← Chapters

အမှိုက်သရိုက် အုပ်စု

Vol. 12 Ch. 155

အမှိုက်သရိုက် အုပ်စု

Vol. 12 Ch. 155

ဟော်ယွီချန်ကဲ့သို့ အတွင်းစည်း တပည့်များသည် ကောင်းကင်ဖွေရှာ နန်းတော်သို့ ဝင်သွားကြသည့်အခါ သူတို့ကို လမ်းပြ ခေါ်ဆောင် သွားရန် ကိုယ်ပိုင် အစောင့်များ ရှိကြ၏။ တစ်ဖက်တွင် မိုဝူကျီနှင့် ကျန်းရှောက်ရုကဲ့သို့ အပြင်စည်း တပည့်များသည် အတူတကွ စုစုရုံးရုံးရှိနေပြီး အုပ်စုလိုက် ဖြစ်နေသည်။

မိုဝူကျီက စိတ်ထဲများစွာ မတွေးပေ။ သူက အစေခံတပည့်တောင် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော…

ထို့ကြောင့် ဤဆက်ဆံမှုလေးက မည်သို့ ဆိုးရွားနိုင်မည်နည်း။ သူ ကောင်းကင်ဖွေရှာ နန်းတော်သို့ ဝင်စဉ်မှ စ၍ သူက အပေါ်ကြည့်လိုက်၊ အောက်ကြည့်လိုက်ဖြင့် ဗျာများနေသည်။

ကောင်းကင်ဖွေရှာ နန်းတော်အတွင်း လေထဲရှိ တိမ်တိုက်များက လျော့ပါး သွားလေ၏။ မီတာ ၂၀ မှ ၁၅ လောက် ကျယ်ပြန့်သည့် အပြာရောင် ကျောက်လမ်းက ရှေ့တွင် ခင်းထားလေ၏။ ခန်းနားလှသည့် အဆောက်အဦများက အတန်းလိုက် တည်ရှိနေပြီး ကြီးကျယ် ခမ်းနားသည့် အငွေ့အသက်များ ထုတ်လွှင့် နေသည်။ မိုဝူကျီက အဆုံးသတ် မမြင်ရသည့် နက်ရှိုင်းလှသော ချိုင့်ဝှမ်းကို မြင်လိုက်ရသည်။ ထိုချိုင့်ဝှမ်း အကြားတွင် တိမ်များက ဖုံးလွှမ်းနေသည်။ အဝေးတွင် တောင် တစ်တောင် ရှိနေကာ ထိုတောင်ပေါ်တွင် အမြင်အာရုံ ဖမ်းစားနိုင်သော အဆောက်အအုံ တစ်ခု ရှိနေသည်။

ထိုအဆောက်အအုံသည် တိမ်တွေကြားတွင် ထိုးထွက်နေသော ဧရာမမျှော်စင်ကြီး ဖြစ်၏။ တစ်ယောက်ကမှ ထိုမျှော်စင်ထိပ်ကို မကြည့်နိင်ကြချေ။

“အဲဒါက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်လေ ဂိုဏ်းရဲ့ အမှတ်အသား တစ်ခုပေါ့…” မိုဝူကျီက ထိုမျှော်စင်ကို ကြည့်နေသည်ကို မြင်၍ ကျန်းရှောက်ရုက ရယ်မောရင်း ပြောပြလိုက်သည်။

အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်လား... မိုဝူကျီက စွန်ဖျားမြို့မှ အင်မော်တယ်‌ လေ့ကျင့်ရေးမျှော်စင်ကို အမှတ်ရမိသွားသည်။ စွန်ဖျားမြို့မှ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်သည် ကောင်းကင်ဖွေရှာ နန်းတော်ရှိ တစ်ခုကို အတုယူ၍ ပြုလုပ် ထားကြောင်း ယန်ချင်ယင်ဆီမှ ကြားဖူး၏။ တစ်နှစ်ပင် မကြာသေးသည့် အချိန်တွင် သူက ကောင်းကင် လေ့ကျင့်ရေး မျှော်စင်ကို တွေ့ဖူးသွားလေပြီ။

