ချိန်စုယင်၏ တောင်းဆိုမှု
Vol. 12 Ch. 160
မိုဝူကျီက လက်သီး ဆုပ်ထားရင်း ဒဏ်ရာအပြည့်နှင့် သူ့ခန္ဓာကိုယ်ကား မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျ သွားတော့သည်။ ဤချီသွေးကြော ဖွင့်လိုက်ခြင်းမှာ ၇၂ ခုမြောက် ချီသွေးကြော ဖွင့်စဉ်ထက် များစွာ ပြောင်းလဲ သွားလေ၏။ သို့သော်လည်း မိုဝူကျီက ၇၂ ခုမြောက် ချီသွေးကြော မဖွင့်ဘဲ ၇၃ ခုမြောက်ကို မဖွင့်နိုင်မှန်း သိ၏။
တစ်နာရီလောက် အနားယူ ပြီးသည့်နောက်တွင် မိုဝူကျီက ဝိညာဉ် လမ်းကြောင်းဖွင့်ဆေး နောက်တစ်ပုလင်းကို သောက်လိုက်ပြီး လျှပ်စီးအတွက် တစ်နာရီ ထပ်သတ်မှတ် လိုက်သည်။
အားပြင်း လျှပ်စီးများကို ခံနိုင်ရည် မရှိခြင်းကြောင့်သာ မဟုတ်လျှင် မိုဝူကျီက အဆင့်မြင့် လျှပ်စီးအခန်းကို ကြိုးစား ကြည့်ချင်၏။ အလယ်အလတ် အဆင့် လျှပ်စီး အခန်းမှာပင် မိုဝူကျီက ချီသွေးကြော တစ်ခုဖွင့်ရန် တစ်နာရီ အချိန်ယူခဲ့ ရသည်။ အကယ်၍ သူသာ အဆင့်နိမ့် လျှပ်စီး အခန်းသာ ရွေးချယ်မိလျှင် ချီသွေးကြော တစ်ခုပင် ဖွင့်နိုင်မည် မဟုတ်လောက်ပေ။
မိုဝူကျီက ဒုတိယအကြိမ် အတွက် ပြင်ဆင် ထားသော်လည်း သူက တစ်နာရီ အဆုံးတွင် မည်းတူးခြင်း နှင့်သာ အဆုံးသတ် သွားလေ၏။ လျှပ်စီးများက မိုဝူကျီ ခန္ဓာပေါ်သို့ ကျလာသောအခါ ချပ်ဝတ်မှ ကာကွယ် ပေးထားသော သူ့ရင်ဘတ်နှင့် ကျောမှလွဲလျှင် အခြားသော နေရာများက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားလေ၏။
အကယ်၍ မိုဝူကျီသာ ဆေးလုံးဆရာ မဟုတ်ခဲ့လျှင် အမွှေးတိုင် တစ်တိုင်စာပင် ခံနိုင်မည် မဟုတ်ပေ။
အခြားသော ကျင့်ကြံသူများက ဆေးလုံးများကို သူတို့ ကျင့်ကြံဆင့် မြင့်ဖို့ရာ ဝယ်ကြသော်လည်း မိုဝူကျီက ပြန်လည် ကောင်းမွန်ဖို့ရာ အတွက် ဆေးလုံး ဖော်စပ်နေခြင်း ဖြစ်၏။ သူ စတင် ကျင့်ကြံစဉ်မှ စ၍ သူ့ကား ဒဏ်ရာ အများအပြား ခံစားခဲ့ရသည်။ ဒဏ်ရာ တစ်ခုချင်းစီက ယခင်ကထက် ပို၍ များပြားလေ၏။ အချိန် ကြာလာသည်နှင့် အမျှ ဒဏ်ရာများနှင့် အသားကျ လာလေ၏။
မိုဝူကျီတွင် ဤနေရာမှ လျှပ်စီးများကို ခုခံဖို့ရာ အင်အား မရှိပေ။ ထို့ကြောင့် သူက လျှပ်စီးများကို သူ့ချီ သွေးကြောများဆီ လမ်းညွှန် ပေးနေခြင်း ဖြစ်သည်။ ရောက်ရှိလာသော လျှပ်စီးများကို ရှောင်ရှားဖို့ရန် သို့မဟုတ် တားဆီးဖို့ရန် မစွမ်းဆောင်နိုင်ပေ။
