ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံး ဘုံစေတီ
Vol. 12 Ch. 164
ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံး ဘုံစေတီသည် အမှန်တကယ်ပင် ဘုံတစ်ခု ဖြစ်သော်လည်း နေထိုင်ဖို့ရာ အတွက် မသင့်တော်ပေ။
ဆေးလုံးဘုံ စေတီတွင် စုစုပေါင်း အဆင့် ၁၀ဆင့် ရှိသည်။ တစ်ဆင့်ချင်းစီသည် ဆေးလုံးတာအို နယ်ပယ်ကို ရည်ညွှန်း ထားသည်ဟု ကောလာဟလ ရှိခဲ့ဖူးသည်။ နှစ်စဉ်တိုင်းတွင် ကောင်းကင်ဖွေရှာ နန်းတော်၏ ဆေးလုံး ဆရာများသည် ဆေးလုံး ဘုံစေတီ၏ အင်အားဖြင့် ဆေးလုံး တာအိုတွင် သူတို့၏ အောင်မြင်မှု ရရှိရန် ကြိုးစားကြသည်။ အဆင့်တစ် ဆေးလုံး ဆရာများသည် နှစ်ထပ်သို့ ဘယ်သောအခါမှ မတက်လှမ်း နိုင်ကြပေ။ တူညီစွာ အဆင့်သုံး ဆေးလုံးဆရာ များသည် လေးထပ်သို့ မသွားနိုင်ကြချေ။
တစ်ချိန်တည်းတွင် ဤနေရာက အင်ပါယာ ငါးခုလုံး၏ ဆေးဘက်ဆိုင်ရာ အသိအမှတ်ပြုဘုံ ဖြစ်သည်။
အင်ပါယာ ငါးခုတွင် ဆေးလုံးဆရာ တစ်ယောက်၏ အရည်အချင်းများကို ဆုံးဖြတ်အကဲဖြတ် ပေးနိုင်သည့် တစ်ခုတည်းသော နေရာကား ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံး ဘုံစေတီသာ ဖြစ်၏။ သုံးနှစ်တစ်ကြိမ် ဆေးလုံးဆရာ အုပ်စုလိုက်ကြီးက အခကြေးငွေ ပေးချေကြပြီး ဆေးလုံး ဘုံစေတီသို့ အသိအမှတ်ပြု လက်မှတ်ရရန် သွားကြသည်။ ဆေးလုံး ဘုံစေတီမှ အောင်လက်မှတ် ရထားသော ဆေးလုံး ဆရာသည် ဆေးပင်များနှင့် ဆေးလုံးများကို ဝယ်ယူရာတွင် ၉၀ ရာခိုင်နှုန်း အထိ လျှော့ဈေး ခံစားနိုင်လေသည်။
အဆင့်တူ ဆေးလုံး နှစ်ယောက်တွင် တစ်ယောက်က ဆေးလုံး ဘုံစေတီမှ လက်မှတ် ရရှိထားပြီး အခြား တစ်ယောက်က မရရှိထားလျှင် လက်မှတ် မရှိသည့်သူက အခြား တစ်ယောက်ကို အားကျ စိတ်ဖြင့်သာ ကြည့်နေ ရလိမ့်မည်။ လက်မှတ်ရှိသူ ဆေးလုံးဆရာ ဝင်မည့် ရွှေပြား အရေအတွက်ကား အဆများစွာ ပိုမြင့်မားလေ၏။
အဝေးမှ မိုဝူကျီသည် ဆေးလုံးဆရာ ရုံတွင် မားမားမတ်မတ် တည်ရှိနေသော ဆေးလုံး ဘုံစေတီကို မြင်လိုက် ရလေ၏။ သို့သော်လည်း လက်မှတ်ရာသီ မဟုတ်သည့် အတွက် ဆေးလုံး ဆရာရုံတွင် လူအနည်းငယ်သာ ရှိလေသည်။
ဆေးလုံး ဆရာရုံကို ဖြတ်ပြီး တည်ရှိ နေသည်က နက်ရှိုင်းလွန်းပြီး ကျယ်ပြန့်လှသည့် စမ်းခေျာင်း ဖြစ်နေသည်။ စမ်းချောင်း အနက်ပိုင်းတွင် တိမ်များဖြင့် ဖုံးလွှမ်းနေပြီး တစ်ခါတစ်ရံ လေချွန်သံများ ထွက်ပေါ် လာလေ၏။
