← Chapters

နေရာပေါင်းစုံမှ အခက်အခဲများ

Vol. 12 Ch. 157

နေရာပေါင်းစုံမှ အခက်အခဲများ

Vol. 12 Ch. 157

သူ့အိမ်သို့ ပြန်ရောက်သည့် အခါ မိုဝူကျီက ချက်ချင်း ဖွင့်ကြည့် လိုက်တော့သည်။

ဤစာအုပ်ကို ဝယ်ယူဖို့ရန် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး၁၀၀ သုံးခဲ့ရ၍ အနည်းငယ်‌ ဈေးကြီးသည်ဟု ထင်မိသည်။ သို့သော်လည်း သူက စာအုပ်ကို ဖွင့်လိုက်သည်နှင့် ထိုဈေးနှုန်းမှာ လုံးဝ မမြင့်ကြောင်း သိလိုက်ရ၏။ အကြောင်းမှာ အကြောင်းအရာ အမြောက်အမြား ပါဝင်နေ၍ ဖြစ်သည်။ တခြားနည်းဖြင့် ဆိုရလျှင် ထိုစာအုပ်ကို ဝယ်ယူရန် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး မီလီယံချီ ပေးလျှင်ပင် ဝယ်ဖို့ရာ ခက်ခဲပေလိမ့်မည်။

စာအုပ် တစ်အုပ်လုံး အထူကား ၁၀စင်တီမီတာ လောက်သာရှိပြီး စာရွက် တစ်ရွက်ချင်းကား ပုစဉ်းတောင်ပံလေး ကဲ့သို့ ပါးလျှပ်နေသည်။ သို့သော် ထိုအရာက မိုဝူကျီကို အံ့အား အသင့်စေဆုံး အရာ မဟုတ်သေးပေ။ အံ့အားသင့်စရာ အကောင်းဆုံးက ဆေးပင်တိုင်း၏ ရုပ်ပုံပါ ပါရှိခြင်း ဖြစ်ကာ ထိုဆေးပင်၏ အသုံးဝင်ပုံနှင့် အဓိက အသုံးပြုမှုများကို အသေးစိတ် ရှင်းပြထားလေ၏။

စာအုပ်၏ တစ်ခုတည်းသော အားနည်းချက်မှာ ဆေးဖော်မြူလာများနှင့် ဆေးပင်များ ပေါင်းစပ်မှု ဖြစ်နိုင်ချေ အကြောင်း မပါရှိခြင်း ဖြစ်၏။ ထိုကဏ္ဍအတွက် စကားလုံးမဲ့ ဆေးနည်း စာအုပ်က များစွာ ပိုကောင်းလေ၏။ ထိုအထဲတွင် ဆေးလုံးကို မည်သို့ ဖော်စပ်ရကြောင်း၊ ဆေးပင်များ ပေါင်းစပ်မှု အကြောင်းနှင့် ဆေးလုံးဖော်မြူလာ တချို့ပါ ပါဝင်လေသည်။ ဆေးပင်များ အညွှန်းမိတ်ဆက် အတွက် ထိုစာအုပ်တွင် ထဲထဲဝင်ဝင် မပါရှိပေ။

ဤစာအုပ်ကား ဆေးလုံးဆရာများ အတွက် ဆေးပင် စွယ်စုံကျမ်း ဖြစ်လိမ့်မည်။ နှစ်မျက်နှာ ဖတ်ပြီးသည့် နောက်တွင် မိုဝူကျီက မိုရွယ်အပေါ် ပို၍ လေးစားမိ သွားသည်။ ဆေးလုံးဆရာ တစ်ယောက် အတွက် အချိန်များစွာ အသုံးပြုပြီး ထိုသို့သော အလွန် အရေးပါသည့် ကိစ္စကို ချန်ခဲ့နိုင်ခြင်းက အမှန်တကယ်‌ လေးစားဖို့ ကောင်းပေသည်။ ထို့အပြင် ဤဆေးလုံး ဆရာကား တကယ်ကို ရက်ရောလှပေ၏။ မည်သည့် အကြောင်းအရာကိုမှ ချန်လှပ်ထားခြင်း မရှိပေ။ ဤစာအုပ်သည် ကောင်းကင် အဆင့် ဆေးလုံးဆရာ တစ်ယောက်ကဲ့သို့ ဆေးပင် အကြောင်း ဗဟုသုတများ ရရှိနိုင်စေ၏။

