← Chapters

ဘွားဘွားလင်းလောင်

Vol. 11 Ch. 150

ဘွားဘွားလင်းလောင်

Vol. 11 Ch. 150

“ဝူကျီ .. ရှောက်ရု …”

မိုဝူကျီတို့ ကောင်းကင်ဖွေရှာ နန်းတော် တံခါးမှ ထွက်လာသည်နှင့်  ရွှင်မြူး တက်ကြွနေသည့် ကျန်းရှောက်ခယ် အသံကို ကြားလိုက်ရသည်။

ကျန်းရှောက်ခယ်နှင့် အတူ ဖေးပင်းကျူ၊ ထောင်အောင်း၊ ရှုန်းရှုကျူနှင့် ယန်အာတို့သည် ကောင်းကင်ဖွေရှာ နန်းတော် တံခါးဝတွင် ရပ်နေကြသည်။ သူတို့သည် များပြားစွာသော ကျင့်ကြံသူများနှင့် အတူတကွ ပြွတ်သိပ်လျက် ရှိနေသည်။

“ကြည့်ရတာ မင်းမိတ်ဆွေတွေ ရောက်လာပြီ ထင်တယ်၊ ငါတို့ မကြာခင် ပြန်တွေ့ကြတာပေါ့ ...”

ဟော်ယွီချန်က မိုဝူကျီနှင့် အခြားလူများကို ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်သည်။

မိုဝူကျီက ဟော်ယွီချန်ကို တစ်ခါတစ်ရံ တွေ့ဆုံကြရန် ဖိတ်ကြားချင်သော်လည်း ယန်အာ အခြေအနေကို စဉ်းစားမိ လိုက်သည့်အခါ ထိုသို့ လုပ်ချင်စိတ် မရှိတော့ပေ။ ထို့နောက်တွင် ယန်အာက သူ့ဘေးသို့ အလိုလို လမ်းလျှောက်လာပြီး မိုဝူကျီကို ဖက်ထားလိုက်သည်။

“စီနီယာမိုမှာ ဘာမှမဖြစ်လောက်ဘူး ဆိုတာ ကျွန်တော် သိနေတယ် …”

ဖေးပင်းကျူက လက်နှစ်ဖက်ယှက်လျက် မိုဝူကျီကို နှုတ်ဆက်လိုက်သည်။

ထောင်အောင်းနှင့် ရှုန်းရှုကျူတို့လည်း ရှေ့သို့ ထွက်လာကာ နှုတ်ဆက် လိုက်ကြသည်။ သူတို့က မိုဝူကျီတစ်ယောက် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲသို့ ဝင်သွားပြီးချိန်မှစ၍ စိုးရိမ်နေမိသည်။ အကယ်၍ သူသာ တစ်ခုခု ဖြစ်သွားပါက သူတို့တွင်လည်း အနာဂတ် ရှိမနေနိုင်ပေ။

“ရှောက်ခယ် မင်းကို မိတ်ဆက် ပေးရဦးမယ် ဒါက ယွီကျီတဲ့ ...”

မိုဝူကျီက အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက် မရခဲ့သည့်အတွက် စိတ်ဓာတ်ကျ နေသော်လည်း ယွီကျီကိုတော့ မိတ်ဆက် ပေးလိုက်သည်။

ကျန်းရှောက်ခယ်က ယွီကျီကို အကြမ်းဖျင်း သိပြီးသည့် နောက်တွင် မိုဝူကျီ အခြေအနေ မကောင်းကြောင်း ခံစားမိ၏။ မိုဝူကျီက အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ကို ရှာမတွေ့နိုင်ခဲ့မှန်း သိလိုက်၍ …

“လာလာ ငါတို့တွေ ပြန်ရောက်မှ ထပ်ပြောကြမယ် ...”

