ကောင်းကင်ဖွေရှာမြို့
Vol. 12 Ch. 156
မိုဝူကျီက လှေကား ၈ ထစ်မြောက်အထိ တက်လှမ်းပြီး တပည့် နှစ်ရာထဲတွင် အောက်ဆုံးအဆင့် ရသွားလေ၏။ သူနှင့်အတူ နောက်ဆုံး မျဉ်းကြောင်း စီးရသည့် သူမှာ ချောင်ပုဟိန်ဟု ခေါ်သော သူဖြစ်၏။ သူသည်လည်း ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူ ဖြစ်၏။ ချောင်ပုဟိန်သည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၉ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်၍ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ ရောက်ဖို့ရာ တစ်ဆင့်သာ လိုတော့သည်။
အားလုံးက အပြင်စည်း တောင်တွင် နေထိုင်ရမည် ဖြစ်သော်လည်း တောင်အတွင်းတွင် ပိုင်းခြား ထားသေး၏။ မိုဝူကျီ၊ ချောင်ပိုဟိန်နှင့် အခြားသော ၁၇ ယောက်တို့သည် လှေကား ၁၀ ထစ် မတက် လှမ်းနိုင်သည့် အတွက် ကျန်သူများက အထင်သေးစွာ ကြည့်နေကြ၏။ သို့သော်လည်း သူတို့သည် ကြာကြာ လှောင်ပြောင် မနေနိုင်ချေ။ သူတို့သည် နေထိုင်ရာ အတွက် စာရင်းပေးရန် တန်းစီရဦးမည် ဖြစ်သည်။
ကျန်းရှောက်ရုက လှေကား ၁၃ ထစ် တက်လှမ်း နိုင်သည့်အတွက် အပိုင်း (ခ) တွင် နေခွင့်ရ၏။ ကျန်းရှောက်ရုက သူ့အား လာနှစ်သိမ့်ပေးဖို့ရန် မျှော်လင့်ဖို့ရာ မဖြစ်နိုင်ပေ။ အကြောင်းမှာ ကျန်းရှောက်ရုက မိုဝူကျီရှေ့မှာ လေလုံးထွားဖို့ရန် အချိန်ပင် မရလိုက်ပေ။ စာရင်း ပေးရမည့်အချိန် ရောက်လာသည့်အခါ ကျန်းရှောက်ရုက မြန်မြန် ပြီးစီးရန် စိတ်မရှည်စွာ သွားလိုက်တော့သည်။
အပြင်စည်းဂိုဏ်း တောင်သည် ဝိညာဉ် စွမ်းအားများက အပါးလွာဆုံးနှင့် အားအနည်းဆုံး ဖြစ်သော ကောင်းကင်ဖွေရှာ နန်းတော်၏ နယ်နမိတ် အနီးတွင် တည်ရှိလေ၏။ ထိုတောင်၏ ကောင်းချက် တစ်ခုမှာ ကောင်းကင်ဖွေရှာ မြို့နှင့် နီးကပ်နေခြင်း ဖြစ်၍ ကောင်းကင်ဖွေရှာ နန်းတော်မှ ထွက်ပြီး လေ့ကျင့်ရန် ဆန္ဒရှိသော ကျင့်ကြံသူများ အတွက် အလွန် အဆင်ပြေ၏။
စာရင်းပေးပြီး နောက်တွင် မိုဝူကျီက တောင်ပေါ်သို့ တက်လာ လိုက်သည်။ ထို့နောက်တွင် ထိုတောင်ပေါ်၌ သူတို့ အုပ်စု လူ ၂၀၀ တည်း နေတာ မဟုတ်ကြောင်း သိလိုက်ရ၏။ ထိုနေရာတွင် အနည်းဆုံး လူတစ်ထောင်လောက် ရှိနေပြီးသား ဖြစ်၏။
တပည့်အများစုမှာ တောင် အပိုင်း (က) နှင့် အပိုင်း (ခ) တို့တွင် နေထိုင်ကြသည်။ အပိုင်း (ဂ) တွင် လူတချို့တလေသာ ရှိနေပြီး အပိုင်း (ဃ)တွင် ဝိညာဉ်စွမ်းအား အနည်းဆုံး ဖြစ်သည့်အတွက် နေထိုင်သူ မရှိသလောက် နည်းပါး၏။
