← Chapters

ပျောက်ဆုံးနေသော သဲလွန်စများ

Vol. 115 Ch. 1612

ပျောက်ဆုံးနေသော သဲလွန်စများ

Vol. 115 Ch. 1612

မန်ဟိုနှင့် ရှုချင်သည် တောင်ပင်လယ်ကြယ်တာရာကောင်းကင်ထဲရှိ အင်အားကြီးအဖွဲ့အစည်းများဆီ သွားရောက်ရင်း လူပြန်ဝင်စားပြီးနောက် ထင်ရှားကျော်ကြားလာနေကြသော မိတ်ဆွေများကို ကြည့်ရှုနေကြသည်။

ကျင်ရှန်းက သေမျိုးနိုင်ငံတစ်နိုင်ငံ၏ ဘုရင့်သမီးတော်ဖြစ်လာခဲ့သည်။ လီလင်းအာသည် ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းကို ဝင်ရောက်ခဲ့ပြီး သူတို့၏တစ်ဦးတည်းသော အမွေခံတပည့်ဖြစ်လာ၏။

ဝမ်ယိုချိုင်က ကိုယ့်ဒူးကိုယ်ချွန်၍ အေးစက်စက်သတ်ဖြတ်ရင်း ကျော်ကြားလာသည့် အဆိပ်ပြင်းသော သင်းကွဲကျင့်ကြံသူတစ်ယောက်ဖြစ်လာသည်။ တုန်းဟူက သူ့ညီအဖြစ် လူဝင်စားပြီး သူတို့နှစ်ယောက်လုံးက သင်းကွဲကျင့်ကြံသူများအကြား အထင်ရှားဆုံးဖြစ်လေသည်။

ထိုက်ယန်ကျစ်နှင့် အခြားသူများလည်း ဇာတ်လမ်းကိုယ်စီရှိကြသည်။

ပါရာဂွန်ပင်လယ်အိပ်မက်သည် အတိတ်ဘဝတုန်းက အစွမ်းထက်ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့သော်လည်း ဤဘဝတွင်မူ သေမျိုးလောက၌ လူဝင်စားဖို့ ရွေးချယ်ခဲ့၏။ သူမသည် အမျိုးသားတစ်ယောက်နှင့် လက်ထပ်၍ ကလေးများဖြင့် အလွန်ပျော်ရွှင်နေတော့သည်...

ထို့နောက် ခိတိဂဗ္ဗ။ သူလည်း သေမျိုးလောကကို ရွေးချယ်ခဲ့ကာ ဖြောင့်မတ်တည်ကြည်ပြီး အရှိကိုအရှိအတိုင်း ဘွင်းဘွင်းရှင်းရှင်း ပြော၍ သာမန်ပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးသော တရားသူကြီးတစ်ဦး ဖြစ်လာ၏။

ဆေးလုံးမိစ္ဆာကား ဆေးဝါးတာအိုအရာ၌ မွေးရာပါကျွမ်းကျင်သူဖြစ်သည်။ လူပြန်ဝင်စားခြင်းကြောင့် ထိုပါရမီက ပြောင်းလဲမသွားပေ။ သူသည် ကြယ်တာရာကောင်းကင်ထဲရှိ အကြီးဆုံးဆေးဝါးဂိုဏ်းကို ဝင်ရောက်ကာ အထူးချွန်ဆုံးရွေးချယ်ခံတစ်ဦး ဖြစ်လာသည်။

ဖန်းတုံးအာကတော့ သေမျိုးလောကတစ်ခုထဲတွင် သူပုန်အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။ ဖန်တုံးအာသည် ပြည်သူများကို ဦးဆောင်ကာ အကျင့်ပျက်ခြစားနေသည့် အစိုးရကို ဖြုတ်ချ၏။ သူမသည် သေမျိုးတစ်ယောက်သာ ဖြစ်သော်လည်း သူမကို ကြည့်လိုက်သည့် မည်သူ့ကိုမဆို သူမအပေါ် ယုံကြည်မှုလာစေနိုင်သည့် အရောင်အဝါတို့ဖြင့် တောက်ပလျက်ရှိပေသည်။