“ဖူး…” တစ်နာရီ အကြာတွင် မိုဝူကျီက ထပ်တောင့်မခံ နိုင်တော့ဘဲ မြေပြင်ပေါ်သို့ အသက် မနည်းရှူရင်း လဲကျ သွားလေ၏။
ချီသွေးကြော ၇၄ ခုမြောက်ကို အောင်အောင်မြင်မြင် ဖွင့်နိုင် သွားလေပြီ။ လျှပ်စီး အခန်းတွင် နှစ်နာရီကြာ ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် ခံစားပြီး နောက်တွင် သူက ချီသွေးကြော နှစ်ခုကို ဖွင့်နိုင်သွား၏။
ဆက်လုပ်ဆောင်ချင် သေးသော်လည်း မိုဝူကျီက သူ့ခန္ဓာသည် ဆက်၍ တောင့်မခံ နိုင်တော့ကြောင်း ရှင်းရှင်းလင်းလင်း သိ၏။ အကယ်၍ သူက သူ့ကိုယ်သူ အတင်းကျပ် လုပ်ဆောင်မည် ဆိုလျှင် သူ့အသက်လေးကို ထိန်းထားနိုင်မည် မဟုတ်လောက်ချေ။
ပို၍ အရေးကြီးသည်က သူက သူ့ကုသ ဆေးလုံးများ အားလုံးကို သုံးလိုက်ပြီ ဖြစ်၏။ သူက ဆေးလုံးအသစ် ဖော်စပ်ဖို့ရာ မီးပြင်းဖို အသစ် ဝယ်ရမလား သို့မဟုတ် ဂိုဏ်း၏ ဆေးလုံး ဖော်စပ်ခန်းကို ငှားရမလား တွေးနေမိသည်။
နောက်ထပ် တစ်နာရီ အနားယူပြီး နောက်တွင် မိုဝူကျီက သူ့ကိုယ်သူ မြန်မြန် သန့်ရှင်းလိုက်ပြီး အဝတ်အသစ် လဲလှယ် လိုက်သည်။ ထို့နောက် လျှပ်စီးအခန်းမှ ထွက်လာ လိုက်တော့သည်။
မိုဝူကျီ၏ ရှုပ်ပွနေသည့် ဆံပင်နှင့် ဒဏ်ရာ အပြည့်ဖြင့် မျက်နှာနှင့် ယှဉ်လျှင် နောက်အခန်းမှ အမျိုးသမီးက နည်နည်း ဖျော့တော့နေလေ၏။
“အဆင် ပြေရဲ့လား ... ” အမျိုးသမီးက မိုဝူကျီ တစ်ကိုယ်လုံး လိုက်ကြည့် လိုက်ရင်း အံ့ဩတကြီး ဖြစ်မိသွားသည်။ သူမက မိုဝူကျီသည် အထဲ၌ လေးနာရီလုံး အိပ်နေခဲ့သည် ဟုတော့ မထင်မိပေ။ သူ့၏ ခပ်နွမ်းနွမ်း သွင်ပြင်အရ သူမသည် မိုဝူကျီက လျှပ်စီးနှင့် သူ့ကိုယ်သူ လေ့ကျင့် နေကြောင်း ပြောနိုင်၏။
အလယ်အလတ် အဆင့် လျှပ်စီးအခန်းတွင် ကျင့်ကြံဖူးသူ အနေနှင့် သူတို့သည် အလွန်ဆုံး အမွှေးတိုင် တစ်ဝက်လောက်သာ နေနိုင်လိမ့်မည်။ အမွှေးတိုင် တစ်ဝက်အကြာတွင် မိုဝူကျီက ဒဏ်ရာ အပြင်းအထန် မရဘဲ ထွက်လာ နိုင်သည်ကိုက သူမကို အလွန်အမင်း အံ့အားသင့်စေ၏။ သူမ မှတ်မိသလောက် အလယ်အလတ် အဆင့် လျှပ်စီးအခန်းတွင် အမွှေးတိုင် တစ်ဝက် အကြာထိ အသက် ရှင်နိုင်သော ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူ မရှိဖူးချေ။
