ပျောက်ဆုံး ကောင်းကင် မြို့ပျက်နှင့် ကောင်းကင် လမ်းပန်း
Vol. 12 Ch. 165
“ကျွန်မ ရှင့်ကို ရှာနေတာ ကြာလှပြီ ... ”
မိုဝူကျီက ရှေးဟောင်း မှတ်တမ်းဌာနမှ ထွက်လာလာချင်း တစ်ယောက်က သူ့အား လှမ်းတား လိုက်သည်။
ထိုသူက ချိန်စုယင် ဖြစ်၏။ မိုဝူကျီက သူမကို လှည့်မကြည့်ဘဲဖြင့် အသံနှင့်ပင် တန်းမှတ်မိသည်။
လှည့်ကြည့် လိုက်သည့်အခါ ချိန်စုယင် လျှောက်လှမ်း လာသည်ကို တွေ့လိုက်ရသည်။ မိုဝူကျီတွင် သူမနှင့် လဲလှယ်စရာ ဘာအရာမှ မရှိသော်လည်း သူမနှင့် တွေ့ဆုံတိုင်း သူမ အလှတရားက မျက်စိပသာဒ ဖြစ်ကြောင်းတော့ မငြင်းနိုင်ချေ။
“စီနီယာ အစ်မချိန် ... ကျွန်တော်က ကျွန်တော့်ရဲ့ လျှပ်စီးခန္ဓာ ကျင့်စဉ်နဲ့ တကယ် မလဲနိုင်ဘူးဗျ ... ” မိုဝူကျီက စိတ်မရှည်စွာ ပြောလိုက်သည်။ ချိန်စုယင်သည် သူ့ဆီမှ ခန္ဓာကျင့်စဉ်ကို မည်မျှ အလိုရှိနေမှန်း သိ၏။
သူမက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည် ...
“ကျွန်မကလည်း ရှင့်ရဲ့ လျှပ်စီးခန္ဓာ ကျင့်စဉ်ကို အရေးတကြီး လိုအပ်နေတာ၊ အဲဒီအတွက် ရှင်နဲ့ အလဲအလှယ် လုပ်နိုင်တယ်၊ ရှင်က အခု ရှေးဟောင်း မှတ်တမ်းဌာနမှာ စာအုပ်ဖတ်ပြီး ထွက်လာတာ မလား ... တကယ်လို့ ရှင်သာ အလိုရှိရင် ကျွန်မရဲ့ ဂိုဏ်းအမှတ်တွေနဲ့ လဲပေးနိုင်တယ် ... ”
ထိုကိစ္စသာ ဖြစ်နိုင်ပါက မိုဝူကျီသည် ချိန်စုယင်နှင့် ချက်ချင်းပင် လဲလှယ်မိ လိမ့်မည်။ သူက အဓိပ္ပာယ် မရှိသည့် အရာများ မလုပ်ဆောင်ချင်ပေ။ အချိန်အားလုံးကို ကောင်းစွာ အသုံးချ၍ ကျင့်ကြံခြင်းနှင့် တိုးတက်ခြင်း အပေါ်မှာသာ အာရုံစိုက် ထားချင်မိသည်။ သို့သော်လည်း သူ့တွင် လျှပ်စီးခန္ဓာ ကျင့်စဉ် အမှန်တကယ် မရှိချေ။
မိုဝူကျီက ပြန်မဖြေ သောကြောင့် ချိန်စုယင်က ဆက်ပြော လိုက်သည်။
“ကျွန်မက အင်မော်တယ် မော်တယ် လေ့ကျင့်ရေး မျှော်စင်ကနေ အပြင်စည်း ဂိုဏ်းအထိ သွားရှာပြီးပြီ၊ ပြီးတော့ ပညာရပ် ခန်းမလည်း ရောက်ခဲ့သေးတယ် ရှေးဟောင်း မှတ်တမ်းဌာနကို အခု လာကြည့်မိတာပဲ ... ”