စမ်းချောင်း အပေါ်ပိုင်းတွင် စမ်းချောင်း အမျိုးမျိုးက ဆေးလုံး ဆရာရုံနှင့် ဆက်စပ် နေလေသည်။ နေရောင်မှ အလင်းများ ဖြာကျနေပြီး ထိုတံတားများက တည်နေရာ မျိုးစုံသို့ ဦးတည် ထားလေ၏။ တံတား တချို့ကို သံကြိုးဖြင့် ပြုလုပ်ထားပြီး၊ တချို့ကို သစ်သားဖြင့် တည်ဆောက် ထားလေသည်။ တချို့ တံတားများက လှည်းဖြတ်ဖို့ရာ အထိ ကျယ်ဝန်းလေ၏။
မိုဝူကျီက ဆေးလုံး ဘုံစေတီကို တစ်ခါမျှ မရောက်ဖူး သော်လည်း သူသည် ထိုတံတားများ အဆုံးတွင် ဂိုဏ်း၏ ထိပ်တန်း ဆေးလုံးဆရာများ နေထိုင်သည့် အဆောက်အဦ များဆီ ဦးတည် ထားကြောင်း သိ၏။
နှုတ်ခမ်းမွေးဖြူ အကြီးအကဲက စမ်းချောင်းဘေးတွင် ထိုင်နေရင်း သူ့လက်ထဲတွင် ငါးမျှားတံ ကိုင်ထားလေသည်။ သူ့ငါးမျှားတံက စမ်းချောင်းထဲသို့ ချထားလိုက်ပြီး ငါးတချို့ ရရန် ကြိုးစားနေလေသည်။ သို့သော်လည်း မိုဝူကျီက ငါးဖမ်းတံမှ ကြိုးကို မတွေ့ရပေ။ ထို့အပြင် ဤစမ်းချောင်းက ချောက်နှင့် ပိုတူပြီး ငါးကန် မဟုတ်သည့် အတွက် ငါးမည်သို့ ဖမ်းလို့ ရမည်နည်း။
“စီနီယာ ... ဒီဂျူနီယာလေးက ဘွားဘွား လင်းလောင်ဆီ သွားချင်လို့ပါဗျ ... ဘယ်တံတားက သူမ နေရာများ ရောက်နိုင်လဲဗျ ... ” မိုဝူကျီက အရိုအသေ ပေးရင်း လေးလေးစားစား မေးလိုက်သည်။
နှုတ်ခမ်းမွေးဖြူ လူအိုကြီးက မိုဝူကျီကို ကြည့်လိုက်ရင်း ခက်ခက်ခဲခဲ ပြောလိုက်သည်။
“မမြင်နိုင်တဲ့ တစ်ခု ...”
ထိုသို့ ပြောပြီး စမ်းချောင်းဆီသာ အာရုံပြန်စိုက် သွားတော့သည်။ မိုဝူကျီ ဘာမေးသည် ဖြစ်ဖြစ် သူက တစ်လုံးမျှပင် ပြန်မဖြေတော့ပေ။
မိုဝူကျီက အမှန်ပင် ကူကယ်ရာ ကင်းမဲ့နေ၍ ဘေးတွင် အသာ မတ်တတ်ရပ်ရင်း စောင့်နေ လိုက်တော့သည်။
အချိန်အတော် ကြာပြီးနောက်တွင် အကြီးအကဲက ငါးမျှားတံကို ရုတ်တရက် ဆွဲတင် လိုက်တော့သည်။ မိုဝူကျီသည် ထိုအကြီးအကဲက အမှန်ပင် ငါးဖမ်းနေကြောင်း သိလိုက်ရ၍ ပါးစပ် အဟောင်းသား ဖြစ်သွားမိသည်။ ငါးတစ်ကောင်လုံးက ကြည်လင်နေပြီး ကြည့်ရသည်မှာ ငွေငါးနှင့် တူလေသည်။
အကြီးအကဲက ထိုကြည်လင် နေသည့် ငါးကို အသင့် ပြင်ထားသော သစ်သားတောင်းထဲ ထည့်လိုက်သည်။ မိုဝူကျီက အကြီးအကဲ သစ်သားတောင်းကို မအုပ်လိုက်ခင် ထိုငါးသွင်ပြင်ကို ရိပ်ခနဲသာ မြင်လိုက် ရလေသည်။
ငါးမျှားတံကြိုး မပါရှိဘဲ မည်သို့ ဖမ်းမည်သည်နည်း။ ထို့အပြင် ဤစမ်းချောင်းက အလွန် နက်သည့်အတွက် အောက်ခြေကိုပင် မမြင်နိုင်ချေ။ ထိုငါးက ဘယ်နေရာက ရောက်လာတာ များလဲ ... ဖြစ်နိုင်ချေ မရှိသည့် နှစ်ခုက လက်တွေ့တွင် အမှန်တကယ် ဖြစ်လာသည်လား ...
