← Chapters

ငါ့ကို မနှောင့်ယှက်နဲ့လို့ ပြောထားတယ် မလား

Vol. 12 Ch. 167

ငါ့ကို မနှောင့်ယှက်နဲ့လို့ ပြောထားတယ် မလား

Vol. 12 Ch. 167

သူ့နှလုံးသားမှ နာကျင်မှု အကြီးစားက ခန္ဓာကိုယ် တစ်လျှောက် ချိုး‌ချေပစ် လိုက်သည့်အလား ကျန့်ဝေသည် သဘာဝ စွမ်းအားများကို မစုစည်း နိုင်တော့ချေ။ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျ သွားတော့သည်။

ထိုစဉ် မိုဝူကျီ ပါးစပ်မှလည်း သွေးများ ထွက်လာလေ၏။ သူက ထျန်းဂျီတုတ်ကို ကျန့်ဝေ၏ ဓားဖြင့် ရင်ဆိုင်ဖို့ရာ သုံးခဲ့သော်လည်း စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၏ သဘာဝ စွမ်းအားက အမှန်တကယ် အားပြင်းလွန်း လှသည်။ ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို အသုံးပြုပြီး အားတချို့ကို မြေကြီးသို့ ပို့ဆောင် လိုက်သော်ငြား သူ့အတွင်း အင်္ဂါများမှာ တုန်တုန်ယင်ယင် ဖြစ်နေသေး၏။

ထိုသည်က မိုဝူကျီကို အကြောက်တရား အချို့ ဝင်စေသည်။ မူလက သူသည် ထျန်းဂျီတုတ်ဖြင့် လုပင်းကို ချောင်းမြောင်း တိုက်နေစဉ် ကျန့်ဝေ တိုက်ခိုက်မှုကို ချပ်ဝတ်ဖြင့်သာ ခုခံမည်ဟု တွေးထားသေး၏။ သူ မလုပ်မိသည်က ကံကြီးလှ ပေသည်။ အကယ်၍ သူသာ လုပ်ခဲ့လျှင် ကျန့်ဝေကဲ့သို့ မြေပြင်ပေါ် အသက်မဲ့စွာ လဲလျောင်း နေရလိမ့်မည်။

“ဟားဟား ...” တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်၏ ထိန်းမနိုင် သိမ်းမရ ရယ်သံက ရုတ်တရက် ရပ်တန့် သွားတော့သည်။ ကျန့်ဝေက သွေးအန်ပြီးတော့ မြေပြင်ပေါ် ဘုန်းခနဲ လဲကျသွားပြီး သူ့မျက်လုံးကား အသက်မဲ့ သွားသည်ကို တွေ့လိုက်ရသည်။ တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်က အခြေအနေကို သဘော မပေါက်သေးခင် မိုဝူကျီ လက်ထဲမှ တုတ်ကား လုပင်းခါးဆီ ရောက်သွားလေပြီ။

လုပင်းက ကျန့်ဝေ မြေပြင်ပေါ်တွင် လဲကျနေသည်ကို မြင်သောအခါ အလန့်တကြား ဖြစ်မိသွားသည်။ မိုဝူကျီ၏ ထျန်းဂျီတုတ် ရောက်ရှိလာသည့် အချိန်တွင် သူက လန့်ဖျပ်သွားကာ သူ့လက်ထဲရှိ ကျာပွတ်က သံမဏိလှံ အဖြစ် ပြောင်းလဲသွားပြီး မိုဝူကျီ၏ ထျန်းဂျီတုတ်နှင့် လေထဲတွင် ထိပ်တိုက် တွေ့မိကြသည်။

သဘာဝ စွမ်းအားများက ပေါက်ကွဲလာပြီး မိုဝူကျီက လွင့်စဉ် သွားလေ၏။ သစ်ပင်ကြီး တစ်ပင်ကို တိုက်မိပြီး ဖြည်းဖြည်းချင်း အောက်လျော့ကျ သွားလေပြီး သွေးတစ်ပွက် အန်ထုတ် လိုက်တော့သည်။

