← Chapters

သဘာဝဓာတ် သိုလှောင်ရေး လမ်းကြောင်း

Vol. 12 Ch. 163

သဘာဝဓာတ် သိုလှောင်ရေး လမ်းကြောင်း

Vol. 12 Ch. 163

သူက ထိုသို့ အဖြစ်အပျက်မျိုးကို တစ်ခါမှ မကြုံဖူးသည့် အတွက် မိုဝူကျီ ရိုက်ချက်သည် သူ့စိတ်ဓာတ်ကိုပါ ရိုက်ချိုး ပစ်ခဲ့သည့်အတွက် ခဏတာ ကြောင်စီစီ ဖြစ်သွားလေသည်။ သူက မိုဝူကျီ ပြောသည့်အတိုင်း ဘေးသို့သွား၍ ထိုင်ချ လိုက်တော့သည်။ အခြားသော အဝါရောင် ဝတ်စုံနှင့် အတွင်းစည်း တပည့်များလည်း တစ်ခွန်းမျှ မပြောရဲဘဲ မြန်မြန် လိုက်သွား လိုက်တော့သည်။

ထိုအတွင်းစည်း တပည့်များတွင် ထိပ်တန်း ဝိညာဉ်ကြော ရှိကောင်းရှိနိုင် သော်လည်း သူတို့က မိုဝူကျီနှင့် မယှဉ်နိုင်ကြချေ။ အားကောင်း လှသည့် မိုဝူကျီရှေ့တွင် တစ်ယောက်မှ ဘာမှ မပြောရဲကြချေ။

ထိုစဉ် တပည့် အားလုံးက အခန်း နောက်ဘက်တွင်သာ စုပြုံလျက် ထိုင်ကြတော့သည်။ မိုဝူကျီ တစ်ယောက်တည်း ရှေ့တန်း အလယ်တွင် ထိုင်နေလေ၏။ အကြောင်းမှာ မိုဝူကျီက ထိုလူများကို ပညာပြန်ပြ လိုက်သည်ကို မြင်၍ တစ်ယောက်မှ မိုဝူကျီနှင့် မထိုင်ရဲကြချေ။ ထို့ကြောင့် မိုဝူကျီ ဘယ်ဘက်နှင့် ညာဘက်တွင် ခုံလွတ်များ ဖြစ်နေသည်။

မိုဝူကျီ ပညာပြလိုက်သည့် တပည့်များမှာ မိုဝူကျီဘေးမှ သူတို့ခုံဆီ ပြန်မလာရဲ တော့ပေ။

မိုဝူကျီက အနည်းငယ် စိုးရိမ်မိလေ၏။ သူက ထိုင်ခုံ တစ်နေရာစာ လိုချင်တာ ဖြစ်ပြီး ရှေ့ဆုံးတန်းမှ အကောင်းဆုံး နေရာဖြစ်ဖို့ရာ မလိုအပ်ပေ။

ထို့နောက်တွင် မီးခိုးရောင် ဝတ်ရုံ ဝတ်ထားသော နှုတ်ခမ်းမွေး မည်းမည်းနှင့် လူလတ်အရွယ် အမျိုးသားက ဝင်လာလေသည်။ လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို မည်သို့ အာရုံခံရမည်ကို မသင်ကြား ရသေးဘဲ မိုဝူကျီက ထိုနှုတ်ခမ်းမွေးနှင့် လူက ယနေ့ သင်ခန်းစာ ပို့ချမည့် အကြီးအကဲတိုင် ဖြစ်ကြောင်း သိလိုက်သည်။ ထိုလူဆီမှ အငွေ့အသက်များက မိုဝူကျီကို သူ့ထက် များစွာ အားကောင်းကြောင်း ခံစားမိစေသည်။

