သူမအတွက်ပဲ အသက်ရှင်ပါစေ
Vol. 11 Ch. 152
ဘွားဘွားလင်းလောင်က မိုဝူကျီ အပြုအမူကို အရမ်း စိတ်ကျေနပ်သွားပြီး ဆက်ပြောလိုက်သည်။
“ယန်အာက ဝိညာဉ်ကြော ပြောင်းတာ မအောင်မြင်လို့ သူမ မှတ်ဉာဏ် ပျောက်ဆုံးသွားတာပဲ၊ တကယ်လို့ သူမက ငါ့လက်အောက်မှာ ကျင့်ကြံမယ် ဆိုရင် သူမ စွမ်းဆောင်ရည်တွေ တိုးတက်လာပြီး ပြန်ပြီး အသိစိတ် ကပ်လာလိမ့်မယ်၊ ဒါပေမဲ့လည်း သူမရဲ့ အရင်တုန်းက မှတ်ဉာဏ်တွေနဲ့ ပိုပိုပြီး အလှမ်းကွာလာပြီး တဖြည်းဖြည်းနဲ့ ပျောက်ဆုံး သွားလိမ့်မယ်”
မိုဝူကျီက တုန်လှုပ် ချောက်ချားမိ သွားသည်။ အကယ်၍ ယန်အာသာ သူမမှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့ရင် အရင်က ယန်အာနဲ့ အတူတူ ဖြစ်နေပါဦးမလား။
“စီနီယာ တခြား နည်းလမ်းလေးများ မရှိတော့ဘူးလား …”
မိုဝူကျီက အနည်းငယ် မလိုလားဟန် စွက်၍ မေးလိုက်သည်။
ဘွားဘွားလင်းလောင်က ခေါင်းခါလိုက်ပြီး ...
“တခြားနည်း မရှိတာတော့ မဟုတ်ဘူး ဒါပေမဲ့ တစ်ခု အသေအချာ ပြောနိုင်တာက သူမရဲ့ ကျင့်ကြံဆင့် မြင့်လာလေလေ အရင် မှတ်ဉာဏ်တွေ ပြန်ရဖို့ ခက်ခဲလေလေပဲ ... သူမ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ရောက်တဲ့ အချိန်ကျ အတိတ်ပုံရိပ်တွေကို လုံးဝ မေ့သွားလိမ့်မယ် ... တကယ်လို့ ငါက ဆေးလုံး တာအိုမှာ နောက်တစ်ဆင့် ထပ်တက်နိုင်ရင်တော့ သူမ မှတ်ဉာဏ်တွေကို ပြန်ရအောင် လုပ်ပေးနိုင် လောက်မယ် ... ဒါပေမဲ့ ငါလည်း ငါ့ကန့်သတ်ချက်ကို သိပါတယ် ဒီပျောက်ဆုံး နယ်မြေက ထွက်မသွားသရွေ့ ငါ့အတွက် နောက်တစ်ဆင့် တက်လှမ်းဖို့က အရမ်းရမ်း ခက်ခဲတယ် …”
မိုဝူကျီက တိတ်ဆိတ် သွားလေ၏။ ဘွားဘွား လင်းလောင်၏ ဆေးလုံး တာအို အသိပညာကား ပျောက်ဆုံးနယ်မြေ တစ်ခုလုံးတွင် အမြင့်ဆုံးဟု သတ်မှတ်၍ ရသည်။ ဘွားဘွား လင်းလောင်က မဖြစ်နိုင်ဘူးဟု ဆိုလျှင် တခြားသူများက ဘယ်လိုလုပ်ရမည်လဲ။
“စီနီယာလင်းလောင် တကယ်လို့ တစ်ရက်ကျ စီနီယာသာ နောက်တစ်ဆင့် ရောက်သွားရင် ယန်အာ မှတ်ဉာဏ်တွေကို ပြန်ရအောင် လုပ်ပေးနိုင်မှာလား ...”
