ရှင်သေချာပေါက် သေလိမ့်မယ်
Vol. 12 Ch. 159
မိုဝူကျီက အမှတ်မထင် လှည့်ကြည့် လိုက်သောအခါ အံ့ဩတကြီး ဖြစ်သွားလေ၏။ ပျောက်ဆုံးနယ်မြေ တစ်ခုလုံး သို့မဟုတ် ကမ္ဘာမြေ တစ်ခုလုံးတွင် မိုဝူကျီက ထိုမျှ လှပသော အမျိုးသမီးကို မမြင်တွေ့ဖူးပေ။
သူမ၏ မထူးမခြားနားဖွယ် အမူအရာက နှလုံးခုန် မြန်စေသည့် သူမ မျက်နှာ အစိတ်အပိုင်းများနှင့် အချိုးကျသော ကောက်ကြောင်းကို ဖုံးမထားနိုင်ချေ။ ပြေပြေလေးနှင့် လှပသော မျက်ခုံး နှစ်ဖက်က အစ ကြည်လင် တောက်ပနေသော မျက်ဝန်းလေး၊ ဖြောင့်စင်း နေသည့် နှာတံလေး အပါအဝင် သူမ သွင်ပြင်က လက်ရာမြောက် အနုပညာ တစ်ခုကဲ့သို့ ခြွင်းချက်မရှိ ပြီးပြည့်စုံလှ၏။ သူမ၏ အနီရောင်နှုတ်ခမ်း ဖူးဖူးလေးက သူမ အလှတရား အားလုံးကို ပို၍ ပြီးပြည့်စုံ စေသည်။
မိုဝူကျီက ကိုယ်ရောင်ကိုယ်ဝါ ဖြာထွက်နေသော သူမကို ကြည့်နေရင်း …
“ဟာရက နတ်သမီး” ကို အမှတ် ရမိစေ၏။
လူတစ်ယောက်က ထိုမျှ လှပရက်သည်လား…
“ဒီက တာအိုမိတ်ဆွေ ရှင့်ရဲ့ ကျောက်စိမ်းပြား…” မိုဝူကျီ၏ အမူအရာကို မြင်ပြီး အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်မှ ချစ်စရာ မိန်းမငယ်လေးက သူ့ကို လှမ်းခေါ်လိုက်သည်။ သူမက မိုဝူကျီသည် မလေးမစား ပြုမူနေသည်ဟု မတွေးပေ။ ထို့အပြင် သူမလည်း စီနီယာ အစ်မစုယင်ကို မြင်မြင်ချင်းက အမှန်တကယ် အံ့ဩတကြီး ဖြစ်သွားဖူး၏။
မိုဝူကျီ စိုက်ကြည့်ခြင်း ခံရသောကြောင့် အမျိုးသမီး ကျင့်ကြံသူက မျက်မှောင်ကြုတ် မိသွားသည်။ မိုဝူကျီက အသိစိတ် ပြန်ကပ်လာပြီး သူမကို အားနာစွာ ပြုံးပြလိုက်သည်။
ထို့နောက် သူက လျှပ်စီးအခန်း ကျောက်စိမ်းပြားကို လက်ခံ ယူလိုက်ပြီး …
“ကျေးဇူး”
ဟု ရိုးရှင်းစွာ ပြောပြီး မြန်မြန် ထွက်သွားလေ၏။
သူ့တွင် ထိုအမျိုးသမီးနှင့် ပတ်သတ်၍ အတွေးများစွာ မရှိပေ။ အမျိုးသမီး တစ်ယောက်က ထိုမျှ လှလှပပ ကြီးပြင်း လာရလားဟုသာ အံ့ဩမိသွားခြင်း ဖြစ်၏။ သူ့အတွေး ထဲတွင်ပင် ထိုသို့ အလွန် လှပသော အမျိုးသမီးကို စိတ်ကူးယဉ် မကြည့်ဖူးပေ။
လှပပြီး လတ်ဆတ် လှသော ပန်းလေး တစ်ပွင့်ကဲ့သို့ သို့မဟုတ် ဘဝင်ခိုက် စေသည့် မြင်ကွင်း တစ်ခုကဲ့သို့ အကြည့် လွှဲရက်မည် မဟုတ်ပေ။
