အဆင့်လေး မြေကမ္ဘာဆေးလုံးဆရာ
Vol. 11 Ch. 153
“ဆေးလုံးဆရာမို ... ပြန်လာပြီပဲ ...”
ယွီကျီက မိုဝူကျီ သူ့အိမ်ထဲ ဝင်လိုက်သည်နှင့် မတ်တတ်ရပ်ကာ နှုတ်ဆက် လိုက်တော့သည်။ သူက မိုဝူကျီ အပြန်အလာကို စောင့်မျှော်နေတာ ဖြစ်၏။
မိုဝူကျီက အားတင်းပြုံးကာ ပြန်ဖြေလိုက်သည်။
“အစ်ကိုယွီအတွက် ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးကို ဖော်ဖို့ အခု စလိုက်တော့မယ် ... ကျုပ်နောက်က လိုက်ခဲ့လိုက်ပါ ...”
“ဆေးလုံးဆရာမိုကို ကျေးဇူးအများကြီး တင်ပါတယ် ...”
ယွီကျီက မိုဝူကျီကို ဖိအား မပေးသင့်မှန်း သိ၏။ ထို့အပြင် မိုဝူကျီက အနည်းငယ် စိတ်ဓာတ်ကျနေမှန်း သိသော်လည်း ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးကား သူ့အတွက် အရမ်းကို အရေးကြီးလှ၏။
ယွီကျီကို သူ့အိမ်သို့ ခေါ်ဆောင် လာလိုက်သည်။ မိုဝူကျီက ယွီကျီနှင့် ဖေးပင်းကျုတို့ကို အခန်း အပြင်ဘက်တွင် စောင့်ထားခိုင်းလိုက်၏။ ထို့နောက်တွင် သူက သူ့အခန်းထဲမှ သိုလှောင်အိတ်နှင့် ဆေးပြင်းမီးဖိုကို သွားယူလိုက်သည်။ မိုဝူကျီက မြေကမ္ဘာယွမ် ဆေးလုံးကို ဖော်စပ်စဉ်က ဆေးပင်များကိုလည်း ထုတ်ယူလာသည်။
မြေကမ္ဘာယွမ် ဆေးလုံးက အဆင့်လေး ဆေးလုံး ဖြစ်ကာ အဆင့်လေး ဆေးလုံးများတွင် အဆင့်နိမ့်ဆုံးဟု ယူဆ၍ ရသည်။ ထိုဆေးလုံးကို ကျင့်ကြံသူ၏ သဘာဝ စွမ်းအားများ ပြန်လည် အားဖြည့်ဖို့ရန် အသုံးပြုနိုင်သည်။
မိုဝူကျီ အဆင့်လေး ဆေးလုံး စတင်ဖော်စပ်ဖို့ ရွေးချယ်စဉ်က မြေကမ္ဘာယွမ် ဆေးလုံးကို ရွေးချယ်ခဲ့သည်။
မိုဝူကျီက မြေကမ္ဘာယွမ် ဆေးလုံးကို ဖော်စပ်ဖို့ရာ ပထမအကြိမ် ကြိုးစားခဲ့စဉ်က ဆေးပင်များ သန့်စင်မှု မပြီးဆုံးခင် ကျရှုံး သွားလေသည်။ ဤတစ်ကြိမ်တွင် မိုဝူကျီက အဆီအနှစ်များ ပေါင်းစပ်ခြင်း အဆင့် မစခင်အထိ ဆေးပင်များကို သန့်စင်ပြီး အဆီအနှစ်များကို အလွယ်တကူ ထုတ်ယူနိုင်လိမ့်မည်။
နောက်ဆုံးအဆင့် ဖြစ်သည့် ဆေးလုံး ဖြစ်တည်ခြင်း အဆင့်ပင် အခက်အခဲမရှိ ပြီးစီးသွားလိမ့်မည်။ တစ်နာရီအတွင်း မြေကမ္ဘာယွမ် ဆေးလုံး တစ်သုတ်စာကို ရရှိနိုင်လိမ့်မည်။