မိုဝူကျီကို သုံးလတာ မတွေ့ရသည့်အတွက် ယန်အာသည် သူ့နှင့် မခွဲရက် မခွာနိုင် ဖြစ်နေဟန် ပေါ်သည်။ ကျန်းရှောက်ခယ်က အခြေအနေ ကောင်းကောင်း ဖတ်နိုင်၍ ယွီကျီကို ခေါ်ဆောင်သွားကာ မိုဝူကျီနှင့် ယန်အာတို့ နှစ်ယောက်အတွက် အချိန်ပေးလိုက်သည်။

မိုဝူကျီက နေ့တစ်ဝက်လောက် ယန်အာနှင့် အတူ စကား ပြောပေးလိုက်သည်။ ထို့နောက် ရှုန်းရှုကျူဆီ အပ်မထားခင် နှစ်ယောက်သား ထမင်းအတူတူ စားလိုက်ကြ၏။ ထိုအချိန်တွင် ယွီကျီက ကျန်းရှောက်ခယ် သူ့အတွက် စီစဉ်ပေးထားသည့် အခန်းတွင် မိုဝူကျီကို စောင့်နေလေသည်။ ထို့နောက်တွင် သူက မိုဝူကျီသည် တစ်ကိုယ်တော် ကျင့်ကြံသူ ဖြစ်သော်လည်း သူပေါင်းသင်း ဆက်ဆံရေးက သူ့ထက်စာလျှင် ပို၍ ကျယ်ပြန့်လေ၏။ ဟော်ယွီချန် သို့မဟုတ် ကျန်းရှောက်ခယ် တို့သည် ယွီကျီအနေနှင့် ပတ်သက်နိုင်သော လူစားမျိုး မဟုတ်ပေ။

ထိုစဉ် ယွီကျီက မိုဝူကျီသည် ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးကို ဖော်စပ်ပေးမည် ဟူသော သူ့စကားများကို တည်ဖို့သာ မျှော်လင့်နိုင်သည်။

“အစ်ကိုယွီ၊ အစ်ကိုလည်း ကျုပ်က ဘွားဘွားလင်းလောင်နဲ့ တွေ့ဖို့ ကြိုးစားနေတာ သတိထားမိမှာပါ၊ ကျုပ်က အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက် မရခဲ့ပေမဲ့ သူမကို တွေ့ကို တွေ့ရမယ်  ဒီကိစ္စကို မဖြေရှင်း မပြီးမချင်း ဆေးလုံး ဖော်စပ်ပေးနိုင်မယ် မထင်ဘူးဗျာ … ဒါပေမဲ့ စိတ်ချနေပါ ကျုပ် ဘွားဘွားလင်းလောင်နဲ့ တွေ့ပြီးတာနဲ့ ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် ခင်ဗျားကို ကျုပ်ကတိတည်ပြီး  ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးကို ဖော်စပ်ဖို့ ကူညီပေးမှာပါ …”

မိုဝူကျီက ယွီကျီကို တည့်တည့်သာ ပြောလိုက်သည်။

ယန်အာ၏ ပြဿနာကို မစီစဉ်ရသေးဘဲ သူက ဆေးလုံး အမှန်တကယ် ဖော်စပ်နိုင်မည် မဟုတ်ပေ။ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ခရီးတွင် သူက အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်သော် လည်းကောင်း၊ စစ်မှန်ခြင်း နတ်ဘုရားပန်း သော်လည်းကောင်း တစ်ခုမှ မရရှိခဲ့ပေ။ ဘွားဘွားလင်းလောင်က သူ့အား ကူညီပေးမည့် မျှော်လင့်ချက်ကား ဟိုးအောက်ဆုံးထိ ကျသွားလေပြီ။

“ဆေးလုံးဆရာမို ခင်ဗျားဟာ အရင်လုပ်လိုက်ပါ ကျုပ်က နှစ်များစွာ စောင့်ပြီးပြီ ဆိုတော့ ရက်နည်းနည်း ထပ်စောင့်တာက ဘာမှမထူးပါဘူး…”