ယခု စာအုပ်ကို လေ့လာ ချင်သည်က မိုဝူကျီ၏ အကြီးမားဆုံး ဆန္ဒ ဖြစ်၏။ သို့သော်လည်း သူ့ချီ သွေးကြောများ ဖွင့်ရန်ကိစ္စက ဖိအား အပေးဆုံးကိစ္စ ဖြစ်နေသည်။ ထို့ကြောင့် သူက ခရမ်းကြာပန်း အကြောင်း ပါသည့် စာရွက်ကို အလျင်အမြန် လှန်လှော လိုက်တော့သည်။

ဆယ်မိနစ်လောက် အကြာတွင် သူ့လက်က စာရွက် လှန်နေခြင်းကို ရပ်တန့်လိုက်၏။ အနီဖျော့ဖျော့ လှပသည့် ရုပ်ပုံလေးက သူ့အား နှုတ်ဆက် နေသည့်ဟန် ဖြစ်ကာ ထိုအရာကား သူခူးဆွတ်ခဲ့သည့် ကြာနှင့်ထပ်တူ ကျနေ၏။ နောက်ဆုံးတွင် စာရွက်ကို ရှာတွေ့ခဲ့လေပြီ။

သူ့အကြည့်ကား ဆေးပင်၏ အသုံးဝင်ပုံ အပေါ် ရောက်သွားကာ …

“ခရမ်းဟုန်ကြာ အဆင့် ၇ ဆေးပင်…”

မိုဝူကျီက အဆင့်၇ ဆေးပင် ဖြစ်ကြောင်းကို မြင်လိုက်ပြီး ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့သည်။ သူက အဆင့် ၆ ဆေးပင် တချို့ကို ရရှိပြီး အဆင့် ၇ ဆေးပင်သည် အဆင့် ၆နှင့် တစ်ဆင့်တည်းသာ ကွာဝေးသော်လည်း သူတို့ကြားမှ တည်ရှိမှုက ကြီးမားစွာ ခြားနားလှသည်။ အဆင့် ၆ ဆေးပင် ၁၀၀၀၀ ပင်ကို အဆင့် ၇ ဆေးပင် တစ်ပင်နှင့် လဲလှယ်နိုင်မည် မဟုတ်ပေ။

အဆင့်၇ ဆေးပင်ကို ဥပမာ အနေဖြင့် ပြရလျှင် စစ်မှန်ခြင်း နတ်ဘုရားပန်း ဖြစ်လိမ့်မည်။ မည်မျှ အဖိုးတန်ကြောင်း ဘယ်သူက မသိဘဲ နေမည်နည်း။ မြေကမ္ဘာ နယ်ပယ် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ရှိ ကျင့်ကြံသူကို ကောင်းကင် နယ်ပယ် စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ တက်လှမ်းရန် အခွင့်အရေး ပေးနိုင်သည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ကြသော လူများတွင် အများစုကား ထိုပန်းအတွက် ဝင်ကြခြင်း ဖြစ်၏။

“ခရမ်းဟုန် ကြာပန်း အရောင်က နီဖျော့ဖျော့လေး ရှိပြီးတော့ ရနံ့လေးက လူကို လန်းဆန်းစေပြီး အားပြန်ပြည့် လာစေတယ်၊ ကြာပန်းက ခရမ်းရောင် ဖြစ်ပြီးတော့ ကြာရိုးက အစိမ်းရောင် ဖြစ်တယ် ... အဖိုးတန်ဆုံး အစိတ်အပိုင်းက ကြာပန်းနဲ့ ကြာရိုး ဖြစ်တယ် ... ဒီဆေးပင်ရဲ့ အကြီးမားဆုံး အာနိသင်က ဝိညာဉ် လမ်းကြောင်းတွေကို ဖွင့်တာနဲ့ ပြုပြင်ရာမှာ သုံးနိုင်တယ် ... ဝိညာဉ် လမ်းကြောင်းတွေ အတွက် အကောင်းဆုံး ဆေးပင် တစ်ခုလို့ ဆိုလို့ရတယ် ... ”