ထိုစဉ် ချိန်စုယင်က မရည်ရွယ်စွာ နှုတ်ခမ်းကို အသာ ဖိကိုက်လိုက်၏။ သို့သော် ထိုအပြုအမူလေးက သူမ၏ အလှတရားများကို ပို၍ ထင်ရှား သွားစေသည်။
“ဒီလျှပ်စီးခန္ဓာ ကျင့်စဉ်က ကျွန်မအတွက် အရမ်းကို အရေးကြီးတယ် ... ” ချိန်စုယင်က လေသံကိုပါ ပြောင်းပြော လိုက်သည်။ ဤသည်က သူမ အနေဖြင့် စကားအများကြီး ပထမဆုံး အကြိမ် ပြောခြင်း ဖြစ်၏။ ထို့အပြင် သူမနှင့် မရင်းနှီးသည့် အမျိုးသား ကျင့်ကြံသူကို ပြောနေရခြင်း ဖြစ်သည်။
မိုဝူကျီက စိတ်မရှည် ဖြစ်နေသေးသည်။ ခဏတာ စဉ်းစား နေပြီးနောက် သူက ရုတ်တရက် ပြောလိုက်သည်။
“ကျွန်တော် အတန်း တက်ခဲ့တာကို စီနီယာ သိနေမှတော့ ဒီနေ့ သင်ခန်းစာထဲက မေးခွန်း တစ်ခု မေးမယ် ... တကယ်လို့ မှန်မှန်ကန်ကန် ဖြေနိုင်ရင် ခန္ဓာကျင့်စဉ်ကို ပေးမယ် ... ”
“ဟုတ်ပြီ ... မေးပါ ... ” မိုဝူကျီ စကားကို ကြားပြီး ချိန်စုယင် မျက်နှာတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာလေသည်။ သူမက ချိုချဉ်ကြောင့် စိတ်လှုပ်ရှား နေသည့် ကလေးငယ်လေးနှင့် တူလေ၏။
ထိုစဉ် မိုဝူကျီက အေးစက်စက် ဖြစ်မလာခင် ငယ်စဉ်မှ ရှားရိုယင်ကို စဉ်းစားမိ သွားသည်။ လက်တွေ့တွင် ရှားရိုယင်သည် ငယ်စဉ်က အရမ်းကို ရွှင်ပျပျ နေတတ်သည့်သူ ဖြစ်ပြီး မကြာခဏ ဆိုသလို ခံစားချက်များ ဖော်ပြတတ်သည်။ ယခု ပျော်ရွှင် နေသည့် ချိန်စုယင်ကဲ့သို့ ဖြစ်၏။ တစ်ခါတစ်ရံတွင် သကြားလုံးကြောင့် ဖြစ်ပြီး တစ်ခါတစ်ရံတွင် မိုဝူကျီ ပျော်ရွှင်စေရန် ဖြစ်သည်။
“ဂျူနီယာ မောင်လေးမို မေးပါ ... ” မိုဝူကျီ ပါးစပ်မှ မေးခွန်း ထွက်မလာ သောကြောင့် ချိန်စုယင်က တစ်ခေါက် ထပ်ပြော လိုက်ရသည်။
ရုတ်တရက် ရှားရိုယင်ကို အမှတ် ရလာသောကြောင့် အာရုံထွေပြား သွားသော မိုဝူကျီက အသိပြန်ဝင် လာကာ ချိန်စုယင်၏ ပြီးပြည့်စုံ လှသော ပုံရိပ်လေးက ရုတ်တရက် ပျောက်ကွယ် သွားတော့သည်။ သူ့ရှေ့တွင် ရှိနေသော ချိန်စုယင်သည် သူမ အကျိုးအတွက် လာရောက် လဲလှယ်သော အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်နေတော့၏။