မိုဝူကျီက ထပ်၍ အောင့်မထားတော့ဘဲ စိတ်စွမ်းအားကို သုံး၍ အကြီးအကဲ၏ ငါးမျှားတံကို ဖတ်ရှုလိုက်သည်။ ငါးမျှားတံတွင် ငါးမျှားကြိုး မပါရှိခြင်း မဟုတ်ကြောင်း တွေ့ရှိ လိုက်ရသည်။ ငါးမျှားတံ ကြိုးသည် မျက်စိနှင့် မမြင်နိုင်ချေ။
မိုဝူကျီက အကြီးအကဲ၏ စကားကို ပြန်မှတ်မိ သွားပြီး တစ်ခုခု ရှာဖွေတွေ့ရှိ သွားတော့သည်။ သူက စမ်းချောင်း တစ်လျှောက် စိတ်စွမ်းအားကို ဖြန့်ကြက် လိုက်သည်။ အသက်ရှူ ဆယ်ကြိမ်ခန့် လောက်တွင် သာမန် မျက်စိဖြင့် မမြင်နိုင်သည့် တံတားကို စိတ်စွမ်းအားဖြင့် ရှာဖွေတွေ့ရှိ သွားလေသည်။
တံတားတွင် ကြိုးပါသော်လည်း ကြိုးက ထိုမျှ မသေးကျစ်ပေ။ ကြိုးမသေးရုံ သာမက လူကြီးလက်မ လောက်ပင် အထူရှိသေး၏။ မိုဝူကျီသည် ယခင်က ထိုကြိုးကို မမြင်သည်မှာ အရောင်မရှိ၍ ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်နေလေ၏။
အကြီးအကဲက မမြင်နိုင်သည့် တံတားဟု ပြောဆိုခြင်းမှာ မထူးဆန်းတော့ပေ။ သူ၏ မျက်စိဖြင့် ထိုတံတားကို မမြင်နိုင်ချေ။
မိုဝူကျီက စိတ်စွမ်းအား စတင် သုံးလိုက်သည့် အခိုက်အတန့်တွင် နှုတ်ခမ်းမွေးဖြူ အကြီးအကဲက ရုတ်တရက် ခေါင်းမော့ကာ မိုဝူကျီ နောက်ကျောကို ခဏတာ စိုက်ကြည့် နေလိုက်သည်။
“စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်ဗျ ... ” မိုဝူကျီက ကျေးဇူးစကား ဆိုရန် အကြီးအကဲကို လှမ်းကြည့် လိုက်သောအခါ သူက သစ်သားတောင်းကို ငုံ့ကြည့် နေလေပြီ။ မိုဝူကျီက တစ်ဖက်လူသည် စကားအများကြီး မပြောသည်ကို သိ၍ သူ့သဘောထားကို ဖော်ပြပြီး နောက်တွင် ချက်ချင်းပင် မမြင်ရသည့် ကြိုးတံတား ပေါ်သို့ တက်သွားတော့သည်။
လေက အားပြင်းပြီး ကြိုးတံတားက ယမ်းခါ နေသော်လည်း ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀သို့ ရောက်နေသည့် လူတစ်ယောက် အနေနှင့် မိုဝူကျီအတွက် များစွာ မခက်ခဲပေ။
တံတားသည် ရှည်လျားလှပြီး မိုဝူကျီက ကမ်းတစ်ဖက်သို့ မရောက်ခင် နာရီဝက်လောက် လျှောက်လိုက်ရသည်။
တစ်ဖက်ကမ်းတွင် စောင့်ကြို နေသည်က ခြောက်မြှောင့် အဆောက်အဦ တစ်ခုကို တွေ့လိုက်ရသည်။ ရှေးခေတ် အခါက အဆောက်အဦနှင့် ခပ်ဆင်ဆင် ဖြစ်သည်။
