← Chapters

ခံနိုင်ရည်အား ရှိလား မရှိဘူးလား

Vol. 002 Ch. 196

ခံနိုင်ရည်အား ရှိလား မရှိဘူးလား

Vol. 002 Ch. 196

ဂူဘိုင်ယွီ အနည်းငယ် အံ့အားသင့်သွားသည်။ သူမက ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမက အလောင်းအစားကို ရှုံးနိမ့်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ မူလကတည်းက ဤထောင်ချောက်ကို ရီဖူရှင်းအား ဝင်လာစေရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထိုနည်းဖြင့် ရီဖူရှင်းတို့က သူမ၏ လက်အောက်ကို ရောက်လာမည်ဟု သူမ ယူဆခဲ့သည်။ မမျှော်လင့်ဘဲ သူမ ရှုံးနိမ့်ခဲ့သည်။ ရီဖူရှင်း၏ ဂီတသံစဉ်ထဲတွင် ပါဝင်သော ကြောက်မက်ဖွယ် စိတ်အသိက သူမအား ထိန်းချုပ်နိုင်စွမ်း ရှိမည်ဟု သူမ လုံးဝ မထင်ထားပေ။ သို့သော် မကြာမီ သူမ ပြန်လည် သတိဝင်လာသည်။ သူမ၏ ရီဖူရှင်းကို ကြည့်နေသော မျက်လုံးများက ဝင်းလက်လာပြန်သည်။

ရီဖူရှင်းကား ဓမ္မအဆင့်နှစ်မျှသာ ရှိသေးသည်။ သူက အလွန်ပါရမီ ကောင်းသလို ရီဝူချင်းနှင့် ယူချင်းတို့ကလည်း ထိုနည်းလည်းကောင်းပင်။ သူတို့သုံးယောက်က အရှေ့မြေရိုင်း ဒေသတွင် အတော်ဆုံး တန်ခိုးရှင်များ ဖြစ်လာရန် အလားအလာ အများကြီး ရှိနေသည်။

ဂူဘိုင်ယွီက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ သူမက ရီဖူရှင်းအား ကြည့်ကာ ညင်သာ နူးညံ့သော အသံဖြင့်ပြောသည်... “နင့်ရဲ့ အစေခံဆီက ဘာလိုချင်လဲ...”

ရီဖူရှင်းက ပြောသည်...“အခု မင်းကို ငါပိုင်ပြီ....” သူ မည်မျှ ရဲတင်းပါသနည်း။

ပတ်ဝန်းကျင်မှ လူတိုင်းက မင်သက်သွားကြသည်။ ထိုအခိုက်တွင် ဂူဘိုင်ယွီကား ဆွဲဆောင်မှုရှိလွန်း လှသည်။ သူမ၏ လှုပ်ရှားဟန် သူမ၏ အပြုံးများက သူတို့၏ နှလုံးသားများအား လှုပ်ခါသွားစေသည်။ ဂူဘိုင်ယွီ၏ အမူအရာက မြင်လျှင် လျိုချန်းယွီက ရီဖူရှင်းကို ကြည့်လိုက်သည်။ ရီဖူရှင်းက ဂူဘိုင်ယွီကို အနိုင်ယူခဲ့သော်လည်း သူမတွင် လှည့်ဖြားမည့်အကြံများ ရှိနေနိုင်သည်။ လျိုချန်းယွီသည်လည်း အလွန် လှပချောမောသည်။ သို့သော် ဂူဘိုင်ယွီက သူမ၏ စုန်းမသံစဉ်က ပတ်ဝန်းကျင် တစ်ခုလုံးမှ လူများကို သက်ရောက်နိုင်စွမ်းရှိရာ သူမအပေါ် လူအများ၏ အမြင်က အလွန်အမင်း ဆွဲဆောင်အား ကောင်းနေသည်။ မည်သူမှ သူမအား မေ့မရနိုင်ပေ။ သူမ၏ အပြုအမူများက ထိုထိပ်သီး ပါရမီရှင်များကိုပင်လျှင် ဆွဲဆောင်နိုင်သည်။

ရီဖူရှင်းက ဂူဘိုင်ယွီကို တည်ငြိမ်စွာ ကြည့်သည်။ သူမက အလွန် ဆွဲဆောင်အား ကောင်းသည်ကို သူဝန်ခံရမည် ဖြစ်သည်။ သို့သော် သူ့အား ဆွဲဆောင်လိုသည်လား။ ထိုအရာက မဖြစ်နိုင်ပေ။ မြေခွေးမ၏ ဒဏ်ကို ခံစားဖူးသော ရီဖူရှင်းအတွက်မူကား ဂူဘိုင်ယွီ၏ ဆွဲဆောင်မှုက ကလေးကစားစရာ အဆင့်သာ ရှိသည်။