“ပုံမှန် အခြေအနေမှာ ဆိုရင် ပါရမီအရှိဆုံး ကျင့်ကြံသူတောင် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်မှာ ဝိညာဉ် လမ်းကြောင်း ၉၉ခုထိပဲ ဖွင့်နိုင်ကြတယ်၊ ဒါပေမဲ့လည်း ဝိညာဉ် လမ်းကြောင်း ၁၀၀ထိ ဖွင့်နိုင်တဲ့ ကျင့်ကြံသူ တချို့လည်း ရှိတယ်၊ တချို့ဆို ဝိညာဉ် လမ်းကြောင်း ၁၀၁ခုထိ ဖွင့်နိုင်ကြတယ် ... အဲဒါကြောင့် တစ်ခုလောက် မေးကြည့်မယ်၊ တကယ်လို့ ဝိညာဉ်လမ်းကြောင်း ၉၉ ထိ ဖွင့်ပြီးတဲ့သူက ၁၀၀ မြောက်ကို ဘယ်လိုဖွင့်နိုင်မလဲ ... ”
မိုဝူကျီက သူအလိုအပ်ဆုံး အဖြေကို မမေးခင် ခံစားချက်များကို ဖုံးကွယ်ဖို့ရာ ကြိုးစားလိုက်သည်။
သူက ချိန်စုယင်သည် ထိုမေးခွန်းကို မဖြေနိုင်ကြောင်း သေချာ၏။ သူမက မည်မျှပင် အံ့ဩဖို့ ကောင်းနေပါစေ ကျင့်ကြံခြင်း၌သာ ဖြစ်၏။ သူမက ဝိညာဉ် လမ်းကြောင်းများကို လေ့လာနေသည့် တိုင်ကျူးလောက် ဗဟုသုတ များလောက်မည် မဟုတ်ချေ။
ခေါင်းညိတ်ပြ လိုက်ပြီး ချိန်စုယင်က လေးလေးနက်နက် ပုံစံ ဖြစ်လာလေ၏။
“ဟိုးအရင်တုန်းက ကျင့်ကြံခြင်း လောကမှာ ဝိညာဉ် လမ်းကြောင်း၁၀၀ ဖွင့်တာက အမှန်တကယ် ရှားပါးခဲ့ တာတော့ မဟုတ်ခဲ့ဘူး၊ ဝိညာဉ် လမ်းကြောင်း ၁၀၀မြောက်တင် မကဘူး တချို့က ၁၀၁ခုထိ ဖွင့်နိုင်ကြတယ် ... ၁၀၀နဲ့ ၁၀၁ခုမြောက် နှစ်ခုလုံးကို သဘာဝဓာတ် သိုလှောင်ရေး လမ်းကြောင်းလို့ ခေါ်ကြတယ်၊ ဝိညာဉ် လမ်းကြောင်း ၁၀၀မြောက်ကို ဖွင့်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀ထိ တက်လှမ်းပြီးတော့ ကောင်းကင် လမ်းပန်းကို သုံးပြီး စိတ်ဝိညာဉ် တည်ဆောက်ဖို့ပဲ ... နောက်တစ်ခု မှတ်ထားဖို့က အဲဒါက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀မှာပဲ လုပ်လို့ ရတယ်၊ ကောင်းကင် လမ်းပန်းက စိတ်ဝိညာဉ် တည်ဆောက် ပေးပြီးတာနဲ့ ဝိညာဉ် လမ်းကြောင်း ၁၀၀မြောက်ကို ဖွင့်နိုင်သွားပြီ ... ”
မိုဝူကျီက ကြောင်နေပြီး မလှုပ်မရှား ရပ်နေလေ၏။ မူလက သူသည် ချိန်စုယင် နောက်ဆုတ်ဖို့ရာ အတွက် မေးခွန်း ခက်ခက်ကို မေးချင်ခဲ့သည်။ ထိုသို့ဆိုလျှင် သူက ကျင့်စဉ် မရောင်းချ ချင်၍ မဟုတ်ဘဲ သူမ မဖြေနိုင်၍ မရောင်းခဲ့ကြောင်း ဖြစ်မသွား ပေဘူးလား ...