“ဒါက မဖြစ်နိုင်ဘူး မင်းက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်တောင် မရောက်သေးတာ ဘယ်လိုလုပ် ...” ထိပ်တိုက် ရင်ဆိုင်မှုကြောင့် လုပင်းက မိုဝူကျီသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ မရောက်သေးမှန်း ပြောနိုင်လေ၏။ အကြောင်းမှာ မိုဝူကျီ၏ သဘာဝ စွမ်းအားများတွင် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် သဘာဝ စွမ်းအားများ ပုံစံ မရှိသေးပေ။

သူ့ကို အံ့အားသင့် စေသည်က မိုဝူကျီ၏ သဘာဝ စွမ်းအားများသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်မှ သဘာဝ စွမ်းအားများထက် အားမနည်းပေ။

ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူ တစ်ယောက်က ထိုမျှ သန်မာ နိုင်သည်လား ... ကောင်းကင်ဖွေရှာ နန်းတော်၏ ထိပ်တန်း တပည့်ပင် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တုန်းက ထိုမျှ ကြောက်မက်ဖွယ် အားမျိုး မရှိကြပေ။

“မြန်မြန် သူ့ကို သတ်လိုက် ... သတ်ပစ် ... ” တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်က မိုဝူကျီသည် လုပင်းကြောင့် လွင့်စဉ် သွားသည်ကို မြင်သောအခါ အားရတက်ကြွစွာ အော်ဟစ် လိုက်တော့သည်။

လုပင်းက ချက်ချင်း အသိပြန်ဝင်လာ၏။ ယခုအချိန်ကား အံ့ဩတကြီး ဖြစ်နေရမည့် အချိန် မဟုတ်သေးပေ။ မိုဝူကျီကို ဖမ်းထားဖို့ အချိန် ဖြစ်လေ၏။ သို့သော်လည်း သူက အမှန်တကယ် ကြောက်လန့်မိ နေပြီး မိုဝူကျီ အနား မကပ်ရဲပေ။ သူ့လက်ထဲက ကျာပွတ်ကိုသာ မိုဝူကျီဆီ ပို့လွှတ် လိုက်တော့သည်။

သူနှင့် ကျန့်ဝေတို့၏ ပူးပေါင်းမှုသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်မှ လူတွေကိုပင် ထိခိုက် နိုင်လိမ့်မည်။ သူတို့နှစ်ဦး၏ စွမ်းအားများ ပေါင်းခြင်းက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၇ထက် မြင့်နေ၍ မဟုတ်ဘဲ သူတို့၏ အကြံစည်နှင့် ဗျူဟာကြောင့်ပင် ဖြစ်သည်။ ရိုးရိုးလေး ပြောရလျှင် သူတို့သည် သူတို့ ပြိုင်ဘက်ထက် ဉာဏ်နီဉာဏ်နက် များလေသည်။ သို့သော် မိုဝူကျီနှင့် တွေ့မိသောအခါ ကျန့်ဝေက အပြင်းအထန် ဒဏ်ရာ ရသွားပြီးတော့ သူ့လက်ရှိ အခြေအနေမှာလည်း ဆုံးဖြတ်၍ မရသေးပေ။ ထိုသည်က အလွန် ကြောက်မက်ဖို့ ကောင်းလှသည်။

ထိုအပြင်စည်း တပည့်သည် သူတို့ နှစ်ယောက်ထက် ကလိမ်ကျရာတွင် မလျော့နည်းပေ။ ပို၍ပင် များနိုင်သေး၏။ သူက ကျန့်ဝေ၏ တိုက်ခိုက်မှုကို သူတို့ နှစ်ယောက်ထဲမှ တစ်ယောက်ကို အဆုံးသတ်ဖို့ရာ လက်ခံလိုက်ခြင်း ဖြစ်သည်။ လက်တွေ့တွင် မိုဝူကျီက အောင်မြင် သွားလေပြီ။

အကယ်၍ လုပင်းသာ ထိုလူက ဤမျှ ကလိမ်ကျမည်မှန်း သိခဲ့လျှင် သူနှင့် ကျန့်ဝေတို့က သတိနည်းမည် မဟုတ်ချေ။ သူတို့က ပို၍ သတိတကြီးဖြင့် တည်တည်ငြိမ်ငြိမ် တိုက်ခိုက်လျှင် ထိုအပြင်စည်း တပည့်သည် သေချာပေါက် သူတို့လက်မှ မလွတ်မြောက် နိုင်စွမ်း ရှိမည် မဟုတ်ပေ။