ယွီကျီက တလေးတစား ပြန်ဖြေလိုက်သည်။

ယွီကျီကို ပြောပြီးနောက် မိုဝူကျီက အခန်းသို့ ပြန်သွားလိုက်သည်။ သူက ရေခဲပန်း တစ်ပွင့်ကို ထုတ်ယူလိုက်ပြီး ယွီကျီ ပေးထားသည့် သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီးနောက် သူ့ကိုယ်ပိုင် သိုလှောင်အိတ်ကိုမူ အခန်းထဲ ဝှက်ထားလိုက်တော့၏။ ထို့နောက်တွင် သူက ဖေးပင်းကျုကို သွားရှာလိုက်ကာ သူပြန်ရောက် မလာမချင်း သူ့အခန်းထဲသို့ တစ်ယောက်မျှ ဝင်ခွင့်မပေးရန် မှာကြားလိုက်သည်။

အားလုံးကို ညွန်ကြားပြီးနောက် မိုဝူကျီသည် ယန်အာကို မရေရာ မျှော်လင့်ချက်လေးဖြင့် ကောင်းကင်ဖွေရှာ နန်းတော် တည်နေရာသို့ ခေါ်သွားလိုက်သည်။

ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံးဘုံစေတီရှိ အကြီးမားဆုံး အခန်းအတွင်းတွင် အညိုရောင် အဝတ်နှင့် အမျိုးသမီး တစ်ယောက်က ဧရာမမီးပြင်းဖို ရှေ့တွင် ထိုင်နေလေ၏။ မီးပြင်းဖိုထဲမှ မီးတောက်ကား ပြင်းထန်စွာ တောက်လောင်နေသည်။ အခန်းတံခါးဝတွင် ဝတ်စုံ တူညီလုနီးပါး ဝတ်ဆင်ထားသော ဆေးပင်သယ်ယူရေး မိန်းကလေး နှစ်ယောက် ရှိနေသည်။

“ဒြပ်ငါးမျိုး ကင်းမဲ့နယ် ပိတ်တဲ့နေ့ ရောက်ပြီမလား …”

အညိုရောင် အဝတ်နှင့် အမျိုးသမီးက ရုတ်တရက် ကြည့်ရင်း မေးလိုက်သည်။

တံခါးဝမှ မိန်းကလေး နှစ်ယောက်က ဦးညွှတ်လိုက်ပြီး တညီတညွတ်တည်း ပြန်ဖြေလိုက်သည်

“ဟုတ်ပါတယ်ရှင့်  ဘွားဘွား …”

“ငါ့ကို လာရှာတဲ့သူ ရှိလား ...”

အညိုရောင် အဝတ်နှင့် အမျိုးသမီးက နောက်ထပ် မေးခွန်း ထပ်မေးလိုက်သည်။

“အခုထိတော့ မရှိသေးပါဘူးရှင့် ...”

မိန်းကလေး နှစ်ယောက်လုံးက အတူတူ ပြန်ဖြေလိုက်ကြ ပြန်သည်။

အညိုရောင်အဝတ်နှင့် အမျိုးသမီးက အတောအတန် စိတ်ပျက်ဟန်ဖြင့် နောက်ထပ် ဆေးပင်များကို မီးဖိုထဲ ပစ်ထည့် လိုက်တော့သည်။ ထို့နောက်တွင် အတွေးထဲ နစ်မျော သွားပြန်၏။ ဆေးပင်မှ ညှော်နံ့ ထွက်လာသည်ကိုပင် အမျိုးသမီးက ဂရုပြုမိဟန် မပေါ်ပေ။

အချိန်တချို့ ကြာပြီး နောက်တွင် အညိုရောင် အဝတ်နှင့် အမျိုးသမီးက ခေါင်းကို ပြန်မော့လာရင်း ပြောလိုက်သည်။

“တကယ်လို့ တစ်ယောက်ယောက် လာရှာရင် ချက်ချင်း ခေါ်ခဲ့လိုက် …”

“ဟုတ်ကဲ့ပါ ဘွားဘွား ...”