ထိုအရာက ကောင်းကင် ဖွေရှာနန်းတော်၏ အင်မော်တယ် လေ့ကျင့်ရေးမျှော်စင် ဖြစ်သောကြောင့် သေချာပေါက် လျှပ်စီးအခန်း ရှိလိမ့်မည်။ မိုဝူကျီက တွေးမိလိုက်၍ စိတ်ထဲတွင် ပြင်းပြင်းထန်ထန် တောက်လောင် လာသည်။ လျှပ်စီးအခန်းသို့ ဝင်ပြီး ချီသွေးကြောများ ထပ်ဖွင့်ရန် အတွက် ဝိညာဉ်လမ်းကြောင်း ဖွင့်ဆေးကို ဖော်စပ်ဖို့ရာ မစောင့်နိုင်တော့ချေ။

ဝတ်စုံနက်နှင့် လူကြီးက အပြင်စည်း တပည့် အုပ်စုရှေ့တွင် ရပ်လိုက်သည်။ သူက အပြင်စည်း တပည့်များကို ဝေ့ကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။ ကောင်းကင်ဖွေရှာ နန်းတော် ဆိုတာ ပါရမီရှင်တွေ စုနေတဲ့ နေရာ၊  ဒီမှာ အမှိုက်တွေ မရှိဘူး ပါရမီရှင်တွေချည်းပဲ…။

အားလုံးက တိတ်ဆိတ် နေကြသည်။ သူတို့စိတ်ထဲတွင် သူတို့က ပါရမီရှင်လား၊ အမှိုက်သရိုက်လား သေချာသိကြ၏။ ဤနေရာတွင် ရှိနေသော လူအများစုကား သူတို့ကိုယ် သူတို့ပါရမီရှင်ဟု ခံယူထားကြသည်။

ဝတ်စုံနက်နှင့် လူကြီးက နှာခေါင်းရှုံ့သရော် လိုက်ပြီး “ဒါပေမဲ့ အဲဒီအစဉ်အလာ ချိုးပျက်သွားပြီ  ဘာလို့လဲ ဆိုတော့ ဒီနေ့ ကောင်းကင်ဖွေရှာ နန်းတော်မှာ အမှိုက်တွေကို လက်ခံလိုက်လို့ပဲ .... ပြီးတော့ အဲဒီ အမှိုက်အုပ်စုက မင်းတို့တွေပဲ…”

အပြင်စည်း တပည့်များက ချက်ချင်းပင် ဂနာမငြိမ် ဖြစ်လာကြသည်။ သူတို့သည် ထိုစကားလုံးများနှင့် အဆင်မပြေကြောင်း သိသာ၏။ မိုဝူကျီအပြင် အားလုံးနီးပါးက သူတို့ဂိုဏ်း၏ ဂုဏ်ယူဖွယ် အရွေးချယ်ခံများ ဖြစ်ကြသည်။ ကောင်းကင်ဖွေရှာ နန်းတော်သို့ ဝင်ဝင်ချင်း အမှိုက်ဟု သမုတ်ခံလိုက် ရကြောင်း စဉ်းစား ကြည့်လိုက်ကြပါ။

“တိတ်တိတ် နေကြစမ်း… နောက်ထပ် စကားသံ ထွက်လာတဲ့သူကို ချက်ချင်း မောင်းထုတ် ပစ်မယ်…” ဝတ်စုံနက်နှင့် လူကြီး စကားတွင် လူသတ်ငွေ့များ ရောပြွန်း နေ၏။ လူထုကား ချက်ချင်းပင် ငြိမ်ကျ သွားတော့သည်။

လူအုပ်ကြီး ငြိမ်ကျသွားသည့်အထိ စောင့်လိုက်ပြီး ဝတ်စုံနက်နှင့် လူကြီးက အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည် “မင်းတို့အားလုံးက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲကနေ ရလာတဲ့ ဆေးပင်တွေကြောင့် ဒီကို ဝင်ခွင့်ရခဲ့တာပဲ .... ဒြပ်ငါးမျိုး ကင်းမဲ့နယ်သာ မရှိရင် မင်းတို့အားလုံးက အမှိုက်တွေပဲ…”

