အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်က ဘာလဲ
Vol. 11 Ch. 151
“ဘွားဘွားက ရှင်တို့ နှစ်ယောက်လုံး ဝင်ခဲ့ပါတဲ့ ...”
နောက်ဆုံးတွင် ထိုမိန်းကလေး နှစ်ယောက်က ပြိုင်တူ မပြောတော့ပေ။ လက်ဝဲဘက်တွင် ရှိနေသော မိန်းကလေးက မိုဝူကျီကို ပြောလိုက်သည်။
သူမကို ကျေးဇူးတင်ပြီးနောက် မိုဝူကျီက ယန်အာကို ဆွဲ၍ အခန်းထဲသို့ ဝင်လိုက်သည်။
အခန်းအထဲသို့ ရောက်သည်နှင့် ဆေးပင်များ တူးနံ့က မိုဝူကျီ နှာခေါင်းထဲ ရောက်ရှိလာသည်။ ထိုသည်က သူ့အား ပို၍ စိုးရိမ်စေမိသည်။ သူ့လက်ရှိ ဆေးဖော်စပ်သည့် အဆင့်ဖြင့် သူက ဆေးဖော်စပ် နေစဉ်အတွင်း ဆေးပင်များကို တူးစေမည် မဟုတ်ပေ။ သို့သော် ဘွားဘွားလင်းလောင်က အမှန်ပင် ဆေးပင်အချို့ကို တူးစေခဲ့ရာ သူမက တခြားသူများ ညွှန်းဆိုသကဲ့သို့ အထင်ကြီးစရာ ကောင်းသည့် ပုဂ္ဂိုလ် ဟုတ်ပါ့မလား။
ထို့နောက်တွင် ဧရာမ မီးပြင်းဖိုနောက်မှ အမျိုးသမီးက ထွက်ပေါ်လာသည်။ သူမက အများဆုံး အသက်သုံးဆယ် လောက်သာ ရှိပြီး အညိုရောင် ဝတ်စုံကို ဆင်မြန်းထားလေ၏။ ထို့အပြင် သူမက အလှပဂေး တစ်ယောက် ဖြစ်သည်။ အရုပ်လေးနှင့် တူလှသော မျက်လံးအစုံနှင့် ဖြောင့်စင်းသော မျက်ခုံး၊ ပိုးသားနက်ရောင် ဆံကေသာကို ထုံးဖွဲ့ထားပြီး သူမက အဆင့်အတန်းမြင့်မြင့် နိုဘယ် အငွေ့အသက်များ ထုတ်လွင့် နေလေ၏။
ထိုလူက ဘွားဘွား လင်းလောင်များလား ... သူမက အရွယ်တင် နုပျိုနေဆဲ ဖြစ်ကာ လှပနေဆဲ ဖြစ်၏။ မိုဝူကျီက သူတို့အမြင်များ မှားနေလားဟုပင် တွေးမိခဲ့သည်။ သို့သော် သူက ထိုသည်က မဖြစ်နိုင်မှန်း သိလိုက်သည်။ ကောင်းကင်ဖွေရှာ နန်းတော် နေရာတွင် ဘွားဘွားလင်းလောင်ကို မည်သူကမျှ အတုအပ လုပ်နိုင်ရန် သတ္တိရှိနှင့် စွမ်းရည် ရှိကြလိမ့်မည် မဟုတ်ပေ။
“ငါ့ကို ဘာအတွက် တွေ့ချင်တာလဲ ...”
မိုဝူကျီက သူမကို စကားတစ်ခွန်းမျှ မပြောဘဲ ငေးကြည့်နေသည်ကို တွေ့သောအခါ ဘွားဘွားလင်းလောင်က မျက်မှောင်အသာ ကြုတ်မိလိုက်သည်။
မိုဝူကျီက အသိစိတ် ပြန်ကပ်လာပြီး အလျင်အမြန် အရိုအသေ ပေးကာ …
“ဂျူနီယာ မိုဝူကျီက ဘွားဘွား လင်းလောင်ကို နှုတ်ဆက်ပါတယ် ...”