သူမကို မမေးခင် ချိန်စုယင်က ထိုမေးခွန်းကို ဖြေနိုင်လိမ့်မည်ဟု မိုဝူကျီ စိတ်ထဲတွင် လုံးဝ တွေးမထားခဲ့ချေ။ ထိုအဖြေသည် ရှေးဟောင်း မှတ်တမ်းဌာနမှ ရှာချင်နေသော အရာဖြစ်သည်။ သူက သူလိုအပ် နေသည့် အချက်အလက် မရရှိခဲ့လျှင် လုပ်ရမည့် အကြောင်းများကိုပင် ပြင်ဆင်ပြီး သွားလေပြီ။ သို့သော် အဖြေက အမှတ်မထင် ရရှိလာမည်ဟု မည်သူက တွေးမိမည်နည်း။
ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀တွင် ကောင်းကင် လမ်းပန်းကို အသုံးပြု၍ စိတ်ဝိညာဉ်ကို တည်ဆောက် နိုင်လေ၏။ စိတ်ဝိညာဉ် တည်ဆောက် ပြီးသည်နှင့် ဝိညာဉ် လမ်းကြောင်း ၁၀၀မြောက်ကို ဖွင့်နိုင်လိမ့်မည်။
အဖြေက ထိုမျှ ရိုးရှင်းသော်လည်း တိုင်ကျုးကဲ့သို့ ဝိညာဉ် လမ်းကြောင်း လေ့လာသူ ဆရာအဆင့်ပင် မသိသည့် အချိန် ချိန်စုယင်က သိနေ၏။
မိုဝူကျီက တိတ်ဆိတ် နေသောကြောင့် ချိန်စုယင်က စိုးရိမ်လာမိသည်။ သူမက မိုဝူကျီသည် သူ့စကား မတည်မည်ကို စိုးထိတ်လာ၍ ထပ်ပြောလိုက်သည်။
“ပြီးတော့ ကောင်းကင် လမ်းပန်းက ပျောက်ဆုံးနယ်မြေ တစ်ခုလုံးမှာ တစ်နေရာမှာပဲ ရှင်သန်နိုင်တယ် ... အဲနေရာက ပျောက်ဆုံး ကောင်းကင်မြို့ပျက်ပဲ ... ”
“ပျောက်ဆုံး ကောင်းကင်မြို့ပျက်လား ... အဲဒါက ဘယ်မှာလဲ ... ” မိုဝူကျီက ထပ်မေး လိုက်တော့သည်။
ချိန်စုယင်က ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ပျောက်ဆုံး ကောင်းကင်မြို့ပျက်ပဲ၊ အခု ကျွန်မတို့ နေနေတဲ့ အင်ပါယာငါးခု အစုအဝေးကို ရပ်ခြားက ပျောက်ဆုံး နယ်မြေလို့ ခေါ်ကြတာက အကြောင်းရင်းမရှိ ခေါ်တာ မဟုတ်ဘူး၊ နောက်ကွယ်က အကြောင်းက ပျောက်ဆုံး ကောင်းကင် မြို့ပျက်ကြောင့်ပဲ ... အဲနေရာက ဒဏ္ဍာရီထဲမှာ နတ်ဘုရားတွေရဲ့ တိုက်ပွဲနေရာ ဖြစ်ခဲ့ပြီးတော့ ရတနာများစွာ ရှိတယ် ... အဲဒါကြောင့် ဂိုဏ်းတိုင်းရဲ့ လေ့ကျင့်ရေး တာဝန်မှာ အဲနေရာလည်း အပါအဝင်ပဲ ... ဒါပေမဲ့ ရှင် ဝင်လိုက်တာနဲ့ ရှင်က စစ်မှန်ခြင်း နတ်ဘုရားအဆင့် ဖြစ်နေရင်တောင် ဘေးကင်းဖို့ အာမ မခံနိုင်ဘူး ... ”
တစ်ဆက်တည်းဖြင့် ချိန်စုယင်က အကုန် ရှင်းပြသွားသည်။ ထို့နောက် သူမက လက်သီးဆုပ် ထားလိုက်တော့၏။ လျှပ်စီးခန္ဓာ ကျင့်စဉ် တစ်ခုအတွက် သူမပြောသော စကားလုံး အရေအတွက်မှာ တစ်နှစ်စာထက်ပင် ကျော်လွန် နေလေပြီ။ သို့သော် သူက မိုဝူကျီသည် ထိုကျင့်စဉ်ကို ထုတ်မပေး သေးသောအခါ ချိန်စုယင်က မျက်မှောင်ကြုတ်မိ သွားတော့သည်။