သူမက ရေခဲ ဝိညာဉ်ကြောနှင့် လူသား အဆင့်လွန် အဆင့်၇ ဖြစ်သော်လည်း ရေခဲ အခန်းတွင် လေးနာရီသာ ခံနိုင်လေ၏။ ထိုလေးနာရီ အတွင်း တစ်နာရီ လောက်က အနားယူ ရသေးသည်။
မိုဝူကျီက ရယ်မောရင်း စီနီယာ သတိပေးချက်ကို ပြန်လည် တုံ့ပြန်သည့် အနေဖြင့် ခေါင်းညိတ်ပြ လိုက်သည်။ ထို့နောက်တွင် ၁၂လွှာမှ ထွက်လာ လိုက်တော့သည်။ သူက စကားပြောဖို့ပင် နုံးချည့် နေလေပြီ။ ယခုအချိန်တွင် သူအလုပ်ချင်ဆုံး အရာကား အနားယူပြီးနောက် ဆေးပြင်းမီးဖို သွားဝယ်ရန် ဒါမှမဟုတ် ဂိုဏ်း၏ ဆေးလုံး ဖော်စပ်ခန်းကို သွားရန် ဖြစ်သည်။
မိုဝူကျီတွင် လျှပ်စီးသဘာဝ ခန္ဓာကျင့်စဉ်သာ ရှိလျှင် ထိုသို့ စုတ်တီးစုတ်ပြတ် ဖြစ်နေမည်နည်း။ သို့သော်လည်း သူက မရှိကြောင်း ဝန်မခံရဲပေ။ အကြောင်းမှာ ခန္ဓာကျင့်စဉ် မရှိဘဲ လျှပ်စီး အခန်းထဲတွင် နေထိုင်ဖို့ရာ မဖြစ်နိုင်ချေ။
“အင်း ... ” မိုဝူကျီက ရိုးရိုးရှင်းရှင်း ဖြေပြီး ထွက်သွား လိုက်သည်။
“ကျွန်မ နာမည်က ချိန်စုယင် ... ဓားရေကန် ဂိုဏ်းရဲ့ အမွေခံ တပည့်ပါ …. ” အမျိုးသမီးက နာမည်ကို ထုတ်ပြော လိုက်သည်။
မိုဝူကျီက အမွေခံတပည့် တစ်ယောက်က သူနှင့် ရင်းနှီးဖို့ရာ စိတ်ဝင်စား နေလဲဟု သတိတကြီး ကြည့်လိုက်သည်။ သူလုပ်ခဲ့သည်က လျှပ်စီးအခန်းတွင် အချိန်ကြာကြာ နေမိခြင်းသာ ဖြစ်၏။ သူမက သူ့ထူးခြားချက်ကို မသိသရွေ့ ထိုသို့ ပြုမူမည် မဟုတ်လောက်ပေ။ သူက ကျိုးရှောက်ယီကြောင့် ဓားရေကန် ဂိုဏ်းကို ယခင်က ကြားဖူးသည်။
“အမ် ... ကျွန်တော် နာမည်က မိုဝူကျီ ... အပြင်စည်း ဂိုဏ်းသား တစ်ယောက်ပါ ... ” မိုဝူကျီက ရယ်မောရင်း ပြန်ဖြေလိုက်သည်။ သူမက သူမဘာသာ အရင် မိတ်ဆက် လိုက်သောအခါ သူ့အကြောင်း ပိုသိချင် နေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော ... ထို့ကြောင့် မိုဝူကျီက လေးစားသည့် အနေဖြင့် သူမကို လျစ်လျူ မရှုတော့ပေ။
ချိန်စုယင်က မိုဝူကျီသည် အပြင်စည်း တပည့် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သို့သော်လည်း သူမက မိုဝူကျီဆီမှ ဝိညာဉ်စွမ်းအား မခံစား မိသည်ကိုတော့ မအံ့ဩတော့ပေ။ အဆင့်နိမ့် ဝိညာဉ်ကြောနှင့် လူအတွက် မိုဝူကျီသည် ကောင်းကင်ဖွေရှာ နန်းတော်သို့ ဝင်နိုင်ခြင်းကပင် အလွန် အံ့ဩဖို့ ကောင်းနေလေပြီ။
