ကောင်းကင်ဖွေရှာနန်းတော်
Vol. 11 Ch. 154
မိုဝူကျီက ကောင်းကင်ဖွေရှာ နန်းတော် နေရာသို့ နောက်တစ်ကြိမ် ထပ်ရောက်ခဲ့ပြန်၏။ သူတို့ ယခင်က လာဖူးသည့် ဆေးလုံးဆရာများ ဆွေးနွေးပွဲ ခန်းမသို့ လမ်းညွှန်ထားသည့် ဆိုင်းဘုတ်များကို တွေ့လိုက်ရသည်။
ခန်းမတံခါးများက ကျယ်ကျယ် ဖွင့်ထားပြီး လူအများက ဝင်ချည်ထွက်ချည် အလုပ်ရှုပ် နေကြသည်။
မိုဝူကျီက ခန်းမအတွင်းသို့ ဝင်လိုက်သည့်အခါ ဆိုင်းဘုတ် နှစ်ခုကို တွေ့လိုက်ရပြန်သည်။ လက်ဝဲဘက်ကား အပြင်စည်း တပည့်များ လက်ခံသည့်နေရာ ဖြစ်ပြီး ညာဘက်တွင် အတွင်းစည်း တပည့်များအတွက် ဖြစ်၏။ ထိုစဉ် တစ်ယောက်ကမှ စာရင်း လက်ခံခြင်း မရှိတော့ပေ။ လက်ခံသည့် ကာလ ပြီးဆုံးသွားကြောင်း သိသာလှ၏။
မိုဝူကျီက ဘွားဘွား လင်းလောင် ပေးထားသည့် ကျောက်စိမ်းပြားကို ထုတ်ယူတော့မည့် ဆဲဆဲတွင် အသံချိုချိုလေးကို ကြားလိုက်ရ၏ ။
“စီနီယာအစ်ကိုမို ... ဒီကို စာရင်း လာပေးတာလား ...”
စကားပြောလိုက်သည့် သူက မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသမီး တစ်ဦး ဖြစ်၏။ သူမက နူးညံ့သိမ်မွေ့ကာ လှပပေသည်။ ထို့အပြင် သူမမျက်နှာတွင် ကြည်နူးဖွယ် အပြုံးတစ်ပွင့် ပန်ဆင်ထားသေး၏။
“မင်းကိုး ...” မိုဝူကျီက ထိုအမျိုးသမီးကို အကြမ်းဖျင်း မှတ်မိလိုက်သည်။ ယခင် သူ ဘွားဘွား လင်းလောင်ကို လာရှာစဉ်က ထိုအမျိုးသမီးသည် ကျိုးရှောက်ယီဘေးတွင် ရှိနေခဲ့၏။ သူမသည် ကျိုးရှောက်ယီ၏ အစ်မကြီး ဖြစ်လိမ့်မည်။ ကျိုးရှောက်ယီက သူ့ကို မြင်သောအခါ သရဲတစ္ဆေ တစ်ကောင်ကို မြင်လိုက်ရသည့်အလား ဖြစ်သွားသည်။ သူမ အစ်မဖြစ်သူက “စီနီယာအစ်ကိုမို” ဟု ခေါ်ရင်း သူ့ကို ဦးစွာ နှုတ်ဆက်လိမ့်မည်ဟုလည်း မျှော်လင့်မထားပေ။
အမှန်တကယ်တော့ ကျိုးရှောက်ယီ၏ အစ်မကြီးက ကျိုးရှောက်ယီထက် ပို၍ လှပပေသည်။ သူမက ရှိရင်းစွဲထက် ပိုအသက်ကြီးစေဟန်နှင့် မထင်ရှားစေရန် အလို့ငှာ မီးခိုးရောင် ဝတ်စုံကို ရည်ရွယ်ချက်ရှိရှိ ဝတ်ဆင်ထားခြင်း ဖြစ်၏။
သူက အခြေအနေများကို သေချာမသိသော်လည်း မိုဝူကျီက ဦးညွှတ်၍ ပြောလိုက်သည်။
“ဟုတ်ပါတယ် ကျုပ်က ကံလာစမ်းကြည့်တာ ...”