နှုတ်ခမ်းမွေးနှင့် အမျိုးသားက စင်မြင့်ထက်တွင် ရပ်လိုက်ပြီး အခန်း တစ်ခုလုံးကို ဝေ့ကြည့် လိုက်သည်။ ထိုင်ခုံထဲမှ အကောင်းဆုံး နေရာတွင် မိုဝူကျီ ထိုင်နေသည်ကို တွေ့ပြီး အပြင်စည်း တပည့် ဖြစ်နေသည်ကို သတိပြုမိ သောအခါ အနည်းငယ် အံ့ဩမိသွားသည်။

သူ့အကြည့်များက မနီးမဝေးမှ သွေးများ စွန်းထင်းနေသော နံရံပေါ်သို့ ရောက်သွားလေသည်။

အကယ်၍ အကြီးအကဲတိုင်က သူ့အား ထိုကိစ္စကို မေးမြန်းလျှင် မိုဝူကျီက တာဝန်ယူရန် အဆင်သင့် ဖြစ်နေသည့် အတွက် အရမ်းကို တည်ငြိမ် နေလေသည်။

မိုဝူကျီ မျှော်လင့် မထားသည်က အကြီးအကဲတိုင်သည် ထိုကိစ္စအကြောင်း သို့မဟုတ် မိုဝူကျီက ရှေ့တွင် တစ်ယောက်တည်း ထိုင်နေသည့် အကြောင်း တစ်ခုမှ မမေးခဲ့ပေ။

“ကျင့်ကြံသူ ဆိုတာက ကျင့်ကြံတဲ့ သူတွေပဲ၊ အစောပိုင်း ကျင့်ကြံခြင်း အချိန်အခါက ကျင့်ကြံသူတွေကို ဝိညာဉ် စွမ်းအားရှင်လို့ ခေါ်ကြတယ် ... ကျင့်ကြံသူ တစ်ယောက် ဖြစ်လာဖို့ ဝိညာဉ်ကြော ရှိရမယ်၊ ဝိညာဉ်ကြော မပါတဲ့ လူတွေကို သေမျိုးလို့ ခေါ်ပြီးတော့ သူတို့က မကျင့်ကြံ နိုင်ကြဘူး ... ”

မိုဝူကျီက စိတ်ထဲတွင် ထိုလူပြောသည့် အကြောင်း သဘောမတူပေ။ မိုဝူကျီတွင် အစကတည်းက ဝိညာဉ်ကြော မရှိချေ။ သို့သော် ယခုတွင် အခြားသော ကျင့်ကြံသူများ ကဲ့သို့ ဤနေရာတွင် ထိုင်နေ နိုင်လေသည်။ အကြောင်းမှာ သူက ဝိညာဉ်ကြောပါမှ ကျင့်ကြံ၍ ရမည်ဟူသော ပုံသေနည်းကြီးကို စွန့်ပစ်ကာ အခြားကိုယ်ပိုင် နည်းလမ်းကို တီထွင်ဆန်းသစ် နိုင်ခဲ့သည်။

“ဝိညာဉ်ကြောနဲ့ သူတွေသာ ကျင့်ကြံ နိုင်ကြလိမ့်မယ် ... အဲဒီထဲမှာ ကောင်းတဲ့ ဝိညာဉ်ကြော ရှိသလို ဆိုးတဲ့ ဝိညာဉ်ကြောလည်း ရှိကြတယ် အဆင့်မြင့်နဲ့ အဆင့်နိမ့်ပေါ့ ... အဲဒါဆိုတော့ ဝိညာဉ်ကြော ကောင်း မကောင်းကို ဘယ်လိုပြောကြလဲ ... အဆင့်မြင့်နဲ့ အဆင့်နိမ့်ကိုရော ဘယ်လို ပြောကြလဲ ... အသုံးများဆုံး နည်းလမ်းက ဝိညာဉ်ကြော စစ်ဆေးမှုပဲ ... အဲဒါက ဝိညာဉ်ကြော စစ်ဆေးဖို့ရာ အတွက် အခြေခံအကျဆုံး နည်းလမ်းပဲ ... အကဲဖြတ်ဖို့ရာ အတိကျဆုံးတော့ မဟုတ်ပေမဲ့ …”