မိုဝူကျီက မျှော်လင့်ချက် လက်ကိုင်ထားရင်း ထပ်မေးလိုက်သည်။
ဘွားဘွားလင်းလောင်က သက်ပြင်း ချလိုက်ပြီး …
“ဒါက မဖြစ်နိုင်လောက်ဘူး ... သူမ ပါရမီနဲ့ဆိုရင် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ကို အချိန်တိုအတွင်း ရောက်သွားမှာ ကျိန်းသေပေါက်ပဲ ... သူမက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ရောက်သွားတာနဲ့ အစွမ်းဆောင်နိုင်ဆုံး ဆေးလုံးဆရာတောင် သူမ မှတ်ဉာဏ်တွေကို ပြန်ရှာပေးနိုင်မှာ မဟုတ်ဘူး၊ သူမကို မကျင့်ကြံခိုင်းသရွေ့ပေါ့ ... တကယ်လို့ အဲလိုလုပ်ခဲ့မယ် ဆိုရင်လည်း သူမ မှတ်ဉာဏ်တွေက ဖြည်းဖြည်းချင်း ပျောက်ဆုံး သွားဦးမှာပဲ နည်းနည်းတော့ ပိုနှေးမှာပေါ့ ... ပြီးတော့ သူမကို ကုသဖို့အတွက် ကျင့်ကြံဖို့ ခွင့်ပြုပေးရလိမ့်မယ် ...”
“စီနီယာက ဆေးလုံး တာအိုမှာ ဘယ်အဆင့် ရောက်နေပြီလဲ ဆိုတာ သိခွင့်ရှိမလားဗျ ...”
ဘွားဘွား လင်းလောင်က တစ်နေရာကို ရီဝေစွာ ကြည့်နေပြီး ညှိုးငယ်စွာ ပြောလိုက်သည်။
“ငါက အဆင့် ၇ ကောင်းကင် ဆေးလုံးဆရာပါ ...”
သူမက အမှန်တကယ် အဆင့် ၆ မြေကမ္ဘာ ဆေးလုံးဆရာ မဟုတ်ဘဲ အဆင့် ၇ ကောင်းကင် ဆေးလုံးဆရာ ဖြစ်နေသည်လား ... မိုဝူကျီက တုန်လှုပ်မိ သွားသည်။ ယခင်က သူသည် ဘွားဘွား လင်းလောင်၏ အဆင့်ကို မှန်းဆမိဖူးသော်လည်း အဆင့် ၇ ကောင်းကင် ဆေးလုံးဆရာ ဖြစ်နေလိမ့်မည် မှန်းတော့ မသိခဲ့ပေ။ မုယင်ပင် ဘွားဘွား လင်းလောင်၏ အဆင့်အကြောင်း မသိလောက်ပေ။ အကယ်၍ ဘွားဘွား လင်းလောင်သာ အဆင့်တက်လှမ်း သွားပါက မည်သည့် အဆင့်နယ်ပယ် ဖြစ်သွားမည်နည်း။ အဆင့် ၈ ကောင်းကင် ဆေးလုံးဆရာကား မည်မျှပင် ကြီးကျယ် လိမ့်မည်နည်း။
ယန်ချင်ယင်က သူ့ကို မလိမ်ညာခဲ့ပေ။ အင်ပါယာ ငါးခုအတွင်းတွင် ဘွားဘွား လင်းလောင်သာ ယန်အာကို ကယ်တင် ပေးနိုင်လိမ့်မည်။
မိုဝူကျီက သူဘေးမှ ယန်အာကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ ဆုံးဖြတ်ချက် ချလိုက်တော့သည်။ သူက ဘွားဘွား လင်းလောင်ကို ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
“စီနီယာ ကူညီပေးပါဗျ ယန်အာ အသက်ကိုသာ ကယ်လို့ရမယ် ဆိုရင် ကျန်တာတွေက အရေးမကြီးပါဘူး ...”
မိုဝူကျီက ယန်အာကို သူမ မှတ်ဉာဏ်များ ပြန်ရမလာခဲ့လျှင်ပင် ကယ်တင်မည် ဖြစ်၏။
ဘွားဘွား လင်းလောင်က မိုဝူကျီကို ခေါင်းညိတ်ပြလိုက်ပြီး …
“မင်းက မဆိုးဘူး ... ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ် ယန်အာက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် မရောက်ခင်အထိ မင်း သူမနဲ့ များများ ရင်းရင်းနှီးနှီးနဲ့ စကားများများ ပြောပြီးတော့ အရင်က အကြောင်းတွေ ပြန်ပြောပြပေးပေါ့ ... ဒါက သူမကို စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်မရောက်ခင် မှတ်ဉာဏ်တွေ ပြန်ရလာစေနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ ...”