“ကျွန်မက ကျိုးရှောက်ယင်ပါ ...”
သူမစကားမဆုံးခင် လက်တစ်ဖက်က ဘေးမှ ရောက်လာပြီးနောက် သူမကို ဆွဲလိုက်သည်။ ထို့နောက်တွင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာကာ …
“မိုဝူကျီ ... ရှင်က စီနီယာအစ်မမုနဲ့ သိတယ်ဆိုတိုင်း ကိုယ့်ဘာသာ ဟုတ်လှပြီ မှတ်မနေနဲ့ ... မမ ဒီလိုလူမျိုးက စကားလာပြောရင် လျစ်လျူရှုထားလိုက် ...”
ကျိုးရှောက်ယီက လျောက်လှမ်း လာသည်ကို မြင်၍ မိုဝူကျီက မျက်မှောင်ကြုတ်မိလိုက်သည်။ ဤအမျိုးသမီးက အမှန်တကယ် မနှစ်မြို့စရာ ကောင်းလှ၏။ သူက ရှင်းပြဖို့ရာ စိတ်မပါသည့် အတွက် ထွက်သွားရန် ပြင်လိုက်သည်။
“မင်းက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းက တက်လာတဲ့ အမှိုက်ဆေးလုံးဆရာ မိုဝူကျီလား ...”
နောက်ထပ် မာနထောင်လွှားနေသည့် အသံကို ကြားလိုက်ရပြန်သည်။ ထိုအသံတွင် ပုရွက်ဆိတ် တစ်ကောင်ကို ပြောနေသကဲ့သို့ ပိုင်စိုးပိုင်နင်း လေသံ ပါဝင်နေ၏။
မိုဝူကျီက လှည့်ကြည့်လိုက်သောအခါ ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်ကို မြင်လိုက်ရသည်။ ထိုလူက ကျိုးရှောက်ယီဘေးတွင် ရပ်နေ၏။ သူ့တွင် ရှည်လျားသည့် မျက်နှာပေါက် ရှိနေသည်။ ပို၍ အရေးကြီးသည်က သူက ထိုလူကို မမှတ်မိပေ။ သူ့စိတ်ထဲတွင် ဒေါသ မီးတောက်လောင်နေကာ သူက ယန်အာအတွက် စိတ်ထိန်းလိုက်သော်ငြား သူက တခြားအရာများကို ဘာတစ်ခုမှ ဂရုမစိုက်ပေ။ သူက ထိုလူကို မသိသော်လည်း ထိုလူပါးစပ်တွင် -ျီးများ ပြည့်နေလေ၏။
“အိုဗျာ ... ခင်ဗျားက ဘာစားစား နောက်ဆုံးမှာ -ျီး ဖြစ်မှာပဲမလား ရွေပန်းကန်နဲ့စားစား ဒီအတိုင်းစားစား နောက်ဆုံးက ဒီဘူတာစိုက်မှာပဲ ... အဲဒါတောင် ခင်ဗျားက အရှက်မရှိ လာပြောရဲသေးတယ် ...” မိုဝူကျီက အလျော့မပေးဘဲ ပြန်လည် ချေပလိုက်သည်။
”ကောင်းတယ် ငါ ဂျုချီဂျန်းက မင်း သတ္တိဘယ်လောက်ရှိလဲ ကြည့်ရသေးတာပေါ့ ...” မြင်းမျက်နှာပေါက်နှင့် လူက မိုဝူကျီထက် ပို၍ ဒေါသတကြီး ဖြစ်သွား၏။ သူက ထိုမျှ အထက်စီးဆန်လှသည့် ပုရွက်ဆိတ်ကို မမြင်ဖူးပေ။ သူက ကောင်းကင်ဖွေရှာ နန်းတော် အပြင်စည်း တပည့်ဖြစ်သည်နှင့် သူ့ကိုယ်သူ မာနကြီးနေတာလား။
“စီနီယာအစ်ကို ချီဂျန်းက သူ့ကို သိတာလား ...” ကျိုးရှောက်ယီက မေးလိုက်သည်။
ဂျုချီဂျန်းလား ... ဘာလို့ ဒီနာမည်နဲ့ ရင်းနှီးနေပါ့လိမ့် ...