အကြီးအကဲတိုင်၏ သင်ခန်းစာ ပို့ချချက်သည် တဖြည်းဖြည်းချင်း နက်ရှိုင်း လာလေ၏။ မိုဝူကျီက အစမှ အဆုံးမျောပါ နေပြီး အာရုံအပြည့်အဝ စိုက်ထားလေသည်။

“အဆင့်နိမ့် ဝိညာဉ်ကြောနဲ့ သူက စစ်မှန်ခြင်း နတ်ဘုရား အဆင့်ထိ ရောက်သွားတာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ဖူးတယ်၊ သူ့အတွက် အခွင့်အရေးများစွာ ရခဲ့တာကြောင့်ပဲ၊ လူတစ်ယောက်ရဲ့ ဝိညာဉ်ကြောက ကောင်းလား၊ ဆိုးလား၊ အဆင့်နိမ့်လား၊ အဆင့်မြင့်လား ခွဲခြားဖို့က ဝိညာဉ်ကြော စမ်းသပ်တာ မဟုတ်ဘဲနဲ့ သူတို့ ဖွင့်လို့ ရတဲ့ ဝိညာဉ် လမ်းကြောင်းတွေနဲ့ တိုင်းတာတာပဲ ... ပုံမှန်ကျင့်ကြံသူ တစ်ယောက်အတွက် ပထမအကြိမ် စိတ်ဝိညာဉ် နှိုးဆွစဉ်မှာ ဝိညာဉ် လမ်းကြောင်း ဆယ်ခုအထိ ပွင့်ခဲ့ရင် ပါရမီရှင်လို့ တင်စားလို့ ရနေပြီ ... တစ်ခါတည်းနဲ့ ဝိညာဉ် လမ်းကြောင်း ၂၀ ဖွင့်နိုင်တဲ့ လူတွေလည်း ရှိခဲ့တာပဲ ... ”

အကြီးအကဲတိုင်က ပြောလက်စကို ခဏရပ်လိုက်ပြီး အခန်း တစ်လျှောက်ကို ဝေ့ကြည့်လိုက်ရင်း နွေးထွေးသည့် လေသံဖြင့် …

“ပထမအကြိမ်မှာ ဝိညာဉ် လမ်းကြောင်း လေးငါးခု ဖွင့်နိုင်ရင် မင်းတို့က တတ်နိုင်စွမ်း မရှိဘူးလို့တော့ မထင်နဲ့ ... စိတ်ဝိညာဉ် နှိုးဆွတာက ဝိညာဉ် လမ်းကြောင်းဖွင့်ဖို့ အတွက် ပထမ ခြေလှမ်းပဲ ... ဝိညာဉ် လမ်းကြောင်းဖွင့်ဖို့က အလုပ် ကြိုးစားမှုနဲ့ ကံကောင်းဖို့ လိုအပ်သေးတယ် ... ကောင်းကင်ဖွေ ရှာနန်းတော်မှာ အစပိုင်းက ဝိညာဉ် လမ်းကြောင်း သုံးကြောင်းပဲ ဖွင့်နိုင်ပြီးတော့ နောက်ဆုံးမှာ ဝိညာဉ် လမ်းကြောင်း ၉၀ကျော်အထိ ဖွင့်နိုင်ခဲ့တဲ့ စီနီယာ ရှိဖူးတယ် ... ”

အခန်းအတွင်း ဆွေးနွေးသံများက ပွက်လော ရိုက်လာလေ၏။ သူတို့သည် သာမန် ဝိညာဉ်ကြောနှင့် လူတစ်ယောက်က ဝိညာဉ် လမ်းကြောင်း ၉၀ ကျော်အထိ မဖွင့်နိုင်မှန်း သိကြ၏။