မိုဝူကျီက စိတ်ထဲတွင် ထိုလူက သတ္တိကောင်းသားဟု တွေးမိ လိုက်သေး၏။ ကောင်းကင်ဖွေရှာ နန်းတော်သို့ ဆေးပင်များနှင့် လဲလှယ်၍ ဝင်ဖို့ရာ ဆုံးဖြတ်ချက်ကား ဂိုဏ်း အကြီးအကဲများမှ ချမှတ်ထားခြင်း ဖြစ်၏။ ထိုလူသည် စည်းမျည်းများကို ချိုးဖောက်ပြီး လူများကို အပြစ်ရှာ ဝေဖန်နေလေ၏။

“ပြီးတော့ မင်းတို့ အားလုံးက အပြင်စည်း ဂိုဏ်းက ချာတူးလံ ဖြစ်နေတဲ့ တောင်မှာ နေရမယ်…” သူက ပြောပြီးပြီးချင်း လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ အားလုံးရှေ့တွင် ပြတ်သား ထင်ရှားလှသော တောင်ပုံရိပ် ပေါ်လာလေ၏။ တောင်ကို အလွှာလိုက် ခြားနားထားပြီး မိုဝူကျီက တောင်ထိပ်တွင် အပိုင်း (က) ဟု မြင်လိုက်ရပြီး အပိုင်း (ဂ)က တောင်ခြေတွင် ရှိနေ၏။ အလယ်တွင် အပိုင်း (ခ) နှင့် (ဃ) တို့ ရှိကြသည်။

အားလုံးက တောင်ကို သေချာ မြင်ပြီးသည့် နောက်တွင် ဝတ်စုံနက်နှင့်လူက အေးစက်စွာ ဆက်ပြော လိုက်သည် “မင်းကို တောင်ပေါ် မတက်ခင် မင်းတို့က ကောင်းကင်ဖွေရှာ လှေကားထစ်တွေကို ဖြတ်သန်းရမယ်၊ လှေကားထစ် ၁၀ ထစ်ဆို အပိုင်း (ဂ) ရမယ်... လှေကားထစ် ၁၁ ကနေ ၁၅ အထိဆိုရင် အပိုင်း (ခ) ၁၅ ထစ်နဲ့ အထက်ဆိုရင် အပိုင်း (က) ရမယ်… မင်းတို့က ခြေဆယ်လှမ်း မလှမ်းနိုင်ရင် အပိုင်း (ဃ) ကို ဂျောင်းပေတော့ပဲ…”

ဝတ်စုံနက်နှင့် လူကြီး၏ ရှင်းပြချက် အပြီးတွင် တစ်ယောက်က မေးလိုက်သည် “စီနီယာ ....  အပိုင်း (ခ) ထက် မနိမ့်ဘဲနဲ့ အပိုင်း (ဃ) က ဘာလို့ အဆိုးဆုံး ဖြစ်နေတာလဲ...”

ဝတ်စုံနက်နှင့် လူကြီးက အေးစက်စွာ ပြန်ဖြေလိုက်သည် “အပိုင်း (ဃ)က ဝိညာဉ်စွမ်းအား စုစည်း အစီအရင်နောက်မှာ ရှိနေတာဆိုတော့ အဲဒါက ဝိညာဉ်စွမ်းအား သိပ်သည်းမှုက တော်တော် နည်းတယ် ... ပြီးတော့ အပိုင်း (ဃ)က အထောက်အပံ့ အနည်းဆုံး ရကြတယ် ဒါပေမဲ့ အားသာချက်လည်း ရှိတယ် အနည်းဆုံးတော့ အပိုင်း (ဃ)မှာ နေရာ အကျယ်ကြီး ရှိလို့ အားလုံးက ကိုယ်ပိုင်ဝန်း ရကြတယ်… အဲဒါကြောင့် မင်းတို့ သက်သက်သာသာ နေချင်ရင် ခြေဆယ်လှမ်း မကျော်စေနဲ့...”

