← Chapters

သတ်ဖြတ်မှု

Vol. 12 Ch. 166

သတ်ဖြတ်မှု

Vol. 12 Ch. 166

မိုဝူကျီက သူ့ဘာသာ တွေးလိုက်ကာ သူသာ ၁၀၀ခုမြောက် ချီသွေးကြောကို ဖွင့်နိုင်၍ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်း နိုင်သွားပါက ကောင်းကင်ဖွေရှာ နန်းတော် လှေကားကို နောက်တစ်ကြိမ် ထပ်လာပြီး စမ်းကြည့်ရမည်။ ထိုသို့ဆိုလျှင် ဘယ်နှထစ်ထိ ရောက်မည်မှန်း ကြည့်ကြည့် ရအောင် ...

ကောင်းကင်ဖွေရှာ နန်းတော်၏ အလုပ် ခန်းမသည် သဏ္ဌာန်မဲ့ နတ်ဓား ဂိုဏ်းထက် ပို၍ ကျယ်ဝန်းလေသည်။ အမျိုးမျိုးသော တာဝန်များကို ပြသထားပြီး သူတို့၏ ခက်ခဲမှု အဆင့်နှင့် ရမှတ်များ အထိပါ ရေးချ ထားလေသည်။

မိုဝူကျီက ပျောက်ဆုံး ကောင်းကင်မြို့ပျက် အတွက် တာဝန်ကို မြန်မြန်ဆန်ဆန် ရှာတွေ့ သွားလေသည်။ ထိုတာဝန်များတွင် မိုင်းတူးခြင်းနှင့် ဆေးပင် အမျိုးမျိုး ခူးယူခြင်းတို့ ပါဝင်လေသည်။ ပျောက်ဆုံး ကောင်းကင်မြို့ပျက် မြေပုံကို စုဆောင်းခြင်း တာဝန်ပါ ရှိသေး၏။ မိုဝူကျီကို အံ့ဩစေသည်က ကောင်းကင်လမ်းပန်းကို ညွှန်းဆိုထားခြင်း မရှိသည့် ကိစ္စဖြစ်လေသည်။ ချိန်စုယင်က သူ့ဆီ လျှပ်စီးပညာရပ် ရရန်အလို့ငှာ လိမ်ညာ လိုက်တာလား ...

သို့သော်လည်း မိုဝူကျီက ထိုဖြစ်နိုင်ချေကို ပယ်ချ လိုက်တော့သည်။ သူမ ပြောသည့် အကြောင်းအရာက ပြည့်စုံလှသည့် အတွက် လက်တန်း ပြောသည်နှင့် မတူပေ။

“ပျံသန်းခြင်း အသင်းမှ ပျောက်ဆုံး ကောင်းကင်မြို့ပျက်သို့ ... ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၇ထက် မလျော့နည်းရ ... အဖွဲ့လိပ်စာ ဒုတိယထပ် အခန်း ၃၁ ”

“ဦးတည်ရာ အသင်းမှ ပျောက်ဆုံး ကောင်းကင်မြို့ပျက်သို့ ... လူတစ်ယောက် လိုအပ် ... အနည်းဆုံး လူသား အဆင့်လွန် အဆင့်တစ်တွင် ရှိရမည် ”

“ပျောက်ဆုံး ကောင်းကင်မြို့ပျက် အသင်း ... ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၄ထက် မမြင့်ရ ... အဖွဲ့လိပ်စာ ဒုတိယထပ် အခန်း ၆၄ ”

ပျောက်ဆုံး ကောင်းကင်မြို့ပျက်သို့ ဝင်မည့် အဖွဲ့များ၏ အသိပေးစာကို ဖတ်ကြည့်ပြီး နောက်တွင် မိုဝူကျီက နောက်ဆုံးတွင် အခန်း ၆၄ သို့ ဦးတည် လိုက်တော့သည်။ သူ့ကျင့်ကြံဆင့်က ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ဖြစ်နေသည့် အတွက် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် လေးသို့ မကျော်လွန်သေးပေ။ ထို့အပြင် ထိုတောင်းဆိုချက်သည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၄ထက် အားနည်းသော လူများအတွက် ဖြစ်ကာ အဖွဲ့အင်အားက ချရေးဖို့ပင် မလိုတော့ပေ။ သူ့အတွက်လည်း အန္တရာယ် ပိုကင်းနိုင်သည်။