“ကဲ အခု မတူညီတဲ့ ဝိညာဉ် လမ်းကြောင်းတွေကို ရှင်းပြပေးမယ် ... လူ့ခန္ဓာကိုယ်မှာ ဝိညာဉ် လမ်းကြောင်း အမျိုးမျိုး ရှိတယ် ... အဓိက လမ်းကြောင်း၊ တစ်မူထူး လမ်းကြောင်း၊ ဗဟိုလမ်းကြောင်း၊ မျက်နှာပြင် လမ်းကြောင်း၊ အရေပြား လမ်းကြောင်း၊ အရိုးလမ်းကြောင်း၊ ပျယ်လော့ လမ်းကြောင်းများ ... ”

သူ့ချီ သွေးကြောတွေကို နားမလည်သော်လည်း မိုဝူကျီက အကြီးအကဲတိုင်၏ မိန့်ခွန်းကို လေးစားမိ သွားသည်။ သူ့၏ အသေးစိတ် ရှင်းလင်းချက်မှ အကျိုးများစွာ ရရှိလေ၏။

မိုဝူကျီသာလျှင် မဟုတ်ပေ။ အခြားသော ကျင့်ကြံသူ များလည်း အာရုံအပြည့်အဝ စိုက်ထားကြသည်။ သူတို့က ဝိညာဉ် လမ်းကြောင်း နာမည်များနှင့် အသုံးများကို နှလုံးသားတွင် စွဲမြဲအောင် မှတ်ထား လိုက်တော့သည်။

တစ်ယောက်ကမှ အချိန်မည်မျှ ကုန်ဆုံးသွားကြောင်း မသိကြ‌ချေ။

“ကျွယ်ဝေ ဝိညာဉ် လမ်းကြောင်းက ပျယ်လော့ လမ်းကြောင်းရဲ့ အလယ်ပဲ ... အဲဒါက ငါတို့ရဲ့ မျိုးဆက်တွေကို ကျင့်ကြံနိုင်စေရုံ သာမကဘူး ... ”

“ကောင်းပြီလေ ဒီနေ့အတွက် ဝိညာဉ် လမ်းကြောင်း အကြောင်း ဟောပြောချက်က ဒီမှာတင် ပြီးပါပြီ ... တကယ်လို့ မေးစရာရှိတဲ့ တပည့်များက အခု မေးနိုင်ပါပြီ ... ဝိညာဉ် လမ်းကြောင်းနဲ့ ပတ်သက်တဲ့ မေးခွန်း သုံးခုပဲ မေးလို့ ရမယ်ဆိုတာ သတိရပေးပါ ... ” အားလုံးက အကြီးအကဲတိုင် သင်ကြားနေသည့် ၁၂နာရီလုံး တိတ်ဆိတ် နေကြသည်။ ဝိညာဉ်လမ်းကြောင်း အကြောင်း ဗဟုသုတများစွာ သိလိုက် ရသည့်အခါ အားလုံးက အသိစိတ် ပြန်ကပ်လာကြသည်။

မိုဝူကျီက ရှေ့တွင် ထိုင်နေရသည့် အတွက် အရာအားလုံးက တန်သည်ဟု ခံစားမိသည်။ သူက တွန့်ဆုတ်မနေဘဲ မတ်တပ်ရပ်ကာ အရိုအသေ ပေးရင်း မေးလိုက်တော့သည်။

“တပည့် မိုဝူကျီက စီနီယာဆီကနေ တစ်ခုလောက် မေးချင်ပါတယ်ဗျ ... အရင်တုန်းက ဝိညာဉ် လမ်းကြောင်း ၁၀၀ ထိ ဖွင့်ဖူးတဲ့သူ ရှိတယ်လို့ ကြားမိတယ် အဲဒါ အမှန်ပဲလားဗျ ... ”

စောစောလေးမှ မိုဝူကျီက အခြား လူများကို ရိုက်နှက်ထားသည့် မြင်ကွင်းသည် အားလုံး၏ စိတ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သည်။ ယခု မိုဝူကျီက ထမေးသောအခါ သူတို့က မိုဝူကျီ မေးခွန်းကို သဘော မကျကြသော်လည်း တစ်ယောက်ကမှ ဝင်မပြောရဲကြချေ။