သူက အတွေးများကို အနည်းငယ်မျှ မထုတ်ဖော်ရဲချေ။
“ပြော ...”
ဘွားဘွား လင်းလောင်က ပို၍ တည့်တိုးဆန်လှ၏။
နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး မိုဝူကျီက စိုးရိမ်စွာ ပြောလိုက်သည်။
“ဒါက ယန်အာပါဗျ ... သူမက ကျွန်တော်နဲ့ အရင်းနှီးဆုံးလူပါ၊ ကျွန်တော် မိုဝူကျီက ဒီကို ...”
ဘွားဘွားလင်းလောင်က မိုဝူကျီစကားကို ဖြတ်ပြောလိုက်ကာ …
“သူမကို ကယ်တင် ပေးစေချင်တာလား ...”
“ဟုတ်ပါတယ်ဗျ ... ဂျုနီယာမိုက ဒီလို လာတောင်းဆိုတာပါဗျ ...”
မိုဝူကျီက ဘွားဘွား လင်းလောင်သည် ယန်ချင်ယင်နှင့် အခြားလူများ ပြောသကဲ့သို့ မဆိုးရွားလှကြောင်း ခံစားမိ၏။ သို့သော် တစ်ခုတည်းသော လိုနေသည့် အရာကား သူမက အတော်လေး ငယ်ရွယ်နေပုံ ပေါ်နေသောကြောင့် “အစ်မလင်းလောင်” ဟု ခေါ်ခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။
ဘွားဘွား လင်းလောင်က ယန်အာကို ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
“တစ်ယောက်က သူမဝိညာဉ်ကြောကို လုယူဖို့ ကြိုးစားရင်း မအောင်မြင်ခဲ့ဘူး၊ ရလဒ်အနေနဲ့ သူမဝိညာဉ် လမ်းကြောင်း ကွန်ယက်က ရှုပ်ထွေး ကုန်ပြီးတော့ စိတ်ကလည်း ဝရုန်းသုန်းကား ဖြစ်သွားတယ် အဲဒါအပြင် မှတ်ဉာဏ်လည်း ပျောက်သွားသေးတယ် ... သူမမှာ အများဆုံး နှစ်နှစ်လောက်ပဲ အသက်ရှင်ဖို့ အချိန်ရတော့မယ် ...”
မိုဝူကျီက ကြားသောအခါ တအံ့တဩ ဖြစ်သွားခဲ့ရာ သူ့က ထပ်၍ အချိန်မဆွဲတော့ဘဲ ယခင်ကထက် ပိုမြင့် ဦးညွှတ်လိုက်ပြီး တောင်းဆိုလိုက်လေ၏။
“ဘွားဘွားလင်းလောင် ကျေးဇူးပြုပြီးတော့ သူမကို ကယ်ပေးလို့ ရမလား ကျွန်တော် ဘာမဆို လုပ်ပေးပါ့မယ်...”
တစ်ချက် ကြည့်ရုံဖြင့် ဘွားဘွား လင်းလောင်က ယန်အာ အခြေအနေကို တန်းသိ၏။ သူမက ကျွမ်းကျင်သူ ဖြစ်ကြောင်း အထင်မှားဖွယ် မရှိပေ။ ဝိညာဉ်ကြော လုယူခြင်းနှင့် ရှန်းလျဲ့ ပြောဖူးသည့် ဝိညာဉ်ကြော ကူးပြောင်းခြင်းတို့က အခေါ်အဝေါ်ခြင်း ကွဲပြားသော်လည်း မိုဝူကျီ အမြင်အရ အဓိပ္ပာယ် ကွာခြားမှု မရှိပေ။
ထိုစဉ် မိုဝူကျီက ယွီကျီသည် သူ့ဆီ လာတောင်းဆိုသည့် ပုံရိပ်ကို ခံစားမိသွားသည်။ သူသည်လည်း တူညီသည့် အခြေအနေထဲသို့ ကျရောက်နေလေ၏။
“သူမကို ကယ်နိုင်တယ် ...”