သူက ဒုတိယအထပ်သို့ သွားမည့် ဆဲဆဲတွင် အလုပ်ခန်းမ အတွင်းသို့ အဆောတလျင် လူတစ်ယောက် ပြေးလာလေ၏။ ထိုလူက တာဝန် ပြသရေးစင်ကို ရပ်ကြည့်နေသော မိုဝူကျီကို တန်းတွေ့ လိုက်သည်။

“အစ်ကိုမို… ခင်ဗျားအိမ်ကို ဝိုင်းထားကြပြီး လူသားအဆင့်လွန် နှစ်ယောက်က အစ်ကို အပြန်အလာကို စောင့်နေကြတယ် ... ” သတင်းစကား လာပို့သည့် သူကား ရောက်လာစဉ်က အတိုင်း အလောတကြီး ပြောလိုက်ပြီး အလျင်အမြန် ထွက်သွားတော့သည်။

သူ့နောက်ကျောကို ကြည့်ရင်း မိုဝူကျီက သူ့ကို အကြောင်း လာကြားသူသည် ချောင်ပုဟိန် ဖြစ်ကြောင်း မှတ်မိလိုက်သည်။ သူ့စိတ်ထဲတွင် ကျေးဇူးတင်မိ လိုက်သည်။ အကယ်၍ သူသာ လာမပြောခဲ့လျှင် သူ အိမ်ပြန် ရောက်သည်နှင့် ထိုလူသား အဆင့်လွန်နှစ်ယောက် လက်ထဲ ကျရောက် သွားပေလိမ့်မည်။

ကောင်းကင်ဖွေရှာ နန်းတော်တွင် သတ်ဖြတ်ခြင်းက တားမြစ် ထားသော်လည်း တစ်ယောက်ချင်း စိန်ခေါ်သည့် ကိစ္စကိုတော့ မတားမြစ်ပေ။ မရေတွက်နိုင်သည့် တပည့်များသည် ထိုမှတဆင့် ဒဏ်ရာ အများအပြား ရတတ်ကြသည်။ သို့သော်လည်း စိန်ခေါ် တိုက်ပွဲများတွင် ပါဝင်သော လူများသည် ကျင့်ကြံဆင့် တူညီကြရမည်။

မိုဝူကျီ စိတ်ထဲတွင် ကျင့်ကြံဆင့် နိမ့်နေသည့် အတွက် စိတ်ဓာတ် ကျနေမိသည်။ တပည့်များကြားမှ မကျေနပ်မှုများကို တိုက်ပွဲဖြင့် ဖြေရှင်းမှန်း သိသော်လည်း သူက များစွာ အာရုံမစိုက်မိပေ။ အကြောင်းမှာ သူက ထိုအတွင်းစည်း တပည့်များကို များများ မရိုက်လွတ် လိုက်မိပေ။ ယခုအချိန် သူလုပ်ဖို့ လိုအပ်သည်က ကောင်းကင်ဖွေရှာ နန်းတော်မှ ထွက်သွားသောအခါ ပိုဂရုစိုက်ရန် ဖြစ်၏။ လက်တွေ့တွင် အဆင့်တူ တိုက်ပွဲသည် ကောင်းကင်ဖွေရှာ နန်းတော်တွင် ပုံမှန် ဖြစ်သည်။ စိန်ခေါ်သူများ အတွက် မိုဝူကျီက သူနှင့်အဆင့်တူ ကျင့်ကြံသူများကို မကြောက်ပေ။