အားလုံးက ချက်ချင်း သဘောပေါက် သွားကြသည်။ သို့သော် သူတို့က ကောင်းကင်ဖွေရှာ နန်းတော်ကို ဘာကြောင့် ရောက်လာရတာလဲ … သက်သက်သာသာ နေဖို့အတွက်လား ... သူတို့အားလုံးက ဂိုဏ်းမှာ ဂုဏ်ထူး ဂုဏ်ဆောင်တွေ ဖြစ်နေမှတော့ ကောင်းကင်ဖွေရှာ နန်းတော်အထိ ဘာလို့ ဇိမ်လာ ခံနေမည်နည်း။ သူတို့ဂိုဏ်းမှာ သက်သောင့်သက်သာ မနေနိုင်လို့လား…။

ဤနေရာတွင် ရည်မှန်းချက် တစ်ခုသာ ရှိ၏။ အတွင်းစည်း ဂိုဏ်းသို့ ဝင်ပြီး ကေားကင်ဖွေရှာ နန်းတော်၏ တပည့် အစစ်အမှန် ဖြစ်လာရန် ဖြစ်၏။

ဝိညာဉ်စွမ်းအား မရှိသည့် နေရာတွင် နေထိုင်ခြင်းက တပည့် အစစ်အမှန် ဖြစ်လာမည်ကို အသာထား…  သူတို့ အနာဂတ်ကို ဖျက်ဆီး နေသည့်အလား ဖြစ်နေလိမ့်မည်။

ထိုသို့ မဟုတ်ဘဲ တွေးနေသည့် လူတစ်ယောက်လည်း ရှိနေ၏။ ထိုလူကား မိုဝူကျီပင် ဖြစ်သည်။

မိုဝူကျီက သူ့အခြေအနေ သူကိုယ်တိုင် သိ၏။ ကျင့်ကြံနေစဉ် သူစုပ်ယူသည့် ဝိညာဉ်စွမ်းအား ပမာဏကား များပြားလွန်း၍  ရူးသွပ်လောက် ပေ၏။ ဝိညာဉ်စွမ်းအား နည်းပါးသော နေရာတွင် နေထိုင်ခြင်းက သူ့ကို သက်ရောက်မှု ဖြစ်စေလိမ့်မည်။ သို့သော် လူအုပ်ကြီးနှင့် အတူတကွ နေထိုင်တာ ထက်တော့ ကောင်းသေး၏။ အကယ်၍ သူက လူအုပ်ထဲတွင် နေလျှင် သူ့စုပ်ယူနှုန်းက ပုံမှန် မဟုတ်သည်ကို ချက်ချင်း သတိပြုမိ သွားကြလိမ့်မည်။

ကျန်သည့် အရာအားလုံးက ဒုတိယ ဦးစားပေး ဖြစ်၏။ မိုဝူကျီအတွက် အရေးကြီးဆုံးကား လူအုပ်ကြီးကို ရှောင်ရှား၍ သူ့ကိုယ်ပိုင်နေရာတွင်  ကျင့်ကြံရန်နှင့် ဝိညာဉ် လမ်းကြောင်း ဖွင့်ဆေး ဖော်စပ်ရန်သာ ဖြစ်၏။ ဝိညာဉ်စွမ်းအားများ အတွက် သူ့တွင် စိတ်စွမ်းအင် ကျောက်တုံးများစွာ ကျန်ရှိနေပြီး အဆင့်လေး ဆေးလုံးဆရာ ဖြစ်နေကာ ဘာကိုများ စိုးရိမ်စရာ ရှိမည်နည်း။

အပိုင်း (ဃ) က အပြင်စည်းဂိုဏ်း တောင်ဘေးဘက်တွင် ရှိနေ၍ လူသွားလူလာ မရှုပ်ပေ။ ထို့အပြင် တစ်ယောက်ကမှ ထိုသို့ဝိညာဉ်စွမ်းအား နည်းပါးနေသည့် နေရာကို မလာချင်ကြပေ။ အရေးကြီးဆုံးက ထိုနေရာက အကျယ်ကြီး ဖြစ်ကာ လူ နည်းနည်းလေးပင် နေထိုင်ကြသည်။ မိုဝူကျီအတွက် အပြီးပြည့်စုံဆုံး နေရာ ဖြစ်၏။