အပိုင်း (ဃ)သည် အစကတည်းက နေရာ ကျယ်သည့်အတွက် မိုဝူကျီက နောက်ဆုံးမှ ရောက်လာသော်လည်း စိတ်ကြိုက် ရွေးချယ် နိုင်သေး၏။
မိုဝူကျီက အစွန်ကျသည့် နေရာကို ရွေးချယ်လိုက်သည်။ ထိုနေရာတွင် ခြံဝင်း အပြင်ဘက်၌ ရေကန်ပါ ပါရှိသေး၏။ ဝိညာဉ်စွမ်းအားများ နည်းပါးသော်လည်း ဤနေရာရှိ နေထိုင်မှု အခြေအနေကား မိုဝူကျီအတွက် အကောင်းဆုံးဟု ယူဆ၍ ရသည်။
ရေကန်နှင့်နေရာကို ရွေးချယ်လိုက်သည့် အဓိက အကြောင်းရင်းက ဖေးပင်းကျုက ရတနာ သွေးပဒုမ္မာကြာ နှစ်ပွင့်ကို ပျိုးထောင်ထားဆဲ ဖြစ်၏။ အကယ်၍ အခြေအနေများက ထိုကြာပန်းများ ပျိုးထောင်၍ သင့်တော်မည် ဆိုလျှင် သူက ပစ်ချထားလိုက်ရုံ ဖြစ်သည်။
မိုဝူကျီက လူအများ မသွားချင်ကြသော ဤနေရာကို သဘောကျ နှစ်သက်၏။ ဤနေရာရှိ ဝိညာဉ်စွမ်းအားက အခြားနေရာများနှင့် မနှိုင်းယှဉ် နိုင်သော်လည်း သူ့၏ ယခင်နေရာ ပဒုမ္မာကြာ ဓားတောင်နှင့် ယှဉ်လျှင် ကောင်းကင်ဘုံ သဖွယ် ဖြစ်၏။
ဝိညာဉ်စွမ်းအား နည်းလွန်း၍ မည်သူမှ မနေချင်ကြသော နေရာသည် မြေကမ္ဘာအဆင့် ဂိုဏ်းဖြစ်သော သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် အံ့ဖွယ် နေရာအလား သတ်မှတ် ထားကြသည်။ ထိုသည်က ကောင်းကင်ဖွေရှာ နန်းတော်သည် မည်မျှ ကြီးမြတ်ကြောင်း ပြသနေခြင်း ဖြစ်၏။
အပိုင်း (ဃ) တွင် နေထိုင်ကြသော လူအရေအတွက်မှာ လူ ၃၀ ပင် မကျော်ပေ။ အချိန် ကြာလာသည်နှင့်အမျှ အရေအတွက်က ပို၍ နည်းလာ တော့သည်။ ထို့ကြောင့် အပိုင်း (ဃ) ရှိ လူအားလုံးသည် ကိုယ့်ပိုင်နက်ကို ရှိကြသည်။
သူ့နေရာကို ရွေးချယ် ပြီးသည်နှင့် မိုဝူကျီက သူ့အိမ်ရှေ့တွင် ရိုးရှင်းသော အစီအရင် တစ်ခု အသက်သွင်း ထားလိုက်သည်။ လက်ရှိ သူ့စွမ်းဆောင်ရည်အရ သူသည် ရိုးရှင်းသည့် အစီအရင်ကို ပြုလုပ်တတ်နေပြီ ဖြစ်၏။ ထိုအရာက တိုက်ခိုက်ခြင်း၊ ခုခံခြင်း သို့မဟုတ် ကျူးကျော်သူကို ဖမ်းထားခြင်းများ မလုပ်ဆောင်နိုင်ပေ။ တစ်ယောက်ယောက် ဝင်လာသည်နှင့် မိုဝူကျီဆီ လှမ်း၍ အကြောင်း ကြားပေးရုံသာ ဖြစ်၏။
နေရာကို စနစ်တကျ ပြန်စီစဉ်လိုက်ပြီး မိုဝူကျီက ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို ဖော်စပ်ဖို့ရာ အလျင်မလိုပေ။ ပါဝင်ဆေးပင်များ အားလုံး အဆင်သင့် ရှိနေသည့်အတွက် သူက လိမ္မော်ရောင် မီးကျောက်သာ လိုတော့သည်။