“ဒါပေမဲ့ ကျွန်တော့် ဝိညာဉ်ကြောက အဆင့်နိမ့်ဆိုတော့ ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံးဘုံ စေတီကို မပြောနဲ့ ကောင်းကင်ဖွေရှာ နန်းတော်ကိုတောင် မဝင်နိုင်ဘူး ...” မိုဝူကျီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ဘွားဘွား လင်းလောင်က နူးနူးညံ့ညံ့ ရယ်မောလိုက်ရင်း …
“မင်းက ငါ့ကို အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းကို ရှာပေးထားမှတော့ မင်းကို တစ်ကြိမ် ထပ်ကူညီပေးမယ် ...”
ထိုသို့ ပြောပြီး ဘွားဘွား လင်းလောင်က မိုဝူကျီလက်ထဲ ကျောက်စိမ်း အမှတ်အသားပြားကို ပေးလိုက်သည်။
“ဒီဟာကို ယူပြီး ကောင်းကင်ဖွေရှာ နန်းတော်ဆီ သွားပြီးတော့ ငါက မင်းကို အပြင်စည်း တပည့်အဖြစ် ဝင်ခွင့်ပြုတယ်လို့ ပြောလိုက် ... ပြီးတော့ အချိန်ရရင် ဒီကျောက်စိမ်းပြားနဲ့ ယန်အာကို လာတွေ့လှည့် ဒါက မင်းကို အများဆုံး ကူညီပေးနိုင်တာပဲ ...”
“စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ် ...”
မိုဝူကျီက ကျောက်စိမ်းပြားကို လက်ခံယူလိုက်ပြီ စိတ်လှုပ်ရှားစွာဖြင့် လေးလေးစားစား ဦးညွှတ်လိုက်သည်။ သူက ကောင်းကင်ဖွေရှာ နန်းတော်သို့ ဝင်၍ ယန်အာကို တွေ့ရမည့် ကိစ္စကို စိုးရိမ်နေသော်လည်း ဘွားဘွားလင်းလောင်က သူ့အား ကူညီပေးလိုက်သည်။ ဘယ်လိုလုပ် မပျော်ဘဲ နေမည်နည်း။
လူတစ်ယောက်က သေချာသည့် အဆင့်တစ်ခု ရောက်သည်နှင့် သဘောထား ကြီးခြင်းကလည်း အဆင့်တစ်ခုသို့ ရောက်ရှိ လာကြသည်။
ဂျင်ဖေးလန်နှင့် ယှဉ်လျှင် ဘွားဘွား လင်းလောင်က မည်မျှတောင် ပို၍ အားကောင်းနေသနည်း။ သို့သော် သူမက ယန်အာကို သူမ တပည့်အဖြစ် လက်ခံချင်သော်လည်း သူ့အမြင်ကို ထည့်မေးသေး၏။ တစ်ချိန်တည်းတွင် ဘွားဘွား လင်းလောင်က သူ့တွင် အဆင့်နိမ့် ဝိညာဉ်ကြော ရှိနေသည့် ကိစ္စကို ထည့်မတွက်ဘဲ ယန်အာဆီ လည်ပတ်ခွင့် ပေးသေးသည်။ ထို့အပြင် ယန်အာ မှတ်ဉာဏ်များကို ပြန်လည်ကောင်းလာဖို့ နည်းလမ်းကိုပင် ရှာပေးသေး၏။ သူမက ဝမ်းနည်း ကြေကွဲစရာ စကားများ မပြောခဲ့ပေ။
သူ့၏ အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်း၏ အကျိူးကြောင့် ဖြစ်သော်ငြား ဘွားဘွား လင်းလောင် ကိုယ်တိုင်၌ပင် သဘောထားကြီးကြောင်း သိသာ၏။
“တကယ်လို့ တခြား တောင်းဆိုစရာ ရှိရင်လည်း လွတ်လွတ်လပ်လပ် ပြောပါ ... ငါအကောင်းဆုံး ကြိုးစားပေးမယ် ...” ဖွားဖွားလင်းလောင်က နောက်တစ်ကြိမ် မေးလိုက်သည်။
“စီနီယာက ယန်အာကို ကယ်ပြီးတော့ ကျွန်တော့်ကိုတောင် ကောင်းကင်ဖွေရှာ နန်းတော်မှာ အပြင်စည်းတပည့် အဖြစ် ဝင်လို့ရအောင် ကူညီပေးခဲ့တာပဲ ကျွန်တော် တောင်းဆိုတာထက် ပိုများနေပါပြီ ... ကျွန်တော်ကသာ ထပ်တောင်းဆိုမိရင် အလိုကြီးသွားသလို ဖြစ်သွားလိမ့်မယ် ... ကျွန်တော့်ရဲ ဆန္ဒတွေကို စီနီယာက ဖြည့်ဆည်း ပေးပြီးပါပြီ နောက်ထပ် တောင်းဆိုစရာ မရှိတော့ပါဘူး ...” မိုဝူကျီက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
လူတစ်ယောက်က အရမ်း လောဘ မကြီးသင့်ကြောင်း သူနားလည်၏။ အကယ်၍ သူသာ အများကြီး တောင်းဆိုမိလျှင် အထင်သေးဖွယ် ဖြစ်လာလိမ့်မည်။
“ယန်အာက မင်းအတွက် ဘာများလဲ ...”
