ခေတ်တစ်ခု မိတ်ဆက် ပေးခြင်း
Vol. 12 Ch. 161
သူက ကုသဆေးလုံး များစွာကို ပြင်ဆင် သွားသော်လည်း မိုဝူကျီ ခန္ဓာပေါ်မှ ဒဏ်ရာများက တိုးပွားလာလေ၏။ တစ်ချိန်တည်းတွင် သူ့ချီသွေးကြော အရေအတွက်လည်း တစ်ခုပြီး တစ်ခု ပွင့်လာလေ၏။
၇၈ ခုမြောက် ...
သူ့၇၈ ခုမြောက် ချီသွေးကြော ဖွင့်ပြီးသောအခါ လျှပ်စီးအား များစွာက သူ့ပေါ် ကျရောက် လာလေသည်။ သူ့စိုးရိမ် စိတ်ထဲတွင် မိုဝူကျီက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို လက်လျှော့လိုက်ပြီး ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပညာရပ်ကို စမ်းကြည့် လိုက်သည်။
ချီသွေးကြော တစ်ခုဖွင့်ပြီး နောက်တွင် သူက နာရီဝက် အနားယူလိုက်သည်။ သို့သော် လျှပ်စီးများစွာက သူ့အား ရိုက်ခတ်သော အခါ ဒဏ်ရာပေါ် ဒဏ်ရာ ဖြစ်မလာပေဘူးလား ...
အင်မော်တယ် မော်တယ် ကျင့်စဉ်က သူ့အား လျှပ်စီးများကို သူ့ချီသွေးကြောဆီ ရောက်အောင် လမ်းညွှန်ပြပေး နိုင်သော်လည်း သူ့အား လျှပ်စီးမှ မကာကွယ် ပေးနိုင်ချေ။ ဒဏ်ရာ များမှလည်း နည်းပါးအောင် လုပ်မပေးနိုင်ချေ။ ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပညာရပ်သည် ကြံရာမရ လုပ်မိလုပ်ရာ လုပ်မိသော အပြုအမူ တစ်ခုသာ ဖြစ်၏။
“ဘမ်းဘမ်း ...” လျှပ်စီးအားများက မိုဝူကျီပေါ် ထပ်မံ ကျရောက် လာပြန်သည်။ အံ့ဩဖို့ ကောင်းသည်က ထိုလျှပ်စီးအား များက သူ့အား ထိခိုက်မှု များစွာ မဖြစ်စေပေ။ လျှပ်စီးများက ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပထမပုံစံမှ စုပ်ယူခံလိုက် ရပြီး ပျက်ပြယ် သွားလေ၏။
တစ်နာရီက ပြည့်သွားလေပြီ။ လျှပ်စီးအခန်းက လျှပ်စီးများ မထုတ်လွှင့် တော့သောကြောင့် တိတ်ဆိတ်သွားလေသည်။
မိုဝူကျီက ယခင်က အနားယူသည့် အတိုင်း ချက်ချင်း မနားခဲ့ပေ။ ထို့အစား သူက သူ့လက်ဖဝါးကို အံ့ဩတကြီး ကြည့်မိလိုက်သည်။ ဤဝေဟင် လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပညာရပ်သည် လျှပ်စီးအားများမှ လျှပ်စီးဓာတ်ကို စုပ်ယူနိုင်ကြောင်း မသိခဲ့ပေ။ သူ့ချီသွေးကြောများကို ဖွင့်ဖို့ရန် လမ်းညွှန် ပေးသည်နှင့် လုံးဝ ကွဲပြားလေ၏။