မိန်းကလေး နှစ်ယောက်လုံးက တစ်ချိန်တည်း ပြန်ဖြေလိုက်ကြသည်။

အညိုရောင် အဝတ်နှင့် အမျိုးသမီးက နောက်ထပ် ဆေးပင်ကို ထပ်ထည့်လိုက်ပြီး အတွေးထဲ နောက်တစ်ကြိမ် စီးမျော သွားပြန်သည်။

***

မိုဝူကျီက ဘွားဘွားလင်းလောင် တွေးနေသည့် အရာများကို မသိရှိချေ။ ထို့ကြောင့် ယန်အာကို သူမနှင့်တွေ့ရန် တန်းခေါ် မသွားရဲသေးပေ။ ထို့အစား သူက မုယင်ကို ဦးဆုံး သွားရှာလိုက်သည်။ သို့သော် စိတ်ပျက်စရာ ကောင်းသည်က မုယင်က ကောင်းကင်ဖွေရှာ နန်းတော်တွင် ရှိမနေပေ။

မိုဝူကျီက ဘွားဘွားလင်းလောင်ကို ရှာရန် တစ်ယောက်ယောက်ကို မေးတော့မည့် အချိန်တွင် ကျိုးရှောက်ယီကို မြင်လိုက်ရသည်။ သူမဘေးတွင် သူမနှင့် တူသော အမျိုးသမီး တစ်ဦးကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးက သူမထက် အနည်းငယ် ပိုလှပ၏။ မိုဝူကျီက သူမက ကျိုးရှောက်ယီ အစ်မဖြစ်နိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။

ကျိုးရှောက်ယီသည် ယခင်က မုယင်နှင့် အတူတူ လာရောက် တွေ့ဆုံဖူးသည်။ ထိုအချိန်တွင် သူ့ပုံစံက အရမ်းကို လန့်စရာ ကောင်းနေ၍ သူမကို အလန့်တကြား ပြန်ပြေး သွားစေမိ၏။

မိုဝူကျီ၏ လက်ရှိ သွင်ပြင်ကား ငရဲမှ ထွက်လာသည့် သွင်ပြင်နှင့် အရမ်းကို ကွာခြား နေသောကြောင့် ကျိုးရှောက်ယီသည် သူ့အား ချက်ချင်း မမှတ်မိပေ။

“မိုဝူကျီက စီနီယာကျိုးကို နှုတ်ဆက်ပါတယ် …”

မိုဝူကျီက လေးလေးစားစား နှုတ်ဆက်လိုက်သည်။

“ရှင်က ဘယ်သူလဲ …”

ကျိုးရှောက်ယီက မိုဝူကျီအား ခဏတာ စိုက်ကြည့်လိုက်၏။ ထို့နောက်တွင် သူမရှေ့က သူကို အမှတ်ရသွားလေကာ …

“ရှင့်ကို မှတ်မိပြီ … ရှင်က လမင်းကိုးစင်း ဆေးလုံး အိမ်တော်မှာ နေနေတဲ့ အဆင့်သုံး ဆေးလုံးဆရာ မိုဝူကျီမလား …”

မိုဝူကျီက ပြုံးလိုက်ရင်း ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ် ကျွန်တော်ပါ …”

ကျိုးရှောက်ယီက မျက်မှောင် ကြုတ်လိုက်ကာ …

“ရှင်က ဒီမှာ ဘာလုပ်နေတာလဲ …”

ထိုအရာကို မိုဝူကျီက ပြန်ဖြေလိုက်သည်။

“အရင်တစ်ခါက ကျွန်တော် ကျင့်ကြံနေတုန်း လမ်းကြောင်း သွေဖည်သွားလို့ စီနီယာမုနဲ့ စီနီယာကျိုးတို့ကို လျစ်လျူရှုသလို ဖြစ်သွားမိတဲ့အတွက် တောင်းပန်ပါတယ်ဗျ … ဒီကိုလာတာ အရင်တစ်ခါက အမှားကို လာတောင်းပန်တာပါ … ”

ကျိုးရှောက်ယီက လက်ခါပြလိုက်ပြီး …

“အဲလိုလုပ်ဖို့ မလိုဘူး ပြီးတော့ စီနီယာမုလည်း မရှိဘူး … ကျွန်မလည်း အပြင် သွားတော့မှာ …”