ကလိမ်ကကျစ် များပြီး အားကြီးလှသည့် အပြင်စည်း တပည့်ကို ရင်ဆိုင် ရသည်မှာ လုပင်း အနေနှင့် မိုဝူကျီအနား မကပ်ရဲပေ။

လုပင်း၏ ကျာပွတ်က ရစ်ပတ်ကာ ရောက်လာသောကြောင့် မိုဝူကျီသည် သူ့၏ ထျန်းဂျီတုတ်ကို မနည်း မလိုက်ကာ လုပင်း၏ ကျာပွတ်ကို ခုခံလိုက်သည်။

“ဘုန်း ...” လုပင်း၏ ကျာပွတ်ရှည်က မိုဝူကျီ၏ ထျန်းဂျီတုတ်ကို လွင့်စဉ် သွားစေပြီး မိုဝူကျီ ခန္ဓာပေါ်သို့ ကျရောက် သွားတော့သည်။

“ဘမ်း ...” ပြင်းထန် လွန်းသည့် နာကျင်မှုက မိုဝူကျီ ခန္ဓာဆီ ဝင်ရောက် လာလေ၏။ မိုဝူကျီ နောက်မှ သစ်ပင်ကြီးပင် လုပင်း ကျာပွတ်ကြောင့် ကျိုးကျ သွားလေသည်။ လုပင်း ကျာပွတ်ဖြင့် ရစ်ပတ် ခံထားရသည့် မိုဝူကျီသည် လေထဲသို့ မြောက်တက် လာလေသည်။

မိုဝူကျီ၏ အရိုးကျိုးသံများကို ကြားပြီး လုပင်းက စိတ်အေးလက်အေး သက်ပြင်းချ လိုက်တော့သည်။

မဆိုးလှချေ ... .

ဒီကောင်က အစပိုင်းပဲ ကြမ်းနိုင်တဲ့ -ျီးထုပ်ပဲ ...

ကျန့်ဝေ တိုက်ခိုက်မှုသည် အတွင်းအင်္ဂါများကို ပြင်းပြင်းထန်ထန် ပျက်စီးစေတာ ဖြစ်လိမ့်မည်။ မဟုတ်လျှင် သူက ထိုမျှ လွယ်ကူလှသည့် လူမဟုတ်ပေ။

မိုဝူကျီက လုပင်း ကျာပွတ်ကြောင့် လေထဲ ရောက်လာသည့်အခါ တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်က နတ်ဆိုးဆန်ဆန် ပြုံးလိုက်တော့သည်။ သူက ဓားကို ဆွဲထုတ်လိုက်ပြီး မိုဝူကျီ သူရှေ့ ရောက်လာမည့် အချိန်ကို စောင့်နေလေသည်။ သူက ဓားဖြင့် မိုဝူကျီ၏ နံရိုးတစ်ချောင်း ချင်းစီကို ဖြည်းဖြည်းချင်း ဖြတ်ထုတ်ပစ်မည်။

မိုဝူကျီက ကျန့်ဝေ တိုက်ခိုက်မှုမှ ပြင်းထန်စွာ ခံစားခဲ့ ရသော်လည်း လုပင်း ကျာပွတ်ကို မခုခံနိုင်သည့် အထိတော့ မဟုတ်သေးပေ။ ထိုအပြင် သူ့တွင် ကောင်းကင်ကျီး ချပ်ဝတ် ရှိနေသေးသည်။

သူက လုပင်းသည် သူ့ကို ‘မ’လိုက်စေချင်သည်။ လုပင်းက သတိကြီးစွာ ထားထားလျှင်ပင် လုပင်း သူ့ကို မြှောက်လိုက်သည့် အခါ အရိုးကျိုး သံများကို ကြားရလိမ့်မည်။ ထိုအခါ လုပင်းက သူ့ကို လုံးဝ ထိန်းချုပ် နိုင်သွားပြီဟု ယုံကြည် သွားမိလိမ့်မည်။