ဘွားဘွား လင်းလောင်က တည့်တိုးသာ ပြန်ဖြေလိုက်သည်။ ထိုစကားလုံးများက မိုဝူကျီ နားထဲတွင် နတ်သမီးတစ်ပါး၏ စကားအလား ချိုမြိန်လှ၏။ သူ့အသံ တုန်တုန်ယင်ယင်ဖြင့် ပြန်ပြောလိုက်သည်။
“ဘွားဘွား လင်းလောင် ယန်အာကို ကယ်တင်ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ် ... ယန်အာက အမြဲတမ်း အထီးကျန်ပြီးတော့ ခံစားခဲ့ရတာ ...”
မိုဝူကျီအတွက် ယန်အာသည် သူ့ဘေးတွင် အမြဲတမ်းရှိခဲ့သူ ဖြစ်၏။ သူမက မိဘမဲ့ ဖြစ်ပြီးတော့ ပျော်ရွှင်သော ဘဝကို မခံစားဖူးပေ။ ထို့အစား သူမက သူ့ကို ဆက်တိုက် စောင့်ရှောက်ခဲ့ရ၏။
“ဒါပေမဲ့ ဘာလို့ ငါက သူမကို ကယ်ရမှာလဲ၊ သူမနဲ့ ငါက ဘာဆက်စပ် နေလို့လဲ ...”
ဘွားဘွား လင်းလောင်၏ ပြန်လည် ချေပချက်က မိုဝူကျီကို စိတ်ပျက်မှု ပင်လယ်ထဲ ကျရောက် သွားစေသည်။ နောက်ဆုံးတွင် ဘွားဘွား လင်းလောင်ဆီမှ အကူအညီရဖို့ရန် မည်မျှပင် ခက်ခဲကြောင်း နားလည်သွားလေ၏။ ထိုသည်က အစပင် ဖြစ်သေးကာ အကြောင်းပြချက်လည်း ရှာမတွေ့သေးပေ။
“တကယ်လို့ အကြောင်းပြချက် မပေးနိုင်ရင်တော့ ထွက်သွားတော့ ... မင်းနဲ့ ဆက်ပြောစရာ မရှိတော့ဘူး...”
ဘွားဘွား လင်းလောင် အသံတွင် ဒေါသ အရိပ်အယောင် သမ်းလာလေ၏။
“ဘွားဘွား ကျွန်တော်မှာ အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက် မရှိ ...”
မိုဝူကျီ စကားမဆုံးခင်တွင် ဘွားဘွားလင်းလောင်က ဒေါသတကြီး ဖြတ်ပြောလိုက်သည်။
“အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက် မပါဘဲနဲ့ ဘာလာလုပ်တာလဲ ထွက်သွားစမ်း ...”
လူသတ်ငွေ့က မိုဝူကျီဆီ ချက်ချင်း လွှမ်းခြုံလာပြီး တစ်ခုခု အမှား လုပ်မိသည်နှင့် အပိုင်းပိုင်း အစစ ဖြစ်သွားမည့် ခံစားချက်ကို ပေးစွမ်း၏။
“အာ ...”
မိုဝူကျီက တုန်လှုပ်မိ သွားသည်။ ဘွားဘွား လင်းလောင်နှင့် စကားပြောဖို့ရာ ခက်ခဲလိမ့်မည်ဟု တွေးထားသော်လည်း သူမက အခြားလူများနှင့် မည်သို့ ဆက်ဆံရမည်ကို မသိသည့်ပုံ မပေါ်ပေ။ သို့သော်လည်း မျက်လုံး တစ်မှိတ်အတွင်း သူမ သဘောထားက ချက်ချင်းပင် မြန်မြန်ဆန်ဆန် ပြောင်းလဲသွား၏။
ထိုစဉ် ဘွားဘွား လင်းလောင်က မိုဝူကျီကို လက်ညှိုး ထိုးထားပြီး ဒေါသတကြီး ဖြစ်လာကာ ဝေဖန် ပြောဆိုလိုက်သည်။
“သူမကို ကယ်ဖို့ ဘယ်လောက် ခက်ခဲတယ် ဆိုတာ မင်းသိလား၊ သူမက ငါ့နှလုံးကျင့်စဉ်ကို သင်ဖို့ ငါ့နောက်ကို ဆယ်နှစ်လိုက်ရမယ်၊ ငါသာ အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ကို အလောတကြီး လိုမနေရင် မင်းငါ့ကို ထောင်ချီပေးရင်တောင် ငါက စိတ်အနှောင့်ယှက် ဖြစ်ခံမှာ မဟုတ်ဘူး ... သွားစမ်း တကယ်လို့ မင်းက အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက် တစ်ခု ပေးနိုင်သရွေ့ သူမကို ကယ်ပေးမယ် ...”