လျှပ်စီးကို အသုံးပြု၍ ချီသွေးကြောများကို ဖွင့်ခြင်းသည် ချီသွေးကြော အတွင်း ပိတ်ဆို့နေသည့် အတားအဆီးများကို လျှပ်စီးအားနှင့် ထိုးဖောက် လိုက်တာ ဖြစ်၏။ သို့သော် သူ ယခု လုပ်လိုက်သည့် အရာကား လျှပ်စီးအားမှ လျှပ်စီးဓာတ်ကို စုပ်ယူလိုက်ခြင်း ဖြစ်နေသည်။ ထိုလျှပ်စီးဓာတ် အားလုံးသည် သူ့၏ ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပညာရပ်မှ ပထမပုံစံ လျှပ်တပြက် လျှပ်စီးနှင့် ပေါင်းစပ် သွားလေသည်။
မိုဝူကျီက လက်ဟန် အချို့ဖြင့် အစီအရင် ပြုလုပ်လိုက်ပြီး လက်ကို မြှောက်လိုက်သည်။ လျှပ်စီးအား ကြီးကြီး တစ်ခုက လေဟုန်ခွင်း၍ ထွက်ပေါ်လာကာ ဖျက်ဆီးခြင်း စွမ်းအားမှာလည်း ယခင်ကထက် ပိုများလေ၏။
မိုဝူကျီက နှလုံးခုန် မြန်လာလေသည်။ သူ့ကျင့်ကြံဆင့် မြင့်လာခြင်းနှင့် အတူ သူ့လျှပ်တစ်ပြက် လျှပ်စီးသည်လည်း အားကောင်း လာရမည်ဟု တွေးမိလိုက်၏။ အမြင်အရ ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပညာရပ်သည်လည်း ကျင့်ကြံ နိုင်လေ၏။ သာမန် ကျင့်ကြံသူ တစ်ယောက်က ဝိညာဉ် စွမ်းအားများ စုပ်ယူ သကဲ့သို့ ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပညာရပ်သည် လျှပ်စီးဓာတ်များကို စုပ်ယူ နိုင်လေသည်။
“ဟားဟား ...” သူက အတွေးပေါက် သွားသောကြောင့် မိုဝူကျီက အားရပါးရ ရယ်မော လိုက်တော့သည်။
သူက ဘယ်လိုလုပ် မပျော်ဘဲ နေရမည်နည်း။ ယခင်က သူသည် ချီသွေးကြော တစ်ခုဖွင့်ဖို့ရန် တစ်နာရီ ကြာခဲ့သည်။ ထို့နောက် နာရီဝက်ခန့် အနားယူရ၏။ တစ်ချိန်တည်းတွင် များပြားစွာသော ဆေးလုံးများနှင့် ပြင်းထန်သော ဒဏ်ရာများလည်း ရရှိသေး၏။
ယခု သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ဖြင့် လျှပ်စီးကို လမ်းညွှန်ပေးပြီး ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပညာရပ်ကို လှည့်ပတ်ထားပြီး လျှပ်စီးအားမှ လျှပ်စီးဓာတ်ကို စုပ်ယူရမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့၏ လျှပ်တစ်ပြက် လျှပ်စီး ဖျက်ဆီး စွမ်းအားလည်း တိုးမြင့် လာလိမ့်မည်။
ဤနည်းလမ်းဖြင့် သူသည် အနားယူဖို့ရာ မလိုအပ်တော့ဘဲ ချီသွေးကြောများကို ဆက်တိုက် ဖွင့်နိုင်မည် ဖြစ်သည်။
မိုဝူကျီက ကုသဆေး နှစ်လုံးကို အဆောတလျင် မျိုချ လိုက်တော့သည်။ မိနစ် အနည်းငယ်လောက် အနားယူပြီး နောက်တွင် သူက နောက်ထပ် လျှပ်စီး တစ်နာရီကို စတင် လိုက်တော့သည်။ သူက သူ့နည်းလမ်းက အလုပ်ဖြစ်၊ မဖြစ် စမ်းသပ် ကြည့်ချင်မိ၏။