အကြောင်းမှာ မိုဝူကျီက ရည်ရွယ်ချက် မရှိသည့် ဉာဏ်မရှိသည့် မေးခွန်းကို မေးလိုက်သောကြောင့် ဖြစ်၏။ မည်သူက ဝိညာဉ် လမ်းကြောင်း ၁၀၀ကို ဂရုစိုက် နေမည်နည်း။ သို့သော်လည်း တစ်ယောက်မှ ဝင်မပြော ရဲကြချေ။

ထိုမေးခွန်းကို မေးလိုက်ခြင်းက မေးခွန်း သုံးခုထဲမှ အခွင့်အရေးကို ဖြုန်းတီး လိုက်ခြင်းသာ ဖြစ်၏။

တိုင်ကျုးက ရယ်မောပြီး ဖြေကြားလိုက်သည်။

“ဝိညာဉ် လမ်းကြောင်း ၁၀၀ ထိ ဖွင့်နိုင်တာက အတုအယောင် မဟုတ်ဘူး ... တကယ်တော့ ၁၀၁ ခုထိ ဖွင့်နိုင်တဲ့ ပါရမီရှင်ကိုတောင် ကြားဖူးသေးတယ် ..”

မိုဝူကျီ မေးခွန်းကို သဘောမကျသော သူများပင် အကြီးအကဲတိုင် အဖြေကြောင့် စိတ်ဝင်စား သွားကြသည်။ ဝိညာဉ် လမ်းကြောင်း ၁၀၁ခုထိ ဖွင့်နိုင်တဲ့ ပါရမီရှင်လား ... ဘယ်သူ ဖြစ်နိုင်မလဲ ... .

“စောစောက ငါပြောတဲ့ အထဲမှာ ၁၀၀ခုမြောက် ဝိညာဉ် လမ်းကြောင်း မပါဘူး ... ၁၀၀ ခုမြောက် ဝိညာဉ် လမ်းကြောင်းကို သဘာဝဓာတ် သိုလှောင်ရေး လမ်းကြောင်းလို့ ခေါ်ကြတယ် ... အဲဒီ ဝိညာဉ် လမ်းကြောင်းမှာ သဘာဝ စွမ်းအားတွေကို သိမ်းဆည်း ထားနိုင်တယ်၊ အထူးသဖြင့် ကိုယ့်မှာ မပိုင်တဲ့ သဘာဝ စွမ်းအားတွေကိုပေါ့ ... ”

အခန်း အတွင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သဘာဝ စွမ်းအားများကို သိုလှောင်ထား နိုင်တာလား ... အကယ်၍ သဘာဝဓာတ် သိုလှောင်ရေး လမ်းကြောင်းကို ဖွင့်နိုင်ခဲ့လျှင် အခြားသော ကျင့်ကြံသူများနှင့် ယှဉ်လျှင် နိုင်ကွက်တစ်ခု ပိုရနေလိမ့်မည်။ အကယ်၍ လူနှစ်ယောက်က ယှဉ်တိုက်ခိုက် ကြသည့်အခါ ဝိညာဉ်လမ်းကြောင်း အတွင်းက အပို သဘာဝ စွမ်းအားများက အံ့ဖွယ် လူသတ်လက်နက် တစ်ခု ဖြစ်လာလိမ့်မည်။