ဘွားဘွား လင်းလောင်က သူမစကား ဆုံးသည်နှင့် ဝမ်းနည်းပြီး ကြွေကွဲနေဟန် ပေါ်နေ၏။ ထို့နောက်တွင် သူမ၏ စိတ်ပျက်လက်ပျက် အခြေအနေသို့ ပြန်ရောက်ရှိသွား၏။
မိုဝူကျီက ကျောက်စိမ်း သေတ္တာကို ထုတ်ယူလိုက်ကာ …
“ဘွားဘွား ကျွန်တော်က အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ကို မရှာနိုင်ခဲ့ပေမဲ့ ဒီရေခဲပန်းတော့ ရခဲ့ပါတယ် ...”
ဘွားဘွား လင်းလောင်က မကြည့်မိမည်ကို စိုးရိမ်၍ သေတ္တာကို ဖွင့်ပြလိုက်သည်။
“အခုချက်ချင်း ထွက်သွားစမ်း ...”
ဘွားဘွား လင်းလောင် အသံက ရုတ်တရက် ရပ်သွားကာ သူမမျက်လုံးများက ပြုးကျယ်လျက် မိုဝူကျီ လက်ထဲမှ ကျောက်စိမ်း သေတ္တာကို စိုက်ကြည့်နေလေ၏။ ခဏအကြာတွင် သူမက သူ့ဘေးသို့ ရောက်လာရင်း သေတ္တာကို ယူကြည့်လိုက်သည်။
“ဟားဟားဟား ...”
နောက်အခိုက်အတန့်တွင် မိုဝူကျီက ဘွားဘွား လင်းလောင်၏ အားရပါးရ ရယ်မောသံကို ကြားလိုက်ရ၏။ အကယ်၍ သူက ဤအမျိုးသမီးဆီ ယန်အာကို ကယ်တင်ဖို့ရာ အတွက် လာခြင်း မဟုတ်လျှင် သူမက ရူးနေသည်ဟု တွေးမိလောက်၏။
“အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်း ... မင်းတကယ်ကို အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းကို ရခဲ့တာပဲ ... ဟားဟား ... လင်းလောင် လင်းလောင် ငါတော့ စောင့်နေတဲ့ အရာလက်ထဲ ရောက်လာပြီ ... ရောက်လာပြီ ...”
ဘွားဘွား လင်းလောင်က သေတ္တာကို နမ်းရှိုက်ရင်း အရူးတစ်ယောက်ကဲ့သို့ ရယ်မော နေလေ၏။
မိုဝူကျီက ချက်ချင်း တည်ငြိမ် သွားလေသည်။ ဘွားဘွား လင်းလောင် စကားများအရ အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းသည် သူမအတွက် အသုံးဝင်ဟန် ပေါ်၏။ သူကြားလိုက်သည်က ထိုသို့ ကွက်တိ ဖြစ်၏။
မိနစ်အနည်းငယ် အကြာတွင် ဘွားဘွား လင်းလောင်၏ ရယ်သံက တဖြည်းဖြည်း လျော့ကျ သွားလေ၏။ သူမက ကျောက်စိမ်း သေတ္တာသစ် ထုတ်ယူလိုက်ပြီး အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းကို ဂရုတစိုက် ပြောင်းထည့်လိုက်သည်။ ထို့နောက်တွင် မိုဝူကျီ၏ သေတ္တာကို တစ်ဖက်သို့ ပစ်လွင့် လိုက်တော့သည်။
ထိုအရာများ အားလုံး ပြီးစီးပြီးနောက် သူမက အသက်ပြင်းပြင်းရှူကာ မိုဝူကျီကို နွေးထွေးစွာ ကြည့်လိုက်ရင်း ပြောလိုက်သည်။
“မိုဝူကျီ မင်းရဲ့ အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းအတွက် ကျေးဇူတင်ပါတယ်၊ အခု ယန်အာကို ကုသပေးဖို့ ကူညီပေးပါ့မယ်၊ အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းအတွက် ယန်အာကို ကယ်တာအပြင် နောက်တစ်ခု ထပ်တောင်းဆိုလို့ ရသေးတယ် ... မင်းလိုချင်တာ ပြောပါ ...”