ဝိညာဉ် လမ်းကြောင်း ဖွင့်ဆေးကို သောက်လိုက်ပြီး စတင် လိုက်တော့သည်။ မိုးကြိုးတိမ်များက မျက်နှာကြက်တွင် ဖြစ်တည်လာပြီး လျှပ်စီးများက စတင် ဆင်းသက် လာတော့သည်။
မိုဝူကျီက စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး စိတ်စွမ်းအားကို အသုံးပြုရင်း သူ့ပေါ် ကျရောက်လာသည့် လျှပ်စီး အပိုင်းအစကို ထိန်းချုပ်လိုက်သည်။ ထို့နောက် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို အသုံးပြု၍ သူ့၏ ပိတ်ဆို့နေသည့် ချီသွေးကြော များဆီ လှည့်ပတ် ပေးလိုက်သည်။ တစ်ချိန်တည်းတွင် သူက ကျန်ရှိနေသော လျှပ်စီး အပိုင်းအစများကို ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပညာရပ်ဖြင့် စုပ်ယူလိုက်သည်။
အမွှေးတိုင် တစ်တိုင်ကြာချိန် အတွင်း သူ့၏ ၇၉ ခုမြောက် ချီသွေးကြောက ပွင့်သွားလေပြီ။ တစ်ဆက်တည်းပင် သူ့ခန္ဓာပေါ် လျှပ်စီး နှစ်ချက်၊ သုံးချက် ကျရောက် လာသည်။ ထိုလျှပ်စီး အပိုများကို ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပညာရပ်ဖြင့် အကုန် စုပ်ယူလိုက်ပြီး သူ့လျှက်တစ်ပြက် လျှပ်စီးအတွက် စွမ်းအား အရင်းအမြစ် အဖြစ် ပြောင်းလဲလိုက်သည်။
နောက်တစ်နာရီ ကုန်ဆုံး သွားလေသည်။ ထိုတစ်နာရီအတွင်း သူက ၈၀ ခုမြောက် ချီသွေးကြော အထိ ဖွင့်ပြီး သွားလေပြီ။
မိုဝူကျီက လက်သီးတင်းတင်း ဆုပ်ထားရင်း စိတ်ထဲတွင် အောင်ပွဲ ခံနေလေ၏။ သူ့က ဒဏ်ရာများကို ကာကွယ်နိုင်သည့် နည်းလမ်းကို ရှာတွေ့ခဲ့ရုံ သာမက သူ့လျှပ်တစ်ပြက် လျှပ်စီးကို ပို၍ အားကောင်း လာအောင် လုပ်နိုင်မည့် နည်းလမ်းကိုလည်း ရှာတွေ့ခဲ့သည်။
သူမက မိုဝူကျီကို နောက်ထပ် လေးနာရီလုံး စောင့်နေသော်လည်း သူက ထွက်လာမည့် အရိပ်အယောင် မရှိသေးပေ။ ချိန်စုယင်က စိတ်မပျက်ရုံ သာမက မိုဝူကျီ၏ လျှပ်စီးခန္ဓာ ကျင့်စဉ်ကို ရရှိရန် ပို၍ တက်ကြွ လာလေသည်။ သူမက စကားကောင်း နေသည့် ကျင့်ကြံသူ ကိုလူချောကို နှုတ်ဆက်ကာ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်မှ ထွက်လာ လိုက်တော့သည်။
မိုဝူကျီက ကောင်းကင်ဖွေရှာ နန်းတော်တွင် နေသရွေ့ သူမက ထိုလျှပ်စီး ကျင့်စဉ်ကို လက်မလျှော့နိုင်ပေ။
၉၅ခုမြောက် ချီသွေးကြော ... ၉၆ ခုမြောက် ချီသွေးကြော ...