ထိုသို့ ဆိုရင်တော့ အပိုင်း (ဃ) ... အားလုံးက ခြေဆယ်လှမ်းထက် ပိုမလှမ်းနိုင်လျှင် သူက ပိုမြင့်အောင် တက်ဖို့ ကြိုးစားရမည်။ လူအနည်းဆုံး နေရာကိုသာ ရွေးချယ်မည်။ ဒီလောက်ဆိုရင် လုံလောက်ပြီ။

“အခု အပြင်စည်း တပည့်တွေအားလုံး ကောင်းကင်ဖွေရှာ လှေကားဆီ သွားဖို့ ငါ့နောက် လိုက်ခဲ့ကြ… ပြီးတော့ မင်းတို့ တစ်ဦးချင်းစီရဲ့ ရလဒ်ပေါ် မူတည်ပြီးတော့ မင်းတို့ နေရာ ခွဲပေးလိမ့်မယ်…” ဝတ်စုံနက်နှင့် လူကြီးက ပြောရင်း လှည့်ထွက် သွားလိုက်သည်။

မိုဝူကျီနှင့် အခြားလူများက သူ့နောက်မှ အလျင်စလို လိုက်သွား ကြတော့သည်။

သူတို့က အပြာရောင် ကျောက်လမ်း ပေါ်တွင် ဆယ်မိနစ်လောက် လျှောက်လှမ်း ပြီးသည့်နောက် ဧရာမ မြေကွက်လပ်ကြီးကို တွေ့လိုက်ရ၏။ မြေကွက်လပ်ကား အပြာရောင် ကျောက်လမ်း၏ ညာဘက်တွင် ရှိကာ အစွန်းတွင် မျှော်စင်ရုပ်တု တစ်ခု ရှိနေသည်။ ရုပ်တုဘေးတွင် အထက်သို့ ဦးတည်ထားသော အပြာရောင် ကျောက်လှေကား ရှိနေ၏။ လှေကားထစ်များစွာ မရှိသော်လည်း မိုဝူကျီက ထိပ်ဆုံးကို မော့ကြည့်လိုက်သည့်အခါ မှုန်မှုန်ဝါးဝါး ဖြစ်နေလေ၏။

သူတို့က ဝတ်စုံနက်နှင့် လူကြီးနောက်မှ ရုပ်တုဘေးရှိ လှေကားထစ်များထိ လိုက်လာကာ မိုဝူကျီက ရုပ်တုဘေးတွင် “ကောင်းကင်ဖွေရှာ လှေကားထစ်” ဟူသော ဧရာမ စာလုံးသုံးလုံးကို ရှင်းလင်းစွာ တွေ့လိုက်ရ၏

ထိုသည်က ကောင်းကင်ဖွေရှာ လှေကားထစ်တွေလား  … လှေကားထစ် တဆင့်ချင်းစီကား စင်တီမီတာ ၅၀ ပင် မမြင့်ပေ။ လှေကားထစ် ၁၀ လှမ်း တက်လှမ်းဖို့ရာ မည်သို့ ခက်ခဲ လိမ့်မည်နည်း။

မိုဝူကျီ တစ်ယောက်တည်း တွေးမိသည် မဟုတ်ပေ။ အားလုံးနီးပါးက တူညီစွာ တွေးမိ လိုက်ကြသည်။

ဝတ်စုံနက်နှင့် လူကြီးက အပြင်စည်း တပည့် ၂၀၀၊  ၃၀၀ ကို ကြည့်လိုက်ပြီး မထူးမခြားနား ပြောလိုက်သည် “အားလုံး အခုလှေကားထစ်ကို တက်ရမယ် ပြီးရင် အလုပ်ခန်းမဆီ သွားပြီးတော့ မင်းတို့ရဲ့ နေထိုင်ရာ ကျောက်စိမ်းပြားနဲ့ အထွေထွေ ပစ္စည်းတွေ သွားလှယ် ယူလိုက်ကြ...”