အဆောက်အဦကို ဖြတ်သွားသော အခါ အပြာရောင် ကျောက်လှေကား ရှိသည်။ လှေကားထစ်များက ညီတူညီမျှ ကွာဝေးကြပြီး ခမ်းနား ကြီးကျယ်သည့် အခန်းသို့ ဦးတည် ထားလေ၏။
မိုဝူကျီက လှေကားမှ တစ်ဆင့် အခန်းအပြင်သို့ ရောက်သွားသောခါ မျက်နှာသိ တစ်ယောက်ကို တွေ့လိုက်ရသည်။ သူ ပထမဆုံး အကြိမ် ဘွားဘွား လင်းလောင်နှင့် တွေ့စဉ်က သူ့အား ခေါ်လာပေးသည့် အနီရောင် ဝတ်ရုံနှင့် အမျိုးသမီး ကျင့်ကြံသူ ဖြစ်သည်။
“စီနီယာ အစ်မ ... ကျွန်တော်က ယန်အာနဲ့ တွေ့ချင်လို့ပါ ...” မိုဝူကျီက အရိုအသေ ပေးရင်း သတိထားကာ ပြောလိုက်ရသည်။
“ငါ့နောက်လိုက်ခဲ့ ...” အနီရောင် ဝတ်ရုံနှင့် မိန်းကလေးသည် မိုဝူကျီကို မေးခွန်းပင် မမေးချေ။ ဘွားဘွား လင်းလောင်ကို အကြောင်း ကြားရမည်ဟုလည်း မပြောချေ။ သူမက မိုဝူကျီကို ခန်းမတစ်လျှောက် ကို ဖြတ်၍ ဝိညာဉ် ဆေးပင်များနှင့် ဝန်းရံထားသည့် အဆောင်ငယ်လေးဆီ ခေါ်လာလေသည်။
မိုဝူကျီက အစီအရင်များ အကြောင်း အနည်းငယ် သင်ယူဖူးသည့် အတွက် ထိုနေရာရှိ သိပ်သည်းလှသော ဝိညာဉ် စွမ်းအားများကို မြင်၍ ဤနေရာတွင် အဆင့်မြင့် ဝိညာဉ်စွမ်းအား စုစည်းခြင်း အစီအရင် ရှိကြောင်း မှန်းဆမိသည်။ ဤနေရာလေးတွင် ကျင့်ကြံခြင်းက သူ၏ အပိုင်း (ဃ) ထက် အဆတစ်ရာမက ပိုကောင်းလေသည်။
“စီနီယာ အစ်မကို နှုတ်ဆက်ပါတယ် ...” မိုဝူကျီက အဆောင်ငယ်လေး အပြင်ဘက် ရောက်နေသောကြောင့် ဝိညာဉ် ဆေးပင်များကို ရေလောင်းနေသည့် မိန်းမငယ်လေးကို မှတ်မိလိုက်သည်။ ထိုသည်က ဘွားဘွား လင်းလောင်ကို ခစားနေသည့် အမြွှာ နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်နေ၏။
“ဆေးလုံး ဆရာမို ယန်အာကို လာတွေ့တာလား ...” မိန်းမငယ်လေးက ရေလောင်းခြင်းကို ရပ်၍ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
မိုဝူကျီက အားတက်သရော ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်ဗျ ... စီနီယာ အစ်က တစ်ချက်လောက် အကြောင်း ကြားပေးလို့ ရမလားဗျ ... ”
မိန်းမငယ်လေးက အနည်းငယ် တွေဝေနေသည်ကို တွေ့သောအခါ မိုဝူကျီက ထပ်မေးလိုက်သည်။
“အဆင်များ မပြေလို့လားဗျ ...”