သူက ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး အသုံးကို သိစဉ်မှ စ၍ မိုဝူကျီသည် မရပ်မနား ဆက်တိုက် ချီသွေးကြောများကို ဖွင့်နေတော့သည်။ ချီသွေးကြော ပွင့်လာသည့် အချိန်တိုင်း သူ့ခန္ဓာ တစ်ကိုယ်လုံးကား ပို၍ ပို၍ လန်းဆန်း လာလေ၏။
ထိုစဉ် မိုဝူကျီက ၉၇ခုမြောက် ချီသွေးကြော ဖွင့်ရမည့် အကြောင်းကိုပင် လုံးဝ မေ့သွားလေ၏။ ပျောက်ဆုံးနယ်မြေ တစ်ခုလုံးတွင် ဝိညာဉ်လမ်းကြောင်း ၉၇ခုကို ဖွင့်နိုင်သည့် ကျင့်ကြံသူသည် ဇာမဏီ ကဲ့သို့ ရှားပါးလှကြောင်း သိကြသည်။
“ဘမ်း ... ” နောက်ထပ် အမွှေးတိုင် တစ်တိုင်စာ အကြာတွင် မိုဝူကျီက ၉၇ ခုမြောက် ချီသွေးကြောကို ဖွင့်နိုင်ခဲ့သည်။
ဝိညာဉ် လမ်းကြောင်း ဖွင့်ဆေးကို သောက်လိုက်ပြီး မိုဝူကျီက လျှပ်စီးကို သူ့ ၉၈ခုမြောက် ချီသွေးကြောထဲ ပို့ဆောင် လိုက်တော့သည်။
ထိုအချိန်တွင် သူချီသွေးကြောထဲသို့ ရောက်လာသော လျှပ်စီးများမှ လွဲလျှင် သူ့ခန္ဓာပေါ်သို့ ကျလာသော ကျန်လျှပ်စီးများမှာ ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုးဖြင့် စုပ်ယူခံ လိုက်ရသည်။
အတားအဆီး မရှိစွာ သူ့ ၉၈ခုမြောက် ချီသွေးကြောက ပွင့်လာလေပြီ။
၉၉ခုမြောက် ချီသွေးကြော ....
ထိုစဉ် မိုဝူကျီက ရှန်းလျဲ့ စကားများကို ပြန်လည် အမှတ် ရမိလာ၏။
“ပါရမီရှင်ကြားက အရေအတွက် နည်းနည်းကပဲ ဝိညာဉ် လမ်းကြောင်း ၉၉ခုကို ဖွင့်နိုင်တာ၊ ၁၀၀ ဖွင့်နိုင်တဲ့ သူတွေကို ထိပ်တန်းလို့ သတ်မှတ် ထားပြီးတော့ ကောင်းကင် ဆန့်ကျင့်နေတဲ့ ပါရမီရှင်တွေလို့ သိကြတယ် ... . သူတို့မှာ ဝိညာဉ်ကြော အစား အင်မော်တယ်ကြော ပါလာသလိုပဲ .... ”
ယခုတွင် သူက သူတို့အဆင့်သို့ ရောက်ကာ ၉၉ ခုမြောက် ချီသွေးကြောကို ဖွင့်နိုင်လိုက်သည်။ ချီသွေးကြော များနှင့် ဝိညာဉ် လမ်းကြောင်းများက မတူညီသော်လည်း မိုဝူကျီ စိတ်ထဲတွင် သူတို့က အတူတူပင် ဖြစ်၏။ ထို့အပြင် သူ့ကျင့်ကြံဆင့် အလားအလာက ဝိညာဉ် လမ်းကြောင်းများနှင့် လူများထက် မလျော့ပေ။ သူ့၏ တစ်ခုတည်းသော အားနည်းချက်ကား ဝိညာဉ်ကြော လစ်ဟာနေခြင်း ဖြစ်ရာ ရလဒ်အနေဖြင့် သူ့ခန္ဓာမှ ဝိညာဉ် စွမ်းအားများ ထွက်ပေါ် မနေပေ။
သို့သော် မိုဝူကျီ အတွက် များစွာတော့ အသုံးမဝင်ပေ။ အကယ်၍ သူက လူသားသေမျိုး တစ်ယောက် ဖြစ်မည် ဆိုလျှင်လည်း ဖြစ်ပါစေတော့ ... သူကျင့်ကြံ နိုင်သရွေ့ သေမျိုး ဖြစ်နေလျှင်လည်း ဘာအရေးလဲ ...
