ဘဝအသစ်များ
Vol. 115 Ch. 1611
ရှုချင်လည်း မန်ဟို့ဘေးတွင် ရပ်နေရာမှ ကြက်တူရွေးနှင့် အသားဂျယ်လီကို ကြည့်ကာ သဘောကျစွာ ရယ်တော့သည်။ ရယ်သံလေးသည် ရေခဲကိုပင် အရည်ပျော်ကျစေနိုင်လောက်အောင် လွန်စွာနွေးထွေးပြီး နားဝင်ချိုလှ၏။
မန်ဟိုက အသက်ပြင်းပြင်းရှူပြီးနောက် တောင်ပင်လယ်လိပ်ပြာနှင့် သူ၏မိဘနှစ်ပါး အိပ်နေသော အခေါင်းကို လှမ်းကြည့်လိုက်သည်။ အခေါင်းအရည်ပျော်နေစဉ် လိပ်ပြာသည် အသက်ဓာတ်တို့ ပြည့်ဝနေသော ရောင်စုံအလင်းစက်များ ဖြစ်လာ၏။ တဖြည်းဖြည်း အလင်းစက်များက တစ်ယောက်ကိုတစ်ယောက် ဖက်လျက် ရပ်နေကြသော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်အဖြစ် စုစည်းသွားလေသည်။
တစ်ချိန်တည်းမှာပင် ဧရာမတံခါးကြီးတစ်ချပ် ပွင့်လာသဖြင့် တဝုန်းဝုန်းမြည်သံများ ကြားလိုက်ရသည်။ တံခါးသည် ဝိညာဉ်များအား ဘယ်တော့မှ မသေဆုံးစေမည့် ဘဝသံသရာသို့ ဦးတည်နေသော တံခါးဖြစ်၏။
ရေခဲတောင်အရည်ပျော်နေသည်နှင့်အမျှ ၎င်းအတွင်းရှိ နိုးထလာသော ဝိညာဉ်မျိုးစေ့များက တံခါးဆီ လွင့်မျောသွားကြသော အရိပ်များဖြစ်လာကြသည်။
လူပြန်ဝင်စားဖို့ သူတို့စောင့်နေခဲ့ရသည်မှာ ကမ္ဘေကမ္ဘာကြာခဲ့ချေပြီ။ အဝေးမှကြည့်လျှင် မန်ဟို၏မိဘနှစ်ပါးအပါအဝင် ဝိညာဉ်မျိုးစေ့များသည် ဘဝပြန်ဝင်စားခြင်းတံခါးဆီ စီးမျောသွားသော မြစ်တစ်စင်းနှင့် တူ၏။
ထိုဝိညာဉ်မြစ်အတွင်း၌ ဖက်တီး၊ ဝမ်ယိုချိုင်၊ လီလင်းအာ၊ ကျင်ရှန်း၊ ထိုက်ယန်ကျစ်၊ ဖန်ယု၊ စွန်းဟိုက်၊ သူ့ဆရာဆေးလုံးမိစ္ဆာ၊ ပြည့်ပြည့်လေးအပါအဝင် ရင်းနှီးသောမျက်နှာများစွာကို မန်ဟို မြင်လိုက်ရသည်။ သူတို့အားလုံးသည် သူ၏မှတ်ဉာဏ်ထဲတွင် အမြဲတည်ရှိနေမည့် လူများဖြစ်ကြ၏။ ပါရာဂွန်ပင်လယ်အိပ်မက်၊ ခိတိဂဗ္ဗ၊ ရွှေတုန်းလျှို၊ ဘိုးဘိုးမန်နှင့် ဘိုးဘိုးဖန်တို့လည်း ပါဝင်လေသည်....