သူ့လက်ကို ဖြည်းဖြည်းချင်း ဆုပ်မိသွားသည်။ သူ့ခန့်မှန်းချက်ကား ကွက်တိ ဖြစ်နေ၏။ ခရမ်းဟုန် ကြာပန်းသည် ချီသွေးကြောများ အတွက် အကောင်းဆုံး ဆေးပင် ဖြစ်နေသည်။

ခရမ်းဟုန် ကြာပန်းအကြောင်း ပါသည့် စာရွက်ကို လှန်လိုက်ပြီး နောက်တွင် သူက ဆက်၍ လှန်လှောကာ အနီရောင် ကျောက်နှင့်တူသည့် နေရာကို တွေ့မှ ရပ်တန့်လိုက်သည်။

ထိုသည်က သူ ရေခဲတောင် အောက်မှ ရလာသည့် အရာနှင့် တစ်ပုံစံတည်း ဖြစ်နေသည်။ ထိုမီးကျောက်များ ကြားတွင် ဆက်စပ်မှု တစ်ခုတော့ ရှိလိမ့်မည် ဖြစ်ကြောင်း ခန့်မှန်းမိသည်။ အစပိုင်းတွင် သူက ထိုသို့ ကျောက်အမျိုးအစားနှင့် ပတ်သက်၍ အချက်အလက် မရှိမည်ကို အနည်းငယ် စိုးရိမ်နေမိသည်။ သို့သော် မမျှော်လင့်ဘဲ တွေ့လိုက်ရသည် သာမက အသေးစိတ်ပါ ချရေး ထားသေး၏။

“ကျောက်စိမ်း မီးတောက်၊ မီးသဘာဝ ရှိသည့် ပစ္စည်းများတွင် အသန့်စင်ဆုံး ဖြစ်ကာ မီးတောင်ဝ သို့မဟုတ် မြေကမ္ဘာ မီးတောက်ထဲတွင် တွေ့ရှိနိုင်တယ် ... အနီရောင်နဲ့ ကြည်လင်ပြီးတော့ တောက်ပ နေတတ်တယ် ... ကျောက်စိမ်း မီးတောက်မှာ အဆင့်တွေ အများကြီး ရှိတယ် ... အဆင့်မြင့် ကျောက်စိမ်း မီးတောက်ကို မီးကျောက်တွေကို အဆင့်မြင့်ဖို့ သုံးနိုင်တယ် …”

ထိုသို့ဆိုလျှင် သူ့ဆီတွင် ရှိနေသည်က ကျောက်စိမ်း မီးတောက် ဖြစ်ရမည်။ တစ်ချိန်တည်းတွင် ထိုကျောက်စိမ်း မီးတောက်ဘေးတွင် မီးကျောက်များစွာ ရှိနေသည့် အကြောင်းရင်း ကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားလေပြီ။ ထိုမီးကျောက်များက အဆင့်မြင့် ထားသည့် မီးကျောက်များ ဖြစ်ရမည်။ ထိုအပိုင်းအစ လေးက ဤသို့ လုပ်ဆောင်နိုင်လျှင် အဆင့်ကား တော်တော် မြင့်ရမည်။

“မီးကျောက်တွေကို အဆင့်မြင့်နိုင်တာ ဒါမှမဟုတ် ရွှေရောင်ရှိတဲ့ ကျောက်စိမ်း မီးကျောက်တွေက အဆင့် ၇နဲ့ အထက် ဖြစ်လိမ့်မယ် ... ဒီလိုစိတ်ဝိညာဉ် ပစ္စည်းများက ရှားပါးတယ်  ...  ကျင့်ကြံသူကို အစွမ်း တိုးတက် စေနိုင်တယ် …”

နောက်ထပ် အဆင့်၇ ပစ္စည်း ဖြစ်နေ၏။ စာအုပ်ကို ပိတ်လိုက်ပြီး မိုဝူကျီက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစား လိုက်သည်။ ထို့နောက်တွင် ဆေးပြင်းမီးဖိုနှင့် ဆေးဖော်စပ်ရေး ကိရိယာများကို ထုတ်ယူပြီး ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးအသစ် အတွက် ပြင်ဆင် လိုက်တော့သည်။