အပြင်စည်း တပည့်များက မကျေမနပ် ဖြစ်နေကြ သော်လည်း ကောင်းကင်ဖွေရှာ လှေကားထစ်ကို တက်ဖို့ ကြိုးစားရန် တက်ကြွ နေကြသည်။ ဝတ်စုံနက်နှင့် လူကြီး စကားအရ သူတို့သည် လှေကားထစ်ကို စတင်၍ တက်ကြရမည်။ မိုဝူကျီက နောက်တွင် ရှိနေစဉ် လှေကားထစ်ကို အခက်အခဲမရှိ တက်လှမ်း နေကြသည့် တပည့်များကို တွေ့လိုက်ရသည်။ သူတို့သည် တတိယ အထစ်ထိ အလွယ်တကူ တက်လှမ်း နိုင်ကြသည်။

မိုဝူကျီလည်း ကောင်းကင်ဖွေရှာ လှေကားထစ်ကို တက်လှမ်းရန် ကြိုးစား လိုက်တော့သည်။ သူခြေချလိုက်သည့် အခိုက်အတန့် အားပြင်းသော ဖိအား တစ်ခု သက်ရောက်လာကာ သူ့အား တွန်းကန်လိုက်၊ ဆွဲငင်လိုက် တစ်ချိန်တည်း ဖြစ်ပေါ်နေ၏။ သို့သော်လည်း မိုဝူကျီအတွက် ဘာမှ မဟုတ်သေးပေ။ သူက အလွယ်တကူ ဒုတိယအထစ်သို့ တက်လှမ်းနိုင်၏။

ဒုတိယ လှေကားထစ်၏ ဖိအားက ပထမတစ်ခုထက် နှစ်ဆပိုများပေ၏။ သို့သော်လည်း မိုဝူကျီအတွက် များစွာ သက်ရောက်မှု မရှိသေးပေ။

မိုဝူကျီက ထိုအပြင် တပည့်များ၏ အမြန်နှုန်းကား အလွန်မြန်ကြောင်း နားလည် လိုက်သည်။ ဤနေရာတွင် သူ့ကျင့်ကြံဆင့်က အနိမ့်ဆုံးဖြစ်၏။ သူပင် ဒုတိယ အထစ်ကို အလွယ်တကူ တက်နိုင်ပေ၏။ ထိုသူများအတွက် လေပြေအလား ချောမွေ့ နေလိမ့်မည်။

မကြာခင်တွင် မိုဝူကျီသည် ကောင်းကင်ဖွေရှာ လှေကားထစ်က မရိုးရှင်းကြောင်း သိလိုက်ရ၏။ သူ တတိယအထစ်သို့ ရောက်သည့်အခါ ဖိအားက ဒုတိယထက် နှစ်ဆ ပိုများလာပေသည်။ စတုတ္ထအထစ်တွင် တတိယ အထစ်ထက် လေးဆ ပိုလာလေ၏။ မိုဝူကျီက အဆုံးမရှိသော လှေကားထစ်များကို မော့ကြည့်လိုက်ရင်း ကောင်းကင်ဖွေရှာ လှေကားထစ် အကြောင်းကို နားလည် သွားတော့သည်။ တိုးလာသည့်နှုန်းနှင့် အထက် ပိုတက်လေလေ ဖိအားက ကြောက်ခမန်းလိလိ များလာလေလေ ဖြစ်၏။

လူတစ်ယောက်က လှေကားထစ် ၂၀ ကို တက်လှမ်းရုံမျှ တက်လှမ်းနိုင်မည် ဆိုလျှင် ၂၁ ထစ်မြောက်ကို ထပ်လှမ်းရန် မဖြစ်နိုင်တော့ပေ။ ဖိအား တိုးလာသည့် နှုန်းအောက်တွင် ကိုယ့်ဘာသာ အားပေးသော်လည်း အလုပ်ဖြစ်မည် မဟုတ်ပေ။