ဘွားဘွား လင်းလောင်၏ အသံက အရမ်းကို နွေးထွေး၍ ရင်းနီးမှု ပေးနေကာ အမျိုးသမီး တစ်ယောက်၏ ခံစားချက်ကို အပြည့်အဝ ပေးစွမ်း၏။ စောစောလေးမှ ရူးသွပ်နေသည့် အမျိုးသမီး တစ်ယောက်၏ အပြုအမူများ မရှိတော့ပေ။ သူမအသံက အနည်းငယ် တုန်ယင် နေလေ၏။ ထိုသည်က သူမသည် အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းအတွက် စိတ်လှုပ်ရှားမှုကား လုံးဝ မတည်ငြိမ်သေးတာ ဖြစ်၏။
မိုဝူကျီက အကြောများကို တင်းထားသည်မှ စိတ်လျှော့လိုက်တော့၏။ ဘွားဘွား လင်းလောင်က ယန်အာကို ကယ်တင်ရန် သဘောတူသည့်အတွက် သူ့တွင် စိုးရိမ်မှု အလျင်းမရှိတော့ပေ။
သူ့စိုးရိမ်မှုများ ချုပ်ငြိမ်းပြီး နောက်တွင် စိတ်ထဲသို့ ရောက်လာသည်က …
“ဘွားဘွား အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းက ဘာများလဲ... အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ထက်တောင် ကောင်းတာလား ...”
ဘွားဘွား လင်းလောင်၏ အခြေအနေကား အတော်အတန် ကောင်းမွန် နေသည့်အတွက် သူမက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
“အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ကို အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းနဲ့ ဘာလို့ နှိုင်းယှဉ်ရမှာလဲ၊ အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်တွေ အိမ်အပြည့်ရှိနေတယ် ဆိုရင်တောင် အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်း တစ်ပွင့်ကို မမီသေးဘူး၊ အတိအကျ ပြောရရင် အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းရဲ့ အရင်အခြေအနေက အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ပဲ။
ဒါပေမဲ့ အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်က အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်း အဖြစ် ပြောင်းသွားဖို့က အရမ်းကို ခက်ခဲတယ်၊ အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ထဲက အရေအတွက် နည်းနည်းလေးကပဲ အလွန်အမင်း အေးခဲတဲ့ အခြေအနေမှာ အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းအဖြစ် ပြောင်းသွားနိုင်တာ၊ အဲဒီကျောက်တွေက ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကျောက်တွေရဲ့ စွမ်းအားတွေပါ စုပ်ယူ တတ်ကြတယ်၊ ပြီးတော့ အချိန်ကြာလာတော့မှ အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းအဖြစ် ရောက်လာတာ ... မင်းခူးလာတဲ့ အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းလိုမျိုး ကြီးထွားလာဖို့ ဆိုရင် အခြေအနေတွေက အရမ်းကို ခက်ခဲ ကြမ်းတမ်းလိမ့်မယ် …”
ဘွားဘွား လင်းလောင်က ဆက်ပြောလိုက်သည်။
“မင်းက ကံကောင်းသားပဲ၊ အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းကို အမှန်တကယ် ရရှိလာခဲ့တယ် ... မင်းရဲ့ အချက်အလက်အရ မင်းရဲ့ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူအနေနဲ့ ဒီပန်းကို ရဖို့ သေလောက်တဲ့ အအေးဓံကို ဖြတ်သန်းခဲ့ရမှာပဲ မင်း ဘယ်လို လုပ်နိုင်ခဲ့တယ်တော့ မသိဘူး.... ဖြစ်စဉ် တစ်ခုလုံး ပြောပြပါဦး ... ဒီပန်းတွေရှိတဲ့ နေရာမှာ တခြား ဘာတွေရှိသေးလဲ ...”