“ရှင်က အလယ်အလတ် အဆင့် လျှပ်စီးအခန်း နံပါတ် ၃နော် ... မေ့မနေနဲ့ဦး ... ” မိုဝူကျီ အလောတကြီး ထွက်သွားသည်ကို မြင်၍ ချစ်စဖွယ် မိန်းမငယ်လေးက သူမ၏ ထူးခြား ချိုမြိန်သော အသံလေးဖြင့် လှမ်းသတိပေး လိုက်သည်။
မျက်မှောင်ကြုတ် နေသည့် အမျိုးသမီး ကျင့်ကြံသူက ထိုစကား ကြားသောအခါ မမေးဘဲ မနေနိုင်တော့ချေ။
“သူက အလယ်အလတ် အဆင့် လျှပ်စီး အခန်းကို သွားမှာလား ... ”
“ဟုတ်ပါတယ်ရှင့် ... ” မိန်းမငယ်လေးက လေးလေးစားစား ပြန်ဖြေလိုက်သည်။ ထို့နောက်တွင် သူမက ထပ်ပေါင်း ပြောလိုက်သည်။
“ပြီးတော့ အလယ်အလတ် ရေခဲ အခန်းလည်း ကျန်ပါသေးတယ်ရှင့် ... စီနီယာ မမစုယင်ရဲ့ အင်မော်တယ် လေ့ကျင့်ရေး အမှတ်အသားပြား တစ်ချက်လောက် ပေးလို့ ရမလားရှင့် ... ”
မိန်းမလှလေး စုယင်က ကျောက်စိမ်းပြား ထုတ်ပြီး လှမ်းပေးလိုက်သည်။
“လေးနာရီဆို ရပြီ ... ”
သူမက မိုဝူကျီ အကြောင်း တွေးမိနေဆဲ ဖြစ်၏။ သူ့၏ မလေးမစား အကြည့်ကြောင့် မဟုတ်ချေ။ လက်တွေ့တွင် သူမကို ကြည့်ကြသော သူများတွင် မိုဝူကျီက အယဉ်ကျေးဆုံး ဟုပင် ယူဆ၍ ရသေးသည်။ သူမ သွင်ပြင်ကြောင့် ဖမ်းစားခံလိုက် ရပြီးနောက် သူက အချိန်တိုအတွင်း ပြန်လည် အသိစိတ် ဝင်လာခဲ့ပြီး မလေးမစား အမူအရာ ဘာမှ မလုပ်ခဲ့ပေ။ မိုဝူကျီကို တွေးမိနေသည့် အဓိက အကြောင်း ပြချက်ကား မိုဝူကျီသည် အလယ်အလတ် အဆင့် လျှပ်စီး အခန်းကို ရွေးချယ်ခြင်းကို မယုံကြည်နိုင်၍သာ ဖြစ်၏။
မိုဝူကျီ ဝန်းကျင်တွင် ဝိညာဉ် စွမ်းအားလှိုင်း တည်ရှိ မနေချေ။ သူ့ဝိညာဉ်ကြောမှာ အဆင့်နိမ့် ဝိညာဉ်ကြော ဖြစ်ကြောင်း သိသာလှ၏။ ထို့အပြင် သူမက သူ့ဆီမှ သဘာဝ စွမ်းအားများ သို့မဟုတ် ကျင့်ကြံသူ တစ်ယောက်ဆီမှ အရှိန်အဝါ အငွေ့အသက်များ တစ်ခုကိုမှ မခံစားမိပေ။ ထိုသည်က သူ့ကျင့်ကြံဆင့် နိမ့်ခြင်းကို ညွှန်ပြနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက မိုဝူကျီသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူ ဖြစ်ရမည်ဟု ကောက်ချက် ချလိုက်တော့သည်။
ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူ တစ်ယောက် အတွက် အခြေခံအဆင့် လျှပ်စီးအခန်းသို့ သွားရင်ပင် အန္တရာယ် များနေလေပြီ။ အလယ်အလတ် လျှပ်စီးအခန်းဆီ သွားခြင်းက သေခြင်းတရားကို လိုက်ရှာ နေသည်နှင့် မတူပေဘူးလား …
ထိုအတွေးက သူမ စိတ်ထဲ ဝင်ရောက် လာလိုက်သေး၏။ ထို့နောက်တွင် သူမက စိတ်ထဲမှ ထုတ်လိုက်ပြီး ကျောက်စိမ်းပြား ယူဆောင်၍ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်ဆီ သွားလိုက်တော့သည်။
အလယ်အလတ် အဆင့် လျှပ်စီး အခန်းသည် အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်၏ ၁၂လွှာတွင် တည်ရှိသည်။ မိုဝူကျီက ၁၂လွှာသို့ ရောက်သောအခါ သူက ပုံတူနှင့် အစစ်အမှန် ကြားမှ ကွာခြားချက်ကို နားလည် သွားတော့သည်။
၁၂လွှာ တစ်ထပ်လုံးကား လမ်းကျဉ်းလေး ပါ၏။ ထိုလမ်းဘေး တစ်ဖက်စီတွင် လေ့ကျင့်ရေး အခန်း ၂၀ကျော် ပါဝင်ပေသည်။ လေ့ကျင့်ရေး တစ်ခန်းချင်းစီတွင် “အလယ်အလတ် အဆင့် လေအခန်း”၊ “အလယ်အလတ် အဆင့် ရေခဲအခန်း” စသည့် နာမည်များ ကပ်ထားလေ၏။
သို့သော်လည်း ထိုမျှ နေရာ အကျယ်ကြီးထဲတွင် မိုဝူကျီက လူနှစ်ယောက်၊ သုံးယောက်သာ တွေ့ရသည်။
မိုဝူကျီက ၁၂လွှာကား ထူးခြားသဘာဝ ဝိညာဉ်ကြောများ လေ၊ လျှပ်စီးနှင့် ရေခဲအတွက် အလယ်အလတ် အဆင့် လေ့ကျင့်ရေး အခန်းများသာ ပါဝင်ကြောင်း သိလိုက်ရသည်။ မကြာခင်တွင် သူသွားရမည့် လျှပ်စီး အခန်း ၃ကို တွေ့လိုက်ရသည်။
မိုဝူကျီက လျှပ်စီးအခန်း ၃ တံခါးဆီ လျှောက်သွား လိုက်သည့်အခါ စွန်ဖျားမြို့မှ လျှပ်စီး အခန်းနှင့် တူညီကြောင်း သိလိုက်၏။ ကျောက်စိမ်းပြား ထည့်ဖို့ရာ အတွက် တံခါးမြောင်းလေး ပါဝင်သည်။
မိုဝူကျီလက်က တုန်ယင်နေပြီး တံခါးမြောင်းထဲ ဖြည်းဖြည်းချင်း ချလိုက်တော့သည်။ သူက စိတ်ထဲတွင် နည်းနည်း စိုးရိမ်နေမိသည်။ သူ့ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးက သေချာပေါက် အလုပ် ဖြစ်သော်လည်း ချီသွေးကြော မဖွင့်နိုင်ခင် အထိ အရာအားလုံးက မသေချာသေးပေ။
အကယ်၍ သူက ၇၃ခုမြောက် ချီသွေးကြောကို ဖွင့်နိုင်ခဲ့လျှင် ချီသွေးကြာ ၁၀၀အထိ ဖွင့်နိုင်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပါလား …
ပျောက်ဆုံးနယ်မြေ တစ်ခုလုံးတွင် ဝိညာဉ် လမ်းကြောင်း ၉၉ထိ ဖွင့်နိုင်ခြင်းသည် ပါရမီရှင်များ ကြားမှ ပါရမီရှင် ဖြစ်နေကာ ဇာမဏီကဲ့သို့ ရှားပါးလှသော တည်ရှိမှုမျိုး ဖြစ်သည်။ အကယ်၍ သူက ချီသွေးကြော ၁၀၀ထိ ဖွင့်နိုင်ခဲ့လျှင် မည်သို့ ဖြစ်လာမည်နည်း။
“ခဏနေပါဦး ... ရှင်က ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် မလား ... ” အရမ်းရမ်း ချိုမြိန်သည့် အသံလေးက သူ့အား လှမ်းခေါ်လိုက်သည်။
မိုဝူကျီက ရင်သပ် ရှုမောဖွယ် အလှလေးကို လှည့်ကြည့် လိုက်သည်။ ဤအကြိမ်သည် သူမအား ဒုတိယအကြိမ် တွေ့ခြင်း ဖြစ်သော်လည်း နှလုံးခုန် တစ်ချက်တော့ မြန်သွားသေး၏။
“စီနီယာ အစ်မက ကျွန်တော့ကို မေးတာလား ... ဟုတ်ပါတယ်ဗျ ... ကျွန်တော်က ဝိညာဉ် လမ်းကြောင်း အဆင့်မှာပါ ... ” မိုဝူကျီက တုံ့ဆိုင်း တုံ့ဆိုင်း ပြန်ဖြေလိုက်သည်။
သူက ဤအလှလေးကို မသိပေ။
ငါ့နှုတ်ခမ်းမွေးက အရမ်း ယောက်ျား ဆန်နေတာ များလား ... ပြီးတော့ အလှလေးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင် နိုင်တာများလား …
အလှလေး၏ တုံ့ပြန်မှုက သူ့စိတ်ကူးယဉ်မှု အားလုံးကို တစ်စစီ ကွဲကြေ သွားစေသည်။
“ရှင်က တကယ်လို့ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ကျင့်ကြံသူ ဆိုရင် အလယ်အလတ် အဆင့် လျှပ်စီးအခန်း ဝင်ရင် သေချာပေါက် သေလိမ့်မယ် ... ”
ထိုသို့ ပြောပြီးနောက် အမျိုးသမီးက ထပ်မပြောတော့ဘဲ ဘေးအခန်းမှ တံခါးမြောင်းထဲ သူမ ကျောက်စိမ်းပြားကို ထည့်လိုက်တော့သည်။
မိုဝူကျီက ထိုအခန်းသည် အလယ်အလတ် အဆင့် ရေခဲအခန်း ဖြစ်ကြောင်း သတိပြုမိ လိုက်သည်။
“ကျေးဇူး အများကြီး တင်ပါတယ်ဗျ ... ”မိုဝူကျီက ပြုံးရင်း ကျောက်စိမ်းပြားကို တံခါးမြောင်းထဲ ထည့်လိုက်လေသည်။ အခန်း ၃ တံခါးက ဖြည်းဖြည်းချင်း ပွင့်သွားပြီး မိုဝူကျီက အထဲသို့ ဝင်သွား လိုက်တော့သည်။
အမျိုးသမီးက ပါးစပ် အဟောင်းသား ဖြစ်သွားပြီးနောက် ခေါင်းကို ခါလိုက်တော့၏။ သူမရှေ့တွင် မိုဝူကျီက လျှပ်စီးအခန်းထဲ ဝင်သွားတာသာ မဟုတ်လျှင် သူမက မိုဝူကျီသည် ဟန်ဆောင် နေသည်ဟုပင် ထင်လောက်၏။ ထို့အပြင် သူမရှေ့တွင် ထိုသို့ ဟန်ဆောင်ပန်ဆောင် လူများက များပြားလှ၏။