မန်ဟိုသည် ရှုချင်၏လက်လေးကို ခပ်တင်းတင်းဆုပ်ကိုင်လျက် သူတို့အား ရပ်ကြည့်ရင်း ရင်ထဲနွေးထွေးနေ၏။
ဝိညာဉ်အားလုံး ဘဝပြန်ဝင်စားခြင်းသံသရာထဲ ဝင်ရောက်ပျောက်ကွယ်သွားပြီးနောက် ပြန်လည်မွေးဖွားလာကြသည်ကို ခံစားလိုက်ရသည်အခါ မန်ဟို့မျက်နှာထက်တွင် အပြုံးတစ်စဖြစ်ထွန်းလာသည်။
ဤအချိန်သည် ဂူယွိတင်းစန်းယွီ နိုးလာသဖြင့် နဝမပင်လယ်ရေများ ပလုံစီထ၍ မြင့်တက်လာသောအချိန်လည်း ဖြစ်၏။
နဝမတောင်ထိပ်တွင် လိပ်ခွံသာ ကျန်တော့သည်အထိ ပိန်ချုံးခြောက်ကပ်နေခဲ့သော မှီခိုရာဂိုဏ်းချုပ်သည်လည်း အသက်ဝင်လာသည့် အရိပ်အယောင်များ ပြလာသည်။ နောက်ဆုံးတော့ လိပ်ခွံအတွင်းမှ ခေါင်းတစ်ခေါင်း ထွက်လာသည်။ မှီခိုရာဂိုဏ်းသည် လေကိုအဝရှိုက်ပြီးနောက် ခေါင်းမော့ကာ ဟိန်းဟောက်လိုက်၏။ “ငါ ဂိုဏ်းချုပ် ပြန်လာပြီဟေး”
သူ၏ကျောပေါ်တွင်ရှိသော ကျိုးပြည်လည်း အသက်ဝင်လာသည့်အရိပ်အယောင်များ ပြလာသည်။ တဂျိန်းဂျိန်းမြည်ဟည်းသံများ အရပ်လေးမျက်နှာတစ်ခွင် ပဲ့တင်ထပ်နေတော့သည်။
အလှတရားကား နေရာတိုင်းနေရာတိုင်းတွင် ပွင့်လန်းလာခဲ့ချေပြီ။
**
ဆယ်စုနှစ်ပေါင်းများစွာ လျှပ်တပြက်ကုန်ဆုံးသွားသည်။
ဤခေတ်သည် တောင်ပင်လယ်ကြယ်တာရာကောင်းကင်၏ သမိုင်းခေတ်သစ်တစ်ခေတ် ဖြစ်၏။ တောင်ပင်လယ်လောကကား မတည်ရှိတော့သော်လည်း ကြယ်တာရာကောင်းကင်တစ်ခွင် အုပ်စိုးနေသည့် အင်အားကြီးကျင့်ကြံသူအဖွဲ့အစည်းများ မှိုလိုပေါက်လာသည်။
ယင်းအဖွဲ့အစည်းများအနက် မည်သည့်အဖွဲ့က အင်အားပိုမိုကြီးမားကြောင်း ခွဲခြားဖို့ ခက်သော်လည်း အရေးမကြီးပေ။ ဂြိုဟ်အားလုံး၊ ကမ္ဘာအားလုံး၊ သေမျိုးများနှင့် ကျင့်ကြံသူအားလုံး တိုးတက်၍ အသိဉာဏ်မြင့်မားလာကြသည်။
ဤခေတ်သည် အခမ်းနားဆုံးထွန်းတောက်မည့် ခေတ်တစ်ခေတ်ဟု တချို့က ဆို၏။ အတိတ်တုန်းကထက် ပိုမိုများပြားသော အစွမ်းထက်ပညာရှင်များ ဤခေတ်တွင် ပေါ်ပေါက်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မကြာသေးသောဆယ်စုနှစ်များအတွင်း အင်အားကြီးအဖွဲ့အစည်းအားလုံးမှာ ကြောက်မက်ဖွယ်ပင်ကိုယ်ပါရမီများဖြင့် ကျင့်ကြံသူများအား မွေးထုတ်ပေးခဲ့၍ပင်။ နှစ်ပေါင်းတစ်သောင်းကြာမျှ တစ်ယောက်သာ ပေါ်ထွန်းနိုင်သော ရာဇဝင်တွင်ရွေးချယ်ခံတချို့ပင် ရှိကြသည်။
ထိုကဲ့သို့ရွေးချယ်ခံများကြောင့် ကျင့်ကြံသူလောကကား အမြင့်ဆုံးသို့ တိုးတက်ရောက်ရှိနေလေသည်။