သို့သော်လည်း ထိုကောင်လေးက ဤမျှ ရက်စက်လိမ့်မည်ဟု မည်သူက သိမှာလဲ ... သူ့ကို ရှင်းထုတ်ရန် သူ့ထက် အားကောင်းသူများကို ခေါ်ခဲ့သေးသည်။ အမြင်အရ သူသည် အရမ်းကို တုံးအလွန်း နေမိကာ ကောင်းကင်ဖွေရှာ နန်းတော်ကို အရမ်း အထင်ကြီးမိလေ၏။ အပြင်စည်း တပည့်အနေနှင့် သူက သေသည့်အထိ အရိုက်နှက် ခံရပြီး သူ့ချီသွေးကြောများ အားလုံး ဖျက်ဆီး ခံလိုက်ရသည့် အထိ ဖြစ်ခဲ့လျှင်ပင် မည်သူက သူ့ဘက် ရှိမည်နည်း။ ကောင်းကင်ဖွေရှာ နန်းတော် တစ်ခုလုံးတွင် တစ်ယောက်မှ သူ့အတွက် ရပ်တည်ပေးမည် မဟုတ်ပေ။

ထို့ကြောင့် မိုဝူကျီက လူသစ်ရှာနေဆဲ ဖြစ်သည့် အခန်း ၆၄ကို ဆက်မသွားတော့ချေ။ ထိုအရာက သူ့ကို နှစ်နာရီမှ လေးနာရီအထိ နှောင့်နှေး စေလိမ့်မည်။

အရင်က ချိန်စုယင်သည် သူ့ကို ရှာတွေ့နိုင်ခဲ့သည့် အတွက် သူ့ကို ပြဿနာ လိုက်ရှာ သူများလည်း ရှာနိုင်ကြလိမ့်မည်။ ကိစ္စတစ်ခုလုံးက သူမျှော်လင့် ထားသည့်ထက် ကြီးမား နေသည်ကို နားလည် လိုက်သည်။ ထို့ကြောင့် အချိန် ဆက်ဖြုန်းနေ၍ မဖြစ်တော့ပေ။

မိုဝူကျီက ချက်ချင်းပင် အလုပ်ခန်းမမှ လှည့်ထွက် သွားလိုက်တော့သည်။ အခြား သူများနှင့် အဖွဲ့မဖွဲ့ခြင်းက သူသည် ပျောက်ဆုံး ကောင်းကင်မြို့ပျက်သို့ မသွားနိုင်ခြင်း မဟုတ်ပေ။

ဂိုဏ်းမှ ထွက်လာလိုက်ပြီး မိုဝူကျီက အရှိန် မြင့်လိုက်ကာ ကောင်းကင်ဖွေရှာမြို့မှ ပျောက်ဆုံး ကောင်းကင်မြို့ပျက်သို့ ဦးတည်မည့် နေရာဆီ သွားလိုက်တော့သည်။ ပျောက်ဆုံး ကောင်းကင်မြို့ပျက် နေရာမျိုးသို့ ကောင်းကင်ဖွေရှာမြို့မှ သွားလာနိုင်လိမ့်မည်။

ကောင်းကင်ဖွေရှာ နန်းတော်နှင့် အနီးဆုံး ဖြစ်သော ကောင်းကင်ဖွေရှာမြို့ကို ခြေလျင် လေးနာရီလောက် ကြာပေသည်။

“ဟမ် … ဒီကောင်က ဘယ်လိုလုပ် ဘေးကင်းကင်း ထွက်သွား နိုင်တာလဲ ... ” ကောင်းကင်ဖွေရှာ နန်းတော် အပြင်ဘက်တွင် တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်က မိုဝူကျိ နောက်ကျောသာ မြင်လိုက်ရသောကြောင့် အပြစ် ပြောလိုက်သည်။

“သခင်လေး သူက ဘယ်သူ များလဲဗျ …” တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်နောက်တွင် ရပ်နေသော တောင့်တောင့်တင်းတင်း လူနှစ်ယောက်ထဲမှ တစ်ယောက်က မေးလိုက်သည်။

အံကို ကြိတ်ထားလိုက်ပြီး တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်က ပြန်ဖြေလိုက်သည်။

“အဲဒီခွေးကောင်က ငါ့နေရာကို လုသွားပြီးတော့ ငါ့ကို ရိုက်သေးတာ၊ သူ့ကို ပညာပေးဖို့ အပိုင်း (ဃ)ထိ လူလွှတ်ထားတယ်၊ ရိုးတွင်းခြင်ဆီ အားလုံးကို ဖယ်ထုတ်ပြီးတော့ ဝိညာဉ်ကြော အကုန်လုံးကို ဖျက်ဆီး ပစ်ခိုင်းထားတာ ... အဲဒီပါမွှားက ငါသွားမကြည့် ရသေးခင် ဂိုဏ်းက ထွက်သွားပြီ ဆိုတာ ဘယ်သူက ထင်ထားမှာလဲ ... အဲဒီ အမှိုက်တွေ…”