မိုဝူကျီက လှေကားထစ် ၆ ထစ်မြောက်ကို ရောက်သောအခါ ကျင့်ကြံသူ အများစုက ၁၀ ထစ်သို့ ရောက်သွား ကြလေပြီ။

မိုဝူကျီအတွက် လှေကားထစ် ၁၀ ထစ်ထိ တက်လှမ်းဖို့ရာ လွယ်ကူသော်လည်း သူက အမော ဖောက်နေသည့်နှယ် ဟန်ဆောင် လိုက်သည်။

သူက လှေကားထစ် ၇ ထစ်မြောက်ကို ရောက်သည့်အခါ ကျန်ရှိသူကား သူ တစ်ယောက်တည်း ဖြစ်နေ၏။ အား အနည်းဆုံးလူပင် လှေကားထစ် ၈ ထစ်မြောက်ကို ရောက်သွားလေပြီ။ အားကောင်းသော ကျင့်ကြံသူ တချို့က လှေကားထစ် ၁၅ ထစ်ကို ကျော်လွန်သွား၍ ၁၆ ထစ်သို့ တက်လှမ်းဖို့ရာ ကြိုးစား နေကြသည်။

လှေကားထစ် ၈ ထစ်တွင် မိုဝူကျီက ဖိအား အပြင်းအထန်ကို ခံစားလိုက်ရသည်။ သူက နည်းနည်း အားစိုက် ထုတ်ဖို့ လိုလေပြီ။

မိုဝူကျီက လှေကားထစ် ၉ ထစ်မြောက်ကို မတက်သေးဘဲ အပေါ်သို့ မော့ကြည့် လိုက်သည်။ သူသည် ၁၃ ထစ်မြောက်ထိ ရောက်နိုင်ကြောင်း မှန်းဆမိသည်။ သို့သော် ၁၅ ထစ်မြောက် ရောက်ဖို့ရာ အတွက်တော့ ထိုသို့ မဟုတ်လောက်ပေ။ သူမော့ကြည့် လိုက်သည့်အခါ ကျင့်ကြံသူ အများစုက လှေကားထစ် ၁၀ ထစ်ကျော် သွားကြောင်း တွေ့လိုက်ရ၏။

တစ်နာရီနီးပါး ကုန်ဆုံး သွားတော့သည်။ နောက်ထပ် တက်လှမ်းရန် ထပ်ကြိုးစား နေသည့် ရှားပါး လူတချို့မှ လွဲ၍ အများစုက ရပ်လိုက် ကြတော့သည်။ တချို့လူများသည် အောက်သို့ ပြန်ဆင်းလာကြပြီး အပေါ်သို့ အားနှင့်တက်ရန် ကြိုးစား နေကြသည်။

မိုဝူကျီက လှည့်ကြည့် လိုက်သောအခါ လှေကားထစ် ၁၀ ထစ်အောက်သို့ ရောက်နေသော လူ ၁၈ ကိုသာ တွေ့လိုက် ရတော့၏။ သူတို့ထဲက တစ်ယောက်ကား သူနှင့် လှေကားထစ် ၈ ထစ်မြောက်တွင် ဖြစ်၏။ အခြားသော ၁၇ ယောက်မှာ လှေကားထစ် ၉ ထစ်တွင် ဖြစ်၏။

ဝတ်စုံနက်နှင့် လူကြီးက ကျယ်လောင်စွာ ကြေညာ လိုက်တော့သည် “အချိန်ပြည့်ပြီ... အားလုံးက ကိုယ့်ရလဒ်ကို မှတ်ထားပြီးတော့ ဂိုဏ်းရဲ့ အပြင်စည်း အလုပ်ခန်းမဆီ မင်းတို့ရဲ့ နေရအတွက် သွားတင်ပြလိုက်ကြ... ဒီသင်ခန်းစာကနေ မှတ်ထား ...ကောင်းကင်ဖွေရှာ လှေကားထစ် ထိပ်ဆုံး ရောက်ဖို့က မင်းတို့ ရည်မှန်းချက်ပဲ...”

***

All Chapters