နှစ်တစ်သိန်း ထင်းရှူး သို့မဟုတ် အဆင့်လေး ဆေးပင်များ ဖြစ်သည့် လင်ဇီးနှင့် ကောင်းကင် ဂျင်ဆင်းတို့အား မိုဝူကျီက ရှားပါးဆေးပင်များ အဖြစ် သတ်မှတ် ထား၏။ ဆေးလုံးများ မဖော်စပ်ခင် သူက ဆေးပင်များကို သန့်စင်ပြီး အဆီအနှစ်များကို ထုတ်ယူရမည် ဖြစ်၏။ ထိုအရာများမှလွဲ၍ အရေးကြီးသော ဝိညာဉ် ဆေးပင်တစ်မျိုး ရှိနေသေးသည်။ ထိုအရာမှာ ခရမ်းကြာပန်းမြစ် ဖြစ်၏။
မိုဝူကျီက အခြားသော ဆေးပင်များကို သာမန် အနီရောင် မီးကျောက်နှင့် သန့်စင်နိုင်၏။ သို့သော်လည်း ခရမ်းကြာပန်းမြစ်ကို ရိုးရိုးတမ်းတမ်း အနီရောင် မီးကျောက်နှင့် သန့်စင်ဖို့ရာ ယုံကြည်ချက် မရှိပေ။
ထို့အပြင် မိုဝူကျီက ကောင်းကင်ဖွေရှာ မြို့တွင် ဆိုင်ဖွင့်ရန် ကြံရွယ်ထားသည့် အတွက် ထိုနေရာသို့ သွားရောက်ရန် ဆုံးဖြတ် လိုက်တော့သည်။
သူက ကောင်းကင်ဖွေရှာ မြို့သို့ ဦးတည်လိုက်ပြီး ယခင်က ကျင့်ကြံခြင်းမြို့သို့ သွားဖူးသည့် အကြောင်းကို အမှတ်ရမိ၏။ ထိုမြို့က ကျန်တာ မဟုတ်ဘဲ စွန်ဖျားမြို့သာ ဖြစ်၏။ ချန်လောင်တွင် ကျင့်ကြံသူများစွာ ရှိသော်လည်း ကျင့်ကြံခြင်းမြို့ဟု သတ်မှတ်၍ မရပေ။
စွန်ဖျားမြို့က မိုဝူကျီကို သမိုင်းထဲ ရောက်သွားသည့် ခံစားချက် ပေးစွမ်းကာ ကောင်းကင်ဖွေရှာ မြို့က ကောင်းကင်ဘုံ ရောက်သွားသည့် ခံစားချက် ရ၏။
ထိုအရာသည် ကောင်းကင်ဖွေရှာ နန်းတော်၏ လွှမ်းမိုးမှုကြောင့် ဖြစ်လိမ့်မည်မှန်း ယုံကြည်၏။ အကယ်၍ ပျောက်ဆုံးနယ်မြေ တစ်ခုလုံးတွင် အစစ်အမှန် ကောင်းကင်ဂိုဏ်း ရှိမည်ဆိုလျှင် ကောင်းကင်ဖွေရှာ နန်းတော်သာ ဖြစ်လိမ့်မည်။ သူက အများ စွန့်ပစ်ထားသည့် နေရာတွင် နေရသော ကောင်းကင်ဖွေရှာ နန်းတော်၏ အပြင်စည်း တပည့် ဖြစ်သော်လည်း အခြားသော ဂိုဏ်းများမှ ပါရမီရှင်များပင် မိုဝူကျီ၏ အခြေအနေနှင့် အနေအထားကို အားကျ ကြလိမ့်မည်။
ကောင်းကင်ဖွေရှာ မြို့သို့ ရောက်လာပြီး နောက်တွင် မိုဝူကျီက ဤမြို့၏ စည်ကား သက်ဝင်မှုကို ကြည့်ရင်း အံ့အားသင့်မိ သွားတော့သည်။ ဤနေရာရှိ လူတစ်သောင်းပုံ တစ်ပုံတွင် ထိုတစ်ယောက်ကား ကောင်းကင်ဖွေရှာ နန်းတော်မှ တပည့် ဖြစ်လိမ့်မည်။ အကြောင်းမှာ လူအရမ်း များလွန်း၍ ဖြစ်၏။