“မင်းက ငါ့ရဲ့အစေခံပဲ... ဒါကြောင့် မင်းကို ငါပိုင်တာ... သိပ်ပြီးတော့ အလွန်အကြူး မတွေးနဲ့....” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။

သူ၏ ပြန်ပြောသံကို ကြားလျှင် လူတိုင်းက သူ၏ တည်ငြိမ်မှုကို အံ့အားသင့် ကြရသည်။ ဂူဘိုင်ယွီ၏ အလှအပများ ကြားထဲတွင် သူက မည်သို့ တည်ငြိမ်စွာ နေနိုင်သနည်း။ သူက ဟန်ဆောင် နေခြင်းလည်း ဖြစ်နိုင်သည်။

ဂူဘိုင်ယွီက ချစ်စဖွယ်ပြုံးလျက် ရီဖူရှင်းကို ကြည့်လိုက်သည်... “နင်ငါ့ကို တကယ်ပဲ နင့်ကို ခစားစေချင်တာပေါ့....”

“မင်းက ငြင်းဖို့ မကြိုးစားဘူး... ဟုတ်တယ်မလား...” ရီဖူရှင်းက ဂူဘိုင်ယွီကို ကြည့်လျက် ပြောသည်။

“မှန်တာပေါ့... ငါမငြင်းပါဘူး... ဒါက နည်းနည်း...” ဂူဘိုင်ယွီက ပြုံးလျက် ပြောသည်... “နင်က ခံနိုင်ရည်မရှိမှာပဲ ငါစိုးရိမ်တာ...”

“ခံနိုင်ရည်မရှိမှာ...” ရီဖူရှင်းက ဂူဘိုင်ယွီအား ကြည့်ကာ ပြောသည်... “မင်းက အစေခံလုပ်ရမယ့် အလုပ်တွေကိုပဲ လုပ်... တခြား မဟုတ်တာတွေ မတွေးနေနဲ့...”

ဂူဘိုင်ယွီ ဆွံ့အ သွားရသည်။

ပတ်ဝန်းကျင်မှ လူများက ရီဖူရှင်းကို လေးစား အထင်ကြီးစွာ ကြည့်ကြသည်။

“ကောင်းပြီ...” ဂူဘိုင်ယွီက ရီဖူရှင်း၏ နောက်နားကို လျှောက်သွားကာ အနည်းငယ် ဦးညွှတ်လျက် ပြောသည်... “အရှင် ... ဘာလိုအပ်ပါသလဲ...”

ရီဖူရှင်းက ကျေနပ်စွာ ခေါင်းညိတ်သည်။ သူမကား အမှန်ပင် အသားကျ လွယ်သည်။

“နောက်က လိုက်ခဲ့...” ရီဖူရှင်းက ပြောသည်။ သူက ထိုနေရာမှ လျှောက်သွားကာ သူပထမက တန်ခိုးကျင့်နေသော ရုပ်တုထံသို့ လျှောက်သွားသည်။ ဂူဘိုင်ယွီက သူ့ဘေးမှ လိုက်ပါလာသည်။ လန်းဖန်နှင့် တခြား ဂူဘိုင်ယွီ၏ နောက်လိုက်များက အေးစက်စွာ ကြည့်နေကြသည်။

ရီဖူရှင်းက သူမအား အဘယ်ကြောင့် ဤသို့ ဆက်ဆံရဲရသနည်း။ ဂူဘိုင်ယွီက သူမ၏ ကတိကို ဖြည့်ဆည်းပေးသည့်တိုင် သူက နှိမ့်ချရမည်ကို အဘယ်ကြောင့် မသိရသနည်း။ သူက ဂူဘိုင်ယွီကို အစေခံအဖြစ် အမှန်တကယ် သဘောထား နေသည်လား။