မိုဝူကျီက သူ့လက်ထဲမှ မြေကမ္ဘာယွမ် ဆေးလုံး ၁၂ လုံးကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။ နောက်ဆုံးတွင် သူက အဆင့်လေး မြေကမ္ဘာ ဆေးလုံးဆရာ ဖြစ်သွားလေပြီ။ ယခင်ကထက် အဆင့်လေး ဆေးလုံးကို ဖော်စပ်ဖို့ရာ ပို၍ ယုံကြည်ချက် မြင့်လာလေ၏။ အကြောင်းမှာ သူက သူ့ကျင့်ကြံဆင့် မြင့်လာသည်နှင့် အတူ သူ့စိတ်စွမ်းအားနှင့် ဆေးလုံး တာအိုအပေါ် နားလည်နိုင်စွမ်းကလည်း လိုက်၍ တိုးတက် လာလေ၏။
သူက အနီရောင် မီးကျောက်နှင့် အခြေခံမီးပြင်းဖိုကိုသာ အသုံးပြု၍ ထိုဆေးလုံးများကို ဖော်စပ်ထားခြင်း ဖြစ်၏။ သို့သော်လည်း သူက မြေကမ္ဘာယွမ် ဆေးလုံးကို အခက်အခဲမရှိ ဖော်စပ်နိုင်ခဲ့၏။ သူ့စိတ်စွမ်းအားဖြင့် သူ့ဆေးလုံး ပညာရပ်ကား ရေထဲတွင် ရှိနေသော ငါးတစ်ကောင်ကဲ့သို့ သွက်လက်လှသည်။ သန့်စင်မှု၊ ဖယ်ထုတ်ခြင်း၊ ပေါင်းစပ်ခြင်းနှင့် ထုတ်ယူခြင်း မည်သို့ပင် ဖြစ်နေပါစေ သူက ကြန့်ကြာခြင်း မရှိသလို အားအများကြီး မစိုက်ခဲ့ရပေ။
ထိုသည်က ဆေးလုံး ဖော်စပ်ခြင်း၏ အစစ်အမှန် နည်းလမ်း ဖြစ်လောက်သည်။ အကယ်၍ ယခု သူသာ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲ ဝင်ပြိုင်လျှင် ပထမနေရာ ရဖို့ရာ ၉၀ ရာခိုင်နှုန်းလောက် သေချာ၏။
အဆင့်လေး မြေကမ္ဘာ ဆေးလုံးဆရာ အဖြစ် တက်လှမ်း သွားနိုင်သည့် အချက်က မိုဝူကျီကို ပို၍ စိတ်အခြေအနေ ကောင်းမွန်စေသည်။ အင်ပါယာ ငါးခုလုံးတွင် အဆင့်လေး ဆေးလုံးဆရာများကို အဆင့်မြင့်ဟု ယူဆကြသည်။ ယန်ချင်ယင်သည် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းခေါင်းဆောင် ဂူရန်က လေးလေးစားစား ဆက်ဆံရသော အဆင့်လေး ဆေးလုံးဆရာ ဖြစ်သည်။ မိုဝူကျီအတွက် သူကိုယ်တိုင်သည် အဆင့်လေး မြေကမ္ဘာဆေးလုံးဆရာ အဆင့်နှင့် သေချာပေါက် ထိုက်တန်ပေသည်။
ဆေးပြင်းမီးဖိုကို သိမ်းဆည်းလိုက်ပြီး မိုဝူကျီက အခန်းထဲမှ ထွက်လာလိုက်သည်။
ယွီကျီက ဦးစွာ နှုတ်ဆက်လိုက်သည်။ ထို့နောက်တွင် သူက မိုဝူကျီကို ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံး ဖော်စပ်မှု ဖြစ်စဉ်ကို သိချင်စိတ်ဖြင့် စိုးရိမ်စွာ ကြည့်လိုက်သည်။
မိုဝူကျီက ယွီကျီ ပခုံးကို ပုတ်ပေးလိုက်ပြီး …
“အစ်ကိုယွီ စိတ်မပူနဲ့တော့ ... ကျုပ် ဒီဆေးလုံးကို ဖော်စပ်နိုင်မလား ဆိုပြီး စစ်ဆေးပြီးသွားပြီ ... ဒီမှာရှိနေတဲ့ အခြေအနေတွေက အရမ်း အဆင့်နိမ့်နေတော့ ကျုပ် လိမ္မော်ရောင် မီးကျောက်ကို သွားဝယ်လိုက်ဦးမယ် ...”
ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးသည် မြေကမ္ဘာယွမ် ဆေးလုံးထက် များစွာ အဖိုးတန်သည့် အတွက် မိုဝူကျီက သာမန်အနီရောင် မီးကျောက်နှင့် ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးကို ဖော်စပ်ဖို့ရာ မစတေးရဲပေ။ အကယ်၍ သူသာ ဆေးလုံးဖော်စပ်မှု ကျရှုံးသွားခဲ့လျှင် ယွီကျီကို ရင်ဆိုင်ရဲတော့မည် မဟုတ်ပေ။
“ဆေးလုံးဆရာမို ကျုပ်ဆီမှာ အဝါရောင်မီးကျောက်ရှိတယ် ... အဲဒါဆို အဆင်ပြေမလား ...”
ယွီကျီက သိုလှောင်အိတ်ထဲမှ အဝါရောင် မီးကျောက်ကို ထုတ်ပေးရင်း မေးလိုက်သည်။
ထိုကျောက်ကို ထိမကြည့်ဘဲနှင့် မိုဝူကျီသည် ထိုကျောက်အတွင်းမှ လောင်ကျွမ်းနေသော မီးတောက်ကို ခံစားနိုင်သည်။
ဤသည်က မိုဝူကျီအတွက် အဝါရောင် မီးကျောက်ကို မြင်ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်၏။ ယွီကျီဆီမှ အဝါရောင် မီးကျောက်ကို ယူလိုက်ပြီးနောက် ခဏတာ စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် တအံ့တအား ရေရွတ်လိုက်တော့သည်။
“အံ့ဩဖို့ကောင်းတဲ့ ကျောက်ပဲ ...”
သူက ချက်ချင်း ခိုင်မာစွာ ပြောလိုက်တော့သည်။
“အစ်ကိုယွီရဲ့ အဝါရောင် မီးကျောက်က သာမန်အနီရောင် မီးကျောက်တွေထက် နှစ်ဆင့် ပိုမြင့်တယ် ... လိမ္မော်ရောင် မီးကျောက်တောင် မယှဉ်နိုင်ဘူး ... အဝါရောင် မီးကျောက်နဲ့ဆိုရင် ကျုပ် အဆင့်လေး ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးကို သေချာပေါက် ဖော်စပ်နိုင်လိမ့်မယ် ...”
ယွီကျီက မိုဝူကျီသည် ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးကို ဖော်စပ်နိုင်ပါ့မလား ဆိုတာ အမြဲတမ်း သံသယ ရှိနေခဲ့၏။ သို့သော်လည်း အာမခံပေးသည့် မိုဝူကျီ စကားများနှင့် ယနေ့ထိ မိုဝူကျီကို သိကျွမ်းခဲ့သည့်များ ပေါင်းစပ်လျှင် မိုဝူကျီသည် သူမလုပ်နိုင်သည့် အရာကို ပြောလိမ့်မည် မဟုတ်ကြောင်း ယုံကြည်မိသည်။
မိုဝူကျီက ယွီကျီသည် သူ့ကို သံသယရှိနေမှန်း သိ၍ ရိုးရိုးလေး ပြောလိုက်သည်။
“ကျုပ်နဲ့အတူ အထဲ လိုက်ကြည့်ပါ့လား ...”
“ဆေးလုံးဆရာမိုကို ကျေးဇူးတင်ပါတယ် ...”