ကျယ်ပြန့်သည့် လမ်းများက မြားသဖွယ် အတားအဆီးမရှိ အရပ်ရပ်သို့ ဖြန့်ကြက် ထားလေ၏။ လူများက ဆက်တိုက် သွားလာနေကြပြီး ဆိုင်တစ်ဆိုင်းချင်းစီတွင် လူစည်ကားလျက် ရှိသည်။
ဆိုင်တချို့ကို မြင်ပြီးနောက်တွင် မိုဝူကျီက ဤနေရာတွင် ဆိုင်အသစ်ဖွင့်ဖိုရန် မည်မျှ ခက်ခဲကြောင်း သဘောပေါက် လိုက်သည်။ တခြား အချက်များကို ထည့်မတွက်လျှင်ပင် ကောင်းကင်ဖွေရှာမြို့ စည်ကားပုံဖြင့် ဆိုင်ခန်းငှားခကပင် မည်မျှ ကုန်ကျ လိမ့်မည်နည်း။ ကျန်းရှောက်ခယ်သည် ဤနေရာတွင် ဈေးဆိုင်တစ်ခု ဖွင့်လှစ်ရန် ကုန်ကျစရိတ်ကို စုံစမ်းမိခဲ့ဟန် မရပေ။
မိုဝူကျီက ခေါင်းခါ လိုက်ပြီးတော့ ဖေးပင်းကျုနှင့် အခြားသူများကို သူနှင့်အတူ အပိုင်း (ဃ)တွင် နေထိုင်ခြင်းက ပိုကောင်းကြောင်း ခံစားမိလိုက်သည်။
လောင်ဟိုင်ကုန်သည်အိမ်တော်
မိုဝူကျီက ထိုနာမည်ကို မြင်သည်နှင့် တွေဝေမနေဘဲ ဝင်သွားလိုက်တော့သည်။ လောင်ဟိုင်ကုန်သည် အိမ်တော်သည် ဤနေရာတွင်လည်း ဆိုင်ခွဲ ဖွင့်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့အပြင် ကောင်းကင်ဖွေရှာမြို့ရှိ လောင်ဟိုင်ကုန်သည် အိမ်တော်သည် ချန်လောင်တွင် ရှိသည့် အိမ်တော်ထက် မနိမ့်ကျ မသေးငယ်ပေ။
မိုဝူကျီက လောင်ဟိုင်ကုန်သည် အိမ်တော်နှင့် စိမ်းသက်မနေပေ။ သူက သူ၏ အင်မော်တယ် မော်တယ်ကျင့်စဉ်နှင့် ဆေးဖော်စပ်ရေး ကိရိယာများကို လောင်ဟိုင်အိမ်တော်မှ ဝယ်ယူဖူး၏။ ယနေ့ထိအောင် သူ့တွင် လောင်ဟိုင် အိမ်တော်၏ လိမ္မော်ရောင် အထောက်အကူပြု အမှတ်အသားပြား ရှိနေသေးသည်။
“မိတ်ဆွေ ဘာများ ရှာနေတာလဲ…” မိုဝူကျီ ကုန်သည် အိမ်တော်သို့ ဝင်လိုက်သည့် အခိုက်အတန့်တွင် ဖော်ရွေသော ဧည့်ကြိုက ရှေ့သို့ ထွက်လာပြီး ကြိုဆိုလေ၏။
မိုဝူကျီက ဧည့်သည်များကို ချည်းကပ်သည့် ကြိုဆိုပုံကို မနှစ်သက်သော်လည်း ကောင်းကင်ဖွေရှာ မြို့၏ လူစည်ကားလှကာ အပြိုင်အဆိုင်များလှ၍ ထိုသို့ လုပ်သည် ဖြစ်ကြောင်း ပြောနိုင်၏။
“ကျုပ်က ဝိညာဉ်ဆေးပင် မိတ်ဆက် စာအုပ်နဲ့ မီးကျောက်တချို့ ဝယ်ချင်လို့ပါ...” မိုဝူကျီက ပြန်ဖြေလိုက်သည်။
“ဒီက စီနီယာက ဆေးလုံး ဆရာလားဗျ…” ဧည့်ကြိုက လေသံကအစ လေးစားသည့် အသံကို ပြောင်းသွားပြီး မိုဝူကျီကို “စီနီယာ” ဟုပင် ခေါ်ဝေါ် လိုက်သေး၏ “စီနီယာ ကျွန်တော့် နောက်လိုက်ခဲ့ပေးပါဗျ…”