တိုင်ကျုးက ရယ်မောရင်း ဆက်ပြောလိုက်သည်။

“အားလုံးက သဘာဝဓာတ် သိုလှောင်ရေး လမ်းကြောင်းရဲ့ အင်အားကိုတော့ နားလည်ကြ လိမ့်မယ်လို့ ထင်တယ် ... ပြီးတော့ ဝိညာဉ် လမ်းကြောင်း ၁၀၀ထိ ဖွင့်ထားတဲ့ ကျင့်ကြံသူက သာမာန် ကျင့်ကြံသူထက် အများကြီး အားကောင်းတယ် ... ဒါပေမဲ့လည်း ဝိညာဉ် လမ်းကြောင်း ၁၀၀ထိ ဖွင့်နိုင်တဲ့ ပါရမီရှင်တွေက အရမ်းကို ရှားပါးလွန်းတယ်၊ ငါတို့ ကောင်းကင်ဖွေရှာ နန်းတော်ထဲမှာလည်း ဝိညာဉ်လမ်းကြောင်း ၁၀၀ထိ ဖွင့်ထားတဲ့ စီနီယာ တစ်ယောက်ရှိတယ် ... ကြားလိုက်တာက အဲဒီ စီနီယာက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ကနေ အစစ်အမှန် ကမ္ဘာကျယ်ထဲ ကူးသွားပြီလို့ ပြောကြတယ် ... ”

“စီနီယာ ... ဝိညာဉ် လမ်းကြောင်း ၁၀၀ထိ ဘယ်လို ဖွင့်နိုင်မလဲ ဆိုတာ ပြောပြလို့ ရမလားဗျ ... ” မိုဝူကျီက ထပ်မေးလိုက်သည်။

လူအုပ်ကြီးက သူတို့ ကြားရတာကိုပင် မယုံနိုင်ကြချေ။ မိုဝူကျီက နောက်ထပ် ရူးကြောင်ကြောင် မေးခွန်းတစ်ခု မေးလိုက်ပြန်ပြီ။

မိုဝူကျီက လူအုပ်ကြီး၏ ဒေါသကို ခံစားမိသော်လည်း သူ့က မေးဖို့ရာကလွဲပြီး ရွေးချယ်စရာ မရှိပေ။ ဆရာသမား မရှိသည့် လူတစ်ယောက် အတွက် သူ့ကိုယ်ပိုင် အနာဂတ်ကို စဉ်းစားမိ၏။ သူသည် ဝိညာဉ် လမ်းကြောင်းများကို သုတေသန လုပ်သည့် အကြီးအကဲ တိုင်ကျုးလို လူမျိုးကို တွေ့ဖို့ရာ မလွယ်ကူနိုင်ပေ။ သူက ထိုရှားပါးလှသော အခွင့်အရေးကို လက်လွတ် မခံနိုင်ပေ။

အနာဂတ်ကို သက်ရောက်မှု ရှိသော ကိစ္စများအတွက် သူသည် အခြားလူများက မကြိုက်ကြသော်လည်း ဂရုစိုက်မနေဘဲ၊ တွန့်ဆုတ်ခြင်းမရှိဘဲ ဆက်၍ မေးလိုက်တော့သည်။ အကယ်၍ သူက အခြားလူများကို ဂရုစိုက်နေလျှင် ရှေ့တန်းတွင် ထိုင်နေမည် မဟုတ်ချေ။ ဝိညာဉ် လမ်းကြောင်း ၁၀၀မြောက်ကို သဘာဝဓာတ် သိုလှောင်ရေး လမ်းကြောင်းဟု ခေါ်ဆိုခြင်းမှာ မိုဝူကျီအတွက် အံ့ဩစရာ ဖြစ်လေ၏။ ဝိညာဉ် လမ်းကြောင်း ၁၀၀ မြောက်ကို ဖွင့်နိုင်ခြင်းသည် အပိုဝှက်ဖဲ တစ်ခု ရှိနေခြင်းနှင့် အတူတူ ဖြစ်သည်။

တိုင်ကျူးက မဖြေခင် သက်ပြင်း ချလိုက်တော့သည်။

“ဝိညာဉ် လမ်းကြောင်း ၁၀၀ ခုမြောက်ကို ဖွင့်ဖို့ရာက လွဲရင် ကျန်တာအားလုံး လွယ်တယ် ... ဝိညာဉ် လမ်းကြောင်း အဆင့် ၁၀ထိ ရောက်လာရင် ဝိညာဉ် လမ်းကြောင်း ၁၀၀ထိ ဖွင့်နိုင်လိမ့်မယ်လို့ ပြောတာ ကြားဖူးတယ်၊ ဝိညာဉ် လမ်းကြောင်း ဖွင့်ဖို့ရာအတွက် သီးသန့်နည်းလမ်း အတွက် သေချာ မလေ့လာဖူး သေးဘူး၊ ဒါပေမဲ့လည်း ကောင်းကင်ဖွေရှာ နန်းတော် ရှေးဟောင်း မှတ်တမ်းထဲမှာတော့ ဝိညာဉ် လမ်းကြောင်း အကြောင်း အသေးစိတ် ပြောပြထားတယ် ... ”