မိုဝူကျီက အထဲသို့ လိုက်ရန် ဖိတ်ခေါ်သည်ကို ကြားသောအခါ သူက ချက်ချင်းပင် သဘောတူလိုက်သည်။ အကြောင်းမှာ သူ့အတွက် ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးမှာ အသက်တမျှ အရေးကြီးလှ၍ ဖြစ်သည်။
ယွီကျီကို အခန်းထဲ ခေါ်လာပြီး နောက်တွင် မိုဝူကျီက မီးပြင်းဖိုကို ထုတ်ယူလိုက်ပြီး ဆက်တိုက်ဆိုသလို အဝါရောင် မီးကျောက်ကို စတင်မီးညှိလိုက်တော့သည်။
သူက ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးကို တိုက်ရိုက် မဖော်စပ်သေးဘဲ မြေကမ္ဘာယွမ် ဆေးလုံးကို ဦးစွာ ဖော်စပ်လိုက်သည်။
ယွီကျီက ဘေးမှာ ထိုင်နေရင်း မိုဝူကျီကို အသက်ပင် မရှူရဲလောက်အောင် စိတ်လှုပ်ရှားစွာ ကြည့်နေလေ၏။
ဤတစ်ကြိမ်တွင် မိုဝူကျီက မြေကမ္ဘာယွမ် ဆေးလုံးကို ဖော်စပ်ဖို့ရာ အချိန်များစွာ မကြာတော့ပေ။ အကယ်၍ မြန်ဆန်စွာ ကုန်ဆုံးနေသော အဝါရောင် မီးကျောက်ကြောင့်သာ မဟုတ်လျှင် မိုဝူကျီက သူ့ပညာရပ်များကို လေ့ကျင့်ရန် အဆင့်လေး ဆေးလုံး အနည်းငယ်ကို ထပ်၍ ဖော်စပ်ချင်သေး၏။
ယွီကျီက မြေကမ္ဘာယွမ် ဆေးလုံးကို မှတ်မိလိုက်သည်။ မိုဝူကျီက မြေကမ္ဘာယွမ် ဆေးလုံးကို သက်သက်သာသာ ဖော်စပ်နိုင်သည်ကို မြင်ရ၍ မိုဝူကျီအပေါ် သူ့ယုံကြည်ချက်ကား အဆများစွာ မြင့်လာလေ၏။
အဝါရောင် မီးကျောက်သည် အဖိုးတန်ရုံ သာမက ရရှိဖို့ရာလည်း ခက်ခဲလှ၏။ ထို့ကြောင့် မိုဝူကျီက ထိုသို့သော အရင်းအမြစ်ကို မဖြုန်းတီးရဲပေ။ မိုဝူကျီက မြေကမ္ဘာယွမ် ဆေးလုံး တစ်သုတ်စာကို ဖော်စပ်ပြီးနောက် ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးအတွက် ပါဝင်ပစ္စည်း ဆေးပင်များကို ချက်ချင်း ထုတ်ယူ လိုက်တော့သည်။
ဆေးပြင်းမီးဖိုကို အကြိမ်အနည်းငယ် သန့်ရှင်းပြီးနောက် မိုဝူကျီက ဆေးပင်များကို စတင်၍ သန့်စင် လိုက်တော့သည်။
မြေကမ္ဘာယွမ် ဆေးလုံးနှင့် ယှဉ်လျှင် မိုဝူကျီက ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးနှင့် ပို၍ ရင်းနှီးလေ၏။ အကြောင်းမှာ ဤဆေးဖော်မြူလာသည် သူ့ဆေးနည်း စာအုပ်ထဲတွင် ရှိနေသောကြောင့် ဖြစ်၏။ ဆေးလုံး ဖော်စပ်ဖို့ရာ တစ်ဆင့်ချင်းစီအတွက် တစ်ချက် ကြည့်ရုံဖြင့် အဆင့်များရှိ အပြောင်းအလဲကို ပြောနိင်သည်။
မိုဝူကျီက ဆေးပင်များကို ကျွမ်းကျင်လှစွာ သန့်စင်လိုက်ပြီး ပေါင်းစပ်မှုကို စတင် လိုက်တော့သည်။
မြေကမ္ဘာယွမ် ဆေးလုံးနှင့် ယှဉ်လျှင် ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးကား ဆေးလုံးဆရာဆီမှ အားထုတ်မှုများစွာ ပိုလိုအပ်၏။ မိုဝူကျီက ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးကို တစ်ခါမှ မဖော်စပ်ဖူးသော်လည်း ဆေးဖော်မြူလာနှင့် ကျွမ်းဝင်နေမှုနှင့်အတူ သူ့စိတ်စွမ်းအားနှင့် ဆေးလုံး ပညာရပ်များကို ပေါင်းစပ် လိုက်သည့်အခါ သူက ဤဆေးလုံးကို ဖော်စပ်ရန် မွေးဖွားလာသည့်အလား ဖြစ်သွားတော့၏။