မိုဝူကျီက အလျင်အမြန် ပြန်ပြောလိုက်သည်။
“ကျွန်တော်က ရေခဲတောင် အောက်ခြေက ရလာတာပါ ... အဲဒီတုန်းက ကျွန်တော်က လမ်းတွေ အများကြီး ရှိတဲ့ ရေခဲတောင်ထဲက ခန်းမကို ရောက်သွားခဲ့တယ်၊ အဲဒီထဲက လမ်းကြောင်း တစ်ခုမှာ ဒီအဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းကို ရခဲ့တာပါ ... အမှန်ကို တော်တော် အေးစက်နေပေမဲ့ ကျွန်တော်တော့ တောင့်ခံနိုင်ခဲ့ပါတယ် ... နှမြောဖို့ ကောင်းတာက ဒီပန်းတစ်ပွင့်ပဲ ရှိနေပြီးတော့ တခြားဘာမှ မရှိတာပဲ....”
သူ့စကားထဲတွင် အနည်းဆုံး ၉၀ ရာခိုင်နှုန်းလောက် မှန်ကန်ပေ၏။ ဘွားဘွား လင်းလောင်၏ စွမ်းဆောင်ရည်နှင့် ဆိုလျှင် သူမသည် လက်ပတ်မှ တစ်ဆင့် သူရေခဲတောင် သွားသည့် ကိစ္စကို သေချာပေါက် သိရှိလိမ့်မည်။ သို့သော်လည်း သူ့တွင် လက်ပတ် ရှိမနေပေ။ ထို့ကြောင့် ဘွားဘွား လင်းလောင်က သူ ထိုပန်း ရရှိလာသည့် လမ်းကြောင်းအား ရှာနိုင်မည် မဟုတ်ပေ။ သူ ပြောပြီးသည်နှင့် မိုဝူကျီက သူ့သိုလှောင်အိတ်သို့ ထိုးဖောက် ဝင်ရောက်လာသော အားကောင်းလှသော စိတ်စွမ်းအား တစ်ခုကို ခံစားလိုက်ရ၏။ ထိုသည်က သူ့ကို ဝမ်းမြောက်စေ၏။ သူက ဤနေရာသို့ မလာခင် သူ့ကိုယ်ပိုင် သိုလှောင်အိတ်ကို သူ့နေရာတွင် ထားခဲ့လေသည်။
ဘွားဘွား လင်းလောင်၏ စိတ်စွမ်းအားများက မိုဝူကျီ သိုလှောင်အိတ်ကို လှည့်ပတ် နေလေသည်။ ခဏအကြာတွင် စိတ်စွမ်းအားကို ရုပ်သိမ်းလိုက်ပြီး ခေါင်းညိတ်ကာ …
“မဆိုးဘူး မင်းက ကံတော့ အကောင်းသား ...”
ဘွားဘွား လင်းလောင်က ဆက်မပြောခင် ခဏ ရပ်တန့်လိုက်သည်။
“ယန်အာရဲ့ ဝိညာဉ်လမ်းကြောင်း ကွန်ယက်က တော်တော်လေး ရှုပ်ယှက်ခတ်နေလို့ အသိစိတ်မကပ် ဖြစ်နေတာ ... ဝိညာဉ်ကြော လုယူလိုက်တာက သူမမှတ်ဉာဏ်တွေကို ပျောက်ဆုံးစေခဲ့တာ ဆိုတော့ ပြန်ရဖို့ရာ တော်တော် ခက်ခဲလိမ့်မယ် ...”