ဖန်ယုနှင့်စွန်းဟိုက်သည် ထာဝရစဉ်တစ်လျှောက်လုံး ဇနီးမောင်နှံဖြစ်ရမည့် ရေစက်ပါလာ၏။ ထိုရေစက်အား ဘဝပြန်ဝင်စားခြင်းသံသရာထဲတွင်ပင် ပယ်ဖျက်မရပေ။ သူတို့သည် ဝေးလံသောဂိုဏ်းနှစ်ဂိုဏ်းတွင် ဂိုဏ်းသားများဖြစ်လာကြသော်လည်း ကံကြမ္မာအတိုင်း တစ်နေ့ပြန်ဆုံကြလိမ့်မည်....

မန်ဟိုက ခဲယွင်ဟိုင်နှင့် ခဲကျုံစစ်အား သားအဖအဖြစ် လူပြန်ဝင်စားစေခဲ့သည်။ ခဲယွင်ဟိုင်သည် အတိတ်ဘဝတုန်းကအတိုင်း မေတ္တာကြီးမားသောအဖေဖြစ်ပြီး ခဲကျုံစစ်သည်လည်း အဖေကိုချစ်သောသားပင် ဖြစ်လာခဲ့သည်။

မန်ဟိုသည် အတိတ်တုန်းက သူ၏အသိများကို ကြည့်ဖို့ တောင်ပင်လယ်ကြယ်တာရာကောင်းကင်တစ်ခွင် လျှောက်သွားနေ၏။

တချို့က သေမျိုးကမ္ဘာတွင် နေထိုင်ကြသည်။ တချို့က ကျင့်ကြံခြင်းလမ်းစဉ်ကို ရွေးချယ်ကြသည်။ ရွေးချယ်မှုများ မည်သို့ပင်ဖြစ်စေ သူတို့အားလုံး မန်ဟို၏ကောင်းချီးကို ခံစားကြရလေသည်။ သူတို့သည် ကြယ်တာရာကောင်းကင်၏ ချစ်မြတ်နိုးခြင်းခံရ၍ ဘဝတစ်လျှောက်လုံး ပျော်ရွှင်ကြရလိမ့်မည်။

ရယ်မောသံများ၊ အပြုံးများအား နေရာတိုင်းနေရာတိုင်းတွင် မြင်ရကြားရနိုင်သည်။ ဘဝပြန်ဝင်စားခြင်းသံသရာထဲ ဝင်ရောက်သွားခဲ့သည့် ဝိညာဉ်မျိုးစေ့များအားလုံး ပျော်ရွှင်မှုကို ရှာတွေ့သွားကြ၏။ တစ်ဖန် ထိုပျော်ရွှင်မှုက မန်ဟို့မျက်နှာထက်တွင် အပြုံးပန်းများ ပွင့်လန်းလာစေသည်။

ကျိန်စာပြေသွားပြီဖြစ်သည့်အတွက် ထိုပျော်ရွှင်မှုက သူနှင့်အတူ အမြဲတည်ရှိနေလိမ့်မည်။

နောက်ဆုံးတော့ ချူယွီယန်၏သမီး၊ ပြည့်ပြည့်ကို မန်ဟို မြင်ရသည်။ လူပြန်ဝင်စားပြီးနောက် ပြည့်ပြည့်လေးသည် ကျင့်ကြံခြင်းလမ်းစဉ်ကို ထပ်မံရွေးချယ်၏။ သူမက ကြယ်တာရာကောင်းကင်အတွင်းရှိ အင်အားအကြီးဆုံးအဖွဲ့အစည်းတွင် မိုးကောင်းကင်မှရွေးချယ်သည့် ရွေးချယ်ခံသမီးတော်ဖြစ်လာသည်။ မန်ဟိုက သူမကို ဖခင်မေတ္တာတို့ဖြင့် မျက်နှာသာပေးထားသည့်အတွက် သူမအား မိုးကောင်းကင်မှ အမှန်တကယ်ရွေးချယ်ထားသည့် ရွေးချယ်ခံအဖြစ် သတ်မှတ်နိုင်ပေသည်။ သူမအဖေကိုယ်တိုင်က ကြယ်တာရာကောင်းကင်၏စိတ်ဆန္ဒ မဟုတ်ပါလော။