သူမက မိုဝူကျီ နောက်ခံကို ဆက်၍ မမေးတော့ဘဲ အနည်းငယ် နေရခက်စွာနှင့် ပြောလိုက်သည်။
“အဲဒါဆို ... ရှင့်ရဲ့ လျှပ်စီးသဘာဝ ခန္ဓာကျင့်စဉ်ကို ရောင်းပေးနိုင် မလား … စိတ်မပူပါနဲ့ ကျွန်မ ဈေးကောင်းကောင်း ပေးမှာပါ ... ”
အဆင့်နိမ့် ကျင့်ကြံသူ အတွက် အလယ်အလတ် လျှပ်စီး အခန်းတွင် ထိုမျှ ကြာအောင် နေနိုင်ခြင်းက မိုဝူကျီတွင် အံ့ဖွယ်လျှပ်စီး သဘာဝ ခန္ဓာကျင့်စဉ် ရှိ၍သာ ဖြစ်ရမည်။ ချိန်စုယင်က လျှပ်စီးခန္ဓာ ကျင့်စဉ်ကို အလိုရှိတာ ကြာလှပြီ ဖြစ်၏။ နှမြောစရာ တစ်ခုက ဈေးကွက်ထဲတွင် များစွာရောင်းချ သော်လည်း ကျင့်စဉ်များ၏ အဆင့်မှာ အရမ်း နိမ့်နေသည်။
“ကျွန်တော် အားနာ ပါတယ်ဗျာ ... ကျွန်တော့် ကျင့်စဉ်က ရောင်းဖို့ မဟုတ်ဘူး အဲဒါကြောင့် ပိုက်ဆံ ဘယ်လောက် ပေးပေး ရောင်းမှာ မဟုတ်ဘူးဗျ…” မိုဝူကျီက အားနာစွာ ပြောလိုက်သည်။
သူ့ကျင့်စဉ်က ရောင်းဖို့ရာ အတွက် မဟုတ်သည့် အကြောင်းမှာ မိုဝူကျီတွင် လျှပ်စီးခန္ဓာ ကျင့်စဉ် တစ်ခုမှ မရှိသည့်အတွက် မည်သို့ ရောင်းချ နိုင်မည်နည်း။ အကယ်၍ သူ့တွင် ထိုသို့အရာမျိုး ရှိပါက သူက သင်ယူပြီးပြီ ဖြစ်၍ ရောင်းဖို့ရာ ကိစ္စမရှိပေ။ ဘာကြောင့် မရောင်းဘဲ နေရမည်နည်း။
ချိန်စုယင်က စိတ်ပျက် သွားသော်လည်း အရိုးသားဆုံး ပြောရလျှင် သူမက ဘယ်သောအခါမှ မတောင်းဆို ခဲ့ဖူးပေ။ ထို့ကြောင့် ဤသည်က သူမ၏ ပထမဆုံးအကြိမ် တောင်းဆိုခြင်း ဖြစ်ရာ တွန့်ဆုတ်ခြင်းမရှိ အငြင်းခံ လိုက်ရ၏။
နှစ်ယောက်သားက အင်မော်တယ် လေ့ကျင့်ရေး မျှော်စင် ပထမ အထပ်ထိ အတူတူ လျှောက်လာ ကြသည်။ မိုဝူကျီက သူ့ကျင့်စဉ်ကို မရောင်းချချင်သည့် အတွက် ချိန်စုယင်က သူ့အား ဖျောင်းဖျဖို့ရန် လက်လျှော့ ရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။ ထို့နောက် မြန်မြန်သာ လျှောက်လှမ်း လာလိုက်တော့သည်။
ပထမထပ်ရှိ ကျင့်ကြံသူ များစွာက ချိန်စုယင် ဘေးတွင် ယှဉ်လျက် လျှောက်လာသော မိုဝူကျီကို မြင်သောအခါ မျက်လုံးများပင် ထွက်ကျလာတော့ မတတ် ပြူးလာပြီး အံ့ဩတကြီး ဖြစ်သွားကြသည်။ ဒီစုတ်တီးစုတ်ပြတ် လူက ဘယ်သူလဲ ... ချိန်စုယင်နှင့် ဘေးချင်းကပ် လျှောက်ရအောင် ထိုက်တန်လို့လား ….