မိုဝူကျီက ဧည့်ကြိုနောက်မှ တတိယ အထပ်ထိ လိုက်သွားလိုက်သည်။ တန်းစီထားသော မီးကျောက် အမျိုးမျိုးကို မြင်လိုက်ရသည့် အချိန်တွင် သူ့အတွက် မျက်လုံးပွင့် နားပွင့် ဖြစ်စေသည်။
မိုဝူကျီက သူ့တွင် အနီရောင် မီးကျောက်များ ရှိနေသေးသောကြောင့် ထိုအရာကို စိတ်မဝင်စားပေ။ သူက လိမ္မော်ရောင် မီးကျောက်များ၏ ဈေးနှုန်းကို တစ်ချက် ကြည့်လိုက်ပြီး လိမ္မော်ရောင် မီးကျောက် တစ်တုံးသည် ရွမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံး ၁၀၀၀ ကုန်ကျကြောင်း သိလိုက်ရ၏။ မိုဝူကျီက လိမ္မော်ရောင် မီးကျောက် ဈေးနှုန်းအတွက် စိတ်ပူစရာ မလိုတော့သည့်အတွက် သက်ပြင်း ချလိုက်တော့သည်။ သူ့တွင် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၈၀၀ ၀၀၀ လောက် ပါရှိ၏။
မိုဝူကျီက အဝါရောင် မီးကျောက်ကို ကြည့်လိုက်သောအခါ တစ်တုံးချင်းစီက ရွမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံး ၁၀၀၀၀၀ ကျသင့်ကြောင်း တွေ့လိုက်ရသည်။ လိမ္မော်ရောင် မီးကျောက် အဆ တစ်ရာ မြင့်ပေ၏။ ကံကောင်းသည်က သူက တတ်နိုင်သေးလေ၏။
နောက်တွင် မိုဝူကျီက ၁၅၀ ၀၀၀ တန်ဖိုးရှိသော အစိမ်းရောင် မီးကျောက်ကို တွေ့လိုက်ရသည်။
ဈေးနှုန်းများကို ကြည့်ပြီး မိုဝူကျီက စိတ်အေးနေသေး၏။ ရွမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံး ၁၅၀၀၀၀ သည် သူ့ကို ဖိအားပေးဖို့ရာ မလုံလောက်ချေ။ သူက အစိမ်းရောင် မီးကျောက်ကိုပင် ဝယ်ယူဖို့ရာ တတ်နိုင်သည်။
နောက် အခိုက်အတန့်တွင် မိုဝူကျီက ထို ၁၅၀ ၀၀၀သည် ရွမ်အဆင့် မဟုတ်ဘဲ မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ဖြစ်နေသည်ကို မြင်သောအခါ ကြောင်နေ မိတော့သည်။
အကယ်၍ သူက အစိမ်းရောင် မီးကျောက်ကို ဝယ်ယူမည်ဆိုလျှင် သူ့လက်ထဲတွင် စိတ်စွမ်းအင် ကျောက်တုံး ဘယ်လောက်မှ ကျန်တော့မည် မဟုတ်ပေ။ အစိမ်းရောင် မီးကျောက် နောက်တွင် အပြာရောင် မီးကျောက်လည်း ရှိနေသေး၍ မိုဝူကျီက ခေါင်းကို ခါလိုက်ကာ ဈေးနှုန်းပင် မကြည့်တော့ပေ။
“စီနီယာလိုချင်တဲ့ မီးကျောက်ကို တွေ့ပြီလားဗျ...” မီးကျောက်တွေမှ မိုဝူကျီ အကြည့်ခွာလိုက် သည့်အခါ ဧည့်ကြိုက ဘေးရောက်လာပြီး ခပ်သွက်သွက် မေးလိုက်သည်။
မိုဝူကျီက ခေါင်းညိတ်လိုက်ပြီး “လိမ္မော်ရောင် မီးကျောက် ၁၀တုံးနဲ့ အဝါရောင် မီးကျောက် ၃ တုံး ပေးပါ ပြီးရင် ဆေးပင် စာအုပ်တွေ ရှိတဲ့ နေရာဆီ ခေါ်သွားပေးပါ...”