ဂူဘိုင်ယွီက သူမ၏ အုပ်စုအားကြည့်ကာ ပြုံးလိုက်သည်။ သူမ၏ မျက်လုံးများက တစ်စုံတစ်ခုကို ပြောနေဟန်ရသည်။ သူတို့အုပ်စုက ရပ်တန့်သွားကာ ဂူဘိုင်ယွီအား နားမလည်စွာ ကြည့်ကြသည်။ ကတိမတည်ခြင်းက အမှန်ပင် ရှက်စရာ ကောင်းလှသော်လည်း ကတိမတည်လျှင်ကော အဘယ်အရေးနည်း။ ထိပ်သီးကလန်၏ ပင်မတပည့်အား အစေခံအဖြစ် ခိုင်းစေရန် ရီဖူရှင်းတွင် မည်သည့် အဆင့်အတန်းများ ရှိနေသနည်း။ အကယ်၍သာ သူက နောက်ဆုတ်ပေးလျှင် အားလုံးက နားလည် လက်ခံပေးကြမည် ဖြစ်ကာ သူ့အား အပြစ်တင်ကြမည် မဟုတ်ပေ။

လင်းယွီယိုက ရီဖူရှင်း၏ နောက်ကျောအား ကြည့်ကာ နှာခေါင်း ရှုံ့လိုက်သည်။ ထိုအရှက်မရှိသော ကောင်ကား နောက်ထပ် အစေခံတစ်ယောက် ရထားပြန်လေပြီ။

လျိုချန်းယွီက ရီဖူရှင်းကို ပြုံးလျက်  ကြည့်လိုက်သည်။ ဤကောင်လေးကား အမှန်ပင် သတ္တိကောင်းလှသည်။ သို့သော်လည်း ဂူဘိုင်ယွီအား ဘေးတွင် ထားခြင်းက တစ်ချိန်တွင် သူ့အား အန္တရာယ် ရှိလာနိုင်လိမ်မည်ကို သူသိမည် မဟုတ်ပေ။

ရီဖူရှင်းက ရုပ်တုရှိနေရာသို့ ပြန်ရောက်လာသည်။ ဂူဘိုင်ယွီက ရီဖူရှင်းကို ညင်သာစွာ မေးသည်... “နင် ဘယ်လို လုပ်လိုက်တာလဲ... နင့်ရဲ့ ဂီတသံစဉ်မှာပါတဲ့ စိတ်အသိက ဒီလောက် အားကောင်း နေရတာလဲ... ဒါက ငါ့ရဲ့ ပလွေသံစဉ်ကိုတောင် ထိန်းချုပ်နိုင်တယ်...”

“ကု့ချင်း တီးလိုက်ရတော့ ငါ့ရဲ့ပခုံးက နည်းနည်း တောင့်နေတယ်...” ရီဖူရှင်းက ထိုသို့ ပြောကာ မြေပြင်ပေါ်တွင် ထိုင်လိုက်သည်။ ဤသို့ မကျွမ်းကျင်သော အစေခံက သူ၏ လျှို့ဝှက်ချက်များကို နှိုက်ထုတ်လိုသည်။ သူမကား အတွေးလွန်နေလေပြီ။

ဂူဘိုင်ယွီ မျက်လုံး ပြူးသွားသည်။ သူ၏ ပခုံးက တောင့်တင်းနေသည်။ ဘာကို ဆိုလိုသနည်း။

“ဒါဆိုလည်း နင့်ရဲ့ ပခုံးကို နှိပ်ပေးမယ်....” ဂူဘိုင်ယွီက ရုတ်တရက် ပြုံးလိုက်ကာ ရီဖူရှင်း၏ နောက်မှ ထိုင်လျက် နှိပ်ပေးသည်။

ပတ်ဝန်းကျင်မှ လူများအားလုံးက ထိတ်လန့် သွားကြသည်။ အရှက်မရှိသည့်ကောင်။ သူ့တွင် ဤမျှ မြင့်မားသော တန်ခိုးအဆင့်ဖြင့် သူ့ပခုံးက မည်သို့ တင်းမာ နေရမည်နည်း။ အဖြူရောင်ဝတ်စုံ ဝတ်ထားသော မိန်မလှလေးအား ကြည့်ကာ သူမက တခြား ယောက်ျား တစ်ယောက်ကို နှိပ်ပေးခြင်းက မည်သို့ ရှိမည်ကို တွေးမိကြသည်။ လူအများက ရီဖူရှင်းကို မုန်းတီးစွာ ကြည့်နေကြသည်။

ကျိစီမို၏ မျက်နှာတွင် ရှုပ်ထွေးမှုများကို အတိုင်းသား မြင်နေရသည်။ ရီဖူရှင်းက ထိုသို့ စည်းစိမ်ကို ခံစားနေရသည်။