“စီနီယာတိုင် ... ကျွန်တော်က တပည့် ချူကျိန်းရှန်ပါ ... ဝိညာဉ် လမ်းကြောင်း ၆၉ခု ဖွင့်ပြီးတဲ့ အချိန်မှာ နောက်ထပ် ဝိညာဉ် လမ်းကြောင်း ထပ်ဖွင့်လို့ မရတော့ဘူး၊ ကျွန်တော့်ဘာသာ အတင်းကျပ် ကျင့်ကြံရင် ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်တွေ လျော့ကျ သွားစေတယ်၊ ဒီပြဿနာကို ဖြေရှင်းဖို့ရာ နည်းလမ်း ရှိလားဆိုတာ သိလို့ရမလားဗျ ... ” မိုဝူကျီ နောက်တွင် ထိုင်နေသည့် တစ်ယောက်က မိုဝူကျီသည် ထပ်မေးမှာ စိုးရိမ်သောကြောင့် အလျင်အမြန် မေးလိုက်တော့သည်။

မေးခွန်း မေးလိုက်သည်နှင့် လူတစ်အုပ်လုံးက တိတ်ဆိတ် သွားပြီး ထိုမေးခွန်းသည် လူအားလုံးက သိချင်နေကြသော မေးခွန်း ဖြစ်ကြောင်း ထင်ရှား၏။

အကယ်၍ ထိုကိစ္စကို စိုးရိမ်နေသည့်သူ မရှိဘူးဆိုလျှင် ထိုလူက မိုဝူကျီသာ ဖြစ်လိမ့်မည်။ မိုဝူကျီက ကောင်းကင်ဖွေရှာ နန်းတော်မှတ်တမ်း ဌာနကို ဝင်ဖို့ရာ နည်းလမ်း ရှာနေလေ၏။

အဆုံးသတ်တွင် မိုဝူကျီက ယန်အာဆီ ဦးဆုံးသွားရောက် ဖို့ရန် ဆုံးဖြတ် လိုက်တော့သည်။ ထို့နောက်မှ ရှေးဟောင်း မှတ်တမ်း ဌာနကို သွား၍ သူ့ချီသွေးကြော ၁၀၀ ခုမြောက်နှင့် စိတ်ဝိညာဉ် တည်ဆောက်ဖို့ရန် နည်းလမ်းကို ရှာရမည်။

မိုဝူကျီ ဆုံးဖြတ်လိုက်သည့် အခိုက်အတန့်တွင် တိုင်ကျူး၏ သင်ခန်းစာလည်း အဆုံးသတ် သွားလေပြီ။ တိုင်ကျုး ထွက်သွားသည်နှင့် ကျန်ရှိနေသော တပည့်များက အလျှိုလျှို ထွက်သွား ကြတော့သည်။

“မိုဝူကျီ မင်းကို မှတ်ထားတယ် ...” မိုဝူကျီက လှည့်လိုက်သော အခါ မျက်နှာတွင် ဒဏ်ရာများနှင့် ပြည့်နေသည့် အဝါရောင် ဝတ်စုံနှင့် လူငယ်က သူ့အား ခပ်ရှရှ အသံဖြင့် ပြောလိုက်သည်။

မိုဝူကျီက သွားလက်စကို ရပ်လိုက်သောကြောင့် ထိုလူငယ်က မသိစိတ်ဖြင့် နောက်သို့ ခြေလှမ်းဆုတ် သွားတော့သည်။