ဘွားဘွား လင်းလောင်က မိုဝူကျီ၏ ကိုယ်ကျိုးမငဲ့မှုကို စိတ်လှုပ်ရှားမိ သွားသည်။
“ယန်အာက ကျွန်တော်ရဲ့ အစေခံ ဖြစ်ခဲ့ဖူးတယ် ဒါပေမဲ့ ကျွန်တော် စိတ်ထဲမှာတော့ သူမက ကျွန်တော့် အရင်းနှီးဆုံး တစ်ယောက်ပါ ...”
မိုဝူကျီက ယန်အာကို ညှိုးငယ်စွာ ကြည့်ရင်း ပြောလိုက်သည်။ သူက ယန်အာ မှတ်ဉာဏ်များ လုံးဝ ပျောက်ကွယ် သွားမည်ကို အမှန်တကယ် စိုးရိမ်မိ၏။
ဤကမ္ဘာသို့ ရောက်လာစဉ်မှစ၍ ယန်အာသည် သူအမှန်တကယ် ဂရုစိုက်မိသောသူ ဖြစ်၏။ မိန်းမတစ်ယောက်က သူ့နောက်ကျောကို ဓားဖြင့် ထိုးခဲ့သည့် အချိန်တွင် မိန်းမငယ်လေး တစ်ယောက်က သူမ ပျော်ရွှင်မှုကိုပင် မငဲ့ကွက်ဘဲ သူ့အား စောင့်ရှောက်ပေးခဲ့သည်။ ထိုအတွေ့အကြုံများအရ ကြာကြာသိလေ ပို၍ အဖိုးတန်လေလေ ဖြစ်၏။
ဘွားဘွား လင်းလောင်က သက်ပြင်းချလိုက်ပြီးတော့ …
“မင်းရဲ အစေခံအတွက် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်လေးနဲ့ အသက်ကို ပဓာန မထားဘဲ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်ပြီး အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ကို သွားရှာခဲ့တယ် ... ဒီပျောက်ဆုံး နယ်မြေတစ်ခုလုံးမှာ အဲဒီလို လုပ်တာ မင်းတစ်ယောက်ပဲ ရှိမှာ ...”
သူမက မိုဝူကျီကို ညင်သာစွာ ကြည့်လိုက်ပြီး နွေးထွေးစွာ ပြောလိုက်သည်။
“အရင်ပြန်နှင့်လေ … ယန်အာက ငါနဲ့ ဒီမှာပဲ နေလိမ့်မယ် ... မင်းလာချင်တဲ့ အချိန်တိုင်း လာလို့ရတယ် ...”
