ခက်ခဲသော အောင်မြင်မှု
Vol. 12 Ch. 158
ပြင်ဆင်မှုများ ပြီးစီးသည်နှင့် မိုဝူကျီက အစိမ်းရောင် မီးကျောက်ကို စတင် မီးညှိ လိုက်တော့သည်။ အစိမ်းရောင် မီးတောက်က မီးပြင်းဖို အောက်ခြေကနေ ချက်ချင်း တောက်လောင် လာလေ၏။ မိုဝူကျီ၏ စိတ်စွမ်းအားက အစိမ်းဖျော့ မီးတောက်ပေါ် ကျရောက် သွားသောအခါ ကြောက်ခမန်း လိလိ အပူချိန်က သူ့အား ကတုန်ကယင် ဖြစ်လာစေသည်။
မိုဝူကျီက စတင် အာရုံ စိုက်လိုက်ပြီး ခရမ်းဟုန် ကြာပန်းကို ဂရုတစိုက် ထည့်လိုက်တော့သည်။ မီးပြင်းဖို အပူချိန်ကြောင့် ခရမ်းဟုန် ကြာပန်းကို ဆေးအဆီအနှစ် အဖြစ် တန်းပျော် သွားစေ၏။ ထို့နောက်တွင် မိုဝူကျီ၏ ဆေးလုံး ပညာရပ်ဖြင့် အဆီအနှစ်များကို သန့်စင် လိုက်တော့သည်။
အစကတည်းမှ မိုဝူကျီသည် သူ့တွင် အောင်မြင်နိုင်ချေ ရှိကြောင်းသိ၏။ အစိမ်းရောင် မီးကျောက်သည် အပူချိန် မြင့်ရုံသာမက မီးတောက်က ပို၍ သန့်စင်ကာ တည်ငြိမ်၏။ ထိုကြောင့် ဆေးအဆီအနှစ် များကို သန့်စင်ရာ၌ ပိုမို လွယ်ကူစေသည်။ မိုဝူကျီက ခရမ်းဟုန် ကြာပန်းကို ပထမအကြိမ် သန့်စင်စဉ်က သူ့ဆေးလုံး ပညာရပ်ကို ထိန်းချုပ်မှု ကင်းလွတ်မိ ခဲ့သည်။ ထို့ကြောင့် ဆေးအဆီအနှစ်များ၏ ဝိညာဉ် စွမ်းအားကို မထိန်းချုပ် နိုင်ခဲ့၍ သန့်စင်မှုများက ပြိုကွဲ သွားလေ၏။ ဤတစ်ကြိမ်တွင် သူက စွမ်းအားများစွာ သုံးပြီး ထိန်းချုပ်ဖို့ရာ လုပ်ဆောင် နိုင်ခဲ့သည်။
အချိန်တစ်ခု အကြာတွင် မိုဝူကျီက ခရမ်းဟုန် ကြာပန်းကို ဆက်လက်၍ မသန့်စင်ခင် မြေကမ္ဘာ ဝိညာဉ် ကာကွယ်ရေး ဆေးလုံးကို မျိုချ လိုက်တော့သည်။ တစ်နာရီ အကြာတွင် မြေကမ္ဘာ ဝိညာဉ် ကာကွယ်ရေး ဆေးလုံး အကူဖြင့်ပင် မိုဝူကျီက နွမ်းလျှ နေလေပြီ။ သို့သော် သူက ခရမ်းဟုန် ကြာပန်းကို အောင်အောင်မြင်မြင် သန့်စင်ပြီးခဲ့၏။
မီးပြင်းဖိုမှ ခရမ်းဟုန် ကြာပန်း အဆီအနှစ်များကို ရယူရန် ထုတ်ယူခြင်း ပညာရပ်ကို အသုံးပြု လိုက်သည်။
မိုဝူကျီက ဆေးလုံး အဆိပ်သင့် မည်ကို စိုးရိမ် မနေတော့ပဲ လက်တစ်ဆုပ်လိုက် ကုသဆေးလုံးများကို မျိုချ လိုက်တော့သည်။ ထို့မှသာ သူ့၏ သဘာဝ စွမ်းအားများနှင့် စိတ်စွမ်းအားပါ အချိန်တို အတွင်း ပြန်ပြည့်လာမည် ဖြစ်သည်။ ထို့နောက် သူက စောစောက ဖြတ်ထားခဲ့သည့် ကျောက်စိမ်း မီးတောက် ဆယ်ပုံ တစ်ပုံကို မီးဖိုထဲ ချက်ချင်း ထည့်လိုက် တော့သည်။