“အကြီးအကဲ စောစောက ပြောတော့ ...”
မိုဝူကျီက တုန်လှုပ်တကြီး ဖြစ်သွားပြီး မေးလိုက်သည်။
ဘွားဘွား လင်းလောင်က လက်ခါပြလိုက်ပြီး …
“မင်း စိတ်ပူစရာ မလိုတော့ဘူး ... မင်းက ငါ့ဆီ ရောက်လာမှတော့ သူမအသက်တော့ ဘေးကင်း သွားပါပြီ … ဒါပေမဲ့ သူမမှတ်ဉာဏ်တွေ ကျတော့ ... အရင်ဆုံး သူမဝိညာဉ်ကြောကို ကြည့်ကြည့်ရအောင် ...”
ဘွားဘွား လင်းလောင်က ပြောရင်း ယန်အာ လက်ကောက်ဝတ်ကို စမ်းကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“တကယ့်ကို အဖိုးတန် သန္ဓေပြောင်း သစ်သား သဘာဝ ဝိညာဉ်ကြောပဲ ...”
“အကြီးအကဲ သန္ဓေပြောင်း သစ်သား ဝိညာဉ်ကြောက ဘာများလဲ ...”
မိုဝူကျီက ထပ်မေးလိုက်ရ၏။
“ပုံမှန်ဆိုရင် သန္ဓေပြောင်း ဝိညာဉ်ကြောတွေက လေ၊ လျှပ်စီးနဲ့ ရေခဲတို့ပဲ ရှိတယ် ဆိုပေမဲ့ တစ်ခါတလေကျတော့ သဘာဝ ငါးမျိုး ဝိညာဉ်ကြောထဲမှာလည်း သန္ဓေပြောင်း တွေ့ရတတ်တယ် ... အဲဒီအခါကျ လျှပ်စီးတို့ လေတို့ ရေခဲတို့ ဝိညာဉ်ကြောထက် များစွာ ပိုသာ သွားတတ်တယ် ... သန္ဓေပြောင်း သစ်သားဝိညာဉ်ကြောက ဆေးလုံးဆရာတွေ အတွက် အကောင်းဆုံးပဲ ...”
ခဏတာ တွေဝေ နေပြီးနောက် ဘွားဘွား လင်းလောင်က ဆက်ပြောလိုက်သည်။
“ငါ့ ဘဝတစ်လျှောက်လုံးမှာ တပည့်နှစ်ယောက်ပဲ လက်ခံခဲ့တယ်၊ မင်းက အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းကို ပေးထားမှတော့ မင်းသာ ဆန္ဒရှိမယ် ဆိုရင် သူ့ကို အနီးကပ် တပည့်အဖြစ် ခေါ်ထားနိုင်တယ် ... ဒါပေမဲ့လည်း ...”
မိုဝူကျီက ချက်ချင်း ဦးညွှတ်၍ ပြောလိုက်သည်။
“အကြီးအကဲက သူမကို တပည့်အဖြစ် လက်ခံမယ် ဆိုတာက ယန်အာအတွက် ကံကောင်းမှုပါ .... နောက်ထပ် ပြောစရာ ရှိသေးရင်လည်း အားမနာပါနဲ့ ထပ်ပြောပါဗျ ...”
သူ့ကိုယ်တိုင်တွင် ဆရာသမား မရှိပေ။ ဘွားဘွား လင်းလောင်၏ အရည်အချင်းများက အတော်လေးကို အဆင့်မြင့် နေလေပြီ။ ထို့အပြင် သူမက ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံးဘုံ စေတီတွင် နံပါတ်တစ် ဆေးလုံးဆရာ ဖြစ်သည်။ ထိုသို့သော သူမက ယန်အာကို တပည့်အဖြစ် အလိုရှိနေမှတော့ မိုဝူကျီအနေနှင့် အဘယ်ကြောင့် သဘောမတူဘဲ နေရမည်နည်း။
***