မိုဝူကျီက ထိုနာမည်ကို တစ်နေရာရာမှ ကြားဖူးကြောင်း အမှတ်ရလိုက်သည်။ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း၏ သတ္တမြောက် တောင်ထိပ်သခင် ဂျုချီဂျန်း မဟုတ်ပေဘူးလား ... အစပိုင်းတွင် သူက သတ္တမြောက် ဓားတောင်တွင် နေချင်ခဲ့သော်လည်း ပဒုမ္မာကြာ ဓားတောင်က ဓားချောက်ကမ်းပါးနှင့် အနီးလေး ရှိသည်ကို သိ၍ ပဒုမ္မာကြာ ဓားတောင်ကို ရွေးခဲ့ခြင်း ဖြစ်၏။
ဂျုချီဂျန်းက အထင်သေးစွာ ပြောလိုက်သည်။
“ဒီလူက သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ ဧည့်ဆေးလုံးဆရာပါ ... သူ့သတ္တိ ဒီလောက် ကောင်းမယ်လို့ ထင်မထားမိဘူး သူက ငါ့သတ္တမြောက် ဓားတောင်မှာ နေချင်တာ ... နောက်ပိုင်းကျ အဲဒီဓားတောင်က ငါ့အပိုင်ဆိုတာ သိတော့ မသွားရဲတော့တာ ...”
မိုဝူကျီ မျက်မှောင်ကြုတ် ကြည့်လိုက်သည်။ ထိုလူက ထိုမျှ မျက်နှာပြောင်လှချည်လား ... သူသတ္တမြောက် ဓားတောင်တွင် မနေသည့် ကိစ္စမှာ ဂျုချီဂျန်းနှင့် ပတ်သက်မှု မရှိပေ။ ပို၍ အတိအကျ ပြောရလျှင် ဓားချောက်ကမ်းပါးနှင့် နီးသည့်အတွက် ပဒုမ္မာကြာ ဓားတောင်ကို ရွေးချယ်လိုက်ခြင်း ဖြစ်၏။
”ဟားဟား ... ညီလေးမိုကတော့ ဒီလူကို -ျီး လို့ ခေါ်လိုက်တယ် ... ဒါပေမဲ့ အဲဒါက ဘာကြီးလဲ ... ဟားဟား ...” အားရပါးရ ရယ်မောသံကို ကြားလိုက်ရ၏။
ဟော်ယွီချန် လျှောက်လာသည်ကို မြင်၍ မိုဝူကျီက စိတ်ထဲတွင် တွေးမိလိုက်သည်။ ထိုလူက အမြဲတမ်း အချိန်မှန် ရောက်လာတတ်၏။
“ဝူကျီ အဲဒါဘာကြီးလဲ ... ဟားဟား ... ငါတော့ ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အပြင်စည်းတပည့် ဖြစ်သွားပြီ ...” ဟော်ယွီချန် နောက်တွင် ကျန်းရှောက်ရု ပါလာလေ၏။ သူ့၏ အာကျယ်ကျယ် သောင်းကြမ်းတတ်သည့် စရိုက်ကား မပြောင်းလဲသေးပေ။
“အဲဒါက မင်းအစား များလွန်းရင် မင်း -င်က ထွက်လာတဲ့ဟာတွေပဲ ...”