သူက ကြာကြာအနား မယူချင်၍ မဟုတ်ဘဲ အစိမ်းရောင် မီးကျောက်ကို မီးညှိ လိုက်သည်နှင့် ပြန်ငြိမ်းသတ် ဖို့ရာ မဖြစ်နိုင်တော့ပေ။ မိုဝူကျီက မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၁၅၀၀၀၀ကို ထိုသို့ ဖြုန်းတီးပစ် လိုက်ဖို့ရာ မလုပ်နိုင်ချေ။
ကံကောင်းသည်က အစိမ်းရောင် မီးကျောက်တွင် ကြာရှည်ခံမှု မြင့်မားလေ၏။
မိုဝူကျီက သူ့စွမ်းအားများ ပြန်ပြည့် လာဖို့ရန် ခဏတာသာ အနားယူခဲ့ပြီး မီးတောက်သည် ခြောက်နာရီလောက် ကြာပြီးသည့် နောက်တွင် ငြိမ်းသွားတော့သည်။
မိုဝူကျီအတွက် စိတ်စွမ်းအင်နှင့် သဘာဝ စွမ်းအားများကို ဆက်တိုက် သုံးစွဲခဲ့ရသည့် အတွက် အလွန်အကျွံ မောပန်းနေခြင်း မဟုတ်သော်လည်း ကန့်သတ်ချက်သို့ ရောက်ရှိ နေလေပြီ။ ခြောက်နာရီ အကြာတွင် မိုဝူကျီက ကျောက်စိမ်းမီးတောက် ဆယ်ပိုင်းထဲမှ သုံးခုနှင့် ခရမ်းဟုန် ကြာပန်းကို သန့်စင် နိုင်ခဲ့သည်။
ရလဒ်ကား သူ့၏ ကုသဆေးလုံး အားလုံးနီးပါး သောက်သုံး ရလိုက်ကာ သူ့သဘာဝ စွမ်းအားများကို များစွာ ထိခိုက် သွားစေသည်။ သူ့မျက်နှာ တစ်ခုလုံးကား ဖြူဖျော့နေပြီး ဝေဟင် လျှပ်စီး ဟန်ပန် ခုနစ်မျိုးကို လေ့ကျင့်စဉ် ကနှင့် ဘာမှ သိပ်၍ မကွာခြား လှပေ။
မိုဝူကျီက အခြားသော ဆေးပင်များကို ဆက်၍ သန့်စင် ချင်သော်လည်း သူ့ခန္ဓာကား နွမ်းလျှ နေလေပြီ။ သူ့က ဆေးအဆီ အနှစ်များကို ပုလင်းထဲသို့ ပြောင်းပြီး နောက်တွင် ကြမ်းပြင်ပေါ်၌ ချက်ချင်း အိပ်မောကျ သွားတော့သည်။
သူ့တွင် စိတ်စွမ်းအား ရှိလာစဉ် ကတည်းကမှ မိုဝူကျီသည် ထိုမျှ စိတ်စွမ်းအား များစွာကို မသုံးဖူးသေးပေ။ သူ့သဘာဝ စွမ်းအားများလည်း အလွန်အကျွံ သုံးခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်၏။ ဤတစ်ကြိမ်တွင် သူက အဆင့်၇ ဆေးပင်နှစ်ခု သန့်စင်ဖို့ရာ သူ့ကျန်းမာရေးကိုပါ စတေးထားခဲ့ လိုက်သည်။
တစ်နေ့နှင့် တစ်ညတာလုံး အိပ်မော ကျပြီးသည့် နောက်တွင် သူ့ခန္ဓာကိုယ်ကား ချည့်နဲ့နေဆဲ ဖြစ်သည်။