မိန်းမငယ်လေးက နှုတ်ခမ်း ကိုက်လိုက်ရင်း ပြောလိုက်သည်။
“အဆင်မပြေ တာတော့ မဟုတ်ပါဘူး ဒါပေမဲ့ ဘွားဘွား လင်းလောင်က ယန်အာရဲ့ ဝိညာဉ် လမ်းကြောင်းတွေကို ပြန်ပြင်ပြီးပြီ ဆိုတော့ ယန်အာက အခု တံခါးပိတ် ကျင့်ကြံနေတယ် ... ဒါပေမဲ့လည်း ဆေးလုံး ဆရာမိုက တွေ့ရမယ် ဆိုရင်တော့ သွားခေါ် ပေးပါ့မယ် ...”
“ယန်အာရဲ့ ဝိညာဉ် လမ်းကြောင်းတွေက ကောင်းသွားပြီလား ...” မိုဝူကျီက တအံ့တဩ မေးလိုက်သည်။
မိန်းမငယ်လေးက ခေါင်းညိတ်ပြ လိုက်ပြီး ...
“ဟုတ်တယ် ... ယန်အာရဲ့ ဝိညာဉ် လမ်းကြောင်းတွေက အခု ပြန်ကောင်းသွားပြီ၊ ဒါပေမဲ့ အခုက သူမကျင့်ကြံရေး အတွက် အရေးကြီးဆုံး အခြေအနေမှာ ရောက်နေတာ ... တကယ်လို့ ဆေးလုံး ဆရာမိုက နောက် သုံးလလောက် နေမှ လာရင်တော့ သူမက အဲဒီ အခြေအနေကို ကျော်ပြီး လောက်ပြီ၊ ဘွားဘွား လင်းလောင်က ဆေးလုံးဆရာမို ယန်အာကို တွေ့ချင်တဲ့ အချိန်တိုင်း လာတွေ့ခိုင်းဖို့ ပြောထားပါတယ် ... ”
“ရပါတယ် အဲဒါဆို ရပါပြီ ...” မိုဝူကျီက မျက်ဝန်းတွင် မျက်ရည်စက်များ ခိုတွဲရင်း ရေရွတ် လိုက်တော့သည်။ ယန်အာသည် များစွာ ခံစားခဲ့ရ၍ ယခု သူမဘဝနှင့်သူ ဖြစ်သွားလေပြီ။ သူ့စိတ်ထဲတွင် မိုဝူကျီက ဘွားဘွား လင်းလောင်ကို ကျေးဇူးအထူး တင်နေလေ၏။ ယန်အာက သူ့ကို မှတ်မိသည် ဖြစ်စေ၊ မမှတ်မိသည် ဖြစ်စေ ထိုကိစ္စကား ဒုတိယဖြစ်သည်။ ယန်အာ ကျန်းမာ နေသရွေ့ ကျန်တာအားလုံး အရေးမကြီးပေ။
“ရပါတယ် အဲဒါဆို ယန်အာ ကျင့်ကြံနေတာကို မနှောင့်ယှက် တော့ပါဘူး ... ကျွန်တော် အရင် သွားလိုက်ပါဦးမယ် နောင်မှပဲ ယန်အာဆီ ထပ်လာလည် ပါ့မယ် ... ”
မိုဝူကျီက ပြန်ဖြေလိုက်ရင်း အဆောက်အဦ အတွင်းကို လှမ်းငေးကြည့် လိုက်သည်။ ထို့နောက်တွင် သူက ဖြည်းဖြည်းချင်း လှည့်ထွက် သွားတော့သည်။ သူ နောက်တစ်ကြိမ် လာရောက်သည့် အချိန်တွက် ယန်အာက သူစိမ်း တစ်ယောက် ဖြစ်နေ တော့မည်ဟု ခံစားမိနေသည်။
မိုဝူကျီ ပုံရိပ် ပျောက်ကွယ် သွားသည့်အခါ အခြား အမြွှာတစ်ယောက်က ရောက်လာပြီး သူ့ထွက်သွားသည့် ဦးတည်ရာကို ကြည့်လိုက်တော့သည်။ ထို့နောက် သူမက သက်ပြင်းချကာ ပြောလိုက်သည်။
“တန်ချီ ဒီဟာက နည်းနည်း မလွန် လွန်းဘူးလား၊ ဘွားဘွားက ငါတို့ကို ဆေးလုံး ဆရာမိုနဲ့ ယန်အာကို တွေ့ခိုင်းဖို့ ခွင့်ပြု ထားတာလေ ... သူတို့က ပိုပြီး ရင်းရင်းနှီးနှီး နေသင့်တယ် လို့တောင် ပြောသေးတယ် မလား ... ”
တန်ချီ အမည်ရှိသည့် မိန်းမငယ်လေးက နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။
“တန်ရှင်း ယန်အာက သူမကျင့်ကြံရေး အတွက် အရေးကြီးဆုံး အချိန်လေ၊ ဘွားဘွားက စိတ်ပျော့လို့ပါ ဒါပေမဲ့ ဆေးလုံး ဆရာမိုနဲ့ ယန်အာကို တွေ့ခွင့် ပေးတာက ဘွားဘွား အားထုတ်မှုတွေ ဖြုန်းတီး ပစ်တယ်လို့ ငါထင်တယ် ... ယန်အာကို ကယ်ဖို့ ဘွားဘွားက ဘာတွေ စတေး ထားရတယ် ဆိုတာ မမေ့နဲ့ဦး ... သူမ ကျင့်ကြံဆင့်က သိသိသာသာ တိုးတက်လာရင် ...”