ထိုသို့ပြောပြီး ကျိုးရှောက်ယီက သူမဘေးမှ အမျိုးသမီးကို ဆွဲပြီး ထွက်သွားလိုက်သည်။ မိုဝူကျီက လှမ်းအော်လိုက်သည်။

“စီနီယာကျိုးဆီက တစ်ခုလောက် တောင်းဆိုချင်လို့ …”

ကျိုးရှောက်ယီ၏ အမူအရာက ချက်ချင်း အေးစက်လာပြီး …

“မိုဝူကျီ  … ကျွန်မက ရှင်နဲ့ ဘာမှ ပတ်သက်မှု မရှိဘူး အဲဒါကြောင့် ရှင့်ကို ကူညီပေးရမဲ့ အကြောင်းရင်း မရှိဘူး ... ပြီးတော့ ကျွန်မက အခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ သွားရတော့မှာ ...”

သူမအပိုင်းကို ပြောပြီးသည်နှင့် မိုဝူကျီကို အာရုံထဲ မထားတော့ပေ။ သူမက ဘေးနားမှ အမျိုးသမီးကို ခေါ်လိုက်ပြီး အလျင်အမြန် ထွက်သွားတော့သည်။

သူက ကျိုးရှောက်ယီဆီမှ ဘွားဘွားလင်းလောင်ဆီ ခေါ်သွားဖို့ အကူအညီဆို မထားနှင့် သူမက တည်နေရာပင် ပြောပြမသွားပေ။

“ရှောက်ယီ သူက စီနီယာမု ပြောနေတဲ့ စွမ်းဆောင်ရည် ရှိတယ်ဆိုတဲ့ ဆေးလုံးဆရာလား … ပြီးတော့ နင် မိတ်ဆက်ပေးမဲ့ ဆိုတဲ့သူလား …”

သူတို့နည်းနည်း အလှမ်းဝေးသည်နှင့် ကျိုးရှောက်ယင်က မေးလိုက်သည်။

ကျိုးရှောက်ယီက ပြန်ပြောလိုက်သည်။

“ဟုတ်တယ်‌ သူလေ … အဆင့်နိမ့် ဝိညာဉ်ကြောနဲ့သူပေါ့၊ သူဆီက မျှော်လင့်ချက်တော့ မထားပါဘူး ဒါပေမဲ့ သူအိမ်မှာ ကျင့်ကြံခြင်း လမ်းကြောင်း သွေဖည်ခဲ့တဲ့ ကိစ္စတော့ အမှန်ပဲ …  မမသာ သူ့ကို မြင်ရင် သူက လူသေနဲ့ မထူးဘူး ဆိုတာ တန်းမြင်မှာ.. ကံကောင်းပြီးတော့ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာတာနေမှာ … မမ ဒီတစ်ခါ ညီမလေး မှားသွားတယ် မမကို ဖျက်ဆီးမိတော့မလို့ … ဒီလူကို မြင်တယ်မလား ညီမလေးနဲ့ စကားတစ်ခါမှ မပြောဖူးဘဲနဲ့ အကူအညီ လာတောင်းနေတာ မျက်နှာပြောင်ချက် … အဲလိုလူမျိုးက တကယ်ကို …”

ကျိုးရှောက်ယီက တိတ်ဆိတ်နေလေ၏။ ထို့နောက်တွင် သူမက ပြန်ပြောလိုက်သည်။

“ရှောက်ယီ သူက မကောင်းတဲ့သူ မဟုတ်လောက်ပါဘူး … ငါလည်း ပါရမီ မပါဘူးလေ…”

သူမလေသံက အားငယ်ခြင်းများ စွက်နေ၏။ ကျိုးရှောက်ယီနှင့် ယှဉ်လျှင် သူမက မိုဝူကျီကဲ့သို့ ပါရမီမရှိသူက ပို၍ နီးကပ်သည်ဟု ခံစားနေရ၏။ သူမက မိုဝူကျီသည် သူမညီမလေး ရှေ့တွင် သူ့ကိုယ်သူ နှိမ့်ချ၍ နှုတ်ဆက်နေခြင်းကို စာနာမိသည်။ အားကောင်းပြီး ပါရမီ ပြည့်ဝလှသော သူမ ညီမရှေ့တွင် သူမအနေနှင့် ဝင်ပြောခွင့် မရှိပေ။