ကျာပွတ် တစ်လျှောက် သဘာဝ စွမ်းအားများ ထွက်ပေါ်နေပြီး မိုဝူကျီခါးကို အတင်း ညှစ်ထားလေသည်။

မိုဝူကျီ၏ အရိုးများက ထိုမျှ ဖိအားအောက်တွင် ကျိုးကြေကုန်ပြီ ဖြစ်ကာ သူ့တွေ့ကြုံရသည့် နာကျင်မှု ပြောမပြ တတ်အောင် ဖြစ်သည်။ သို့သော်လည်း မိုဝူကျီက တောင့်ခံထားပြီး သူသည် ယခင်က ထို့ထက်ဆိုးသည့် နာကျင်မှုမျိုးကို ခံစားဖူးသေးသည် မဟုတ်ပါလား ... ထို့အပြင် သူ့တွင် ကာကွယ် ပေးနေသည့် ချပ်ဝတ်လည်း ရှိသေးသည် မဟုတ်ပါလော ...

ကောင်းကင်ချပ်ဝတ်က သဘာဝ စွမ်းအားများ၏ လောင်မြိုက်မှုကို တားဆီး ပေးထားသည်။ မိုဝူကျီ၏ လက်နှစ်ဖက်က ရှုပ်ထွေးလှသည့် လက်ဟန်များကို ဖော်ထုတ်လိုက်ပြီး သူ့လက်သီးဖြင့် ရှေ့သို့ ထိုးချ လိုက်တော့သည်။

“ဟားဟား ...” လုပင်း၏ ကျာပွတ် ရစ်ပတ်မှုထဲ ရောက်နေသည့် မိုဝူကျီက လုပင်းကို ထိုးဖို့ ကြိုးစားသည်ကို တွေ့သောအခါ တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်က ဟက်ဟက်ပက်ပက် မရယ်မောဘဲ မနေနိုင်တော့ချေ။

လုပင်းသည် မိုဝူကျီ ကြိုးစားနေသည့် အရာကို မသိသော်လည်း ပေါက်ကွဲမှု ဖြစ်တော့မည်ဟု စိတ်ထင့် နေမိသည်။ သူက ကျာပွတ်ကို လွတ်လိုက်ပြီး နောက်ဆုတ် လိုက်တော့သည်။ မိုဝူကျီ၏ ယခင်အပြုအမူ လုပ်ဆောင်ချက် များသည် အရမ်းကို တုန်လှုပ်ဖို့ ကောင်းလှကာ လုပင်းနှင့် ကျန့်ဝေ အတူတူ ပေါင်းစပ် တိုက်ခိုက်ခဲ့ရ၏။ သို့သော် အပြောင်းအလဲ ဖြစ်ကာ ကျန့်ဝေသာ ခံလိုက် ရပြန်သည်။ လုပင်း၏ တုံ့ပြန်မှုနှုန်းက နှေးသည်ဟု ယူဆ၍ မရချေ။

သို့သော်လည်း ခြေတစ်လှမ်းတော့ နောက်ကျ သွားလေသည်။ ကြောက်မက်ဖွယ် ခံစားချက်ကြီးက သူ့စိတ်ထဲတွင် ကြီးစိုး လာတော့သည်။

မကောင်းတော့ချေ ... ...

လုပင်းက သူ့ကျာပွတ်ကို ဂရုမစိုက်တော့ဘဲ ချက်ချင်း နောက်ဆုတ် လိုက်တော့သည်။

“ဘမ်း ...” အပြာရောင် လျှပ်စီးက သူ့ရင်ဘတ်ပေါ်တွင် ပေါက်ကွဲ သွားတော့သည်။ သူ့သွေးသားများနှင့် အဝတ်များ လောင်ကျွမ်းမှုက ရောနှောသွားပြီး လေပင် အနည်းငယ် အေးစက် လာလေ၏။

လုပင်းက ထိုလျှပ်စီးအားကြောင့် လွင့်စဉ် သွားတော့သည်။ သူလည်း သစ်ပင်ကြီး တစ်ခုကို ဝင်တိုက်မိ သွားသည်။ သူက ခေါင်းငုံ့ကြည့် လိုက်သည့်အခါ သူ့ရင်ဘတ်တွင် လက်သီးအရွယ် အပေါက်ကို မြင်လိုက်ရသည်။ ထိုနေရာမှ သွေးများ အဆက်မပြတ် စီးကျနေလေ၏။

ထွက်ပြေးရမယ် ...