တန်ရှင်းက တိတ်ဆိတ် သွားလေသည်။ တန်ချီ ပြောသည်က မှန်ကန်ပေသည်။ အကယ်၍ ယန်အာ အခြေအနေက ဆိုးရွားလာပြီး ဘွားဘွား လင်းလောင်က ထပ်ကယ်တင်ဖို့ လိုအပ်လာလျှင် ဘွားဘွား လင်းလောင်က သူမ သဘာဝ စွမ်းအားများကို အလွန်အကျွံ သုံးမိခဲ့လျှင် ဘွားဘွားအတွက် ပြန်ကောင်းဖို့ရာ ခက်ခဲပေလိမ့်မည်။
“ယန်အာရဲ့ ထိပ်တန်း ပါရမီနဲ့ဆိုရင် ဆေးလုံးဆရာမို ရောက်လာတဲ့ အချိန်ကျ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ရောက်နေလောက်ပြီ ...” တန်ရှင်းက ရေရွတ်လိုက်သည်။
တန်ချီက ခေါင်းကို ငုံ့ထားလိုက်ပြီး ဘာမှ ပြန်မပြောတော့ပေ။ တန်ရှင်း၏ စိုးရိမ်မှုများက မရေမရာ မဟုတ်ဘဲ သေချာလှသည်။ မိုဝူကျီ နောက်တစ်ခေါက် လာရောက်သည့် အချိန်တွင် သူမက စိတ်ဝိညာဉ်ကို တည်ဆောက် ပြီးလောက်လေပြီ။ အကယ်၍ ယန်အာသာ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိ သွားပါက သူမ မှတ်ဉာဏ် အားလုံးက ပျောက်ဆုံး သွားလိမ့်မည်။ သူမရှေ့သို့ ရောက်လာမည့် မိုဝူကျီကို သူစိမ်းတစ်ယောက် အဖြစ်သာ မြင်လိမ့်မည်။
သူမက မိုဝူကျီကို မကူညီချင်၍ မဟုတ်ပေ။ သို့သော် ဘွားဘွား လင်းလောင်က ယန်အာကို နောက်တစ်ကြိမ် ကယ်တင်ရန် မတတ်နိုင်တော့ချေ။
မိုဝူကျီ ပြန်ရောက် လာသည့်အခါ ငါးမျှားနေသည့် အကြီးအကဲက မရှိတော့ချေ။ မိုဝူကျီက စိတ်ဓာတ် ကျနေသဖြင့် ထိုအကြီးအကဲ ဘယ်သွားလဲဟု ဂရုစိုက် မနေတော့ချေ။
သူက သူ့၏ အပြင်စည်း ဂိုဏ်းတောင်သို့ ပြန်ရန် စိတ်အခြေအနေ မဟုတ်ပေ။ ထို့ကြောင့် ရှေးဟောင်း မှတ်တမ်းဌာနကို သွားလိုက်တော့သည်။
သူက ရှေးဟောင်း မှတ်တမ်းဌာနတွင် လုပ်ဆောင်ရန် ရည်ရွယ် ထားသည့် အချက် ၂ ချက် ရှိသည်။ ပထမကား သဘာဝဓာတ် သိုလှောင်ရေး လမ်းကြောင်းကို မည်သို့ ဖွင့်ရမည်ကို သင်ယူရန်နှင့် နောက်တစ်ခုက စိတ်ဝိညာဉ် တည်ဆောက်ဖို့ လေ့လာရန် ဖြစ်သည်။
ကောင်းကင်ဖွေရှာ နန်းတော်၏ ရှေးဟောင်း မှတ်တမ်းဌာနတွင် အဆင့်ငါးဆင့် ရှိလေသည်။ မိုဝူကျီက ဝင်ပေါက် ရောက်သောအခါ သူက တပည့် အမှတ်အသားပြားကို ပြ၍ မေးလိုက်သည်။
“ကျင့်ကြံခြင်း အတွက် ကျင့်စဉ်တွေ၊ ကျမ်းတွေနဲ့ ပတ်သက်တာကို လေ့လာဖို့ အတွက် စိတ်စွမ်းအင် ကျောက်တုံး ဘယ်လောက် လိုမလဲ ...”