“ကောင်းပါပြီဗျ…” ဧည့်ကြိုက မိုဝူကျီကဲ့သို့ မီးကျောက် အများအပြား ဝယ်ယူသူသည် ဆေးလုံးဆရာသာ ဖြစ်ရမည်ဟု မှန်းဆရင်း တက်ကြွစွာ ဖြေကြား လိုက်သည်။
သိဖို့လိုသည့် တစ်ချက်မှာ ထိုမျှ မီးကျောက် အများကြီး ဝယ်ယူသည့် ဆေးလုံးဆရာ မရှိချေ။ သူတို့ ဝယ်ယူခဲ့လျှင်ပင် တစ်ကြိမ်မှ အများဆုံး တစ်တုံး၊ နှစ်တုံးသာ ဖြစ်၏။
ဆေးလုံးဆရာ အများစုမှာ ဆေးလုံး ဖော်စပ်ဖို့ရာ မြေကမ္ဘာ မီးတောက်သာ ရွေးချယ်ကြသည်။ ကောင်းမွန်သည့် မြေကမ္ဘာ မီးတောက်သည် အစိမ်းရောင် မီးကျောက်ထက် ပို၍ အရည်အသွေး ကောင်းလေ၏။ ဈေးနှုန်းချင်း ယှဉ်လျှင် မြေကမ္ဘာ မီးတောက်က အလကားနီးပါး ဖြစ်၏။
ထို့နောက် ဧည့်ကြိုက မိုဝူကျီကို လေးလွှာသို့ ခေါ်ဆောင် သွားလိုက်သည်။ လေးလွှာတွင် သိုင်းပညာကျမ်း၊ မှော်ကျင့်စဉ်များ၊ ခရီးသွား မှတ်တမ်းများ၊ ကျင့်စဉ် လမ်းညွှန်မှုများ အစရှိသည့် စာအုပ်မျိုးစုံ ရှိသည်။
မင်း လိုချင်တာ ရှိသရွေ့ ဤနေရာတွင် ရရှိနိုင်၏။
“ဆေးပင် မိတ်ဆက်အကြောင်း အပြည့်စုံဆုံး စာအုပ်ကို ရွေးပေးပါ …” မိုဝူကျီက စာအုပ်တန်းကို ကြည့်လိုက်ပြီး သူ့ကိုယ်တိုင် ရှာမည့်အတွေးကို လက်လျှော့ လိုက်တော့သည်။
ဧည့်ကြိုက ရင်ဘတ်ကို ပုတ်ပြလိုက်ရင်း ပြောလိုက်သည် “စီနီယာ စိတ်ပူ မနေနဲ့တော့၊ ကျွန်တော်က ဒီနေရာမှာ ဆေးလုံး စာအုပ်တွေကို အကျွမ်းဝင်ဆုံးပဲ၊ စီနီယာမိုရွယ် ရေးထားတဲ့ စာအုပ်ကို ရှာပေးမယ်…”
သူမ မျိုးရိုးနာမည်မှာ ဘာလို့ မို ပါနေတာလဲ… မိုဝူကျီက မေးကြည့် လိုက်သည် “စီနီယာ မိုရွယ်က ဘယ်သူများလဲ … သူမကို ဘာလို့ အရင်က မကြားဖူးပါ့လိမ့် ...”