မိုဝူကျီက စကားဆုံးအောင် ပြောလိုက်ပြီး နောက်တွင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ ကျန်းရှောက်ရု၏ အရည်အချင်းနှင့် ကောင်းကင်ဖွေရှာ နန်းတော်အတွက် အကျိုးပြုမှတ်များ ပေါင်းလျှင် သူက မည်ကဲ့သို့ အပြင်စည်း တပည့် ဖြစ်နိုင်မည်နည်း။
ဟော်ယွီချန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ မိုဝူကျီ စကားများက အမှန်တကယ် ထိထိမိမိ နှိပ်ကွပ်နေခြင်း ဖြစ်သည်။ တစ်ဖက်တွင် ခန်းမအတွင်းမှ အခြားလူများက မိုဝူကျီ၏ အဆင့်နိမ့် ဟာသပြက်လုံးကြောင့် အထင်သေးစွာ ကြည့်နေကြသည်။
ဂျုချီဂျန်း မျက်နှာကား အစိမ်းဘက်ပင် သန်းလာလေ၏။ အကယ်၍ ဤနေရာက ကောင်းကင်ဖွေရှာ နန်းတော်၏ စာရင်းလက်ခံသည့် နေရာ မဟုတ်ပါက သူ့မှော်ရတနာကို ဆွဲထုတ်ပြီး မိုဝူကျီကို အပိုင်းပိုင်း ဖြစ်အောင် ခုတ်ပစ်မိလိမ့်မည်။
ကျိုးရှောက်ယီက အေးစက်စက် ပြောလိုက်သည်။
“လေလုံးထွားနေတာပါ တကယ်လို့ သူသာ သတ္တိရှိရင် စီနီယာအစ်ကို ချီဂျန်းရဲ့ ဓားတောင်ကို ဘာလို့ မရွေးလဲ ...”
မိုဝူကျီက ထိုအမျိုးသမီးကို တော်တော် စိတ်ပျက်နေမိပြီ။
“ငါ့ဘာသာ ဘယ်နေရာ နေနေ မင်းနဲ့ ဘာဆိုင်လဲ ... သတ္တမြောက် ဓားတောင်ထိပ်က လေထုက အားကောင်းလို့ ဒီလူအိုကြီးပဲ ကြိုက်တာ ဟုတ်ပြီလား ...”
“ရှောက်ယီ ထပ်မပြောပါနဲ့တော့ အခု ငါ ...”
ကျိုးရှောက်ယင်က ကျိုးရှောက်ယီကို ဆွဲခေါ်သွားလေ၏။
ကျိုးရှောက်ယီက နှာခေါင်းရှုံ့လိုက်ကာ ကျိုးရှောက်ယင် စကားများကို ဝင်ဖြတ် ပြောလိုက်သည် “မမကို စောစောကလည်း ပြောပြီးပြီ ဒီလိုလူတွေနဲ့ မပတ်သက်ပါနဲ့ဆို ... သူ့ရဲ့ ရုပ်မြင် နေရတာကိုက စိတ်ပျက်ဖို့ ကောင်းတယ် ...”
“မိုဝူကျီ ငါမင်းကို မှတ်ထားမယ် ... မင်း ကောင်းကင်ဖွေရှာ နန်းတော်မှာ ပျော်ပျော်နေနိုင်ပါစေကွာ ...”
ဂျုချီဂျန်းက မိုဝူကျီကို ရန်လိုစွာ ကြည့်ရင်း ကျိုးညီအစ်မနှင့်အတူ ထွက်သွားတော့သည်။ သူက ဟော်ယွီချန်ကိုပင် မျက်လုံးထဲ မထည့်ပေ။ ကောင်းကင်ဖွေရှာ နန်းတော်ရှေ့တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းက ဘာမှ မဟုတ်ပေ။
“ဝူကျီ မြန်မြန် စာရင်းသွားသွင်းချည် ...”
ကျန်းရှောက်ရုက ဘေးမှ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူက ဂျူချီဂျန်းအကြောင်း စိတ်ထဲ မထားပေ။ သူစိတ်ပူနေသည်က သူနှင့် မိုဝူကျီ နှစ်ယောက်လုံး ကောင်းကင်ဖွေရှာ နန်းတော်တွင် လက်ခံရဖို့ ဖြစ်၏။
မိုဝူကျီက သံသယဖြင့် မေးလိုက်သည်။
“ရှောက်ရု ဘာလို့ မင်းက အပြင်စည်း ဖြစ်နေတာလဲ ... အတွင်းစည်းတပည့် မဟုတ်ဘူးလား ...”