မိုဝူကျီက ထပ်၍ အနားမယူတော့ဘဲ လင်ဇီး၊ ကောင်းကင် ဂျင်ဆင်း၊ ထင်းရှူးနှင့် အခြားသော အဆင့်၄ ဆေးပင်များကို သန့်စင် လိုက်တော့သည်။
သူ့လို အဆင့်လေး ဆေးလုံးဆရာ တစ်ယောက် အတွက် အဆင့်လေး ဆေးပင်ကို သန့်စင်ရခြင်းက အနားယူခြင်း ဟုပင် ယူဆ၍ ရသည်။
နှစ်နာရီ ကြာပြီးနောက်တွင် မိုဝူကျီက အဆင့်လေး ဆေးပင်များ သန့်စင်မှုနှင့် ထုတ်ယူခြင်း အပိုင်းကို ပြီးစီး သွားလေပြီ။ ထို့နောက် ဆေးအဆီ အနှစ်များကို ကျောက်စိမ်း ပုလင်းထဲ ထည့်လိုက်တော့သည်။
သူက မီးဖိုကို သန့်ရှင်းလိုက်ပြီး မိုဝူကျီက သူ့မီးဖိုရှိ အက်ရာ အသေးလေးကို သတိပြုမိ လိုက်သည်။ ထိုမီးဖိုသည် ကျန်းရှောက်ခယ်ဆီမှ လက်ဆောင် ရထားတာ ဖြစ်ပြီး အဆင့်နိမ့် ဝိညာဉ် ပစ္စည်းဟု ယူဆ၍ ရသည်။ ဆေးပင်လေး သန့်စင်ရုံဖြင့် ပျက်စီး သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
မိုဝူကျီက မီးဖိုပျက်စီး သွားသည့် ကိစ္စကို စိတ်ထဲ မထားပေ။ မီးဖို အစုတ်လေးကို သိမ်းထား လိုက်ပြီး ဆေးဖော်စပ်ရေး ကိရိယာများကို ထုတ်ယူ လိုက်တော့သည်။ ဆေးအောင်အောင် မြင်မြင် ဖော်စပ် နိုင်သည်ထက် အရေးကြီးသည့် အရာ မရှိချေ။ ဤအဆင့်ကား အောင်မြင်မှုလား၊ ကျရှုံးမှုလား ဆုံးဖြတ် ပေးမည် ဖြစ်၏။ အကယ်၍ သူသာ ကျရှုံးခဲ့လျှင် ဤဘဝတွင် သူက များစွာလုပ်ဆောင် နိုင်တော့မည် မဟုတ်ပေ။ သူ့ဝိညာဉ် လမ်းကြောင်း ဖွင့်ဆေးက သူ့အား ယနေ့ထိ ဖြစ်လာအောင် ကူညီပေးခဲ့တာ ဖြစ်၏။ သို့သော် ထိုအရာက ကူညီနိုင်မည့် ကန့်သတ်ချက်လည်း ရှိပေလိမ့်မည်။
ဆေးလုံး ဖော်စပ်ခြင်းနှင့် နှိုင်းယှဉ်လျှင် မိုဝူကျီက ဆေးများ ဖော်စပ်ရာ၌ ပို၍ အကျွမ်းဝင်၏။ သူက သာမန်ဆေးပင် ဆယ်ပင်လောက် သန့်စင်ပြီးသည့် နောက်တွင် သူက ဝိညာဉ် ဆေးပင် အဆီအနှစ်များထဲ ထည့်ပေါင်း လိုက်တော့သည်။
မိုဝူကျီက ထိုအဆင့်ကို မျက်လုံး ပိတ်ထား လျက်နှင့်ပင် လုပ်နိုင်သော်လည်း အမှားတစ်ခုမှ မလုပ်မိစေရင် မျက်လုံး ကျယ်ကျယ် ဖွင့်ကာ ပြူးထား လိုက်သည်။
လေးနာရီ အတိ ကုန်ဆုံးပြီး နောက်တွင် ဖြေဆေးက အောင်အောင်မြင်မြင် ဖော်စပ်ပြီး သွားလေပြီ။ သူတို့ကို မိုဝူကျီ ပြင်ဆင်ထားသည့် ပုလင်းငယ်လေး များထဲတွင် ထည့်လိုက်သည်။ ပုလင်း တစ်ပုလင်း ချင်းစီ၏ အရွယ်အစားက လူကြီး တစ်ယောက် လက်သန်း အရွယ်ပင် မရှိချေ။