ဆေးလုံး တာအိုတွင် သူ့လက်ရှိ အဆင့်ဖြင့် ကျန်သည့် ဆေးပင်များကို သန့်စင်ဖို့ရာ ပြဿနာ တစ်ရပ် မဟုတ်ပေ။ သို့သော်လည်း ခရမ်းဟုန်ကြာနှင့် ကျောက်စိမ်း မီးတောက်တို့ကို အနည်းငယ် စိုးရိမ်နေမိသည်။

မိုရွယ် ရေးသားချက် အရ  သူ့ဆီက ကျောက်စိမ်း မီးတောက်သည် အဆင့်၇ ဖြစ်လောက်မည်။ သူ့လက်ရှိ ကျင့်ကြံဆင့်ဖြင့် အဆင့်၇ ဆေးပင်ကို သန့်စင်ဖို့ရာ အခက်ဆုံး ဖြစ်လိမ့်မည်။

ရလဒ်က မည်သို့ပင် ဖြစ်နေပါစေ ... သူက ကြိုးစား ကြည့်ရမည်။

မိုဝူကျီက ခရမ်းဟုန် ကြာပန်းကို စတင် သန့်စင်လိုက်ပြီး ကြိုတင်ကာကွယ်မှု အနေဖြင့် အဝါရောင် မီးကျောက်ကို သုံးလိုက်တော့သည်။

မီးပြင်းဖိုကို အကြိမ် အနည်းငယ် သန့်ရှင်းပြီး နောက်တွင်  မီးတောက်ကို မြင့်လိုက်ပြီး ခရမ်းဟုန် ကြာပန်းကို သေချာ ထည့်လိုက်တော့သည်။ အစိမ်းရောင် ကြာရိုးက အလွယ်တကူ အရည်ပျော် သွားသောကြောင့် စိတ်အနည်းငယ်‌ အေးမိသွားသည်။ သို့သော် သူ့ဆေးလုံး ပညာရပ်ဖြင့် အရည် ပျော်လာသော အစိမ်းရောင် ကြာရိုးပေါ်သို့ သက်ရောက် လိုက်သည့်အခါ ဝိညာဉ် စွမ်းအားများက ပွင့်ထွက်လာပြီး ထိန်းချုပ်၍ မရတော့ပေ။

မိုဝူကျီက ဝိညာဉ် စွမ်းအားကို ဖိနှိပ်ရန် ဆေးပြင်း မီးဖိုကို အားရပါးရ ရိုက်နှက် လိုက်သည့်အခါ  သူ့လက် နှစ်ဖက်မှ အရိပ်ပင် မမြင်ရတော့ချေ။ သို့သော်လည်း ဝိညာဉ် စွမ်းအားက ပေါက်ထွက် လာလေ၏။ အမွေးတိုင် တစ်ဝက်စာ အတွင်း မီးပြင်းဖိုမှ ဘန်းခနဲထွက်ကာ တူးနံ့ ထွက်လာတော့သည်။

မိုဝူကျီက မြေပြင်ပေါ်သို့ လဲကျသွားပြီး စာရွက်တစ်ရွက် ကဲ့သို့ ဖြူဖျော့ သွားလေ၏။

ဆေးလုံး ပညာရပ်ကို အမြန်ဆုံး နှုန်းဖြင့် သုံးလိုက်သည့် အတွက်  သူ့သဘာဝ စွမ်းအားများနှင့် စိတ်စွမ်းအား များစွာ ကုန်ဆုံးသွားလေ၏။ အမွှေးတိုင် တစ်ဝက်အချိန်သာ ကြာသော်လည်း သူ့လက်များက မထိန်းနိုင် လောက်အောင် ကတုန်ကယင် ဖြစ်နေသည်။

နေ့ဝက်ကြာ ကောင်းကောင်း အနားယူပြီး နောက်တွင် မိုဝူကျီက မီးပြင်းဖိုကို အကြမ်းဖျင်း သန့်ရှင်း လိုက်သည်။ ခရမ်းဟုန် ကြာပန်း တစ်ပိုင်းကား ပျက်စီး သွားလေပြီ။ သို့သော် သူက ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးအသစ်ကို ထပ်မဖော်စပ် နိုင်သေးပေ။

ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို မဖော်စပ် နိုင်ခြင်းသည် ဆက်၍ မကျင့်ကြံ နိုင်ခြင်းသာ ဖြစ်၏။ အကယ်၍ သူက ဆက်လက်၍ မကျင့်ကြံနိုင်လျှင် ဤနေရာတွင် သေခြင်းတရားကို ငုတ်တုတ်ထိုင် စောင့်နေ ရမည်လား  ... ယန်အာတွင် စောင့်ရှောက် ပေးမည့် ဘွားဘွားလင်းလောင် ရှိနေ၍ သူမအတွက် များစွာ စိုးရိမ်စရာ မလိုတော့ပေ။ သို့သော် သူက ဤနေရာတွင် မသေဆုံး နိုင်သေးပေ။ ဝိညာဉ် စွမ်းအား နည်းပါးသည့် အပိုင်း (ဃ) တွင် နေရန် ဘာကြောင့် ရွေးချယ်ရတာလဲ ... ချီသွေးကြော အသစ်များကို ဖွင့်ရန်သာ ဖြစ်၏။

အချိန်တိုလေး အတွင်း မိုဝူကျီက အောင်မြင်ရန် ဆုံးဖြတ်ထားသည်။ သူက အစိမ်းရောင် မီးကျောက် ဝယ်ယူရန် ကောင်းကင်ဖွေရှာ မြို့သို့ နောက်တစ်ကြိမ် သွားရဦးမည်။

အဝါရောင် မီးကျောက်သည် ခရမ်းဟုန် ကြာရိုးကို အရည်ပျော်စေ သော်လည်း အဆင့် ၇ ဆေးပင်များကို သန့်စင်ဖို့ရာ မလုံလောက် သေးပေ။ မီးတောက် အဆင့်က အရမ်း နိမ့်နေသည့် အတွက် ရလဒ် အနေဖြင့် ခရမ်းဟုန် ကြာပန်းမှ ပေါက်ထွက် လာသော ဝိညာဉ် စွမ်းအားများကို မထိန်းချုပ် နိုင်ခဲ့ပေ။

အကယ်၍ တစ်စုံတစ်ခုသာ ဖြစ်ခဲ့လျှင် ဘွားဘွား လင်းလောင်ဆီ သွား၍ သန့်စင်ဖို့ရာ အကူအညီ တောင်းခံ ရလိမ့်မည်။ သို့သော် ခရမ်းဟုန် ကြာပန်းနှင့် ကျောက်စိမ်း မီးတောက်တို့က ထိလွယ်ရှလွယ်သည့် အတွက် သန့်စင်ခြင်း စသည်နှင့် ဆေးကို ချက်ချင်း ဖော်စပ်ဖို့ လိုအပ်သည်။ ထိုဖော်စပ်မည့် အရာသည် သူမှလွဲ၍ မည်သူမျှ မလုပ်ဆောင်နိုင်ပေ။ ဂိုဏ်း၏ ဆေးလုံး ဖော်စပ်ရေး အခန်းများ အတွက် အပြင်စည်း တပည့်အနေနှင့် သူက တစ်ခန်းလောက် ငှားယူ၍ ရနိုင်သော်လည်း သူက မလုပ်ဆောင်ရဲပေ။

ဤနေရာတွင် ပါရမီရှင် ဆေးလုံးဆရာ များစွာ ရှိနေပြီး သူ့ခရမ်းဟုန်ကြာ ရနံ့သာ ထွက်ပေါ် လာပါက သူတို့သည် သူ့တွင် အဆင့်၇ ဆေးပင် ရှိနေကြောင်း ချက်ချင်း သတိပြုမိ ကြလိမ့်မည်။

“အကြီးအကဲပါလား ...” မိုဝူကျီ တစ်ယောက် အချိန်တို အတွင်း လောင်ဟိုင် ကုန်သည် အိမ်တော်သို့ ထပ်ရောက်ရှိ လာသည်ကို မြင်၍ ဧည့်ကြိုက နှုတ်ဆက် လိုက်တော့သည်။ သူ့စိတ်ထဲတွင် သူ့ရှေ့တွင် ရှိနေသူကား ချမ်းသာသူ ဖြစ်၏။ အဝါရောင် မီးကျောက်များကို တစ်ထိုင်တည်း များစွာဝယ်ယူ သွားခြင်းကို သူဌေးဟု မသတ်မှတ်လျှင် မည်သူ့ကို သတ်မှတ် ရမည်နည်း။