“စီနီယာ အစ်မချိန် ... ကျွန်တော့်မှာ ဓားလျှို့ဝှက် ပညာရပ်ပါတဲ့ သလင်းကျောက် ရှိတယ် အဲဒါ ပေးရမလား …” မိုဝူကျီက လျှပ်စီးခန္ဓာ ကျင့်စဉ်ကို ထုတ်ပေးဖို့ရာ နည်းလမ်း မရှိချေ။ ထို့ကြောင့် ပျောက်ကွယ်ဓား လျှို့ဝှက်ပညာရပ်သာ အသုံးဝင်အောင် လုပ်ဖို့ ကျန်တော့သည်။
ထိုဓားပညာရပ်ကို ရသည့် နေ့မှစ၍ သူက ဖွင့်တောင် မကြည့်ရသေးပေ။
ချိန်စုယင် အမူအရာကား မည်းမှောင်လာပြီး စကား တစ်ခွန်းမျှ မပြောတော့ပေ။ တခြားသူများနှင့် ရန်သူဖြစ်ဖို့ရာက သူမအကျင့် မဟုတ်သော်လည်း တခြား သူများ၏ လှည့်ဖြားခြင်းကိုတော့ လုံးဝ သည်းမခံနိုင်ပေ။
သူမက ဘာမှ မပြောသောကြောင့် မိုဝူကျီက အမှန်ကို ထပ်၍ ဖုံးမထား နိုင်တော့ပေ။ သို့သော်လည်း သူ့အတွက် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ကို ပြောပြဖို့ရာ လုံးဝ မဖြစ်နိုင်ချေ။
ခဏတာ တွေဝေ နေပြီးနောက် မိုဝူကျီက မြေပြင်ပေါ် ဒူးထောက် လိုက်ပြီး …
“စီနီယာ အစ်မချိန် ကျွန်တော်က ဒီကျင့်စဉ်ကို မပေးချင်တာ မဟုတ်ပါဘူး၊ အကြောင်းက ဒါက ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပညာရပ်လို့ ခေါ်တဲ့ သာမန် လျှပ်စီးပညာရပ် တစ်ခုလေးပါ ... ”
လက်ရှိ ဖိအားများ အောက်တွင် မိုဝူကျီက ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပညာရပ်ကို ညှိနှိုင်းမှုထဲ ထားဖို့ ပြင်ဆင် လိုက်တော့သည်။
ချိန်စုယင်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“ကတိကို စောင့်ထိန်းတာက အခြေခံ ကျင့်ဝတ်ပဲ ... ရှင်က သဘော တူပြီးမှတော့ ဘာပဲဖြစ်နေ ဖြစ်နေ ကျွန်မနဲ့ လဲလှယ်ရမှာပဲ ... ”
မိုဝူကျီက ချိန်စုယင်ကို ထပ်မပြောစေရန် လက်ပြလိုက်ပြီး …
“စီနီယာ အစ်မချိန်နဲ့ မလဲပေးချင်တဲ့ နောက်အကြောင်း ပြချက် တစ်ခု ရှိသေးတယ် ... ဒီပညာရပ်က တကယ့်ကို အသက်အန္တရာယ် ရှိတယ် ... ကျွန်တော်ဆို အစပိုင်း လေ့ကျင့်တုန်းက မီးကျွမ်းတော့ မလို့ ... ”
သူက ထိုစကားများကို ပြောပြ လိုက်သည်က ချိန်စုယင်သည် ထိုပညာရပ်ကို လေ့ကျင့်ရင်းဖြင့် သေဆုံးသွားမှာ စိုးရိမ်၍ ဖြစ်သည်။ သူမကို အလွန်အမင်း အေးစက်မှုမှ ကင်းလွတ် လာနိုင်သည်ဟု ပြောပြလိုက်ပြီး သူမသည် ထိုနေရာမျိုးကို လေ့ကျင့်ရန် အတွက် ရှာတွေ့ရန် ဆုတောင်းပေး လိုက်တော့သည်။