“သက်သောင့်သက်သာ ဖြစ်သွားလား...” ဂူဘိုင်ယွီက တောက်ပစွာ ပြုံးလျက် ပြောသည်။

“မဆိုးဘူး...” ရီဖူရှင်း ခေါင်းညိတ်ကာ သူ၏ မျက်လုံးကို မှိတ်လျက် ဇိမ်ခံနေသည်။ သူတို့၏နောက်မှ ယူချင်းကား ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်ရသည်။ ဟွာဂျီယူ မရှိသော ရီဖူရှင်းအား အထိန်းအကွပ် မဲ့နေလေပြီ။

လျိုချန်းယွီလည်း လျှောက်လာရာ ရီဖူရှင်း၏ စိတ်ကျေနပ်နေသော မျက်နှာကို မြင်လျှင် ဆွံ့အသွားသည်။

ရီဖူရှင်းက သူ၏ မျက်လုံးများကို ဖွင့်ကာ လျိုချန်းယွီအား ကြည့်လျက် ပြောသည်... “မင်းသမီး... ကျုပ် ဘာကူညီရမလဲ...”

ရီဖူရှင်းက မည်မျှ အေးဆေးသည်ကို မြင်လျှင် လျိုချန်းယွီက ပြုံးလျက် ပြောသည်... “နင်က သက်တော်စောင့် မဟုတ်ဘူးလား...”

“သက်တော်စောင့်က အစေခံ မထားရဘူးလား...” ရီဖူရှင်းကလည်း ပြုံးလိုက်သည်။ ရီဝူချင်းက သူ၏ လက်မှာ လီတောင်ယွန်ကြောင့် ပြတ်သွားကြောင်း လူအများကို ပြောခဲ့လျှင် သူက လျိုချန်းယွီကို အမှန်အတိုင်း ပြောပြပြီး ဖြစ်ရမည်။ သူမက သူ့အား စနောက်နေခြင်းသာ ဖြစ်ရမည်။

“ရတာပေါ့... နင်က အလိမ်မခံရအောင်သာ သတိထား...” လျိုချန်းယွီက ရီဖူရှင်း၏ နောက်မှ ဂူဘိုင်ယွီအား ကြည့်ကာ ပြောသည်။ ဂူဘိုင်ယွီကလည်း သူမကို ကြည့်လိုက်သည်။ မိန်းမလှနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်လျှင် ပတ်ဝန်းကျင်က ထူးဆန်းသော အခြေအနေ ဖြစ်သွားသည်။

အတန်ကြာလျှင် လျိုချန်းယွီက သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ ဤကောင်ကား ယခုအချိန်တွင် ဇိမ်ကျနေသော်လည်း သူက အကျိုးဆက်ကို  တွေးထားခြင်း ရှိသလော သူမ မသိပေ။ ဂူဘိုင်ယွီကို ပိုးပန်းသူများကား သူ့အား အသေသတ်ကြမည် ဖြစ်သည်။

ရီဖူရှင်းက အနည်းငယ် နားမလည် ဖြစ်လာသည်။ ထိုလူများ အဘယ်ကြောင့် ဤမျှ လွန်ကဲစွာ တွေးနေကြသနည်း။

“မင်းသမီး အရှေ့မြေရိုင်း ဒေသမှာ အင်အားကြီး အဖွဲ့အစည်းတွေ ဘယ်လောက်များလဲ...” ရှီဖူရှင်းက ရုတ်တရက် မေးလိုက်သည်။ ဤနေရာမှ ကံစွမ်းအား အရင်းအမြစ်များက သူ့အတွက် အချိန်တစ်ခုကြာအောင် ကျင့်ကြံရန် လုံလောက်ပေသည်။ ထို့အပြင် သူက ထိပ်သီး အင်အားစုများနှင့်လည်း တွေ့နိုင်သည်။ အရာအားလုံးက နေသားတကျ ဖြစ်သွားလျှင် သူက ထိုအင်အားကြီး အဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ကို ဝင်ရောက် ပူးပေါင်းနိုင်သည်။ ထိုအရာက လျိုဂျန်လန်၏ အန္တရာယ်ကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားမည်။