မိုဝူကျီက ခေါင်းညိတ်ပြ လိုက်ပြီး ပြန်ဖြေတော့မည့် ဆဲဆဲတွင် ရင်းနှီးသည့် ပုံရိပ်ကို မြင်လိုက်ရသည်။

တုန့်လွန်လား ... သူက ပါးစပ်မှ ထွက်လုမတတ် ဖြစ်သွားခဲ့သည်။ သို့သော်လည်း ထိုလူတွင် တုန့်လွန်နှင့် အနည်ငယ် ကွာခြားဟန်ကို သတိပြုမိ လိုက်သည်။ သူမျက်လုံးကား ပို၍ စူးရှကာ တုန့်လွန်ထက် အရပ် ပိုမြင့်ပေ၏။ သူ့အငွေ့အသက် အရ မိုဝူကျီက ထိုလူသည် သူ့ထက် များစွာ အားကောင်းကြောင်း သိလိုက်သည်။

အကြည့်ကို ရုပ်သိမ်း လိုက်ပြီး မိုဝူကျီက ဘာမှမဖြစ်ဟန်ဖြင့် ဧည့်ကြိုကို ထပ်မေးလိုက်သည်။

“ကျုပ် အစိမ်းရောင် မီးကျောက် လိုချင်လို့…”

ထိုစကားများက ဧည့်ကြိုနားထဲ ရောက်သွားသည့် အခါ သူက စိတ်လှုပ်ရှား လာပြီး လျှာကိုက်လု မတတ်ပင် ဖြစ်သွားလေသည်။ အစိမ်းရောင် မီးကျောက်သည် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၁၅၀၀၀၀ ကျသင့်မည် ဖြစ်ကာ တစ်တုံးသာ ရောင်းချနိုင်ပါက သူက မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံး ရာဂဏန်း‌လောက် ဝင်ငွေ ရပေလိမ့်မည်။

“ဟုတ်ပြီ ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ ...” ဧည့်ကြိုက ဗလုံးဗထွေး ပြောလိုက်ပြီး မိုဝူကျီကို တတိယထပ်သို့ ခေါ်ဆောင် သွားတော့သည်။

“ဒါနဲ့ ပထမအထပ်က ခက်ထန်တဲ့ အကြည့်နဲ့ တွေ့ခဲ့တဲ့သူက ဘယ်သူများလဲ ...”မိုဝူကျီက မေးကြည့် လိုက်သည်။

ဧည့်ကြို စိတ်ထဲတွင် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၁၅၀၀၀၀တန် ရောင်းချရမည့် အရေးကိုသာ တွေးနေမိ၍ မိုဝူကျီ မေးသည့် ကိစ္စကို စိတ်ထဲ မထားဘဲ ပုံမှန် ပြန်ဖြေလိုက်သည်။

“အဲဒီလူ နာမည်က တုန့်မင်ကျီးတဲ့ ... သူက ပါရမီရှင်လေ ကောင်းကင်ဖွေရှာ နန်းတော် ရောက်ကတည်းက ပစ္စည်းတချို့ ဝယ်ဖို့ ကြိုးစားနေတာ ... ဆိုင်တော်တော် များများကိုလည်း ရောက်ပြီးသွားပြီ ... ကျွန်တော်တို့ ဆိုင်ကိုတောင် လာတာ တော်တော် များနေပြီ  ... သူ့တောင်းဆိုချက်က အရမ်း ထူးဆန်းလို့ အခုထိ မရသေးတာ နေမှာ ... ”

ထိုလူတွင် တုန့်မျိုးရိုး ရှိ၍ မိုဝူကျီသည် ထိုလူနှင့် တုန့်လွန်တို့ တစ်ခုခု ဆက်စပ် နေကြောင်း သေချာသွား၏။ တုန့်လွန် ပစ္စည်းများက ရေခဲ ကွဲထွက်ခြင်း အဆောင်ကြောင့် ပေါက်ကွဲသွား၏။ သူက တစ်ခုမှ မရရှိခဲ့တာ ကံကောင်း လှပေသည်။ ထိုလူသည် တုန့်လွန်ကို သတ်သွားသည့် သူကို စုံစမ်းနေတာ ဖြစ်ရမည်။