အင်မော်တယ် ဖြစ်ဖို့ရာအတွက် ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံရေး လမ်းစဉ်ကို လျှောက်လှမ်းကြတာ ဖြစ်၏။ သိုသော် သေမျိုး တစ်ယောက် အနေဖြင့် သူလည်း တူညီစွာ လုပ်နိုင်လေ၏။ အခြား လူများက နှစ်များစွာ ရှိလာသော ဒဏ္ဍာရီများ၊ ကျင့်စဉ် ဗဟုသုတများနှင့် ဝိညာဉ်ဖွင့် ဆိုင်ရာ လုပ်ဆောင်ချက်များ အပေါ် မှီခိုရမည်။ တစ်ဖက်တွင် သူက သူ့ကိုယ်သူ မှီခို၍ သူ့ချီ သွေးကြောများကို ဖွင့်ရန် နည်းလမ်းကို ရှာတွေ့ခဲ့သည်။ ချီသွေးကြောများက ဝိညာဉ် လမ်းကြောင်းများထက် အားနည်းသည်ဟု မည်သူ ပြောထားသနည်း။
အကယ်၍ သူက သူ့ကျင့်စဉ်ကို လူသိရှင်ကြား ချပြလျှင် မိုဝူကျီသည် ရှေ့ဆောင်ဟုပင် ဆိုလို့ ရ၏။ သေမျိုးများပါ ကျင့်ကြံနိုင်သော ခေတ်အသစ်ကို လမ်းဖောက်မည့် ရှေ့ဆောင် ဖြစ်၏။
“ဘမ်းဘမ်းဘမ်း ...” မိုဝူကျီ ခန္ဓာပေါ်သို့ လျှပ်စီး ဆယ်ချက် ကျရောက်လာလေ၏။
ထိုသီးခြား လုပ်ဆောင်ချက်ကို မိုဝူကျီ ထည့်ထားခြင်း ဖြစ်၏။ ယခင်က သူ့ပေါ်သို့ လျှပ်စီး လေးငါးချက်သာ အများဆုံး ကျရောက်၏။ သူ့အင်မော်တယ် မော်တယ် ကျင့်စဉ်နှင့် ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုးတို့ဖြင့် လျှပ်စီး လေးငါးချက်ကား လုံလောက်သည်ထက် ဝေးနေသေး၏။ ထို့ကြောင့် သူက လျှပ်စီးပြင်းအားကို ညှိလိုက်ခြင်း ဖြစ်သည်။
ထိုလျှပ်စီး တချို့ကို အင်မော်တယ် မော်တယ် ကျင့်စဉ်ဖြင့် ၉၉ခုမြောက် ချီသွေးကြောကို ဖွင့်ဖို့ရာ သုံးလိုက်သည်။ ကျန်လျှပ်စီး ကိုတော့ ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုးဖြင့် စုပ်ယူလိုက် တော့သည်။
ပြင်းထန်သော ရိုက်ချက်နှင့် အတူ မိုဝူကျီက သူ့၉၉ခုမြောက် ချီသွေးကြော တဖြည်းဖြည်း ပွင့်လာကြောင်း ခံစားမိသည်။ နောက်ထပ် လျှပ်စီးဆယ်ချက် ဆင်းသက် လာသောအခါ မိုဝူကျီက မနားတော့ဘဲ သူ့ချီ သွေးကြောဆီ ရောက်ရန် လမ်းညွှန် လိုက်တော့သည်။
စတုတ္ထမြောက် အလှည့်တွင် မိုဝူကျီ၏ ၉၉ခုမြောက် ချီသွေးကြောက လုံးဝ ပွင့်သွားလေ၏။
သူ့စိတ်ထဲတွင် ပြင်းပြသော ဆန္ဒတို့ ပေါ်ပေါက်လာပြီး သူ့ခန္ဓာ တစ်ကိုယ်လုံးကား ပေါ့ပါး၍ လန်းဆန်း သွားလေသည်။ မိုဝူကျီက ကျယ်ကျယ်လောင်လောင် မအော်ညည်းပဲ မနေနိုင်တော့ချေ။ ထို့နောက် သူ့ခန္ဓာကိုယ်မှ အညစ်အကြေးများနှင့် အနံ့ဆိုးများ ထွက်ပေါ်လာသည်။