အမှန်တကယ်တော့ သူမက မိုဝူကျီ အပြုအမူများနောက်မှ ရည်ရွယ်ချက်ကို နားမလည်ပေ။ အကယ်၍ သူ့အတွက် သူဖြစ်နေမည် ဆိုလျှင် ကောင်းကင်ဖွေရှာ နန်းတော်၏ ပထမဂိုဏ်းချုပ်ရှေ့ရှိ နေလျှင်ပင် မိုဝူကျီက သူ့ကိုယ့်သူ နှိမ့်ချမည် မဟုတ်ပေ။ အတွင်းစည်း တပည့်ဖြစ်သော ကျိုးရှောက်ယီ ဆိုလျှင် ပိုဝေးသေး၏။

“မမ ဒီတစ်ခါတော့ မမကို ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အပြင်ဂိုဏ်းကို ပါနိုင်အောင် ညီမလေး လုပ်ပေးမယ် … ညီမလေးဆီမှာ ပစ္စည်းကောင်း တစ်ခုရှိတယ် ... မမသာ ကောင်းကင်ဖွေရှာ နန်းတော်ကို ရောက်သွားတာနဲ့ ခန့်ညား ချောမောတဲ့ လူတွေ အများကြီး တွေ့နိုင်ပြီ … သွားကြစို့…”

ကျန်းရှောက်ယီက ဘေးမှ ပြောလိုက်သည်။

“အစ်ကိုကြီး ခင်ဗျာ  ဘွားဘွား လင်းလောင် နေတဲ့နေရာများ သိခွင့်ရှိမလားဗျ…”

ကျန်းရှောက်ယီတို့ ထွက်သွားသည်နှင့် မိုဝူကျီက နောက်ထပ် တပည့်တစ်ယောက် ပေါ်မလာခင်အထိ စောင့်နေလိုက်သည်။

ထိုအမျိုးသား တပည့်က စိတ်ထဲ မထားဘဲ မိုဝူကျီအတွက် နေရာကို ညွှန်ပြပေးခဲ့သည်။ ထို့နောက် သူက အလျင်စလို ထွက်သွားတော့၏။

မိုဝူကျီက ကျေးဇူးတင်စကား ဆိုလိုက်ပြီး ယန်အာကို ခေါ်သွား လိုက်တော့သည်။ သူက ဘွားဘွားလင်းလောင် ထွက်သွားမည်ကို စိုးရိမ်နေမိသည်။ အကြောင်းမှာ သူမက ဤနေရာသို့ လာပြီး ဆေးပင်များကို လာရှာခြင်း ဖြစ်၏။ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ပိတ်လိုက်သည်က တစ်ရက်တာ ကြာသွားသောကြောင့် တစ်ယောက်ယောက်ကသာ အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကိုသာ ရှာတွေ့ခဲ့လျှင် သူမတံခါးဝတွင် တိုးနိုင်သေး၏။ ဘွားဘွားလင်းလောင်က ဤနေရာမှ ထွက်သွားသည်နှင့် သူ့အတွက် သူမနှင့် တွေ့ဖို့ရာ မဖြစ်နိုင်တော့ချေ။

“ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံးဘုံစေတီ” ဟူသော ရေးသားထားသော ဆိုင်းဘုတ်ကြီးက မိုဝူကျီရှေ့တွင် ပေါ်လာလေ၏။ သူက ချက်ချင်းပင် နဂိုကထက် စိတ်လှုပ်ရှားမိ သွားသည်။

သူရှာတွေ့လေပြီ …

ဤနေရာက ဘွားဘွားလင်းလောင် နေသည့် နေရာ ဖြစ်လိမ့်မည်။

ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံးဘုံစေတီ ဆိုင်းဘုတ်အောက်တွင် အနီရောင် ဝတ်ရုံနှင့် မိန်းမငယ်လေးကို တွေ့လိုက်ရသည်။၊ မိုဝူကျီက ယန်အာကို ဆွဲ၍ သူမဆီ ခေါ်သွားလိုက်သည်။

“ဘွားဘွား လင်းလောင်နဲ့များတွေ့ …”

မိုဝူကျီ စကား မဆုံးသေးခင် မိန်းကလေးက ဖြတ်ပြောလိုက်သည်။

“ဘွားဘွားနဲ့ လာတွေ့တာလား ...”