မိုဝူကျီက ဆေးပင်များကို ကြန့်ကြာခြင်း အလျင်းမရှိစွာ ချောချောမွေ့မွေ့ လုပ်ဆောင်သွား၍ ယွီကျီ၏ ယုံကြည်မှုများကား ထပ်မံ မြင့်တက်လာပြန်သည်။
အဆုံးသတ်တွင် မိုဝူကျီ၏ အံ့ဩဖွယ် လက်ဟန်များကြောင့် အံ့အားသင့်နေမိ၍ ဆေးလုံးများကို လာရောက် တောင်းဆိုသူက သူကိုယ်တိုင် ဆိုတာပင် လုံးဝ မေ့သွားလေ၏။
တစ်နာရီအကြာတွင် ဆေးနံ့ သင်းသင်းလေးများ ထွက်ပေါ်လာ၍ ယွီကျီက သူသည် ဆေးလုံးအတွက် ရောက်ရှိလာကြောင်း အသိပြန်ဝင်လာ၏။ ထိုအခိုက်အတန့်တွင် သူက စိတ်လှုပ်ရှားလွန်း၍ လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ထရပ်လိုက်တော့သည်။
သူက ဆေးလုံး ဖော်စပ်ခြင်း အကြောင်း တစ်လုံးမျှ မသိသော်ငြား မိုဝူကျီသည် ဆေးလုံးဖော်စပ်မှု ပြီးမြောက်ရန် အခက်ခဲဆုံး အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ရ၏။ တစ်ချိန်တည်းတွင် သူ့စိတ်ထဲတွင် အကြောက်တရားများ ခံစာလိုက်ရသည်။ မိုဝူကျီ၏ ဆေးလုံး ဖော်စပ်မှု ကျရှုံးသွားမည်ကို စိုးရိမ်နေမိသည်။
ရနံ့က ပို၍ ပြင်းလာသည်နှင့် မိုဝူကျီက သူ့လက်ဟန်များကို ရုတ်ခြည်း ရပ်တန့် လိုက်တော့သည်။ ယွီကျီက ထိုအခိုက်အတန့်ကို အံ့ဩလွန်း၍ ပါးစပ်ဟောင်းလောင်း ဖြစ်နေ၏။
ဤဆေးလုံးများ တစ်ခုခု မှားယွင်းသွားကြောင်း တွေးမိသည့် အခိုက်အတန့်တွင် ထူးကဲ ကောင်းမွန်လှသော ဆေးလုံးများက သက်တန့်တစ်ခု ဖြစ်ပေါ်လာသည့်အလား မိုဝူကျီ လက်ထဲမှ ကျောက်စိမ်းပုလင်းထဲ ကျရောက် သွားတော့သည်။
ယွီကျီက ကျောက်စိမ်း ပုလင်းကို စိတ်ပူပင်စွာ ကြည့်နေ၏။ မိုဝူကျီအပေါ် လေးစားခြင်း၊ ကျေးဇူးတင်ခြင်းတို့ကြောင့်သာ မဟုတ်လျှင် ထိုပုလင်းကို ဆွဲယူပြီး လောက်လေပြီ။
မိုဝူကျီက အနီဖျော့ဖျော့ ဆေးလုံးကို ယူလိုက်ပြီး အနံ့ခံ ကြည့်လိုက်သည်။ သူကျေနပ်သွားသည့် အခါမှ ကျောက်စိမ်း ပုလင်းထဲ ပြန်ထည့်လိုက်လေ၏။ ထို့နောက်တွင် သူက ကျောက်စိမ်းပုလင်းကို ယွီကျီထံ ပေးလိုက်ရင်း …
“အစ်ကိုယွီရေ ကျုပ်တော့ ကံကောင်းလို့ ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံး ၁၂ လုံး ရခဲ့တယ်ဗျ ...“
“ဆေးလုံးဆရာမိုကို ကျေးဇူးအများကြီး တင်ပါတယ် ... ဒီနေ့က စပြီးတော့ ခင်ဗျားက ကျုပ်ရဲ့ ကျေးဇူးရှင်ပဲ ...” ယွီကျီက ကျေးဇူးတင်လွန်း၍ ဒူးထောက်လိုက်တော့သည်။
မိုဝူကျီက ယွီကျီကို မြန်မြန် ဆွဲထူလိုက်ရပြီး …
“အစ်ကိုယွီ ကျုပ်တို့က ညီအစ်ကိုတွေပဲလေဗျာ ဒီဟာတွေ မလိုပါဘူး ... အခု မြန်မြန်သွားပြီးတော့ ခင်ဗျားမိန်းမကို ဆေးသွားတိုက်ချည်တော့ ... ကျုပ်တော့ နောက်ထပ် ဆေးနည်းနည်း ထပ်ဖော်လိုက်ဦးမယ် ...”