ယခုအချိန်ကား ထိုအရာများနှင့် ရင်းနှီး ကျွမ်းဝင်အောင် လုပ်ရမည့် အချိန်ဖြစ်ပေသည်။

“အရှေ့မြေရိုင်းဒေသက အလွန်ကျယ်ပြောတယ်... အင်အားကြီး အဖွဲ့အစည်းတွေကို ပြောရမယ်ဆိုရင် ကျွန်မတို့ရဲ့ လျိုနိုင်ငံ၊ မှော်ကလန်၊ ဖူယွန်ဓားကလန်နဲ့ ကျိစီမိုတို့ မိသားစု အားလုံးက အင်အားကြီး အဖွဲ့အစည်းတွေပဲ...” လျိုချန်းယွီက ပြောသည်။ ရီဖူရှင်းတို့ ပြသခဲ့သော ပါရမီများအရ သူမက ရီဖူရှင်းတို့ကို ရရှိရင် မလွယ်ကူသည်ကို ရိပ်မိသည်။ သို့တိုင်အောင် သူမက တခြား အဖွဲ့အစည်းများထက် စောလျင်စွာ တွေ့ရှိခဲ့ခြင်းဖြစ်ရာ အသာစီး ရထားသည်ဟု ဆိုနိုင်သည်။

သူတို့က တခြား အဖွဲ့အစည်းများကို ရွေးသည့်တိုင် သိပ်အရေးမကြီးပေ။ သူတို့က မိတ်ဆွေ ဖြစ်နိုင်ပေသေးသည်။

“တောင်ဝင် ချန်ကျောင်းတော်ကရော...” ရီဖူရှင်းက မေးလိုက်သည်။

“သူတို့ကလည်း အင်အားကောင်းတယ်... ဒါပေမဲ့ ထိပ်သီး အင်အားကြီးတော့ မဟုတ်ဘူး....” လျိုချန်းယွီက ပြောသည်။ “တကယ်လို့ နင်က အင်အားစုတစ်ခုကို ရွေးချင်တယ် ဆိုရင်တော့ အရှေ့မြေရိုင်း ကျောင်းတော်က ကောင်းမွန်တဲ့ ရွေးချယ်မှုပဲ... ကျောင်းတော်က အရှေ့မြေရိုင်း ဒေသမှာတော့ သမိုင်းအရှည်ကြာဆုံးပဲ... မျိုးဆက်ပေါင်းများစွာက ကျောင်းတော်မှာ သင်ယူခဲ့ကြတယ်... အဲဒီနေရာက ကျင့်ကြံဖို့အတွက် တခြား အင်အားစုတွေ မတတ်နိုင်တဲ့ အထောက်အပံ့ များစွာလည်းရှိတယ်...” လျိုချန်းယွီက ရီဖူရှင်းကို ရှင်းပြသည်။

“အရှေ့မြေရိုင်း ကျောင်းတော်နဲ့ လျိုနိုင်ငံ နှိုင်းယှဉ်ရင် ဘယ်လိုလဲ...” ရီဖူရှင်းက စိတ်ဝင်တစား မေးလိုက်သည်။

“ဒါက ကွဲပြား ခြားနားတယ်... လျိုနိုင်ငံက နိုင်ငံဖြစ်ပြီးတော့ အရှေ့မြေရိုင်း ကျောင်းတော်က ကျောင်းတော်ဖြစ်တယ်... ကျောင်းတော်က ကျင့်ကြံခြင်းမှာ ပိုပြီးတော့ အသားပေးတယ်... ဆရာတွေ အကုန်လုံးက နိုဘယ်အဆင့်တွေပဲ... သူတို့က အရမ်း ထူးချွန်ထက်မြက်တဲ့ တပည့်တွေကို မွေးထုတ်ပေးကြတယ်....” လျိုချန်းယွီက ရိုးသား ပွင့်လင်းစွာ ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ လျိုနိုင်ငံကား နိုင်ငံဖြစ်ရာ အင်အားကြီးရန် ပိုမို အသားပေးသည်။

“မှန်တာပေါ့... တကယ်လို့... နင်က လျိုနိုင်ငံကို ရွေးရင် ငါက ဝမ်းသာမှာ သေချာတာပေါ့...” လျိုချန်းယွီက ပြုံးလိုက်သည်။

ရီဖူရှင်းက ပြုံးလိုက်သည်... “မင်းသမီး... အမှန်တကယ်က ကျုပ်တို့က လျိုနိုင်ငံကို ပူးပေါင်းတာ မပူးပေါင်းတာက ပြဿနာ မဟုတ်ဘူး....”