“ဟုတ်ပါတယ် ဘွားဘွားလင်းလောင်နဲ့ လာတွေ့တာပါ... အကြောင်းက …”

မိုဝူကျီက အမြန်အဆန် ပြန်ဖြေလိုက်သည်။

“ရပြီ ကျွန်မ နောက်လိုက်ခဲ့ပါ …”

အနီရောင်နှင့် မိန်းကလေးက မိုဝူကျီ၏ ရှင်းပြချက်ကိုပင် နားမထောင်ဘဲ ထပ်ဖြတ် ပြောလိုက်ပြန်၏။

ထိုမျှ လွယ်ကူသည်လား … မိုဝူကျီက မှင်တက်မိ သွားသည်။ သူသိသလောက်အရ ဘွားဘွား လင်းလောင်နှင့် ဆုံတွေ့ဖို့ရာ အရမ်းကို ခက်ခဲလှသည်။ ယန်ချင်ယင်၊ ကျန်းရှောက်ခယ် ဒါမှမဟုတ် ဟော်ယွီချန်ပင် ဖြစ်နေပါစေ ဘွားဘွား လင်းလောင်နှင့် တွေ့ခွင့်ရဖို့ရာ မျှော်လင့်ချက် မထားရဲကြချေ။

ယခု သူက ရှင်းပြစရာမလိုအပ်ဘဲ တစ်ယောက်ယောက်က သူ့ကို အထဲ ခေါ်သွားတယ်လား။

ထိုသည်က မိုဝူကျီကို အမှန်တကယ် မဟုတ်သယောင် ခံစားရ၏။ ဘွားဘွား လင်းလောင်က သူမစရိုက်များ ပြောင်းသွားတာကို ယန်ချင်ယင်နှင့် အခြားလူများက မသိသေးသည်များလား။

မိုဝူကျီက ယန်ချင်ယင်နှင့် အခြားလူများကို မှားယွင်းနေသည်ဟု ထင်နေမိသည်။ သူ ဘွားဘွား လင်းလောင်နှင့် အလွယ်တကူ တွေ့ခွင့်ရသည့် အကြောင်းရင်းမှာ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှ လူများသည် ယနေ့ ထွက်လာကြ၍ ဖြစ်၏။

“မမချီ … မမရှုန်း ... ဒီလူတွေက ဘွားဘွားကို ရှာနေတာတဲ့ …”

အနီနှင့် မိန်းကလေးက မိုဝူကျီနှင့် ယန်အာကို အခန်းတစ်ခု၏ တံခါးရှေ့သို့ ခေါ်ဆောင် လာလေ၏။ ထို့နောက်တွင် တံခါးရှေ့မှ မိန်းကလေး နှစ်ယောက်ကို သတင်းပို့လိုက်သည်။

ထိုသည်က အမွှာဖြစ်၏။ မိုဝူကျီက တစ်ယောက်နှင့် တစ်ယောက် လုံးဝ တူညီလုနီးပါး ဖြစ်နေသည့် ထိုမိန်းကလေး နှစ်ယောက်ကို ကြည့်ရင်း သူကိုယ်သူ တွေးမိလိုက်၏။

“ငါ့ကို တစ်ယောက်ယောက် ရှာနေတာလား ... သူတို့ကို အထဲ ဝင်ခိုင်းလိုက် …”

မိန်းကလေးများ မပြောခင် အမျိုးသမီး အသံတစ်ခု အခန်းအထဲမှ ထွက်ပေါ်လာလေ၏။

All Chapters