မိုဝူကျီက ဘွားဘွား လင်းလောင်ကို နောက်တစ်ကြိမ် ထပ်ကျေးဇူးတင်လိုက်သည်။ ထို့နောက်တွင် သူက ယန်အာကို သူမကို သေချာ ဂရုစိုက်နေဖို့ရာ မှာကြားလိုက်သည်။ ထိုနေရာမှ မိုဝူကျီသည် စိတ်မပါစွာ ထွက်လာလိုက်သည်။
သူထွက်သွားသည့်အခါ အနာဂတ်တွင် သူပြန်တွေ့မည့် ယန်အာက သူစိမ်းတစ်ယောက် ဖြစ်နေနိုင်ကြောင်း သိ၏။ မည်သို့ပင် ဖြစ်နေပါစေ ... သူလုပ်ရမည့် အရာကို လုပ်ကိုလုပ်ရမည်။
ယန်အာ အသက်မှလွဲ၍ တခြားအရာများက အရေးမပါပေ။ ယန်အာက ဤမျှ အသက်ရွယ် ရောက်နေသော်လည်း ကိုယ့်အတွက်ကို အသက်ရှင် မနေထိုင်ဖူးသေးပေ။ အကယ်၍ ယန်အာသာ မှတ်ဉာဏ်များ မေ့လျော့သွားလျှင် သူမ အတွက်သာ ရှင်သန်နိုင်လိမ့်မည်။ သူမက အခြားသူများ၏ အပိုင်ကဲ့သို့ ဆက်ဆံခံရဖို့ မလိုအပ်တော့သလို အစေခံအဖြစ် နေဖို့ရာလည်း မလိုအပ်တော့ပေ။
ရလဒ်က မည်သို့ပင် ဖြစ်နေပါစေ ... သူ့အတွက် ဆယ်နှစ်တာ ရှင်သန်ခဲ့သည့် ဤကောင်မလေးကို အမြဲတမ်း ကာကွယ် ပေးရမည်။
မိုဝူကျီပုံရိပ်လေး အဝေးရောက် သွားသည့်အခါ ဘွားဘွား လင်းလောင်က ယန်အာ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်သည်။
“ဘာတွေ ဖြစ်ဖြစ် မင်းသူ့ကို မေ့သွားလို့ မရဘူးနော် ... သူက မိုဝူကျီတဲ့ ... အဆင့်နိမ့် ဝိညာဉ်ကြောနဲ့ ဆိုပေမဲ့ မင်းကို ကယ်ဖို့ သူ့အသက်ကိုတောင် စတေးထားတာ မှတ်ထားနော် ... ပြီးတော့ သူက မင်း သူ့ကို သတိရနေပေးဖို့ တောင်းဆိုတာ မဟုတ်ဘဲ မင်းသာ အသက်ဆက်ရှင် နေမယ်ဆိုရင် သူ့အတွက် လုံလောက်ပြီတဲ့ ...”
ယန်အာက နားမလည်စွာ ကြည့်နေသည်ကို မြင်၍ ဘွားဘွား လင်းလောင်က သက်ပြင်းသာ ချလိုက်တော့သည်။ မိုဝူကျီက သူအပြုအမူများကို သာမန်ဟန်ဖြင့် ပြောနေသော်လည်း ကောင်းကင်ဆေးလုံးဆရာ တစ်ယောက် အနေနှင့် အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်း ရဖို့ရာ မိုဝူကျီ ဖြတ်သန်းခဲ့ရသည့် အခက်အခဲများကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ ယွမ်ဒန်အောက်မှ ကျင့်ကြံသူ ဆယ်ယောက်က အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းကို သွားယူမည်ဆိုလျှင် ကိုးယောက်လောက်က သေဆုံးပြီး တစ်ယောက်သာ အသက်ရှင်နိုင်လိမ့်မည်။
မိုဝူကျီက အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်း အလွယ်တကူ တွေ့ခဲ့သည့် သူ့ဇာတ်ကြောင်းကို နည်းနည်း လှည့်စားထား၏။ အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းကို ရယူနိုင်ဖို့ရာ နည်းလမ်း တစ်ခုသာ ရှိ၏။ ထိုသည်မှာ ကိုယ့်အသက်ကို စတေးခြင်းသာ ဖြစ်နေသည်။ ယခုအချိန်အထိ မိုဝူကျီ မည်သို့ လုပ်နိုင်ခဲ့မှန်း မသိလိုက်ရပေ။ သူက အမှန်တကယ် အသက်ရှင်နေပြီး အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းကို ရယူနိုင်ခဲ့သည်။ သို့သော်လည်း သူက မပြောချင်မှန်း သိနေ၍ မမေးတော့ပေ။ ထို့အပြင် အားလုံးတွင် လျို့ဝှက်ချက် ကိုယ်စီ ရှိကြသည် မဟုတ်ပါလော။
“ဝူကျီ ... ယန်အာရော ဘယ်မှာလဲ ...”