ကျန်းရှောက်ရုက အားရပါးရ ရယ်မောလိုက်ရင်း …
“ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အတွင်းဂိုဏ်းကို ဝင်ခွင့်ရဖို့ လွယ်တယ် ထင်နေလား ... မင်းရဲ့ ကျင့်ကြံဆင့်က သတ်မှတ်ထားတဲ့ အဆင့်တစ်ခု ဖြစ်နေဖို့လည်း လိုသေးတယ် ပြီးတော့ စစ်ဆေးမှု အမျိုးမျိုး ကျော်ဖြတ်ရဦးမှာ ... မင်းက ဟော်ယွီချန်လိုမျိုး စစ်မှန်ခြင်း နတ်ဘုရားပန်းကို မပေးနိုင်သရွေ့ပေါ့ ...”
မိုဝူကျီက ဟော်ယွီချန်ကို တအံ့တအား ကြည့်လိုက်မိသည်။ သူ ရေခဲတောင်ထဲ နှစ်လပိတ်မိနေသည့် ကာလအတွင်း ဟော်ယွီချန်က စစ်မှန်ခြင်း နတ်ဘုရားပန်းကို ရရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဟော်ယွီချန်က ကျိတ်ရယ်မောလိုက်ပြီး …
“ညီလေးမိုရာ အဲဒီလို အကြည့်ကြီးနဲ့ မကြည့်စမ်းပါနဲ့ ငါလည်း အခွင့်ကြုံလို့ တွေ့လာတာပါ ... သွားသွား မြန်မြန် စာရင်းသွားပေးချည် ... မင်းရဲ့ စွမ်းဆောင်ရည်တွေနဲ့ မကြာခင် အတွင်းစည်းတပည့် ဖြစ်လာလိမ့်မည်လို့ ငါယုံတယ် ...”
ဟော်ယွီချန်တွင် မိုဝူကျီက သူ့လက်ခံရေး အသိမှတ်ပြု အမှတ်အသားအား မည်သို့ ရလာကြောင်း သံသယ မရှိသလို မေးလည်း မမေးမြန်းပေ။ မိုဝူကျီ တစ်ယောက် ကောင်းကင်ဖွေရှာနန်းတော် တပည့် ဖြစ်လာသည်က ပုံမှန်ကိစ္စဟု မှတ်ယူနေသည်။
မိုဝူကျီက အလွန်အမင်း စိတ်လှုပ်ရှားမိနေသည်။ ဟော်ယွီချန်နှင့် ကျန်းရှောက်ရုတို့ နှစ်ယောက်လုံးသည် သူ့မိတ်ဆွေများ ဖြစ်သည့်အပြင် နှစ်ယောက်လုံးက ကောင်းကင်ဖွေရှာ နန်းတော်ကို ဝင်ခွင့်ရကြသည့်အတွက် သူ တစ်ယောက်တည်း အထီးကျန်နေတော့မည် မဟုတ်ပေ။
“တစ်ကိုယ်တော် ကျင့်ကြံသူ မိုဝူကျီက ကောင်းကင်ဖွေရှာ နန်းတော်ရဲ အပြင်စည်း တပည့်အနေနဲ့ လာလျှောက်တာပါ”
မိုဝူကျီက ကျောက်စိမ်းပြားကို ထုတ်ယူပြိး ကောင်တာပေါ် တင်ပေးလိုက်သည်။ မှတ်တမ်းရေး တပည့်က ကျောက်စိမ်းပြားကို မြင်သည့်အခါ အံ့ဩတကြီး မတ်တတ်ရပ်မိသွားသည်။ သူက မိုဝူကျီ နာမည်ကို ရေးမမှတ်ခင် လူကို သေချာကြည့်လိုက်သည်။ ထို့နောက်တွင် “အပြင်စည်း တပည့် မိုဝူကျီ” ဟူသော ကျောက်စိမ်းပြားကို မိုဝူကျီဆီ ပေးလိုက်တော့သည်။
အကယ်၍ သူမှာသာ မေးပိုင်ခွင့်ရှိလျှင် မိုဝူကျီသည် ဘွားဘွား လင်းလောင်နှင့် မည်သို့ ပတ်သက်လည်းဟု မေးချင်မိသည်။