ဤတစ်ကြိမ်တွင် မိုဝူကျီက ဝိညာဉ် လမ်းကြောင်း ဖွင့်ဆေး ၁၂ ပုလင်းကို အောင်မြင်စွာ ဖော်စပ် နိုင်လိုက်သည်။
ပုလင်း ၁၂ ပုလင်း ရလာသည့်အခါ မိုဝူကျီက စိတ်လှုပ်ရှားစွာဖြင့် ပုလင်း တစ်ပုလင်း ဆွဲယူပြီး မော့ချ လိုက်တော့၏။
မိုဝူကျီ မခံစားရတာ ကြာနေပြီ ဖြစ်သည့် ရင်းနှီးလှသော အပူလှိုင်းလေးက လည်ချောင်း တစ်လျှောက် ဖြတ်စီးဆင်း လာသည်။ သို့သော်လည်း မိုဝူကျီက နာကျင်မှု များစွာ မခံစားရပေ။ ထို့အစား ပျော်ရွှင်လွန်း၍ ဝမ်းသာမှု မျက်ရည်များသာ စီးကျလု မတတ် ဖြစ်လာလေ၏။
သူ့ထင်မြင်ချက်က နောက်တစ်ကြိမ် ထပ်မှန် သွားလေပြီ။ သူ့ကျင့်ကြံဆင့် မြင့်လာသည်နှင့် အမျှ သူ့ချီ သွေးကြောများ အရေအတွက်လည်း တိုးမြင့် လာပေ၏။ ထို့ကြောင့် သူက ဝိညာဉ် လမ်းကြောင်း ဖွင့်ဆေးမှ များစွာ မျှော်လင့်မိခြင်း ဖြစ်သည်။
ဤတစ်ကြိမ် သူ့ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးက အရင်နှစ်ကြိမ် ကထက် များစွာ ပိုကောင်းပေသည်။ ဤတစ်ခါ ဝိညာဉ် လမ်းကြောင်း ဖွင့်ဆေးသည် မိုဝူကျီအတွက် များစွာ အရည်အသွေး ကောင်းလာ၏။
အပူလှိုင်းလေးက သူ့ခန္ဓာထဲမှ ချီသွေးကြော အသစ်ဖွင့်ရန် မာန်ဟုန် ပြင်းပြင်းဖြင့် တိုက်ရိုက် စီးဆင်း သွားသည်။
မိုဝူကျီက လက်သီး ဆုပ်ထားလိုက်ကာ သူ့ချီ သွေးကြောများကို အပြည့်အဝ ဖွင့်နိုင်ဖို့ရာ လျှပ်စီး လိုအပ် နေသေး၏။
မိုဝူကျီ ကောင်းကင်ဖွေရှာ နန်းတော်သို့ ရောက်ရှိသည်မှာ ခုနစ်ရက် တစ်ပတ်ခန့် ဖြစ်ကာ သူ့အိမ်မှ မထွက်လာသည် ကလည်း ထိုမျှ ဖြစ်၏။ ခုနစ်ရက်အတွင်း သူက အစောပိုင်းမှ ဆေးပင် အားလုံးကို ပြီးစီးခဲ့ပြီး ဝိညာဉ် လမ်းကြောင်းဖွင့် ဆေး ၃၆ ပုလင်းကို ဖော်စပ်နိုင် လိုက်သည်။
“ဆေးလုံး ဆရာမို အဆင်ပြေရဲ့လား...” မိုဝူကျီ သူ့ခြံဝင်းထဲမှ ထွက်လာသည့် အခိုက်အတန့် ပုံမှန်ခန္ဓာ ဖွဲ့စည်းပုံနှင့် ခပ်ရိုးရို လူတစ်ယောက်က အပြင်တွင် ရပ်နေလေ၏။ ထိုလူငယ်က မိုဝူကျီကို အံ့ဩတကြီး ကြည့်နေပြီး သူ့ကို စိုးရိမ်နေကြောင်း သိသာလှသည်။