မိုဝူကျီ တစ်ယောက်တည်းကို မြင်၍ သူ့အပြန်အလာကို မျှော်နေသော ကျန်းရှောက်ခယ်က စိတ်ပူစွာ မေးလိုက်သည်။
“ယန်အာရဲ့ ဝိညာဉ်ကြောက မဆိုးတော့ ဘွားဘွားလင်းလောင်က သူမကို အနီးကပ် တပည့်အဖြစ် လက်ခံဖို့ ဆုံးဖြတ်လိုက်တယ် ပြီးတော့ ယန်အာကို အသက်ဆက်ရှင်နိုင်မဲ့ အခွင့်အရေး ပေးလိုက်တယ် ...” မိုဝူကျီက ပြန်ဖြေလိုက်သည်။
အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်း ကိစ္စကား အရမ်းကြီးမားလွန်း၏။ ကျန်းရှောက်ခယ်နှင့် ဆက်ဆံရေးကောင်း ရှိသော်လည်း ထိုကိစ္စကိုတော့ လက်လွတ်စပယ် ပြောလို့ မဖြစ်ပေ။ ထို့အပြင် ကျန်းရှောက်ခယ် အပေါ်တွင် ထိုကိစ္စ မသက်ဆိုင်သောကြောင့် အဘယ်ကြောင့် သူ့ကိုယ်သူ အန္တရာယ်ထဲ ဆွဲခေါ်ရမည်နည်း။
အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ကို ရှာတွေ့သော လူများ အားလုံးသည် ပျောက်ဆုံး သွားကြသည်ဟု ကြားဖူး၏။ ဘွားဘွား လင်းလောင်အရ သူ့အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းက ပို၍ပင် တန်ဖိုး ရှိနေသေးသည်။ အကယ်၍ ထိုကိစ္စသာ ပေါက်ကြားသွားပါက သူ့၏ အေးဆေး ငြိမ်းချမ်းလှသော ဘဝကို ထိန်းထားနိုင်မည်လား။
အကယ်၍ သူသာ အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းက ထိုမျှ အဖိုးတန်မှန်း သိခဲ့လျှင် ဘွားဘွား လင်းလောင်ဆီ ယူသွားလိမ့်မည် မဟုတ်ပေ။ ကံကောင်းသည်က ဘွားဘွား လင်းလောင်သည် ကောလာဟလအတိုင်း ဟုတ်မနေပေ။ သူမဆီမှ တောင်းဆိုဖို့ရာ ခက်ခဲသော်လည်း သူမက လက်ခံလိုက်သည်နှင့် အထူး လိုက်လျောပေးလိမ့်မည်။
ထို့အပြင် ဘွားဘွား လင်းလောင်က သူ့အား ထိုကိစ္စကို မပေါက်ကြားစေရန် အထူးတလည် ညွှန်ကြား မထားသောကြောင့် ဘွားဘွား လင်းလောင်က ထိုသို့ အကြံစည်များသော စီနီယာထဲမှ မဟုတ်ကြောင်း ပြောနိုင်၏။
ဘွားဘွား လင်းလောင်က သူမကိုယ်တိုင်ပင် ထိုအဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းအကြောင်း ပြောမည် မဟုတ်ကြောင်း ယုံကြည်၏။ အကယ်၍ သူမနှင့် သူက မပြောလျှင် တစ်ယောက်ကမှ သူတွင် အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်း ရှိနေလိမ့်မည်ဟု သိမှာ မဟုတ်ပေ။
ကျန်းရှောက်ခယ်က သက်ပြင်းချလိုက်ပြီး …
“အဲဒါဆို ကောင်းသွားတာပေါ့ ... ယန်အာက ချစ်စရာကောင်းတဲ့ မိန်းမငယ်လေး ... သူမသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါလည်း စိတ်ကောင်းမှာ မဟုတ်ဘူး ...”
ကျန်းရှောက်ခယ်က မြန်မြန် ထပ်ပြောလိုက်သည်။
“ဟုတ်သားပဲ မင်းကို ပြောဖို့ မေ့နေတာ ... ရှောက်ရုက ကောင်းကင်ဖွေရှာ နန်းတော်မှာ တပည့် ဖြစ်သွားပြီ ...”