“ထွက်သွားစမ်း ... ငါ့ရှေ့ ရောက်မလာစမ်းနဲ့ ... မင်းငါ့ကို ဒီလိုလေသံနဲ့ နောက်တစ်ခါ ပြောရင် မင်းကို မွေးပေးထားတဲ့ မိဘတွေ မမှတ်မိအောင် ရိုက်ပစ်မယ် ..” မိုဝူကျီက ထိုလူငယ်ကို မပြောခင် စိုက်ကြည့် လိုက်သေး၏။

အဝါရောင် ဝတ်စုံနှင့် လူငယ်နှင့် သူ့အပေါင်းအသင်းများက မိုဝူကျီကို ရှောင်ရှားဖို့ရန် လမ်းလွဲသွား လိုက်လေသည်။

အခြားသော တပည့်များက သူတို့ကိုယ်တိုင် မိုဝူကျီနှင့် ဝေးဝေးနေကြပြီး အခန်းအတွင်းမှ ထွက်သွား ကြတော့သည်။

ချောင်ပုဟိန်၏ တွေဝေနေသည့် ရုပ်ကို မြင်၍ မိုဝူကျီက သူ့အား လှမ်းမခေါ်တော့ပေ။ မိုဝူကျီက ချောင်ပုဟိန်သည် သူနှင့် ရင်းရင်းနှီးနှီး နေပါက ယနေ့ သူ ရန်စလိုက်သည့် အတွင်းစည်း တပည့်များ၏ ပစ်မှတ်ဖြစ်လာ မလားဟု စိုးရိမ်နေခြင်းသာ ဖြစ်လိမ့်မည်။

ချောင်ပုဟိန်က မိုဝူကျီ ထွက်သွားသည်ကို မြင်သောအခါ သက်ပြင်းသာ ချလိုက်တော့သည်။ ထို့နောက် ခေါင်းငိုက်စိုက် ချလျက် ထွက်သွားတော့သည်။ သူ့စိတ်ထဲတွင် သူက မိုဝူကျီ စွမ်းအားကြီးပုံကို တအံ့တဩ ဖြစ်နေဆဲ ဖြစ်ကာ ထိုသို့သော လူမျိုးသည် ဘာကြောင့် လှေကား ရှစ်ထစ်သာ တက်လှမ်း နိုင်သနည်းဟု တွေးတောနေမိသည်။

“ဒီလူက အရမ်း အားကောင်းတယ် ... ဘယ်သူတုန်း ... ” မိုဝူကျီ ထွက်သွားပြီး နောက်တွင် တပည့်များစွာက သူ့အကြောင်း ဆွေးနွေးနေကြပြီး မိုဝူကျီသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူများကို အားများစွာ စိုက်ထုတ်စရာ မလိုဘဲ မောင်းထုတ်လိုက်သည့် အကြောင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရ၍ ဖြစ်သည်။

“ငါတော့ သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ရောက်နေပြီ ထင်တယ် ... ”

“ထားလိုက်တော့ ဒီကိစ္စက ဒီလို အဆုံးသတ်မှာ မဟုတ်ဘူး ... မိုဝူကျီက အရမ်းကို အတင့်ရဲတယ် ... မကြာခင်မှာ သူ့အပြုအမူတွေ အတွက် နောင်တတွေ ရတော့မှာ ... ”

မိုဝူကျီက သူတို့ကို ပြဿနာရှာပြီး နောက်တွင် ပြဿနာ ရောက်လာမည် ဖြစ်ကြောင်း သိသော်လည်း စိတ်ထဲပင် မထားပေ။ သူ့အတွက် အရေးကြီးလှသော မေးခွန်းနှစ်ခုမှ အဖြေများကို သေချာပေါက် ရရှိနိုင်ခဲ့သည်။ အကယ်၍ အနာဂတ်တွင် ထိုသို့ ဟောပြောပွဲများ ရှိပါက သူက ရှေ့ဆုံးတွင် ထိုင်ရန်သာ ရွေးချယ်ဦးမည် ဖြစ်သည်။

***

All Chapters