဆမိလိုက်သည်။ သူတို့က ရတနာများပေါ် မူတည်၍ တပည့်များ ရွေးချယ်ကြလိမ့်မည်။ ထိပ်တန်းရတနာ ဆိုပါက သူတို့သည် သူတို့အတွက် ရအောင် ယူကြလိမ့်မည်။ သို့သော်လည်း ကောင်းကင်ဖွေရှာ နန်းတော်လို နေရာမျိုးအတွက် ထိပ်တန်း ရတနာဟုသည့် အဓိပ္ပာယ်သည် သူတွေးထားသည့် ထိပ်တန်း အဆင့်ထက် ပို၍ များစွာ အဆင့်မြင့် ပေလိမ့်မည်။
***