မိုဝူကျီက နေရာကို သန့်ရှင်း ပြီးသော်လည်း သူ့ဆံပင်နှင့် မုတ်ဆိတ်များကို မသန့်ရှင်း ရသေးပေ။
“ညီလေးချောင်လား..” မိုဝူကျီက သူ့မျက်စိရှေ့မှ လူငယ်ကို မမှတ်မိခင် ကြောင်သွားမိသည်။ သူနှင့်အတူ လှေကား ရှစ်ထစ်တွင် ရပ်နေခဲ့သော ချောင်ပုဟိန် ဖြစ်၏။
မိုဝူကျီက ချောင်ပုဟိန်သည် အပိုင်း (ဃ) တွင် နေမှန်း သိသော်လည်း သူ့တည်နေရာ အတိအကျတော့ မသိချေ။
မိုဝူကျီက သူ့ကို မှတ်မိသည်ကို မြင်၍ ချောင်ပုဟိန်က အားရပါးရ ပြုံးဖြီးရင်း ပြောလိုက်သည်။
“ဟုတ်ပါတယ်ဗျ၊ ကျွန်တော်က ချောင်ပုဟိန်ပါ၊ အစ်ကိုမို အိမ်ထဲက ထွက်မလာတာ ရက်အတော် ကြာနေပြီးတော့ အရမ်း ပင်ပန်းနေပုံ ပေါ်နေလို့ တစ်ခုခုများ ဖြစ်နေတာလားလို့ လာမေးကြည့်မို့ ပါဗျာ...”
မိုဝူကျီက ချောင်ပုဟိန်သည် ဤကောင်းကင်ဖွေရှာ နန်းတော် တစ်ခုလုံးတွင် သူ့အား အိမ်ထဲမှ မထွက်သည်ကို သတိရပေးသည့် တစ်ဦးတည်းသော သူ ဖြစ်ကြောင်း သိ၍ အနည်းငယ် စိတ်လှုပ်ရှားမိ သွားသည်။ ချောင်ပုဟိန်၏ ကျင့်ကြံဆင့်မှာ မိုဝူကျီနှင့် အဆင့်တူ ဖြစ်သော်လည်း သူက တခြား လူများရှေ့တွင် နှိမ်ချတတ်သော ရိုးသားသည့် အမျိုးသား ဖြစ်လေ၏။ အဆင့်တူ ရှိနေသော မိုဝူကျီကိုပင် စီနီယာဟု အမည်တပ် ခေါ်ဝေါ်သေး၏။
“စီနီယာမို ... အကြီးအကဲ တစ်ယောက်က ပညာရပ် ခန်းမမှာ တာအို နည်းလမ်းတွေကို ပို့ချပေးမယ်တဲ့၊ တကယ်လို့ အစ်ကိုသာ စိတ်ဝင်စားရင် ကျွန်တော်တို့ အတူတူ သွားရအောင်လေ....” ချောင်ပုဟိန်က သတိတရ မေးမြန်းလိုက်သည်။
မိုဝူကျီသည် ချောင်ပုဟိန် ပြောပုံအရ ထိုသည်က သူ့ကို လာရှာသည်မှာ ပထမဆုံး အကြိမ် မဟုတ်ကြောင်း ပြောနိုင်၏။
“ဂျူနီယာချောင် ပြောပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. ... ကျုပ်က အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်ကို အရင် သွားချင်သေးလို့ အတန်းကို နောက်မှ လိုက်ခဲ့ပါ့မယ် ...” မိုဝူကျီ၏ အဓိက ဦးစားပေးကား သင်ခန်းစာများ နားထောင်မည့် အစား ချီသွေးကြော များများ ပိုဖွင့်နိုင်ရန် ဖြစ်၏။
ချောင်ပုဟိန်က မြန်မြန် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ အဲဒါဆိုလည်း စီနီယာမိုကို မနှောင့်ယှက် တော့ပါဘူး...”