သုံးရက်အကြာတွင် အတည်တကျ ဖြစ်နေသည့် အဆောက်အဦများနှင့် ကုန်သည် အိမ်တော်များမှ လွဲ၍ အခြားသော အိမ်တော်များနှင့် ဂိုဏ်းများက ဒြပ်ငါးမျိုး ကင်းမဲ့နယ် စုစည်းမှု နယ်ပယ်မှ ထွက်ခွာ သွားကြတော့သည်။
မိုဝူကျီနှင့် ကျန်းရှောက်ရုတို့ကို ကျန်းရှောက်ခယ်က ကောင်းကင်ဖွေရှာ နန်းတော်၏ ဧရာမ သင်္ဘောပျံ မထွက်ခွာခင် လာရောက် နှုတ်ဆက်လေ၏။ ဖေးပင်းကျု။ ထောင်အောင်းနှင့် ရှုန်းရှုကျုတို့ သုံးယောက်သားလည်း ကျန်းရှောက်ခယ် နောက်မှ လိုက်လာရင်း ပါလာကြသည်။ ထို့နောက်တွင် သူတို့က ကျန်းရှောက်ခယ် အစီအစဉ်ဖြင့် ကောင်းကင်ဖွေရှာမြို့သို့ လာမည် ဖြစ်သည်။
ကျန်းရှောက်ခယ်၏ ပျံသန်းရေး မှော်ရတနာနှင့် ယှဉ်လျှင် ကောင်းကင်ဖွေရှာ နန်းတော်၏ သင်္ဘောပျံကား ဧရာမကြီး ဖြစ်နေသည်။ မိုဝူကျီကဲ့သို့ အပြင်စည်း တပည့်တစ်ယောက် အတွက်ပင် ကိုယ်ပိုင်အခန်း ရ၏။
ကောင်းကင်ဖွေရှာ နန်းတော်၏ တင်းကျပ်လှသည့် စည်းကမ်းချက်တွေကြောင့် ဂျုချီဂျန်းသည် မိုဝူကျီကို လာ၍ မနှောင့်ယှက်ပေ။ ဟော်ယွီချန်၊ ကျန်းရှောက်ရုတို့နှင့် ရံဖန်ရံခါ တွေ့သည်မှ လွဲ၍ မိုဝူကျီသည် အခန်းထဲတွင် တိတ်တဆိတ် နေနေပြီး စိတ်စွမ်းအားသာ လေ့ကျင့်နေသည်။
သူက ဝိညာဉ်လမ်းကြောင်း ဖွင့်ဆေးကို ဖော်စပ်ဖို့ရာ စိတ်အား ထက်သန်နေသည်။ သို့သော် ယခုတွင် ထိုသို့ မလုပ်ရဲပေ။ သင်္ဘောပျံပေါ်တွင် ဒုတိယဂိုဏ်းချုပ် ဖုန်းကျန့်ချိုးကဲ့သို့ ကောင်းကင်အဆင့် ပါရမီရှင်များ ရှိနေသည်။ အကယ်၍ တစ်ယောက်ယောက်ကသာ သူ့ဆေး နောက်ကွယ်မှ အကြောင်းသာ သိသွားခဲ့လျှင် သူသည် သေချာပေါက် ပြဿနာ တက်လာလိမ့်မည်။
သုံးရက်အကြာတွင် မိုဝူကျီက သူခြေထောက် အောက်မှ တုန်ခါမှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုတုန်ခါမှုသည် အသံနောက်မှ ကပ်ပါလာခြင်း ဖြစ်၏။
“ဝူကျီ ငါတို့ ရောက်ပြီ မြန်မြန် ထွက်ခဲ့တော့ ...” အာကျယ် ကျန်းရှောက်ရုက လှမ်းခေါ်လိုက်သည်။
ရောက်သွားပြီလား ... မိုဝူကျီက သူတို့သည် ကျန်းရှောက်ခယ်နှင့် အတူ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို လာစဉ်က လဝက်ခန့် အချိန်ကုန်ခဲ့ကြောင်း အမှတ်ရလိုက်မိသည်။ သို့သော် သုံးရက်တည်းဖြင့် ရောက်သွားပြီတဲ့လား။