မိုဝူကျီကို တားပြီး မေးခွန်းမထုတ် ကြသော်လည်း လူများစွာက သူ့ကို သတိပြုမိ သွားလေ၏။ သူတို့ အားလုံးက မိုဝူကျီက ဘယ်သူလဲ ဆိုတာ သိချင် နေကြသည်။
သူက အခြား သူများ၏ အကြည့်ကို စိတ်ထဲ မထားဘဲ ချက်ချင်း သူ့နေရာသို့ ကျင့်ကြံဖို့ရန် ပြန်လာလိုက်သည်။ သူ့လက်ရှိ အနေအထားဖြင့် သူ့ကျင့်ကြံဆင့်က များစွာ မတိုးတက် သွားသော်လည်း အနည်းဆုံးတော့ ပြန်လည် ကောင်းနှုန်း မြန်လာလေ၏။
နှစ်ရက် အကြာတွင် မိုဝူကျီက သူ့နေရာမှ ကောင်းကင်ဖွေရှာ နန်းတော်၏ ဆေးလုံး ဖော်စပ်ခန်းသို့ ထွက်လာလိုက်သည်။
ကောင်းကင်ဖွေရှာ နန်းတော်၏ ဆေးလုံး ဖော်စပ်ခန်းကို အဆင့်သုံးဆင့် ဖြစ်သည့် အဆင့်နိမ့်၊ အလယ်အလတ် အဆင့်နှင့် အဆင့်မြင့် ဆေးလုံး ဖော်စပ်ခန်း ဟူ၍ ပြန်ခွဲခြားထား၏
အလယ်အလတ် အဆင့် ဆေးလုံး ဖော်စပ်ခန်းသည် ဈေးကြီး လှသည်က တစ်ကြောင်း၊ သူ့တွင် ဂိုဏ်းအမှတ်များ မရှိသေးသည်က တစ်ကြောင်းကြောင့် မိုဝူကျီက အဆင့်နိမ့် ဆေးလုံး ဖော်စပ်ခန်းသာ ရွေးချယ် လိုက်ရသည်။ သူက ကျန်ရှိနေသော ဆေးပင်များ အားလုံးကို ဆေးလုံးအဖြစ် ပြောင်းလိုက်ပြီး အဆင့်လေး ကုသဆေးလုံး ၉ ပုလင်းကို ဖော်စပ် နိုင်လိုက်သည်။
သူ ကုသဆေးလုံး များစွာ ဖော်စပ်နေသည့် အကြောင်းရင်းမှာ အနာဂတ်တွင် ချီသွေးကြော များများ ဆက်ဖွင့်နိုင်ရန် ဖြစ်သည်။ သူက အလယ်အလတ် အဆင့် လျှပ်စီး အခန်းတွင် ကျင့်ကြံ ရဲသည်မှာ သူ့တွင် ထိုဆေးလုံးများ ရှိနေခြင်းကြောင့် ဖြစ်၏။
ဆေးလုံး ဖော်စပ်ခန်းမှ ထွက်လာပြီး နောက်တွင် မိုဝူကျီက အပြင်စည်း တောင်သို့ မပြန်ဘဲ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်ဆီသာ ဦးတည် လိုက်သည်။ မိုဝူကျီတွင် ၁၆ နာရီသာ ကျန်ရှိနေတော့သည်။ ထို့ကြောင့် အနာဂတ်၌ ဗျာမများ စေရန် သူ့ကြာချိန်ကို မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၈၀၀၀ပေး၍ နာရီ ၈၀စာ ထပ်ယူလိုက်သည်။ စာရင်း လက်ခံသူ အမျိုးသမီးလေးက တအံ့တဩ ဖြစ်မိသွားသည်။