သူမက မိုဝူကျီကို သတိပေး လိုက်သော်လည်း တစ်ဖက်လူက အရေးထားဖို့ရာ အလိုမရှိချေ။ ထို့သို့ဆိုလျှင် သူမလည်း မတတ်နိုင်တော့ပေ။ အလယ်အလတ် ရေခဲအခန်းကို ဖွင့်လိုက်ပြီး အထဲသို့သာ ဝင်သွား လိုက်တော့သည်။
မိုဝူကျီက အလယ်အလတ် အဆင့် လျှပ်စီးအခန်းထဲ ဝင်လိုက်သည့် အခါ အခန်းအကျယ်ကို ကြည့်ပြီး အံ့အားသင့်မိ သွားသည်။ စွန်ဖျားမြို့မှ အခန်းထက် အနည်းဆုံး ငါးဆ ကျယ်ဝန်းလေ၏။
နံရံတွင် မောင်းတံများ အစား ခလုတ် အတွဲများ ပါရှိသည်။ ထိုခလုတ်များကြောင့် ခေတ်သစ် ထိန်းချုပ်ရေး အခန်းနှင့် ဆင်နေလေသည်။
အကြမ်းထည် လျှပ်စီး စစ်ဆေးခြင်း၊ သဲမှုန်လျှပ်စီး စစ်ဆေးခြင်း၊ ရွှံ့လျှပ်စီး စစ်ဆေးခြင်း၊ ချောက်ချားဖွယ် လျှပ်စီး စစ်ဆေးခြင်း …
လျှပ်စီးပုံစံ မျိုးစုံရှိကာ သီးခြား ရနိုင်သည့် လုပ်ဆောင်ချက်များ ဖြစ်သည့် အချိန် သတ်မှတ်ချက်၊ ကျရောက်နှုန်း၊ လျှပ်စီး အထူအပါး စသည့် အရာများလည်း ပါဝင်သေး၏။
မိုဝူကျီက လေအေးများ ရှုသွင်းလိုက်ပြီး ဈေးနှုန်းက အရမ်း မြင့်နေသည်က အံ့ဩစရာ မရှိတော့ချေ။ အပေါ်ယံနှင့်ပင် ဈေးနှုန်းက မကြီးဘဲ ချိုသာ နေသေး၏။ အကယ်၍ ကောင်းကင်ဖွေရှာ နန်းတော်၏ ကိုယ်ပိုင် အသုံးသာ မဟုတ်လျှင် ဈေးနှုန်းကား ဆယ်ဆ သို့မဟုတ် အဆ ၁၀၀ထိ မြင့်ပေနိုင်သည်။ ကံဆိုးလှစွာ ထိုလုပ်ဆောင်ချက် များက သူ့အတွက် များစွာ အသုံးမဝင်ပေ။
မိုဝူကျီက အကြမ်းထည် လျှပ်စီး စစ်ဆေးခြင်းကိုသာ ရွေးချယ်လိုက်ပြီး တစ်နာရီ အချိန်သတ်မှတ် လိုက်သည်။ သူက လျှပ်စီးကို အသုံးပြု၍ လေ့ကျင့်ရန် ရောက်လာခြင်း မဟုတ်ဘဲ ချီသွေးကြောများ ဖွင့်ရန် အတွက် ဖြစ်သည်။ တစ်နာရီ အချိန်သတ်မှတ် ထားသည့် အကြောင်းမှာ အလယ်အလတ် အဆင့် လျှပ်စီးအခန်းဆီ ပထမဆုံးအကြိမ် ဖြစ်၍ လျှပ်စီးအားက အရမ်းပြင်းနေပြီး မခံနိုင်မှာ စိုးရိမ်၍ ဖြစ်သည်။
သတ်မှတ်ပေးပြီး နောက်တွင် မိုဝူကျီက စတင် ခလုတ်ကို နှိပ်လိုက်တော့သည်။ လျှပ်စီးအား များစွာက ချက်ချင်း ကျရောက်လာပြီး ပြင်းအားက စွန်ဖျားမြို့ထက် အဆများစွာ ပြင်းလေ၏။