ဘာကြောင့် ယခုလိုဖြစ်နေသည်ကို မည်သူမှ အတိအကျမသိကြပေ။ ထိုရွေးချယ်ခံအုပ်စုမှာလည်း တစ်ချိန်တည်းအတူတူမွေးလာဖို့ ကြိုတင်သဘောတူထားကြသည့်အလားပင်။
သူတို့သည် နေရာပေါင်းစုံမှ လာကြ၍ တစ်ယောက်ကိုတစ်ယောက် မသိကြသော်လည်း အချင်းချင်းဆုံတွေ့ကြသည်နှင့် ရင်းနှီးမှုကို ခံစားလိုက်ကြရ၏။ ထို့ကြောင့် ရွေးချယ်ခံများသည် တိုက်ခိုက်ကြမည့်အစား ကံကြမ္မာအား အတူတူရှာဖွေကြလေ၏။
ယခုတွင် ကျိန်စာပျက်စီးသွားပြီဖြစ်၍ တောင်ပင်လယ်လောက၏ ကျင့်ကြံသူဖြစ်ခဲ့ဖူးသူများက ကျင့်ကြံသူလမ်းစဉ်အား နောက်တစ်ကြိမ် လျှောက်လှမ်းဖို့ ရွေးချယ်ကြသည်။ သို့သော် လူတိုင်းတော့မဟုတ်။ သာမန်ဘဝလေးဖြင့် အေးအေးချမ်းချမ်း နေထိုင်သွားဖို့ သေမျိုးဘဝကို ရွေးချယ်ခဲ့ကြသူများစွာလည်း ရှိကြသည်။
သို့ထိတိုင် မည်သို့ပင်ရွေးချယ်ခဲ့စေကာမူ တောင်ပင်လယ်လောကသားအပေါင်းသည် ကြယ်တာရာကောင်းကင်၏ ကောင်းချီးပေးခံရ၏။ မှန်သည် ယင်းက .... သူတို့မည်မျှအသက်ရှည်ရှည်နေရစေကာမူ၊ ဘဝမည်မျှကူးပြောင်းရစေကာမူ သူတို့၏ဝိညာဉ်များအား ဘယ်တော့မှမပျက်စီးသွားစေမည့် မန်ဟို၏ကောင်းချီးပင် ဖြစ်ပေသည်။ သမိုင်းတစ်ခေတ်နိဂုံးချုပ်၍ အရာအားလုံး လွင့်ပါးပျောက်ကွယ်သွားလျှင်တောင်မှ သူတို့၏ဝိညာဉ်များသည် ဆက်လက်တည်ရှိနေလိမ့်မည်။
ဤနည်းဖြင့် သူတို့ကား ထာဝရရှင်သန်သူများ ဖြစ်လာခဲ့ကြချေပြီ။ အချိန်လုံလုံလောက်လောက်ရသည့်အတွက် တစ်ချိန်ကျလျှင် သူတို့သည် တန်ခိုးရှင်အဆင့်တက်ပြီးနောက် အတိတ်ဘဝများကို ပြန်မှတ်မိကြလိမ့်မည်။
ရွှေရောင်လွှမ်းသော ခေတ်တစ်ခေတ်ကား .... နိဒါန်းပျိုးနေပြီဖြစ်သည်။
တစ်ရက်တွင် ဂြိုဟ်တစ်လုံးအပေါ်၌ လူငယ်တစ်ယောက်သည် မိန်းမပျိုလေးတစ်ယောက်၏အရှေ့၌ မာန်အပြည့်ဟန်အပြည့်ဖြင့် လှံတစ်လက်ကို ကိုင်လျက် ရပ်လိုက်၏။ သူ့မျက်နှာတွင် မှဲ့ခြောက်များ ပြည့်နေပြီး သူ့ခန္ဓာကိုယ်မှာလည်း စည်ပိုင်းကြီးကဲ့သို့ အတော်လေးဝသည်။
မိန်းမပျိုလေးကတော့ ပိန်သွယ်သွယ်ဖြင့် အချောအလှလေးပင်။ သူမက မျက်မှောင်ကြုတ်လျက် လူငယ်အား မျက်စောင်းထိုးကြည့်နေသည်။
“သဘောတူလား မတူဘူးလား” လူငယ်က မေးသည်။ “ဟော့ဒီဘိုးဘိုးဖက်တီးရဲ့ တာအိုလက်တွဲဖော် မလုပ်ချင်ဘူးဆိုလို့ကတော့....” သူသည် မာန်ပါပါဟိန်းဟောက်ပြီးလျက် လှံရွက်အား ပါးစပ်ထည့်၍ ကိုက်ချလိုက်ရာ လှံရွက်တစ်ရွက်လုံး ကြေမွသွားတော့သည်။