စိတ်ထဲတွင် မိုဝူကျီက အေးစက်စွာ လှောင်ပြောင် လိုက်သည်။ တုန့်လွန်ကို သတ်ခြင်းက အစပင် ဖြစ်၏။ သူအားကောင်း လာသည်နှင့် အထွဋ်အထိတ် ဓားမြို့တော်သို့ သွားပြီး တုန့်မျိုးနွယ်စု တစ်ခုလုံးကို အမြစ်ဖြတ် ချေမှုန်းပစ်မည်။

တုန့်မင်ကျီးနှင့် တွေ့ဆုံမှုက မိုဝူကျီကို ကျင့်ကြံဆင့် ပိုမြင့်ရန် အတွက် စိတ်ဓာတ် တက်ကြွ သွားစေသည်။  သူက အစိမ်းရောင် မီးကျောက် ဝယ်ယူ ပြီးသည်နှင့် အပြင်စည်းသို့ ချက်ချင်း ပြန်သွားလိုက်သည်။ အင်အားမရှိဘဲ အထွဋ်အထိတ် ဓားမြို့တော်ကို လက်စားချေဖို့က ဟာသပြက်လုံး တစ်ခုသာ ဖြစ်နေလိမ့်မည်။

ဝိညာဉ်ကြော မရှိသည့် သေမျိုး တစ်ယောက် အတွက် ကျင့်ကြံခြင်းတွင် လမ်းအသစ် ဖောက်နိုင်၍သာ ကျင့်ကြံလို့ ရသည့် တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်၏။ အခြားသော လူများက ဝိညာဉ် လမ်းကြောင်းများ ဖွင့်နေစဉ် သူက ချီသွေးကြောများကို ဖွင့်ရ၏။ ထို့ကြောင့် သူ့အတွက် ကျင့်ကြံဆင့် မြင့်မြင့်ရောက်ရန် ချီသွေးကြော များများ ဖွင့်ရမည်။

သူအိမ်သို့ ပြန်ရောက်သည့် အခါ မိုဝူကျီက အခြေအနေ ကောင်းအောင် ပြုလုပ်လိုက်သည်။ ထို့နောက်တွင် သူက မြေကမ္ဘာ ဝိညာဉ် ကာကွယ်ရေး ဆေးတစ်ပုလင်းကို ထုတ်ယူ လိုက်တော့သည်။ သူလက်ရှိ အခြေအနေဖြင့် အဆင့်၇ ခရမ်းဟုန် ကြာပန်းကို သန့်စင်ဖို့ရာ မလုံလောက်ချေ။ သူ့တွင်လည်း ကောင်းချက်များ ရှိနေသည်က ကျေးဇူးတင်ဖွယ် ဖြစ်၏။

သူ့အင်အားက အဆင့်တစ်ခု မရောက်သေး သော်လည်း သူက စိတ်စွမ်းအားတော့ အဆင့်မြင့်ပေ၏။ အခြား လူများက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ထိ ကျင့်ကြံပြီးမှသာ ရလာသည့် စိတ်စွမ်းအား ဖြစ်၏။ ပျောက်ဆုံး နယ်မြေတွင် လူဘယ်လောက် များများက သူကဲ့သို့ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူလိုမျိုး စိတ်စွမ်းအား ဘယ်လောက် အားကောင်းမည်နည်း။

သို့သော်လည်း သူ့ကျင့်ကြံ ဆင့်ကား အလွန် နိမ့်လွန်းနေသည်။ သူ့စိတ် စွမ်းအားဖြင့် အကုန်လုံး သန့်စင်ဖို့ရာ တောင့်ခံ မထားနိုင်လောက်ပေ။ ထိုသည်က ပြဿနာတော့ မဟုတ်ချေ။ သူ့တွင် စိတ်စွမ်းအား ပြန်ကောင်းဖို့ရာ အတွက် အဓိက ဖော်စပ်ထားသည့် မြေကမ္ဘာ ကာကွယ်ရေး ဆေးလုံး ရှိနေသည်။

ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးအသစ်ကို ဖော်စပ်ရန် မိုဝူကျီက အားလုံးကို ပုံအောရန် ဆုံးဖြတ် လိုက်တော့သည်။

***

All Chapters