မိုဝူကျီက အခန်းအစွန်တွင် ရပ်နေသော်လည်း လျှပ်စီးတချို့က သူ့အား လာထိရိုက်သေး၏။ မိုဝူကျီက အလန့်တကြား ထခုန်မိ သွားသည်။ ဤနေရာသည် စွန်ဖျားမြို့က အရာထက် များစွာ ကွဲပြားသည်။ အန္တရာယ် ကင်းသော နေရာ မပါရှိချေ။ သူ အခန်းကို စလိုက်သည်နှင့် လျှပ်စီးအားများက နေရာ အားလုံးသို့ ကျဆင်း လာတော့သည်။
ထို့အပြင် လျှပ်စီး အားများက စွန်ဖျားမြို့ထက် များစွာ၊ များစွာ၊ များစွာ ပိုပြင်းလေ၏။ ဤအခန်းသည် ကျင့်ကြံသူများကို ဖို့ရာ စီစဉ်ထားဟန် ရသည်။ သို့သော် ထိုအရာက သူ လိုချင်သော အရာ မဟုတ်ပေ။
“ဘမ်းဘမ်းဘမ်း ...” လျှပ်စီးအားများက မိုဝူကျီ အဝတ်အစားများကို တစစီ ဆုတ်ဖြဲပစ် လိုက်လေပြီ။ အားပြင်းသော လျှပ်စီးတချို့က မိုဝူကျီဆီ ရောက်လာပြီး နံရံနှင့် ဘမ်းခနဲ တွေ့သွားလေ၏။ ကံကောင်းလှစွာ သူ့တွင် ကောင်းကင်ကျီး ပိုးချည် ချပ်ဝတ် ရှိနေသေး၏။
မိုဝူကျီက ရပ်တန့် ခလုတ်ကို နှိပ်ချင်သော်လည်း စတင် ခလုတ်သာ ပါဝင်ကြောင်း သိလိုက်ရသည်။ အချိန်ပြည့်မှသာ ရပ်တန့် သွားလိမ့်မည်။
ထိုစဉ် မိုဝူကျီက ချီသွေးကြောများကို ဖွင့်ပြီး ဒဏ်ရာများကို ကုသရန် မည်သို့ ဂရုစိုက် နိုင်မည်နည်း။ သူလုပ်သည့် ပထမဆုံး အရာကား သူ့သိုလှောင်အိတ်ကို ချပ်ဝတ်ထဲ ပြောင်းလိုက်ခြင်း ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများက အရေးမကြီးပေ။ သို့သော် သူ့သိုလှောင်အိတ်သာ ပျက်စီးသွားပါက သွားလေပြီ။
လွန်ခဲ့သည့် တစ်ပတ်အတွင်း သူက ဝိညာဉ် ဆေးပင်များကို သန့်စင်ပြီး ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးပုလင်း ၃၆ ပုလင်းကို ရရှိခဲ့သည်။ ကျောက်စိမ်း မီးတောက် အသေးလေးနှင့် ခရမ်းဟုန် ကြာရိုးတို့က ဝိညာဉ် လမ်းကြောင်းဖွင့် ဆေး၁၂ ပုလင်းအတွက် ရရှိခဲ့၍ တစ်ခုချင်းစီ အတွက် ၃ခု သုံးထားရ၏။ သို့သော် သူ့လက်ကျန် ခရမ်းဟုန် ကြာပန်းနှင့် ကျောက်စိမ်း မီးတောက်တို့က သိုလှောင် အိတ်ထဲတွင် ရှိနေသေးသည်။ အကယ်၍သာ ပျက်စီး သွားပါက ဘယ်ဆေးကို သူဖော်စပ် ရမည်နည်း။
သူ့သိုလှောင်အိတ်ကို သိမ်းလိုက်သည့် အခိုက်အတန့်တွင် လျှပ်စီးကြောင်းက သူ့ဆီ ဆင်းသက် လာလေ၏။ ဤတစ်ကြိမ်တွင် မိုဝူကျီက အခွင့်အရေးကို မဖြုန်းတီးတော့ဘဲ လျှပ်စီးကို သူ့ချီသွေးကြော အသစ်ဆီ ပို့လွှတ် လိုက်တော့သည်။