သွေးခွေးကြီးက သေအတူရှင်မကွာ သစ္စာရှိသောမိတ်ဆွေအဖြစ် ပြည့်ပြည့်လေးနှင့်အတူ ကြီးပြင်းလာခဲ့သည်။

မန်ဟိုသည် ပြည့်ပြည့်လေး၏အပြုံးကို မြင်လျှင် ရင်ထဲနွေးသွား၏။ သူက လက်ဝှေ့ယမ်းကာ သူမဝိညာဉ်အပေါ်တွင် စည်းအမှတ်အသားတစ်ခု ရေးထိုးလိုက်သည်။ ၎င်းသည် သူနှင့်ပြည့်ပြည့်လေးအား သားအဖအဖြစ် ထာဝရချည်နှောင်ပေးထားမည့် အမှတ်အသားဖြစ်၏။ မန်ဟို ဤလောကနှင့် မည်မျှဝေးကွာနေပါစေ ထိုနှောင်ကြိုးက ထာဝရတည်မြဲနေလိမ့်မည်။

အနန္တစကြဝဠာသည် တိုးတက်စည်ကားသောနေရာတစ်နေရာ ဖြစ်သော်လည်း ပြောမရသည့်အန္တရာယ်များလည်း ရှိလိမ့်မည်။ မန်ဟိုသည် ရှုချင်ကို သူနှင့်အတူခေါ်သွားဖို့ ယုံကြည်ချက်ရှိသော်လည်း သူ၏ကြယ်တာရာကောင်းကင်၌ ချန်ခဲ့ရသော မိတ်ဆွေအပေါင်းအသင်းများ၊ ဆွေမျိုးများကိုလည်း... ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်မိသည်။

ဤသည်က သူ့အိမ်၊ ဤလူများက သူ့မိသားစုဖြစ်သည်။

“အကုန်လုံးပျော်နေကြတယ်နော်” ရှုချင်က သူ့လက်ကို ဆုပ်ကိုင်လျက် နွေးထွေးကြင်နာစွာ ပြောသည်။ မန်ဟိုက ခေါင်းညိတ်ပြပြီး သူတို့နှစ်ယောက်လုံး အဝေးထွက်သွားကြလေ၏။

**

ကြယ်တာရာကောင်းကင်အတွင်းရှိ တစ်ခုသောမြေထုအပေါ်တွင် ရာသီဥတုသည် အင်မတန်ထူးဆန်း၏။ ဒဏ္ဍာရီများအရ ရှေးပဝေဏသီခေတ်များတုန်းက ဤနေရာကား ‌ရေခဲကမ္ဘာနှင့် မီးကမ္ဘာဟူ၍ နှစ်ခြမ်းရှိသော ပန်းပွင့်ကြီးတစ်ပွင့်ဖြစ်ခဲ့သည်ဟု ဆိုသည်။ ထို့နောက်ပိုင်း ကောင်းကင်နှင့်မြေပြင်တစ်ခု ဤနေရာတွင် တည်ရှိလာခဲ့သည့်တိုင် ဥတုနှစ်မျိုးသာ ရှိလေသည်။ တစ်နှစ်လျှင် ခြောက်လကြာ နှင်းရေခဲများ ဖုံးနေတတ်ပြီး နောက်တစ်နှစ်တွင်မူ ခြစ်ခြစ်တောက် ပူတတ်သည်။