“ဘာလို့လဲ...” လျိုချန်းယွီက ရီဖူရှင်းကို နားမလည်စွာ ပြောသည်။

“တကယ်လို့ ကျုပ်တို့ထဲက တစ်ယောက်က မင်းသမီးရဲ့ ကြင်ရာတော် ဖြစ်ခဲ့မယ်ဆိုရင် ကျုပ်တို့က လျိုနိုင်ငံကို မပူးပေါင်းဘဲ ရင်းနှီးတဲ့လူတွေ ဖြစ်သွားမှာ....” ရီဖူရှင်းက လျိုချန်းယွီကိုပြုံးလျက် ပြောသည်။ မင်းသမီး အတန်ကြာ မှင်တက်သွားသည်။ ထို့နောက် သူမ၏ မျက်လုံးက ရီဝူချင်းထံသို့ ရောက်သွားကာ ထိုနေရာမှ ထွက်ခွာသွားသည်။ ရီဖူရှင်း ဆိုလိုသည်ကို သူမနားလည်သည်။

“နင်က လျိုချန်းယွီကို ကျီစယ်နေတာလား...” ဂူဘိုင်ယွီက ရီဖူရှင်း၏နောက်မှ ပြုံးလျက် ပြောသည်။ ရီဖူရှင်းတို့အုပ်စုက လျိုနိုင်ငံကို ပူးပေါင်းတော့မည် မဟုတ်သည်ကို သူမ ရိပ်မိလိုက်သည်။ သူတို့က စောလျင်စွာ ရီဖူရှင်းတို့ကို တွေ့ခဲ့ခြင်းသာ။ ရီဖူရှင်း ပြောခဲ့သော သတို့သားက သူကိုယ်တိုင် ဖြစ်ရမည်ဟု ဂူဘိုင်ယွီ ထင်နေသည်။ ရီဖူရှင်းက သူမကို လျစ်လျူရှုထားကာ ဆက်လက်၍ ကျင့်ကြံနေသည်။

မှန်တောင်ထိပ်ကို လူများ တဖွဲဖွဲ ရောက်ရှိ လာနေကြသည်။ ဖူယွန်ဓားကလန်မှ လီတောင်ချန်းကား နှစ်ကြိမ်တိတိ ရှုံးနိမ့်ခဲ့သည်။ မူယွန်ဟီနှင့် ရှောင်တန်တို့က သူတို့ထက် တန်ခိုး အဆင့်နိမ့်သော သူထံတွင် ရှုံးနိမ့်ခဲ့သည်။ သူတို့သုံးယောက်၏ ကံစွမ်းအားများမှာလည်း အလုခံရ၏။ ဂူဘိုင်ယွီ၏ စုန်းမသံစဉ်မှာလည်း သူမထက် အလွန်အမင်း တန်ခိုးအဆင့်နိမ့်သော သူထံတွင် ထိန်းချုပ်ခံရသည်။ ထို့နောက် ဂူဘိုင်ယွီက သူ့ထံတွင် အစေခံဖြစ်လာသည်။ ထို့ကြောင့် ထိုသတင်းက ကြီးစွာသော လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေသည်။

သတင်းက တောမီးလို ပြန့်သွားလျှင် မရေမတွက်နိုင်သော လူများက တောင်ထိပ်ကို တက်ရောက်လာကြသည်။ တောင်ထိပ်တွင်ကား မကြာမီမှာပင် လူများနှင့် ပြည့်နှက်လာသည်။ တောင်ထိပ်တွင် ကံစွမ်းအား အရင်းအမြစ် များစွာရှိသော်လည်း စွမ်းအားမြင့် တန်ခိုးရှင်များက တကွဲတပြား လာလေ့ရှိကြသည်။ ဤကဲ့သို့  စွမ်းအားမြင့် တန်ခိုးရှင်များ အများအပြား တစ်ချိန်တည်းမှာ ရောက်ရှိလာခြင်းက အလွန် ရှားပါးဖြစ်စဉ်ပင်။

ရုပ်တုအနီးတွင် ရှိသော လူများအားလုံးက ရီဖူရှင်းကို လေ့လာ အကဲခတ်နေကြသည်။ သူတို့က ရီဖူရှင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးကာ ဝေဖန်မှုများ လုပ်နေကြသည်။ ရီဖူရှင်းက သူတို့ကို လျစ်လျူရှုထားသည်။ ဂူဘိုင်ယွီက သူ့ဘေးတွင် ထိုင်နေသည်။ သူမက တစ်စုံတစ်ခု ဖြစ်ပျက်ရန် မျှော်လင့် စောင့်စားနေပုံရသည်။ ရီဖူရှင်းက အမှန်တကယ် ခံနိုင်ရည်အား ရှိ မရှိ သူမသိလိုနေသည်။

***

All Chapters