ယွီကျီက ခေါင်းညိတ် ပြလိုက်ပြီး ထွက်သွားဖို့ရာ ပြင်ဆင် လိုက်တော့သည်။ တစ်ခါတစ်ရံတွင် ကျေးဇူးတရားကို ဖော်ပြဖို့ရာ အပြုအမူက စကားများထက် ပိုကောင်းလေ၏။
“ဆေးလုံးဆရာမို ဒါပြီးသွားရင် လမင်းကိုးစင်း ဆေးလုံး အိမ်တော်မှာပဲ ဆက်နေမှာလား ...” ယွီကျီက တံခါးဝသို့ ရောက်သောအခါ ပြန်လှည့်မေးလိုက်သည်။
မိုဝူကျီက ခေါင်းခါလိုက်ပြီး ဖြေလိုက်သည်။
“ကျုပ်က အခု ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အပြင်စည်းတပည့် ဖြစ်သွားပြီဗျ ... တကယ်လို့ ဆေးလုံးဖော်စပ်ဖို့ လိုရင် ကောင်းကင်ဖွေရှာ နန်းတော်မှာ လာရှာလို့ ရတယ် ...”
“ကောင်းပါပြီ ...” ယွီကျီက ထပ်မပြောတော့ဘဲ ထွက်သွားလိုက်တော့သည်။
မီးကျောက်ကို စတင် ညှိလိုက်သည်နှင့် တစ်ဝက်တစ်ပျက် ရပ်တန့်၍ မရတော့ပေ။ မိုဝူကျီက အဝါရောင် မီးကျောက်ကို ထိုအတိုင်း အလကား ဖြုန်းတီး မပစ်လိုပေ။ နောက်ထပ် ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးကို ဖော်စပ်လိုက်ပြီးနောက် မြေကမ္ဘာ ဝိညာဉ်ကာကွယ်ရေး ဆေးလုံးအတွက် လိုအပ်သည့် ဆေးပင်များကို ထုတ်လိုက်တော့သည်။
မြေကမ္ဘာ ဝိညာဉ်ကာကွယ်ရေး ဆေးလုံးသည် ဖော်စပ်ဖို့ရာ အရမ်း ခက်ခဲသော်လည်း ခန္ဓာဖွဲ့စည်းခြင်း ဆေးလုံးထက်တော့ ခက်ခဲမည် မဟုတ်ပေ။ သူ့၏ အားကောင်းလှသော စိတ်စွမ်းအားနှင့် လက်ဟန်များဖြင့် သူက မြေကမ္ဘာ ဝိညာဉ်ကာကွယ်ရေး ဆေးလုံး နှစ်သုတ်စာကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့သည်။
အဝါရောင် မီးကျောက်၏ မီးတောက်က မီးသေသွားသောကြောင့် မိုဝူကျီက ဖော်စပ်မှုကို ရပ်နားရန် ဆုံးဖြတ်လိုက်တော့သည်။
မီးဖိုကို သိမ်းဆည်းပြီး နေရာကို ရှင်းလင်းလိုက်ကာ မိုဝူကျီက အိမ်အပြင်သို့ ထွက်လာလိုက်သည်။ တံခါးအပြင်တွင် ရပ်နေသော ဖေးပင်းကျူအပြင် ထောင်အောင်းနှင့် ရှုန်းရှုကျူတို့ကိုပါ မြင်လိုက်ရသည်။
မိုဝူကျီက အခြေအနေကို ချက်ချင်း သဘောပေါက် နားလည်သွား၏။ ရှုန်းရှုကျူကို ယန်အာအား စောင့်ရှောက်ရန်အတွက် ခန့်အပ်ထားခြင်း ဖြစ်ရာ ယခု ယန်အာ မရှိတော့သည့်အတွက် ရှုန်းရှုကျုအတွက် လုပ်စရာ မရှိတော့ပေ။ ရှုန်းရှုကျူုနှင့် သူမ ခင်ပွန်းတို့သည် သူတို့၏ အနာဂတ်ကို စိုးရိမ်နေမိ၍ မိုဝူကျီဆီ မေးဖို့ရာ ရောက်လာခြင်း ဖြစ်ရမည်။
နှစ်ယောက်၏ စိတ်မအေးသော အကြည့်များကို မြင်၍ မိုဝူကျီက အလျင်အမြန် ပြောလိုက်ရတော့သည်။
“အစ်ကို ထောင်အောင်းနဲ့ အစ်ရှုန်းတို့ စိတ်မပူနဲ့ ... ကျွန်တော်က ကောင်းကင်ဖွေရှာ နန်းတော် အနားက ကျင့်ကြံခြင်းမြို့မှာ ဆေးဆိုင်ဖွင့်ဖို့ ကြံထားတယ် ... ကျွန်တော်က ဆိုင်ကို ခန့်ခွဲဖို့ကျ အလုပ်အရမ်းရှုပ်မှာ ဆိုတော့ ဖေးပင်းကျုနဲ့အတူ အစ်ကိုတို့ နှစ်ယောက်ကိုပါ ကူညီခိုင်းဖို့ စိတ်ကူးထားတာ ...”