“သူက ဂိုဏ်းက ထွက်သွားတော့ ပိုကောင်း မသွားဘူးလား ... အခု သူ့ကို သွားသတ်လို့ ရပြီလေ ...” ဒုတိယ တစ်ယောက်က အကြံပေးလိုက်သည်။

တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်က မျက်မှောင်ကြုတ် လိုက်ပြီးတော့ အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွားလေသည်။ မိုဝူကျီ ပြောခဲ့သည့် စကားလုံးများသည် သူနားထဲတွင် ကြားယောင်နေဆဲ ဖြစ်ကာ သူ့ရင်ဘတ်က ဒဏ်ရာကိုလည်း ခံစားမိ နေသေး၏။ စိတ်ဓာတ် ကျလွန်း၍သာ လူသား အဆင့်လွန် နှစ်ယောက်ကို ပို့လိုက်ခြင်း ဖြစ်သည်။

“အဲလူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ရောက်နေပြီကွ. ... ဖြစ်နိုင်တာက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်တစ် ဖြစ်လိမ့်မယ်…” တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်၏ လေသံတွင် တွေဝေခြင်းများ ပါဝင်နေသေး၏။ သူက အပြင်စည်းဂိုဏ်းတွင် ပုန်းအောင်း နေသော လူသား အဆင့်လွန် ကျင့်ကြံသူ နှစ်ယောက်ကို ပြန်ခေါ် ချင်သော်လည်း အချိန်ကြာမြင့်မည် ဖြစ်သည်။ အကယ်၍ သူတို့ ရောက်မလာခင် ထိုခွေးကောင် ခြေရာပျောက် သွားလျှင် ဘယ်လို လုပ်မလဲ ...

တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်၏ ညာဘက်ဘေးမှ လူငယ်က အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။

“သခင်လေးက သူ့ကို အထင်တွေ စွတ်ကြီးနေတာပဲ၊ လုပင်းနဲ့ ကျွန်တော်တို့ နှစ်ယောက်လုံးက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၄ ရောက်နေပြီ ဆိုတော့ ကျွန်တော်တို့ သုံးယောက်လုံး ပေါင်းရင်တောင် သာမန်အပြင်စည်း တပည့်လေးတောင် မနိုင်ရင် ဟာသ ဖြစ်နေလိမ့်မယ် ... သူ့ဝန်းကျင်မှာ ဝိညာဉ် စွမ်းအားတွေလည်း မရှိဘူး အဲဒါကြောင့် သူက စိတ်ဝိညာဉ်‌ တည်ဆောက်ခြင်း အဆင့် ရောက်ရုံပဲ ဖြစ်လိမ့်မယ် ... သူက အမှိုက် သာသာပါပဲဗျာ ... တွေးကြပါဦး သူက အပြင်စည်း တပည့် နေရာမှာတောင် အပိုင်း (ဃ)မှာ နေရတာလေ ... ”

လုပင်း အမည်ရှိသော လူငယ်က လက်နှစ်ဖက် ပွတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“သခင်လေး ... ကျန့်ဝေပြောတာ မှန်တယ်ဗျ ... ကျွန်တော်တို့က အမှိုက်ကို မရှင်းနိုင် လောက်အောင် အထိတော့ အားမနည်းပါဘူး ပြီးတော့ သူက ကောင်းကင်ဖွေရှာ နန်းတော် အပြင်ရောက်သွားပြီ ဆိုတော့ ... ” လုပင်းက လည်ပင်းကို ဖြတ်ပြဟန် လုပ်ပြလိုက်သည်။

သူ့ဘေးနားမှ လူနှစ်ယောက်က မှန်ကန်သည်ဟု တွေးမိလာသည်။ ထို့ကြောင့် တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်က နောက်ဆုံးတွင် ခေါင်းညိတ်ပြ လိုက်သည်။