ရှေးဟောင်း မှတ်တမ်းဌာန၏ တာဝန်ရှိသူက ခက်ထန်သော လူကြီး ဖြစ်၏။ ထိုလူက မိုဝူကျီအား အပေါ်အောက် ကြည့်လိုက်ကာ အေးစက်စက် ပြောလိုက်သည်။
“ရှေးဟောင်း မှတ်တမ်းဌာနမှာ စိတ်စွမ်းအင် ကျောက်တုံး လက်မခံဘူး၊ ဂိုဏ်းအမှတ်ပဲ လက်ခံတယ်၊ အဆင့်တစ် အတွက် တစ်ရက်စာကို အမှတ် ၁၀၀၊ အဆင့်နှစ် အတွက် အမှတ် ၃၀၀၊ အဆင့်သုံး အတွက်ဆို အမှတ် ၁၀၀၀ ... ”
“အဲဒါဆို အဆင့်လေးနဲ့ ငါးရော ...” မိုဝူကျီက အလျင်အမြန် မေးလိုက်သည်။
အမျိုးသားက အေးစက်စက် အသံဖြင့် ...
“အပြင်စည်း တပည့်တွေက အဆင့်လေးနဲ့ငါးကို ဝင်ခွင့်မရှိဘူး ... ”
မိုဝူကျီက ရှေးဟောင်း မှတ်တမ်းဌာနမှ စိတ်ပျက်လက်ပျက် ထွက်လာလိုက်သည်။ ယခု သူ့အတွက် ဂိုဏ်းတာဝန်များကို မထမ်းဆောင်၍ မဖြစ်တော့ချေ။ အကယ်၍ သူက မလုပ်ဆောင်လျှင် ဂိုဏ်းအမှတ်များ တစ်မှတ်မှ ရမည် မဟုတ်ပေ။ ဂိုဏ်းအမှတ် မရှိဘဲ ရှေးဟောင်း မှတ်တမ်းဌာနကို ဝင်နိုင်မည် မဟုတ်ပေ။
ဂိုဏ်းအားလုံးက အတူတူပင် ဖြစ်ကြသည်။ သူတို့သည် တပည့်များ လက်ခံနိုင်သည့် အလုပ် တာဝန်တွေ ထားရှိပေးကြသည်။ ကောင်းကင်ဖွေရှာ နန်းတော်တွင် အင်ပါယာ ငါးခုလုံးက တပည့်များ ရှိနေပြီး သင်ယူလို့ အကောင်းဆုံး နေရာ ဖြစ်နေသော်လည်း ဂိုဏ်းအတိုင်း လုပ်ဆောင်လျက် ရှိသေးသည်။
ဂိုဏ်းအမှတ် ရရှိထားသည့် တပည့်များသည် သူတို့အလိုရှိရာ ပစ္စည်းဖြင့် လဲလှယ် နိုင်ကြသည်။ မိုဝူကျီက ဂိုဏ်းအမှတ် လိုအပ် နေသောကြောင့် အလုပ် ခန်းမဆီ သွားဖို့ ဆုံးဖြတ် လိုက်တော့သည်။
***