ထိုကဲ့သို့ပတ်ဝန်းကျင်က ထိုကမ္ဘာ၌ မွေးဖွားသူများ၏ အကျင့်စရိုက်များအပေါ် လွှမ်းမိုးလေရာ အများစု၏ကျင့်စဉ်များသည် မီးနှင့်ရေခဲဖြင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်လာ၏။

ထိုကမ္ဘာ၏အလယ်ဗဟိုတွင် တစ်ဝက်က ရေခဲနေပြီး ကျန်တစ်ဝက်က မီးဟုန်းဟုန်းတောက်နေသော တောင်တစ်လုံး ရှိသည်။ သို့သော် တောင်ထိပ်ကား နွေဦးပမာ အမြဲအေးနေတတ်လေသည်။

တောင်ပေါ်တွင် လူငယ်တစ်ယောက်သည် အဝေးကို ပြုံး၍ကြည့်နေရင်း တင်ပျဉ်ခွေထိုင်နေ၏။ သူ့နာမည်ကား ရွှေတုန်းလျှို။ ထိုနာမည်ဖြင့် မွေးဖွားလာခဲ့ခြင်းမဟုတ်ဘဲ သူ့ကိုယ်တိုင် သူ့ကိုယ်သူ ထိုနာမည်မေးခဲ့ခြင်းပင်။ သူသည် သူ့နာမည်အစစ်က ... ရွှေတုန်းလျှိုဖြစ်သည်ဟုသာ ပြောလေ့ရှိ၏။

ရွှေတုန်းလျှိုသည် ဂိုဏ်းလေးတစ်ဂိုဏ်း၏ ဂိုဏ်းသားဖြစ်ပြီး ကျင့်ကြံမည့်အစား ဤတောင်ပေါ်တွင် ထိုင်၍ တစ်စုံတစ်ယောက်ကို စောင့်နေသကဲ့သို့ အဝေးသို့သာ ကြည့်နေတတ်သည်။

ဘာကိုစောင့်နေလဲ မေးကြလျှင် သူ့အဖြေက အမြဲအတူတူသာ။ “ငါမိတ်ဆွေတစ်ယောက်ကို စောင့်နေတာ။ သူ မကြာခင် ဒီကနေထွက်သွားတော့မှာလေ။ မသွားခင် ငါ့ကို လာနှုတ်ဆက်လိမ့်မယ်”

သူ့ဘေးတစ်ဖက်တွင် အအေးငွေ့များ ပျံ့လွင့်လျက်၊ တစ်ဖက်တွင် မီးတောက်များ ဟုန်းဟုန်းတောက်နေလျက် နေ့ရက်များ ကုန်ဆုံးသွားသည်။ တစ်ရက်ရောက်သော် သူ့မျက်လုံးများတောက်ပသွားပြီး သူက လှည့်၍ပြုံးပြလိုက်သည်။

“မတွေ့ရတာ အတော့်ကို ကြာခဲ့ပြီ” သူက ပြောသည်။

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း မန်ဟိုနှင့် ရှုချင်သည် သူ့အရှေ့တွင် ပေါ်လာ၏။ မန်ဟိုက ပြုံး၍ ရိုရိုသေသေ လက်ယှက်ဦးညွတ်လိုက်သည်။

ရွှေတုန်းလျှိုက ရယ်သည်။ ရယ်သံသည် ကျယ်လောင်ပြတ်သားပြီး ဝမ်းသာပျော်ရွှင်မှုတို့ ပြည့်နှက်နေ၏။

“မိတ်ဆွေတွေနဲ့ ပြန်တွေ့ရတာက အမြဲတမ်း ဘဝမှာ အပျော်ရဆုံးအခိုက်အတန့်ပဲ” သူက ပြောသည်။ “ငါ မင်းရဲကံတရားကို ကြည့်ပြီးသွားပြီ... မင်းရဲ့ အနန္တစကြဝဠာခရီးစဉ်က ကြီးကျယ်ခမ်းနားတဲ့ဂုဏ်ကျက်သရေတွေကို ရရှိစေလိမ့်မယ်။ ဒီနေရာကိုတော့ မစိုးရိမ်နဲ့ ငါ စောင့်ရှောက်ပေးဖို့ နေခဲ့တယ်”