“ကောင်းပြီလေ ... အဲဒါဆို သူ့နောက်လိုက်ပြီး သွားသတ်ရအောင်… သူအသက် ရှင်နေတဲ့ နေ့တိုင်းက ငါ့အတွက် အဆင်မပြေဘူး ... သေစမ်း ... ဒီကောင်က ငါ့နေရာလုပြီး လူပုံအလယ်မှာ ပါးရိုက် ရဲသေးတယ် ... ”

ကောင်းကင်ဖွေရှာ နန်းတော်က ကောင်းကင် ဖွေရှာမြို့နှင့် သိပ်မဝေးပေ။ အကယ်၍ သားရံပျံသာ စီးမည်ဆိုလျှင် သူတို့သည် အမွှေးတိုင် တစ်ဝက် လောက်ခန့်တွင် မြို့သို့ ရောက်ရှိနိုင်လိမ့်မည်။

သို့သော်လည်း မိုဝူကျီက သူ့တည်ရှိမှုကို လူသတိ မထားမိစေရန် အလို့ငှာ သူက ကောင်းကင်ဖွေရှာ နန်းတော်မှ ခိုးထွက်လာလေ၏။ ကောင်းကင်ဖွေရှာ နန်းတော်မှ ကောင်းကင်ဖွေရှာ မြို့သို့ ဆက်သွယ် ထားသည့် လမ်းသုံးကြောင်း ရှိလေသည်။ သူက အစစ်ဆေးမခံဘဲ သွားချင်သည့် အတွက် မိုဝူကျီသည် လူသူကင်းမဲ့ ဆုံးသော လမ်းကို ရွေးချယ်လိုက်သည်။ သို့သော် သူက လက်စားချေဖို့ရာ ကြိုးစားနေသည့် လူငယ်နှင့် ကောင်းကင်ဖွေရှာ နန်းတော်မှ ထွက်ထွက်ချင်း တည့်တည့် တွေ့မည်မှန်း ထင်မထားခဲ့ပေ။

တစ်နာရီ အကြာတွင် မိုဝူကျီက တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။

လူသတ်ငွေ့ ... .

“မင်းက မဆိုးဘူးပဲ ... တော်တော် အာရုံခံနိုင်တယ် ... ” မိုဝူကျီ ရပ်လိုက်သည်နှင့် အရိပ်သုံးခုက လမ်းလေးဘေးမှ ထွက်ပေါ်လာပြီး သူ့အား ဝိုင်းထား လိုက်ကြသည်။

ဤနေရာကား ကောင်းကင်ဖွေရှာ နန်းတော်နှင့် ကောင်းကင်ဖွေရှာ မြို့ကြား အတိအကျ ဖြစ်လေသည်။ နှစ်ဖက်လုံးတွင် အရွက်များဖြင့် ဖုံးအုပ်နေသဖြင့် လူအရှင်းဆုံး နေရာဟုပင် ယူဆ၍ ရသည်။

“အဲဒါဆို မင်းကိုး ... အဲကြောင့် အမှိုက်အနံ့ ရနေပါတယ်လို့ ... ” လက်တစ်ချက် အဝှေ့ဖြင့် ထျန်းဂျီတုတ်က သူ့လက်ထဲ ရောက်လာလေသည်။

သို့သော် တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်က ထိုအကြောင်းကို သိပ်လေးလေးနက်နက် မထားပေ။ မိုဝူကျီက ထိုလူငယ်ဘေးတွင် ရှိနေသည့် လူနှစ်ယောက်ကို အာရုံစိုက် ထားလိုက်သည်။ သူတို့ အငွေ့အသက်များ အရ သူတို့သည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ထဲမှ ဖြစ်ရမည်။ သူတို့သည် လူသား အဆင့်လွန်ထဲသို့ မရောက်သေးသရွေ့ သူ့တွင် အခွင့်အရေး ရှိသေးသည်။ အကယ်၍ သူတို့က ရောက်နေလျှင်လည်း ကံကိုသာ ပုံအပ်ထားလိမ့်မည်။