ဤတစ်ကြိမ်တွင် လန့်ဖျပ်သွားသည့် သူက ဧည့်ကြို အလှည့် ဖြစ်သွားလေ၏။ သူက မိုဝူကျီသည် မိုရွယ်အကြောင်း မကြားဖူးလောက်ဟု ထင်မထားမိပေ။ သူက ပြန်ဖြေဖို့ရာ ခဏ ကြောင်မိ သွားသေး၏ “စီနီယာမိုရွယ်က ပျောက်ဆုံး နယ်မြေအတွက် အကျိုးအများကြီး ဆောင်ကြဉ်းပေးခဲ့တဲ့ တစ်ကိုယ်တော် ဆေးလုံးဆရာပဲ … သူမက မရေတွက်နိုင်တဲ့ ဆေးလုံးတာအို ထုံးတမ်းတွေကို စတင်ခဲ့တယ်၊ သူမက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ကောင်းကင် ဆေးလုံးဆရာပဲ၊ သူမ ကောင်းကင် ဆေးလုံးဆရာ ဖြစ်လာပြီးနောက်ပိုင်း “အဆင့်မြင့် ဆေးလုံး လမ်းစဉ်ရှာရန် ပျောက်ဆုံး နယ်မြေမှ မထွက်ခွာခင်” စာအုပ်ကို ရေးသားခဲ့တယ်…။
အဲဒီအချိန်တုန်းက ပျောက်ဆုံး နယ်မြေထဲမှာ ကောင်းကင်ဆေးလုံး ဆရာတချို့နဲ့ ဆေးလုံး ဆရာတွေ များစွာ ရှိပေမဲ့ စီနီယာမိုရွယ် တစ်ယောက်ပဲ အမွေအနှစ်တွေ ချန်ထားခဲ့တာ နောက်ပိုင်းကျ ဂိုဏ်း တော်တော် များများက ဆေးလုံးတာအိုကို လေ့လာရမယ် ဆိုပြီး ဖြစ်သွားတော့ ဒီဟာက ဆေးလုံးဆရာတွေ အတွက် အခြေခံ အကျဆုံး စာအုပ် ဖြစ်သွားတာပဲဗျ…”
ထိုစဉ် ဧည့််ကြိုက မိုဝူကျီသည် အမှန်အကန် ဆေးလုံးဆရာ ဟုတ်ရဲ့လားဟု သံသယ ဖြစ်မိလာသည်။ အစပိုင်းတွင် မိုဝူကျီက စိတ်စွမ်းအား အကြောင်း ရေးသား ထားသည့် စာအုပ်ကို အလိုရှိလိမ့်မည်ဟု မှန်းဆထားခြင်း ဖြစ်၏။ သို့သော် မိုဝူကျီက ဆေးပင် မိတ်ဆက် စာအုပ် အကြောင်းကို ရှာနေမည်ဟု မျှော်လင့် မထားခဲ့ပေ။ အဆိုးရွားဆုံး အပိုင်းက မိုဝူကျီသည် စီနီယာမိုရွယ်ကိုပင် မသိချေ။
“အဲဒါဆို ကျုပ်က မိုရွယ် မီးကျောက်နဲ့အတူ စာအုပ်ကိုရော ယူမယ်၊ ဘယ်လောက်ကျလဲ…” မိုဝူကျီက ကောင်းကင်ဆေးလုံး ဆရာ တစ်ယောက်၏ လုပ်ဆောင်ချက်သည် အရမ်းကို အံ့အားသင့်ဖွယ် ဖြစ်လောက်မည်ဟု ယုံကြည်ရင်း စိတ်ဆုံးဖြတ် လိုက်တော့သည်။
ဧည့်ကြိုက မည်မျှပင် သံသယ ရှိနေပါစေ မိုဝူကျီက ဝယ်ယူသည့် အတွက် အလွန် ကျေနပ်မိနေတော့သည် “စီနီယာ စုစုပေါင်း မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၃၁ ၁၀၀ ကျပါ့မယ်ဗျ…”
စိတ်စွမ်းအင် ကတ်ပြားနှင့် ပေးချေပြီးနောက် မိုဝူကျီက ကောင်းကင်ဖွေရှာမြို့ တစ်လျှောက် မသွားတော့ဘဲ အမြန်ဆုံးနှုန်းဖြင့် အိမ်ကိုသာ ပြန်လာ လိုက်တော့သည်။
***