သူ့စကား အဆုံးတွင် ချောင်ပုဟိန်က သူသာ ကြာကြာ နေမိလျှင် မိုဝူကျီ ဒေါသ ထွက်သွားမည်ကို စိုးဟန်ဖြင့် လှည့်ထွက် သွားလေ၏။
မိုဝူကျီက ချောင်ပုဟိန်ကို စာနာမိ၏။ ရိုးသားပြီး အခြား သူများထက် သိမ်ငယ်သည့် သူအတွက် ကောင်းကင်ဖွေရှာ နန်းတော်ကဲ့သို့ နေရာတွင် များစွာ အောင်မြင်ဖို့ရာ ခက်ခဲ ပေလိမ့်မည်။
မိုဝူကျီက ချောင်ပုဟိန်ကို ဆက်၍ စိတ်မပူပေး နိုင်တော့ပေ။ သူ့အတွက်ကိုသာ စိတ်ပူပင် ရဦးမည်။
ကောင်းကင်ဖွေရှာနန်းတော် အင်မော်တယ် လေ့ကျင့်ရေး မျှော်စင် …
မိုဝူကျီက မျှော်စင်ရှေ့ ရပ်နေရင်း အနည်းငယ် စိတ်လှုပ်ရှားမိ နေသည်။ လွန်ခဲ့သည့် နှစ်ဝက်ခန့်က စွန်ဖျားမြို့ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်တွင် ချီသွေးကြောများ ဖွင့်စဉ် သူသည် ဘယ်သောအခါမှ ကောင်းကင်ဖွေရှာ နန်းတော်မှ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်လိုမျိုး နေရာသို့ ရောက်လာ နိုင်မည်နည်းဟု စိတ်ကူးယဉ် တွေးတောဖူး၏။
တစ်နှစ်ပင် မရှိသေးသည့် အချိန်အတွင်း သူသည် ကောင်းကင်ဖွေရှာ နန်းတော်၏ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်ရှေ့တွင် မတ်မတ် ရပ်နေလိမ့်မည်ဟု မျှော်လင့် မထားပေ။
စွန်ဖျားမြို့၏ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင် ပုံပွားနှင့် ယှဉ်လျှင် ကောင်းကင်ဖွေရှာ နန်းတော်၏ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်က အစစ်အမှန် လေ့ကျင့်ရေး မျှော်စင် ဖြစ်၏။
အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်ရှေ့ရှိ နေရာကား ခမ်းနားကြီးကျယ် လှသည်။ ဤနေရာရှိ ကျင့်ကြံသူ တစ်ယောက်ချင်းစီတွင် အားကောင်းသော အငွေ့အသက်များ ရရှိနေလေ၏။ ဤနေရာရှိ ကျင့်ကြံဆင့် အနိမ့်ဆုံးလူမှာ သူ ဖြစ်လောက်ကြောင်း ခန့်မှန်းမိသည်။
ကျင့်ကြံဖို့ရာ အတွက် ဝင်ထွက် နေကြသော လူတန်းလိုက်ကြီး ရှိနေသည်။ မိုဝူကျီက အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်၏ စာရင်းသွင်းသည့် နေရာသို့ ရောက်သောအခါ …
“လျှပ်စီးအခန်း အတွက် နှစ်နာရီ ဘယ်လောက် ကုန်ကျမလဲဗျ....”
“ရှင်က ဂိုဏ်းရဲ့ အမှတ်ကို သုံးမှာလား ဒါမှမဟုတ် စိတ်စွမ်းအင် ကျောက်တုံးနဲ့ ပေးချေမှာလား...” လက်ခံသူသည် ကျင့်ကြံသူ မိန်းမငယ်လေး ဖြစ်ကာ ချိုသာ အေးချမ်းသော အသံရှိ၏။
မိုဝူကျီက ဂိုဏ်းသို့ ဝင်လာသော်လည်း ဝင်လာပြီး နောက်တွင် သူက ဝိညာဉ် လမ်းကြောင်းဖွင့်ဆေး ဖော်ဖို့ရာသာ အာရုံ ရောက်နေခဲ့၏။ ထိုအမှတ်များက ဘယ်နေရာက ခုန်ပျံရောက်လာ မည်နည်း။ ထိုမိန်းမငယ်လေးက မေးလိုက် သောကြောင့် အလျင်အမြန် ပြန်ဖြေ လိုက်ရ၏။
“စိတ်စွမ်းအင် ကျောက်တုံးနဲ့ ပေးချင်ပါတယ်...”
အမျိုးသမီးက ပြုံးလိုက်ပြီး …
“အဲဒါဆို ဘယ်လျှပ်စီး အခန်းများ လိုချင်တာလဲရှင့် ... ဒီမှာ အဆင့်နိမ့်၊ အလယ်အလတ် အဆင့်၊ အဆင့်မြင့်နဲ့ သာလွန်အဆင့် ဆိုပြီး ရှိသေးတယ် ...”