“မင်းမှာလည်း သိုလှောင်အိတ် ရှိတယ်လား ...” လုပင်း၏ အကြည့်များက တောက်ပလာလေ၏။

“သူ့အရိုးတွေ တစ်ခုချင်းစီ ချိုးပစ်လိုက်၊ သူ့ကို ဖြည်းဖြည်းချင်း ညှဉ်းသတ်ချင်တယ် ... ” တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ် အကြည့်တွင် လူသတ်ငွေ့များ ပြည့်နေကာ မိုဝူကျီကို ကြောက်စိတ်ကား ချက်ချင်းပင် လွင့်ပျံသွားတော့သည်။

လူငယ်ဆီမှ အမိန့်မပါဘဲ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်လုံးက လက်နက်ကိုယ်စီ ထုတ်လိုက်ပြီး မိုဝူကျီဆီ ချီတက်လာကြသည်။ တစ်ယောက်ချင်းစီက အခြား တစ်ယောက်နှင့် မတူညီသည့် ဦးတည်ရာကို သွားလိုက်ကြသည်။ လုပင်း၏ လက်နက်သည် ကျာပွတ်ရှည် ဖြစ်ပြီး ကျန့်ဝေ၏ လက်နက်မှာ ဓားကွင်း ဖြစ်သည်။

လုပင်းက မိုဝူကျီဆီ တည့်တည့် ခုန်ဝင်လိုက်ပြီး သူ့ကျာပွတ်ဖြင့် အားကုန် ဝှေ့ယမ်းလိုက်ပြီး မိုဝူကျီ ထွက်ပြေးမည့် ဘက်ကိုပါ ပိတ်ဆို့ ထားလိုက်သည်။

သူ့ကျင့်ကြံဆင့်က နှစ်ယောက်လုံးထက် နိမ့်ကျသော်လည်း မိုဝူကျီက သူတို့ထက်တော့ အားမနည်းချေ။ ထို့အပြင် သူက ထိုလူနှစ်ယောက် လိုက်မမီနိုင်သည့် စိတ်စွမ်းအားလည်း ပိုင်ဆိုင်သေး၏။

သူတို့ တိုက်ခိုက်မှုမှ မိုဝူကျီသည် သူတို့က ကောင်းမွန်စွာ ပူးပေါင်း ထားကြောင်း မြင်နိုင်သည်။ အကယ်၍ သာမန်တိုက်ပွဲ ဖြစ်ပါက သူနိုင်နိုင်လျှင်ပင် အရမ်း ခက်ခဲလိမ့်မည်။ ထို့အပြင် သူက သူတို့ နှစ်ယောက်နှင့် တိုက်ခိုက်ရန် အချိန်များစွာ မရပေ။ တိုက်ပွဲ ကြာလေလေ သူ့အတွက် အကျိုးမရှိလေ ဖြစ်နေသည်။

အောင်မြင်မှုကို အချိန်တိုအတွင်း ရအောင် ယူရမည်။ သူတို့ နှစ်ယောက်ကို အမြစ်ဖြတ် ချေမှုန်းပစ်ပြီး သူတို့ ပူးပေါင်းမှုအား အရာ မထင်အောင် လုပ်ဆောင်ရမည်။

အခြား သူများအတွက် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူသည် ချို့ယွင်းချက်မရှိ ပူးပေါင်းမှု ရှိသော စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် နှစ်ယောက်ကို သတ်ရန် ကြိုးစားခြင်းကား ဟာသပြက်လုံး တစ်ခုသာ ဖြစ်နေလိမ့်မည်။

သို့သော်လည်း မိုဝူကျီ အတွက်တော့ ထိုသို့ မဟုတ်ပေ။ သူက တုတ်ကို အပေါ်အောက် ဝှေ့ယမ်းလိုက်ပြီး ကျာပွတ်ကို ရှောင်ရှားရန် ကြိုးစားလိုက်သည်။ သို့သော် နောက်ကွယ်က စွမ်းအားက အားကြီးနေလေ၏။ သူလက်ထဲမှ တုတ်သည် ကျာပွတ်ကို ခဏတာသာ ရပ်တန့်နိုင်ခဲ့ပြီး နောက်ဆုတ် လိုက်ရသည်။