မိုဝူကျီက သူ့အခန်းမှ အမြန်အဆန် ထွက်လာလိုက်သည်။ သူက သင်္ဘော ကုန်းပတ်ပေါ်တွင် ရပ်လိုက်ပြီး ကောင်းကင်ဖွေရှာ နန်းတော်ကို ကြည့်လိုက်သည့်အခါ မှင်တက်မိသွားသည်။
ကောင်းကင်ဖွေရှာ နန်းတော်ကား အဖြူရောင် တိမ်တိုက်ထဲတွင် ချိတ်ဆွဲထားသော ဂြိုလ်တစ်လုံးနှင့် တူ၏။ အဖြူရောင် တိမ်တိုက် အောက်တွင် မြင့်မားသော ဂိတ်တံခါးကို တွေ့နေရသည်။
ဂိုဏ်းတစ်ခုလုံးက တိမ်များ အတွင်းတွင် တည်ရှိနေသည့် အလား အဆောက်အဦ တစ်ခုကိုမှ မမြင်ရပေ။ ထိုသည်က အလွန်အမင်း စိတ်ကူးယဉ်ဆန်ပြီး ထူးဆန်းသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။ ကောင်းကင်ဖွေရှာ နန်းတော်ကား ကောင်းကင် အစစ်အမှန် မဟုတ်သော်လည်း မှင်တက်နေသည့် မိုဝူကျီအတွက် အံ့အာသင့်ဖွယ် ဖြစ်နေ၏။
“ငေးမနေနဲ့တော့ ဒီမှာ ဘာမှ ကြည့်စရာ မရှိဘူး ... ငါတို့ ဂိုဏ်းထဲ ရောက်တာနဲ့ တခြားဂိုဏ်းတွေနဲ့ ဘာမှ သိပ်မကွာဘူးဆိုတာ သိလိမ့်မယ် ...”
ဟော်ယွီချန်က လျောက်လှမ်းလာရင်း ရယ်ရယ်မောမော ပြောလိုက်သည်။
“ကျွန်တော်က တစ်ဘဝလုံး ကြွက်တွင်းထဲမှာ နေလာတာလေ ...” မိုဝူကျီက ရယ်ရယ်မောမော ပြန်ပြောလိုက်သည်။
ဦးစွာ ဆင်းကြသည့် သူများက ကောင်းကင်ဖွေရှာ နန်းတော်၏ အကြီးအကဲများ၊ တာဝန်ခံများ ဖြစ်ပြီး ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ကြသည့် တပည့်များက နောက်က လိုက်လာသည်။ နောက်ဆုံးနေရာကား မိုဝူကျီကဲ့သို့ တပည့်အသစ်များ ဖြစ်၏။
မိုဝူကျီက လူအုပ်ထဲတွင် ဘွားဘွား လင်းလောင်နှင့် ယန်အာတို့ကို ရှာဖို့ရာ ကြိုးစားလိုက်သည်။ စိတ်ပျက်စရာ တစ်ခုက သူတို့သည် သွားကြပြီ ဖြစ်၏။ သူတို့ကို မြင်တောင် မမြင်လိုက်ရပေ။ ဘွားဘွား လင်းလောင်ဘေးတွင် ရှိနေသည့် အမွှာနှစ်ယောက်ကိုပင် မတွေ့လိုက်ရပေ။
တစ်ချိန်တည်းတွင် သူက ဒုတိယဂိုဏ်းချုပ် ဖုန်းကျန့်ချိုးကိုလည်း မမြင်မိတော့ပေ။ သို့သော်လည်း သူက ဆေးလုံး သခင်မင်နင်နှင့် မုယင်တို့ကို တွေ့လိုက်ရ၏။
”သွားကြစို့ ...”
ကျန်းရှောက်ရုက စိတ်နှင့်ကိုယ်နှင့် မကပ်သည့် မိုဝူကျီကို ဆွဲခေါ်ပြီး တပည့်အသစ် အုပ်စုနောက်မှ လိုက်သွားလိုက်သည်။
***