“ရှင့်ရဲ့ တပည့် အမှတ်အသားပြား ပေး ...” ချိန်စုယင်က မပြီးပြည့်စုံသည့် ဝေဟင်လျှပ်စီး ဟန်ပန်ခုနစ်မျိုး ပညာရပ်ကို တစ်ချက် ကြည့်လိုက်ပြီး မိုဝူကျီ စကားများကို ယုံကြည်နိုင် မလားက မသေချာ သေးပေ။
“မလိုပါဘူး ဒီအတိုင်း ယူလိုက်ပါ ... ကျွန်တော်က အခု ဂိုဏ်းအမှတ်တွေ မလိုသေးဘူး ... ” မိုဝူကျီက ချိန်စုယင်သည် သူ့အား လဲလှယ်သည့် အနေဖြင့် ဂိုဏ်းအမှတ်များ ပေးမည် ဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း သူ့အတွက် ထိုဝေဟင်လျှပ်စီး ဟန်ပန်ခုနစ်မျိုး ပညာရပ်သည် အသုံးမဝင် သောကြောင့် သူမကို ဤနည်းလမ်းဖြင့် အမြတ် မထုတ်လိုပေ။
ချိန်စုယင်က ပြန်မဖြေဘဲ မိုဝူကျီ ခါးမှ တပည့် အမှတ်အသားပြားကို တိုက်ရိုက် ဆွဲယူ၍ သူမ အမှတ်အသားပြားနှင့် ထိလိုက်သည်။ ခဏအကြာတွင် လက်ကို ရုပ်သိမ်း လိုက်ပြီးတော့ သူမက လှည့်ထွက် သွားလေသည်။
မိုဝူကျီက သူ့တပည့် အမှတ်အသားပြားကို ကြည့်မိသောအခါ အမှတ်ထောင်ချီ ရောက်နေသည်ကို တွေ့လိုက်ရ၏။ သူမ ပေးလိုက်သည့် အရာကို ဆက်၍ မငြင်းနိုင်တော့မှန်း သိ၍ ခေါင်းခါ လိုက်လေသည်။
ယခု သူ့အတွင် ဂိုဏ်းအမှတ်များ ရှိနေသော်လည်း ရှေးဟောင်း မှတ်တမ်းဌာန အပေါ်တွင် စိတ်ဝင်စားမှုကား မရှိတော့ချေ။ ထိပ်ဆုံး ဦးစားပေးသည် ကောင်းကင် လမ်းပန်းကို ရှာရန် ဖြစ်သည်။ ထိုအကြောင်း ပိုသိရှိရန် အလုပ်ခန်းမသို့ သွားလိုက်တော့သည်။
အလုပ်ခန်းမတွင် ခြေချလိုက်သည်နှင့် ပထမဆုံး သတိထားမိသည့် အရာကား အမှတ်များစွာ တန်သည့် အလုပ်များ မဟုတ်ဘဲ အဆင့် နံပါတ်စဉ် စီထားသည့် ကောင်းကင်ဖွေရှာ နန်းတော် လှေကား အဆင့် ဖြစ်လေ၏။
ယခင်က သူသည် ကောင်းကင်ဖွေရှာ နန်းတော် လှေကားကို ရှစ်ထစ်မြောက်ထိ တက်နိုင်ခဲ့သည်။ အဆင့်ဇယားတွင် ထိပ်ဆုံး အမှတ်ကား အံ့ဩဖွယ် ၉၁ ထစ်ဖြစ်သည်။
အဆင့်တစ်သည် ကုန်းကျိဟန် ဖြစ်ကာ တော်တော် ထူးဆန်းသည့် နာမည် ဖြစ်လေ၏။ အဆင့်ဇယားမှ အောက်ကို တဖြည်းဖြည်းချင်း ဆင်းကြည့် လိုက်သည့်အခါ မိုဝူကျီက သူသိသည့် လူကို တွေ့လေပြီ။ အဆင့် ၅၀ ချိန်စုယင် လှေကားထစ် ၅၄ ထစ် ဖြစ်၏။
ထိုသည်က မိုဝူကျီကို ဝေခွဲမရ ဖြစ်စေသည်။ ချိန်စုယင်သည် သူ့ထက် ကျင့်ကြံဆင့်များစွာ ရှေ့ရောက်သော်လည်း ယွမ်ဒန် အဆင့်တော့ မရောက်သေးမှန်း သေချာ၏။ ယွမ်ဒန်အဆင့်သို့ မရောက်သေးသည့် သူတစ်ယောက် အတွက် အဆင့် ၅၀ ရောက်နိုင်သည်လား ...