လုပင်းက မိုဝူကျီ နောက်ဆုတ် သွားသည်ကို မြင်သောအခါ စိတ်ထဲမှ အေးစက်စွာ ရယ်မော လိုက်လေ၏။ ထိုလူသည် သာမန် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူများထက် အားကောင်း သော်လည်း စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်မှ လူတွေကိုတော့ လိုက်မမီသေးပေ။ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၄ နှစ်ယောက် ဆိုလျှင် ပိုဆိုးသေး၏။

သူမျှော်လင့် ထားသည့်အတိုင်း မိုဝူကျီ နောက်ဆုတ် သွားသည့် နေရာသည် ကျန့်ဝေက သူ့ဓားကွင်းဖြင့် စောင့်ကြိုနေသည့် နေရာ အတိအကျ ဖြစ်လေသည်။ မိုဝူကျီသည် ဓားအောက် တည့်တည့်သို့ ရောက်သွားသည့်ဟန် ပေါ်နေသည်။ သို့သော် လုပင်းနှင့် ကျန့်ဝေတို့သည် ထိုသည်က အကြောင်း မဟုတ်မှန်း သိကြသည်။ ထို့အစား သူတို့၏ မူလ အစီအစဉ်သည် မိုဝူကျီကို ထိုနေရာသို့ ပို့ဆောင် လိုက်ရန် ဖြစ်သည်။

“ချွင် ... ” လက်နက် အချင်းချင်း ပွတ်တိုက်မှုကြောင့် အသံများ ထွက်ပေါ်လာပြီး ကျန့်ဝေသည် တစ်ခုခု မှားယွင်း သွားကြောင်း ခံစားမိလိုက်သည်။

သူတို့ အကြံအတိုင်း လုပင်းက မိုဝူကျီကို နောက်ဆုတ် စေပြီးနောက် သူသည် ဓားကွင်းထဲသို့ ကျရောက် လာလိမ့်မည်။ မိုဝူကျီက လုပင်းကြောင့် နောက်ဆုတ် လိုက်ရပြီး အမှန်ပင် ဓားကွင်း အောက်သို့ ရောက်ရှိ သွားလေ၏။

သဘောတရားဖြင့် ပြောရလျှင် မိုဝူကျီသည် နှစ်ပိုင်း ပြတ်သွားရမည်။ ကျန့်ဝေက သူအားကို ပြန်ရုပ်သိမ်းရန် ပြင်ဆင်ထားသည်။ ထို့အပြင် မိုဝူကျီက သခင်လေးကို အရှက် ခွဲထားသည့် အတွက် မသတ်ခင် သခင်လေးကို ပြန်ပေးဆပ်ရမည်။

သို့သော်လည်း သတ္တုအချင်းချင်း ထိရိုက်မှုကြောင့် တစ်ခုခု ဖြစ်သွားမှန်း သိလိုက်သည်။ ကျန့်ဝေက အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သတ္တုတုတ် တစ်ချောင်းက မိုဝူကျီ ကျောတွင် ပေါ်လာပြီး သူကျောနှင့် အတူတကွ ရှိနေလေသည်။

မိုဝူကျီတုတ်က လုပင်းကြောင့် အဝေး ရောက်သွားပြီ ဖြစ်ရာ ဘယ်လိုလုပ် မိုဝူကျီကျောဆီ ရောက်နေမည်နည်း။

မကောင်းတော့ချေ ... ဒီခွေးကောင်က ဒီနေရာကို လွင့်လာတာ မဟုတ်ဘဲ တမင်သက်သက် ရွေ့လာခြင်းသာ ဖြစ်၏။

ကျန့်ဝေက တွေးမိ လိုက်ပြီးနောက် သူ့မျက်လုံးတွင် အလင်းတန်း ဖျော့ဖျော့လေး မြင်လိုက်ရသည်။ မိုဝူကျီကို လူသေ တစ်ယောက်လို သတ်မှတ် ထားသည့်အတွက် သူက အားအပြည့်ဖြင့် တိုက်လာမည်ဟု မည်သူက ထင်ထားမည်နည်း။ နောက်အခိုက် အတန့်လေးတွင် သူ့နှလုံးက အပိုင်းပိုင်း စုတ်ဖြဲခံလိုက် ရသလို ခံစားလိုက်ရပြီး နာကျင်မှုက သူ့အား မိုက်ခနဲ ဖြစ်သွားစေသည်။

***

All Chapters