မိုဝူကျီ စိတ်လှုပ်ရှားမှုကို ခံစားမိဟန်ဖြင့် လျှပ်စီးအခန်းက ရပ်တန့် သွားလေ၏။ မိုဝူကျီ၏ ဆယ်နာရီ ပြည့်သွားလေပြီ။
မိုဝူကျီက အခန်း အလယ်တွင် မလှုပ်မရှား ရပ်နေရင်း လက်သီးကို တင်းတင်း ဆုပ်ထားဆဲ ဖြစ်၏။ သူ့မျက်လုံးတွင် ယုံကြည်မှုနှင့် မျှော်လင့်ချက်တို့သာ ကြီးစိုး နေလေသည်။
ခဏအကြာတွင် မိုဝူကျီက ထိုင်ချ လိုက်တော့သည်။ သူက လျှပ်စီး အခန်းကို အချိန်ဆက်လက် မသတ်မှတ် သော်လည်း မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများကို ထုတ်ယူပြီး စတင် ကျင့်ကြံလိုက်သည်။
ထိုစဉ် မိုဝူကျီက သူသည် နောက်တစ်ဆင့် ထပ်တက်လှမ်း တော့မည် ဖြစ်ကြောင်း နိမိတ် ခံစားမိနေသည်။
စိတ်စွမ်းအင် ကျောက်တုံးမှ ဝိညာဉ် စွမ်းအားသည် ဝဲဂယက်ကဲ့သို့ မိုဝူကျီက အကုန် စုပ်ယူ သွားလေသည်။ မိုဝူကျီ၏ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၉ကား တစ်မုဟုတ်ချင်း မြင့်တက် လာလေ၏။
“ဘမ်း ... ” ဝိညာဉ် စွမ်းအားများက စီးဆင်း လာကြသည်။ တူးမြောင်း တစ်ခုကဲ့သို့ သူ့သဘာဝ စွမ်းအားများက ပိုမို ကျယ်ဝန်းသည့် နေရာဆီသို့ စီးဆင်း သွားကြသည်။
ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀ …
မိုဝူကျီက မျက်လုံးကို ဖွင့်လိုက်သည့် အခါ သူ့တစ်ကိုယ်လုံးက သေမျိုး လူသားနှင့် ပို၍ တူလာကြောင်း အံ့ဩဖွယ် တွေ့လိုက်ရသည်။ မိုဝူကျီက သူ့ကို လမ်းညွှန် ပြသပေးမည့် ဆရာသမား မရှိသော်လည်း သူက ဝိညာဉ် တည်ဆောက်ခြင်း အဆင့်တစ်သို့ မဟုတ်ဘဲ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀သို့ ရောက်သည်က သေချာလှ၏။
မိုဝူကျီက ဆက်၍ မကြံတော့ဘဲ သူလုပ်ဆောင် ချင်လျှင်ပင် ဤနေရာတွင်တော့ မဖြစ်သေးပေ။ ဤနေရာ ဈေးနှုန်းကား အဆမတန် ဖြစ်ကာ နှစ်နာရီအတွက် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ရာဂဏန်း ကုန်သွားမည် ဖြစ်သည်။
လျှပ်စီး အခန်းကို နောက်နှစ်နာရီ သတ်မှတ်လိုက်ကာ မိုဝူကျီက ချီသွေးကြောများကို ဆက်ဖွင့်ရန် လုပ်လိုက်သည်။ ရှန်းလျဲ့က ဝိညာဉ် လမ်းကြောင်း ၁၀၀ထိ ရှိတယ်လို့ ပြောခဲ့ဖူးသည် မဟုတ်ပါလော ... . ယနေ့တွင် သူက ၁၀၀ ခုမြောက် ချီသွေးကြောကို ဖွင့်နိုင်လိမ့်မည်။
သူက နောက်ထပ် ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို သောက်လိုက်ပြီး ရင်းနှီးလှသည့် ခံစားချက်က သူ့အား နွေးထွေး စေသည်။ ချီသွေးကြော အသစ် ပွင့်လာပြီးနောက် ယခင်က ကဲ့သို့ ဤချီသွေးကြော အတားအဆီး မရောက်ခင် အတိုင်းအတာ တစ်ခုအထိသာ ဖွင့်နိုင်လေ၏။