အဆင့်သုံးနှင့် အဆင့်လေး ကုသဆေးလုံး များဖြင့် မိုဝူကျီသည် ချီသွေးကြော တစ်ခု၊ နှစ်ခု ဖွင့်ပြီးတိုင်း နှစ်ရက်ကြာ ဆေးလုံး သွားဖော်စပ်ဖို့ရာ မလိုအပ်တော့ကြောင်း ယုံကြည်ချက် ရှိ၏။
အင်မော်တယ် လေ့ကျင့်ရေး မျှော်စင် ၁၂လွှာသို့ ရောက်သောအခါ မိုဝူကျီသည် ယခင်ကထပ် လူများနေကြောင်း သတိပြုမိ လိုက်သည်။ ကံကောင်းလှစွာ သူ့လျှပ်စီး အခန်း ၃ကား လူလွတ်နေသည်။
မိုဝူကျီက ကျောက်စိမ်းပြားကို ထည့်လိုက်ပြီး လျှပ်စီး အခန်းသို့ နောက်တစ်ကြိမ် ဝင်သွားလိုက်သည်။
မိုဝူကျီ သူ့အခန်းထဲသို့ ဝင်လိုက်ပြီး သိပ်မကြာခင်တွင် ချိန်စုယင်လည်း ၁၂လွှာသို့ ရောက်လာလေ၏။ ရက်အတော်ကြာ အားလပ် နေခဲ့သည့် လျှပ်စီး အခန်းတွင် ကျောက်စိမ်းပြား ရှိနေကြောင်း သူမက အမှတ်မထင် သတိပြုမိ လိုက်သည်။ သူမက ထိုအပြင်စည်း တပည့်က နောက်တစ်ကြိမ် လာလေ့ကျင့် ပြန်တာလားဟု တွေးမိ လိုက်သေး၏။
မိုဝူကျီ ၁၂လွှာသို့ ရောက်လာသည့်အခါ အခြားသေ ကျင့်ကြံသူများက သူတို့ လုပ်လက်စသာ ဆက်လုပ် နေကြသည်။ သို့သော်လည်း ချိန်စုယင် ရောက်လာသည်နှင့် ၁၂ လွှာရှိ လူအုပ်ကြီးက ချက်ချင်းပင် ငြိမ်ကျ သွားလေ၏။
နှမြောစရာ ကောင်းသည်က ချိန်စုယင်သည် ကြာကြာမနေဘဲ အလယ်အလတ် အဆင့် ရေခဲ အခန်းထဲ ဝင်သွားတော့သည်။
တစ်ကြိမ် ရောက်ပြီးပြီ ဖြစ်၍ မိုဝူကျီ လုပ်သည့် ပထမဆုံး အရာကား အင်္ကျီကို ချွတ်၍ သိုလှောင်အိတ်ထဲ ထည့်လိုက်တာ ဖြစ်၏။ ထို့နောက် သိုလှောင်အိတ်ကို ချပ်ဝတ်အောက် ထည့်ထား လိုက်ပြီး အချိန်တစ်နာရီ သတ်မှတ်ကာ ဝိညာဉ် လမ်းကြောင်း ဖွင့်ဆေးကို ဆက်တိုက် သောက်ပစ် လိုက်တော့သည်။
ဝိညာဉ် လမ်းကြောင်းဖွင့်ဆေး အသစ်သည် အရမ်းကို အာနိသင် ကောင်း၍ ပုလင်းများစွာ သောက်မှ ချီသွေးကြော တစ်ခုသာ ဖွင့်နိုင်သော ပထမအကြိမ် ဆေးနှင့် မတူချေ။ ကျောက်စိမ်း မီးတောက်နှင့် ခရမ်းဟုန် ကြာပန်းတို့ ထပ်ထည့်ထားသော ဆေးသည် တစ်ပုလင်း အတွက် ချီသွေးကြော အသစ် တစ်ခုကို ဖွင့်နိုင်လေ၏။