လျှပ်စီးက သူ့ချီသွေးကြောထဲ ဝင်ရောက်သွားပြီး မိုဝူကျီကို အံ့အားသင့် သွားစေသည်။ ဤတစ်ကြိမ်တွင် သူ့၌ ဖြစ်နိုင်ချေ အကောင်းဆုံး ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးနှင့် အားအကောင်းဆုံး လျှပ်စီးအား ရှိနေပေသည်။ သို့သော်လည်း ထိုမျှ အားပြင်းသော လျှပ်စီးအောက်တွင် ချီသွေးကြောက အနည်းငယ်မျှသာ ပွင့်သွားကာ တစ်ဆင့်တက်မည့် အနေအထား မရှိချေ။
လျှပ်စီးအားများက သူ့ကို လာထိရိုက် လာသောကြောင့် မိုဝူကျီက အကောင်းဆုံး ကြိုးစားပြီး သူ့ ၇၃ခုမြောက် ချီသွေးကြောထဲ လျှပ်စီးကို ဆွဲယူနေသည်။ ဆုတ်ဖြဲလိုက်သည့် ခံစားချက်နှင့် အတူ သူ့ ၇၃ခုမြောက် ချီသွေးကြောက ကျယ်ပြန့် လာလေ၏။ သို့သော်လည်း ထိုအရာက အဆုံးသတ်ဖြစ်ရာ အပြည့်အဝ ပွင့်မည့် ပုံမရှိချေ။
မိုဝူကျီက ကုသဆေးလုံး ယူလိုက်ပြီး မျိုချလိုက်တော့သည်။ သူ့စိတ်က ဖြည်းဖြည်းချင်း တည်ငြိမ် လာလေ၏။ သူက ချီသွေးကြော ၇၃ခုမြောက် ဖွင့်တာ ဖြစ်ပြီး ၇ခုမြောက် မဟုတ်ပေ။ အကယ်၍ သူက ၇၃ခုမြောက် ချီသွေးကြောကို ဖွင့်ဖို့ရာ လွယ်ကူလွန်း နေလျှင် ပါရမီရှင် ဖြစ်ဖို့က ငှက်ပျောသီး အခွံခွာစားနေ သလို ဖြစ်မနေဘူးလား …
သူ့ပေါ်သို့ တစ်ချက်ပြီး တစ်ချက် ကျဆင်း လာလေ၏။ သူ့ချပ်ဝတ်နှင့်ပင် မိုဝူကျီ ခန္ဓာကိုယ်ကား ဒဏ်ရာဗရပွ ဖြစ်နေလေပြီ။ သူ့အရိုးများက ကျိုးလိုက် ပြန်ကောင်းလိုက်၊ ပြန်ကောင်းလိုက် ကျိုးလိုက်ဖြင့် သံသရာ လည်နေ၏။ သူ့တစ်ကိုယ်လုံးတွင် သွေးနီများ စွန်းနေသော်လည်း ချက်ချင်း လက်ငင်း ထိုလတ်လတ်ဆတ်ဆတ် သွေးများက ကြက်သွေးရောင် အဖြစ် လောင်ကျွမ်း ခံလိုက်ရသည်။
မိုဝူကျီ၏ ချီသွေးကြောထဲ လျှပ်စီးမည်မျှ ဆွဲယူပြီးပြီလည်း ဆိုတာ မသိပေမဲ့ နောက်ဆုံးတွင် ပွင့်တော့မည့် အရိပ်အယောင် ပြလာလေ၏။ နောက်ဆုံး လျှပ်စီး ရိုက်ချက်နှင့် အတူ သူ့ ၇၃ခုမြောက် ချီသွေးကြောလည်း လုံးဝ ပွင့်သွားလေပြီ။ သူ့စိတ်ထဲတွင် ကြည်လင်ပြတ်သား လာလေ၏။ သူ့စွမ်းဆောင်ရည်များက အတူတူ ဖြစ်နေလျှင်ပင် မိုဝူကျီက အပြောင်းအလဲ ကြီးကြီးမားမားကို ခံစားမိ၏။
အချိန် တစ်နာရီလည်း ကုန်ဆုံး သွားလေပြီ။ လျှပ်စီးအခန်းထဲမှ လျှပ်စီးများက ရပ်တန့် သွားလေ၏။
***