“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ” မန်ဟိုက ပြောသည်။ ရွှေတုန်းလျှို မှတ်မိနေသည်က သူ့အတွက် အံ့ဩစရာမဟုတ်ပေ။ ရွှေတုန်းလျှိုသည် ထူးခြားသော ဒဏ္ဍာရီလာပုဂ္ဂိုလ်မဟုတ်ပါလော။ ကိုးတံဆိပ်ဆိုသည့်ဘဝဖြင့် ဖြစ်စေ၊ တစ်ချိန်တုန်းက ရောက်လာခဲ့သော ဝိညာဉ်၏တစ်စိတ်တစ်ပိုင်းဘဝဖြင့် ဖြစ်စေ၊ တောင်ပင်လယ်လောကနှင့် ဤကြယ်တာရာကောင်းကင်နှင့်ပတ်သက်လာသည့်အခါ ရွှေတုန်းလျှိုသည် မန်ဟို့လိုပဲ သံယောဇဉ်ကြီးလေ၏။

ရှုချင်ကလည်း သူမအလွန်လေးစားသော ရွှေတုန်းလျှိုကို ဂါဝရပြုသည်။

ရွှေတုန်းလျှိုက ပြုံး၍ ခေါင်းခါပြီးနောက် မန်ဟိုနှင့်ရှုချင်ကို လေးလေးနက်နက် ကြည့်သည်။ ထို့နောက် ကြက်တူရွေးကို ကြည့်လေသည်။

သူသည် လူငယ်အရွယ်သာရှိသော်လည်း စကားပြောသောအခါ သူ၏အသံကား အချိန်စွမ်းအားအပြည့်ဖြင့် ရှေးဆန်လှ၏။

“ဒီကြက်တူရွေးက .... လောကပါလနတ်မင်းနေတဲ့နေရာကနေ ရောက်လာခဲ့တာပဲ။ ဒါပေမဲ့ အတိတ်ကို မေ့သွားခဲ့ပြီး စိတ်ကို ချိတ်ပိတ်ထားတယ်။ သူ့ကို မင်းနဲ့အတူ အနန္တစကြဝဠာထဲ ခေါ်သွားလိုက်။ မင်းဟာ အမြင့်ဆုံးအဆင့်ကို ရောက်နေခဲ့ပြီးပြီ၊ ဒါပေမဲ့ ဟိုးတုန်းက လူတစ်ယောက် ငါ့ကို ပြောဖူးတယ်။ တာအိုဆိုတာ အဆုံးမဲ့တယ်တဲ့လေ” ရွှေတုန်းလျှိုက ခေါင်းထပ်ယမ်းပြီး ပြုံးသည်။ ထို့နောက် ထရပ်၍ မိုးကောင်းကင်ထက်သို့ လမ်းလျှောက်တက်သွားပြီး ဟင်းလင်းပြင်ထဲ ဝင်ရောက်ပေါက်ကွဲသွားတော့သည်....

ကြက်တူရွေးသည် တုန်လှုပ်သွားပြီး အပြည့်အဝဖမ်းဆုပ်ဖို့ ခက်ခဲပြီး ဝေဝါးနေသောတစ်စုံတစ်ခုကို မှတ်မိသွားသည့်အလား မျက်လုံးများငေးကြောင်သွား၏။ သို့သော် တခဏကြာသော် မန်ဟို စကားပြောလိုက်သည်ကို ကြက်တူရွေး ကြားလိုက်သည်။

“အခုမတွေးနဲ့ဦး” သူက ပြောသည်။ “နောက်ကျ ... အဲဒီပျောက်ဆုံးနေတဲ့ သဲလွန်စတွေကို မင်းရှာနိုင်အောင် ငါ ကူညီပေးမယ်”

All Chapters