မိုဝူကျီက စွန်ဖျားမြို့တွင် သူသွားခဲ့သည့် အခန်းက အဆင့်နိမ့် လျှပ်စီးအခန်း ဖြစ်ကြောင်း သေချာ၏။ ယခု သူက စိတ်စွမ်းအားနှင့် အားအင်များ သိသိသာသာ တိုးတက်လာပြီး အဆင့် ၇ ဆေးပင်များကို သန့်စင်နိုင်သည့် အချက်ပါ ထည့်တွက် လိုက်လျှင် အလယ်အလတ် လျှပ်စီးအခန်းကို ရွေးချယ်ဖို့ရာ သူ့အတွက် ပြဿနာ မဟုတ်လောက်ချေ။
“အလယ်အလတ် လျှပ်စီးအခန်း လိုချင်ပါတယ် ...” မိုဝူကျီက အလယ်အလတ် လျှပ်စီး အခန်းသာ ရွေးချယ်လိုက်ပြီး ယုံကြည်ချက် ရှိရှိ ပြောလိုက်သည်။
မိန်းမငယ်လေးက ချစ်စဖွယ် ပြုံးလိုက်ပြီး …
“အလယ်အလတ် လျှပ်စီးအခန်းက နှစ်နာရီစာ အတွက် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၂၀၀ ကျပါ့မယ်ရှင့်...”
မိုဝူကျီက ကြားလိုက်ရသည့် ဈေးနှုန်းကို မယုံကြည်နိုင်စွာဖြင့် ပြန်ပြော လိုက်သည်။
“ဒီလောက်တောင် ဈေးကြီးတယ်လား....”
မေးခွန်းထုတ်စရာ မလိုအပ်ဘဲ မိုဝူကျီက စွန်ဖျားမြို့၏ ဒုတိယ လျှပ်စီး အခန်းသည် အလယ်အလတ် လျှပ်စီးအခန်း ဖြစ်ကြောင်း သိလိုက်ရ၏။ သို့သော်လည်း ဈေးနှုန်းက ဤနေရာလောက် မရှိပေ။
မိန်းမငယ်လေးက ပြုံးထားဆဲ ဖြစ်ပြီး စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
“ဂိုဏ်းရဲ့ အမှတ်တွေကို သုံးပြီးတော့ အခန်းကို ရွေးလို့လည်း ရပါတယ်၊ အလယ်အလတ် လျှပ်စီးအခန်း အတွက် နှစ်နာရီကို အမှတ် ၂၀၀ ကျသင့်ပါ့မယ်၊ ဒီမှာ စိတ်စွမ်းအင် ကျောက်တုံး သုံးတဲ့လူ တချို့တော့ ရှိပေမဲ့ အများစုက အမှတ်နဲ့ပဲ လဲလှယ်ကြတယ် ... ”
အခု အမှတ် ပြေးရှာရမည်လား ... မိုဝူကျီက ချီသွေးကြော ဖွင့်ခြင်းကို မနှောင့်နှေးလိုပေ။ ထို့ကြောင့် မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံး ၂၀၀၀ကို ထုတ်ယူပြီး ပြောလိုက်သည်။
“နာရီ ၂၀ စာ အတွက် စာရင်း သွင်းပါ့မယ် ... ”
မိန်းမငယ်လေးက မိုဝူကျီကို ထူးဆန်းစွာ ကြည့်လိုက်ပြီး …
“စိတ်စွမ်းအင် ကျောက်တုံးနဲ့ ပေးချေရင် မတန်မှန်း သိရက်နဲ့ နာရီ ၂၀စာ စာရင်းသွင်းတာ ဆိုတော့ ရှင်က လူချမ်းသာပဲ ဖြစ်ရမယ် ...”
“ရေခဲ အခန်းများ ရနိုင်ဦး မလား ...” နောက်ထပ် အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်က ပြောလိုက်ကာ နူးညံ့လှသည့် အသံလေးက မိုဝူကျီဘေးမှ တိုးဝှေ့သွား၏။
***