စတင် ခလုတ်ကို နှိပ်ပြီးသော အခါ လျှပ်စီး အားများက ရောက်ရှိလာသည်။ မိုဝူကျီက သူ့ကိုယ်သူ ဒဏ်ရာ ရခြင်းမှ ကာကွယ်ဖို့ရာ ကြိုးစားရင်း လျှပ်စီးအားကို ၇၅ခုမြောက် ချီသွေးကြောဆီ လမ်းညွှန် လိုက်သည်။
လျှပ်စီး အခန်းက တစ်နာရီအကြာတွင် ရပ်တန့်သွားပြီး မိုဝူကျီက တစ်နာရီအတွင်း ချီသွေးကြော တစ်ခု ဖွင့်နိုင်ခဲ့သည်။
မိုဝူကျီက အနားယူချိန်ကို နာရီဝက် သတ်မှတ်လိုက်ပြီး နာရီဝက် အတိအကျ အကြာတွင် သူက ၇၆ ခုမြောက် ချီသွေးကြောကို ဆက်ဖွင့် လိုက်သည်။
လေးနာရီ အကြာတွင် ချိန်စုယင်က ရေခဲအခန်းမှ ထွက်လာပြီး အလယ်အလတ် အဆင့် လျှပ်စီး အခန်း၃ တံခါးက ပိတ်ထားဆဲ ဖြစ်ကြောင်း တွေ့လိုက်ရ၍ အံ့ဩသွားမိသည်။
ချိန်စုယင်က တမင် သက်သက် နှေးလိုက်ပြီး ထွက်မသွားခင် ဖိနပ်ကြိုးပါ ပြန်ချည် လိုက်သေး၏။ သို့သော်လည်း သူမက ၁၂လွှာမှ ထွက်သွားတော့မည့် ဆဲဆဲတွင် အလယ်အလတ် အဆင့် လျှပ်စီးအခန်း၃ တံခါးကား ပိတ်ထားဆဲ ဖြစ်သည်။
“ဂျူနီယာ ညီမလေး စုယင်…” သူမက ပထမ အထပ်သို့ ရောက်သောအခါ ကျင့်ကြံသူ ကိုယ်လူချော တစ်ယောက်က ချိန်စုယင်ကို အားတက်သရော လှမ်းခေါ်လိုက်သည်။
ပုံမှန်အားဖြင့် ချိန်စုယင်သည် ချက်ချင်း ထွက်မသွားခင် မြန်မြန် နှုတ်ဆက် လိုက်လေ၏။
သို့သော်လည်း ချိန်စုယင်က သွားနေရာမှ ရပ်လိုက်ပြီး ထိုကျင့်ကြံသူနှင့် စကားဆက်ပြော လိုက်သည်။
ထိုခန့်ညား လှသည့် ကျင့်ကြံသူက ချိန်စုယင်သည် ယနေ့ သူအား မှတ်မိခြင်းကြောင့် စိတ်လှုပ်ရှား နေမိပြီး ရင်တွေလည်း ခုန်နေလေ၏။ အနားမယူဘဲ ဆက်လက် ကျင့်ကြံနိုင်အောင် အားပေးနေ သကဲ့သို့ ဖြစ်သည်။ သူက ဘေးနားမှ အားကျ အကြည့်များကို ခံစားမိ၍ အလွန်အမင်း စိတ်ကျေနပ် နေသည်။
ချိန်စုယင်က မိုဝူကျီကို ရပ်မစောင့် သော်လည်း သူ ဘယ်လောက် ကြာကြာ နေနိုင်လဲဟု သိချင် နေမိသည်။ ဤသည်က မိုဝူကျီ၏ ဒုတိယအကြိမ် လာရောက်မှု ဖြစ်ပြီး ပထမ အကြိမ်ထက် ကြာနေလေသည်။ ဖြစ်နိုင်ခြေ တစ်ခုက သူ့တွင် အံ့ဖွယ် လျှပ်စီးခန္ဓာ ကျင့်စဉ် ရှိသည်က အမှန်အကန် ဖြစ်လောက်သည်။
***