“ဘမ်းဘမ်း ...” လျှပ်စီး ဆယ်ချက်ထပ် မနည်း ကျဆင်း လာပြန်သည်။ ဤတစ်ကြိမ်တွင် မိုဝူကျီက သူ ၁၀၀ ခုမြောက် ချီသွေးကြောဆီ ပို့ဆောင်ရန် ခုနစ်ချက်၊ ရှစ်ချက်ကို ဆွဲယူလိုက်သည်။ သူ့အတွေ့အကြုံ အရ သူ့ချီသွေးကြော အပြည့်အဝ ပွင့်ဖို့ရန် နောက်ထပ် သုံးချက်၊ လေးချက်လောက် လိုလိမ့်မည်။
ခံစားရ ခက်သည့် နာကျင်မှုက သူ့ ၁၀၀ခုမြောက် ချီသွေးကြောဆီမှ ထွက်ပေါ် လာလေ၏။ သို့သော်လည်း သူ့ချီ သွေးကြောထဲတွင် အတားအဆီးက တုံ့ပြန်မှု လုံးဝ မတွေ့ရချေ။ ပစ်မှတ် နေရာမရှိဘဲ လျှပ်စီးက သူ့ချီသွေးကြော အတွင်း စတင် စီးဆင်း လာလေသည်။
မိုဝူကျီက နာကျင်မှု အမျိုးမျိုးကို ခံစားဖူးသော်လည်း လျှပ်စီး ခုနစ်ချက်၊ ရှစ်ချက် ပေါင်းစပ်ချက်က မခံမရပ်နိုင်အောင် အထိ ဖြစ်စေနိုင်သည်။ သူက ချက်ချင်း မြေပြင်ပေါ်သို့ လဲကျသွားပြီး နာကျင်မှုကြောင့် လူးလိမ့်နေရ၏။
ကံကောင်းလှစွာ သူ့တွင် ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ရှိနေ၍ ချက်ချင်းပင် လျှပ်စီးများကို စုပ်ယူ လိုက်တော့သည်။
ဖြူဖျော့နေသည့် မိုဝူကျီက ဆင်းသက်လာသည့် လျှပ်စီးများကို ကြည့်ပြီး စိတ်ထဲ ဗလာကျင်း သွားလေသည်။ ထိုကိစ္စက ယုတ္တိမရှိချေ ... သူ့ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးက အလုပ် လုပ်သော်လည်း အတားအဆီးကို မဖွင့်နိုင်ရတာလဲ ... လျှပ်စီးအားက အားမပြင်းလို့ များလား ... သို့သော် အားမကောင်းလျှင်ပင် လျှပ်စီးက ချီသွေးကြောထဲ စီးဆင်းနေမည့် အစား အတားအဆီး ပေါ်သို့ ကျရောက်ရမည် ဖြစ်၏။
လျှပ်စီးများစွာက မိုဝူကျီပေါ် ဆင်းသက် လာသောကြောင့် မိုဝူကျီက အသိစိတ် ပြန်ကပ် လာသည်။ မိုဝူကျီက ဝိညာဉ် လမ်းကြောင်းဖွင့်ဆေး နောက်တစ်ပုလင်းကို သောက်လိုက်တော့သည်။
မှင်တက်စရာ မြင်ကွင်းတစ်ခု ထပ်၍ ဖြစ်ပေါ် လာခဲ့သည်။ သူ့အတွေ့အကြုံ အရ ချီသွေးကြောကို အပြည့်အဝ မဖွင့်ခင် ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို သောက်သုံးသည်က အနည်းငယ်တော့ အကျိုးရှိကာ ချီသွေးကြောကို နည်းနည်း ကျယ်ပြန့်စေ၏။
သို့သော် ယခုတွင် သူ့ ၁၀၀ ခုမြောက် ချီသွေးကြောက အပြည့်အဝ ပွင့်မလာဘဲ သူက ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို သောက်လိုက်သောကြောင့် ၁၀၁ခုမြောက် ချီသွေးကြော ပေါ်လာလေ၏။
***