ထို့နောက် သူက မာန်တက်နေသောလေသံဖြင့် ဆက်ပြောသည်။ “မင်းမသိဘူးလား။ ဘိုးဘိုးဖက်တီးက ကြယ်တာရာကောင်းကင်ထဲမှာ ပင်ကိုယ်ပါရမီအကောင်းဆုံးနော်။ ပြီးတော့ င့ါအိပ်မက်အရ ငါ နားလည်လိုက်တာ တစ်ခုရှိတယ်။ ငါက တကယ်တော့ ဒီကြယ်တာရာကောင်းကင်ရဲ့စိတ်ဆန္ဒနဲ့ ညီအစ်ကိုတွေပဲ။ ငါ့နဲ့တွဲရင် ငါတို့နှစ်ယောက်လုံး အင်မော်တယ်အဆင့်တက်နိုင်တယ်”
ဖက်တီးသည် ယောက်ျားဆန်ဆန် တည်ကြည်လေးနက်သံပေါက်အောင် ဖမ်းနေသော်လည်း ပါးစပ်ထဲရှိ လှံစများက သူ့ပါးစပ်ကို စူးနေ၍ တုန်ပင်တုန်ရီလာ၏။ စိတ်ထဲတွင် သူ့မှာ အိပ်မက်ကြောင့် ဤသို့အကျင့်ပါမိနေခြင်းကြောင့် ငြီးတွားနေလေသည်။
မိန်းမပျိုလေးမှာတော့ ပါးစပ်အဟောင်းသားဖြင့် လူငယ်အား ပြူးကြည့်နေသည်။ သူမသည် နတ်ငှက်မွှေးဂိုဏ်း၏ ဂိုဏ်းသူတစ်ယောက်ဖြစ်ပြီး လေ့ကျင့်ရေးဆင်းရင်း ဂိုဏ်းမှ ပထမဆုံးအကြိမ် ထွက်လာခြင်းဖြစ်၏။ ယခုလို ဝတုတ်တုတ်ကောင်လေးတစ်ယောက်နှင့် ပက်ပင်းတိုးခဲ့လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ ပို၍ပင်မယုံနိုင်စရာကောင်းသည်မှာ ဤကောင်လေး သူမနောက်တစ်ကောက်ကောက် လိုက်နေခဲ့သည်မှာ လနှင့်ချီ ကြာခဲ့ချေပြီ။
“နင်တော့ ရူးနေပြီ” သူမက ပြောသည်။ သူ တုန်ရီနေသောပုံစံက သူမကို လန့်လာစေ၍ မိန်းကလေးသည် အေးစက်စက်နှာမှုတ်၍ လှည့်ထွက်သွား၏။
“ဟေ့ ငါ့ကို စောင့်ဦးလေ” ဝတုတ်တုတ်လူငယ်က အော်ပြီး မျက်နှာချိုသွေးနေသောအပြံးဖြင့် သူမနောက် ကပျာကယာလိုက်သွားသည်။
သူတို့ထွက်သွားပြီးနောက် သူတို့ရပ်နေခဲ့သော နေရာမှာ မန်ဟိုနှင့် ရှုချင်ပေါ်လာပြီး တခစ်ခစ်ရယ်သံထွက်လာသည်။ ရှုချင်သည် ပါးစပ်လေးကို အုပ်လျက် ရယ်နေပြီး မန်ဟိုကတော့ သဘောကျစွာ ပြုံးနေသည်။
ထိုဝတုတ်တုတ်လူငယ်ကား ... လူဝင်စားဖက်တီးတဖြစ်လဲ လီဖူကွေ့မှတစ်ပါး အခြားမဟုတ်ပေ။
ကြက်တူရွေးနှင့်အသားဂျယ်လီသည် အော်ဂလီဆန်သောမျက်နှာထားများဖြင့် မန်ဟို့ပခုံးပေါ်တွင် နားနေကြ၏။
“အရှက်ကိုမရှိဘူး။ လုံးဝအရှက်ကို မရှိတာ”
“ဒီကောင် အရင်ဘဝတုန်းက ဒီလိုနည်းနဲ့ မိန်းမတွေယူခဲ့တာကိုး”
မန်ဟိုက ခေါင်းခါ၍ အဝေးသို့ ကြည့်သည်။
“လာ တခြားသူတွေကိုလည်း သွားကြည့်ကြရအောင်” သူက ပြောသည်။ “ပြီးရင် ငါတို့ ဒီနေရာကနေ ထွက်သွားနိုင်ပြီ...” မန်ဟိုသည် သူ၏မိတ်ဆွေသူငယ်ချင်းများနှင့် မခွဲခွာချင်ပုံရသော်လည်း သူ၏မျက်ဝန်းထဲရှိ စိတ်ပိုင်းဖြတ်ထားမှုက ထင်ရှားလေသည်။