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး ကျန်းရှောက်ရုက သူ့တွင် ပစ္စည်းကောင်း တစ်ခုရှိကြောင်း ပြောဖူး၏။ ယခု ကောင်းကင်ဖွေရှာ နန်းတော်တွင် တပည့်များ လက်ခံနေလေပြီ။ ရှောက်ရုသာ ထိုပစ္စည်းကို ပေးသရွေ့ တပည့် ဖြစ်လာနိုင်ချေ ရှိ၏။
“ယန်အာကို စိတ်ပူနေဖို့ မလိုတော့ဘူး ... ဘွားဘွား လင်းလောင်က ပျောက်ဆုံးနယ်မြေ တစ်ခုလုံးမှာ နံပါတ်တစ် ဆေးလုံးဆရာပဲ ... သူမသာ ကုသပေးရင် ယန်အာ ပြန်ကောင်းလာဖို့ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းလောက် သေချာတယ် ... ပြီးတော့ မင်းသာ ဆန္ဒရှိရင် ငါတို့ လမင်းကိုးစင်း ဆေးလုံး အိမ်တော်မှာ နေလို့ရတယ် ... မင်းကို အကြီးအကဲ ရာထူးရအောင် ကူညီပေးလို့ ရတယ် ...” ကျန်းရှောက်ရုက ကောင်းကင်ဖွေရှာ နန်းတော်သို့ ဝင်သွားပြီ ဖြစ်၍ ကျန်းရှောက်ခယ် စိတ်အခြေအနေကား တိုးတက်လာလေ၏။ ယခုတွင် ယန်အာကို ကယ်တင်နိုင်ပြီ ဆို၍ မိုဝူကျီက သူ့၏ လမင်းကိုးစင်း ဆေးလုံး အိမ်တော်တွင် နေထိုင်နေလေ၏။
တခြားသူများက မိုဝူကျီ၏ အရည်အချင်းကို ဆိုးရွားလှပြီး သူ့တွင် အနာဂတ်ကောင်း မရှိဟု ခံစားမိနိုင်သော်လည်း သူက ထိုသို့ မဟုတ်ပေ။ မိုဝူကျီသည် သာမန်အဆင့် ၃ ဆေးလုံးဆရာ မဟုတ်ကြောင်း ခံစားမိနေသည်။ မိုဝူကျီကို လမင်းကိုးစင်း ဆေးလုံးအိမ်တော်၏ အကြီးအကဲ အဖြစ် တောင်းဆိုခြင်းသည် အကျိုးများသည်က မိုဝူကျီ မဟုတ်ဘဲ ဆေးလုံးအိမ်တော် ဖြစ်၏။
မိုဝူကျီက အားနာစွာ ပြောလိုက်သည်။
“ဘွားဘွား လင်းလောင်က ငါ့ကို ကျောက်စိမ်းပြား ပေးထားပြီးတော့ ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အပြင်စည်း တပည့်ဖြစ်ဖို့ ကတိပေးထားတယ် ... ငါလမင်းကိုးစင်း ဆေးလုံးအိမ်တော်မှာ မနေဖြစ်လောက်တော့ဘူး ...”
“အာ ...” ကျန်းရှောက်ခယ်က ခဏတာ ကြောင်သွားမိသည်။ ထို့နောက်တွင် သူက ဝမ်းသာပျော်ရွင်စွာဖြင့် ပြောလိုက်သည်။
“ဝူကျီ ဒါက ကောင်းတာပြ ... ငါက ကောင်းကင်ဖွေရှာ နန်းတော်ထဲ မလိုက်နိုင်တော့ ဦးနှောက်မရှိတဲ့ ရှောက်ရုကို စိတ်ပူနေတာ ... အခု မင်းလည်း သွားမှာဆိုတော့ တစ်ယောက်ကို တစ်ယောက် ကူညီပေးလို့ ရတာပေါ့ ...”
ကျန်းရှောက်ခယ်က ယန်အာ၏ အရည်အချင်းကို တိတ်တခိုး အတော်အတန် အံ့အားသင့်မိ သွားသည်။ ဘွားဘွား လင်းလောင်က ယန်အာကို အနီးကပ် တပည့်အဖြစ် လက်ခံလိုက်ရုံသည် သာမက မိုဝူကျီအတွက်ပါ ကောင်းကင်ဖွေရှာ နန်းတော်တွင် နေရာ တစ်နေရာစာ စီစဉ်ပေးသေး၏။
ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းတဲ့ ပါရမီ ဖြစ်နေတာလဲ။
***