“ဟားဟား ဝူကျီအတွေးက ငါနဲ့ ကွက်တိပဲဟေ့ ... ငါတို့ လမင်းကိုးစင်း ဆေးလုံးအိမ်တော်လည်း ကောင်းကင်ဖွေရှာမြို့မှာ ဆိုင်ခွဲအသစ် ဖွင့်ဖို့ ရည်ရွယ်ထားတာ ... တကယ်လို့ ဝူကျီက ဆိုင်ဖွင့်ဖို့ ကြံစည်ထားတယ် ဆိုရင် အဲကိစ္စ ငါ့ကိုသာ အပ်ထားလိုက်တော့ ...” ကျန်းရှောက်ခယ်အသံက အဝေးမှ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
မိုဝူကျီက ကျန်းရှောက်ခယ် စကားများကို ကြားသောအခါ တအံ့တအား ဖြစ်သွားမိသည်။ သူက ချီသွေးကြောများ ဖွင့်သည့် ကိစ္စနှင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့် ကိစ္စကိုသာ အာရုံစိုက်ထားချင်သည်။ သူက သေချာပေါက် ဆိုင်ဖွင့်၍ စီမံခန့်ခွဲနိုင်လိမ့်မည် မဟုတ်ပေ။ ကျင့်ကြံခြင်း အရင်းအမြစ်များစွာ ရရှိဖို့ရာမှလွဲ၍ ဆိုင်ဖွင့်ရန် အဓိက ရည်ရွယ်ချက်ကား ဖေးပင်းကျူနှင့် ထောင်အောင်းတို့ အတွဲကို ကူညီရန် ဖြစ်သည်။ ယခု ကျန်းရှောက်ခယ်က ထိုသို့ လုပ်ဖို့ရာ ရွေးချယ် ထားသည့်အတွက် မိုဝူကျီအတွက် အကူအညီ အကြီးကြီး ဖြစ်သွားလေ၏။
“ရှောက်ခယ်ရေ အဲဒါဆို မင်းကို ဒုက္ခပေးရတော့မှာပဲ ...” မိုဝူကျီက ထိုအကူအညီကို လိုအပ်နေသည့်အတွက် မငြင်းပယ်တော့ပေ။
“သခင်လေးကို ကျေးဇူးအများကြီး တင်ပါတယ် ... အိမ်တော် သခင်လေးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ် ...”
ထောင်အောင်းနှင့် ရှုန်းရှုကျူတို့ နှစ်ယောက်လုံးကား ဖေးပင်းကျူနှင့် ရင်းနှီးနေပြီ ဖြစ်သည့်အတွက် သူနှင့်အတူတူ အလုပ်တွဲလုပ်ခွင့် ရ၍ အရမ်းကို ကျေနပ်နေလေ၏။
“ဝူကျီ ... ဒီကိစ္စ ငါ့ဆီသာ အပ်ထားလိုက်တော့ ... ငါ ပင်းကျူနဲ့ သေချာ ဆွေးနွေးထားလိုက်မယ်၊ ပြီးတော့ မင်းလည်း ကောင်းကင်ဖွေရှာ နန်းတော်ဆီ သွားပြီးတော့ သတင်းပို့လိုက်ဦး နောက်ကျသွားရင် ဘွားဘွား လင်းလောင်ရဲ့ ကျောက်စိမ်းပြား ပါရင်တောင် ပြဿနာ တက်လိမ့်မယ် ...”
ကျန်းရှောက်ခယ်က မိုဝူကျီကို သတိပေးလိုက်သည်။ သူ ဤနေရာသို့ ရောက်လာသည့် အကြောင်းမှာ မိုဝူကျီကို လာဆော်ဩခြင်း ဖြစ်၏။
***