ထို့ကြောင့် သူက ဘေးနားမှ ကျင့်ကြံသူကို ဆွဲကာ မေးလိုက်တော့သည်။
“အစ်ကိုကြီး ဒီလှေကားကို တက်ကြတဲ့ ကျင့်ကြံသူတွေထဲ ကျင့်ကြံဆင့် မြင့်ရင် ထိပ်ရောက် တာလားဗျ ... ”
မိုဝူကျီကို အကြမ်းဖျင်း လေ့လာပြီးနောက် ကျင့်ကြံသူက သူသည် အသစ် ဖြစ်ကြောင်း သိသွား၏။ ထို့ကြောင့် သူက ဆရာတစ်ယောက် ကဲ့သို့ ပြန်ဖြေပြ လိုက်သည်။
“မင်းက ဒီမှာ အသစ်ဖြစ်မယ် ထင်တယ်၊ မင်းကျင့်ကြံဆင့် မြင့်လေလေ မင်းအရိုးတွေက ပိုအို လေလေပဲကွ ... ကောင်းကင်ဖွေရှာ နန်းတော် လှေကားကို တက်ဖို့ ပိုခက် သွားလိမ့်မယ်၊ ကောင်းကင်ဖွေရှာ နန်းတော်က သက်သက်ပြဖို့ နှစ်များစွာ ကြာခဲ့တာကွ ... နှစ်တစ်ရာ အထက် အသက်ကြီးနေတဲ့ သူအတွက် ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ လှေကားထစ်ကို တက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ... ”
“အဲဒါဆို ကောင်းကင်ဖွေရှာ နန်းတော် လှေကားကို တစ်ချိန်တည်း အတူတူ တက်ကြတဲ့ လူနှစ်ယောက်ကို ဘယ်လို သတ်မှတ်လဲဗျ ... ” မိုဝူကျီက ထပ်မေးလိုက်သည်။
ကျင့်ကြံသူက ပြန်ဖြေလိုက်သည်။
“စောစောက ပြောသလိုပဲ ... ကောင်းကင်ဖွေရှာ နန်းတော်လှေကားက မင်းရဲ့ အရိုးသက်တမ်းနဲ့ အလားအလာကို စစ်ဆေးပေးတာပဲ၊ တူညီတဲ့ လူတွေအတွက် ငယ်ရွယ်တဲ့သူက ပိုအဆင့် မြင့်မယ် ... စီနီယာ ဦးလေးကုန်းသာ ကြည့်၊ သူက ကျုပ်ထက် အသက်ငယ်ပေမဲ့ ယွမ်ဒန် အဆင့် ၈ ကို ရောက်သွားပြီးတော့ ၉၁ ထစ်ထိ တက်နိုင်ခဲ့တယ် ... အဲဒါကမှ ပါရမီ အစစ်အမှန်ပဲ ... ”
ကျင့်ကြံသူက မိုဝူကျီကို ထပ်မပြော တော့သော်ငြား သူ့အကြည့်ထဲတွင် လေးစားမှုများ ခိုအောင်း နေသေး၏။
***