လုပင်းစိတ်ထဲတွင် ထိုအတွေးသာ ဝင်ရောက် လာတော့သည်။ ထိုစဉ် မိုဝူကျီက အပြင်စည်းဂိုဏ်း၏ အမှိုက်သရိုက် မဟုတ်တော့ဘဲ အရိပ်ထဲတွင် ပုန်းကွယ်နေသည့် နတ်ဆိုးတစ်ကောင် ကဲ့သို့ ဖြစ်သည်။ သူသည် ထိုမျှ ကြောက်စရာ ကောင်းလှသည့် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူကို မတွေ့ဖူးသေးချေ။ ဤဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူသည် ဒဏ်ခံနိုင်ပြီး ဉာဏ်နီဉာဏ်နက်လည်း များသေး၏။ ထိုသို့ တိုက်ပွဲမျိုးတွင် ဝင်ပါခြင်းက သူ့အသက်ကို ဆုံးရှုံးစေနိုင်သည်။

တစ်ယောက်ချင်း တိုက်ပွဲတွင် သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူကို ရှုံးနိမ့်လိမ့်မည်ဟု တွေးတောင် မတွေးဖူးချေ။ သူနှင့် ကျန့်ဝေတို့ နှစ်ယောက် ပေါင်းလိုက်သည့် အခါ ရှုံးနိုင်ချေက သုညနား ကပ်ရမှာ ဖြစ်သည်။ သို့သော် ယခုတွင် ကျန့်ဝေက သေသွားပြီ ဖြစ်၏။ အကယ်၍ သူလည်း ထွက်မပြေးပါက သူသည်လည်း ကျန့်ဝေ လမ်းစဉ် လိုက်ရလိမ့်မည်။ ထိုစဉ် သူ့စိတ်ထဲတွင် အကြောက်တရားသာ ကြီးစိုးနေလေ၏။

“ဒုတ် ဒုတ် ဒုတ် ...” လုပင်း နှလုံးသားက အေးစက်လာပြီး သူ့အရင် သတ္တိများသည် တစ်မုဟုတ်ချင်း ပျောက်ဆုံး သွားလေပြီ။ သူက လှည့်လိုက်သည့်အခါ သူ့ဘေးတွင် လျှပ်စီးအား ငါးခု ပေါက်ကွဲ သွားတော့သည်။ သူထွက်ပြေးမည့် အကြောင်း ရိပ်မိနေသည့် အလား ထိုလျှပ်စီးများသည် သူထွက်ပြေးမည့် လမ်းကြောင်းကို ပိတ်ဆို့ ထားလိုက်သည်။

ထိုလျှပ်စီး ငါးခုသည် ယခင်တစ်ခု ကဲ့သို့ အားမပြင်းသော်လည်း လုပင်းက ဒဏ်ရာ အပြင်းအထန် ရနေပြီး ထွက်ပြေးဖို့ရာ စိတ်ပူပင် နေသည့်အတွက် ထိုလျှပ်စီး အားများကို တိုင်းတာဖို့ရာ မည်သို့ ဂရုစိုက် နေမည်နည်း။

သူက လက်တစ်ဖက် မြှောက်လိုက်ပြီး အဆောင်တစ်ခု ထုတ်ယူလိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ဝိုက် မြူများဆိုင်း လာလေသည်။ ထိုသည်က အဆင့်ငါး မြူအဆောင် ဖြစ်ကာ ထွက်ပြေးဖို့ရာ အတွက် အသုံးပြုတတ်ကြသည်။

လုပင်းသည် ထိုအဆောင်ဖြင့် မိုဝူကျီသည် သူ့ကို မမြင်နိုင် လောက်တော့ဟု သေချာနေသည်။ ပတ်ဝန်းကျင်က ရှင်းလင်း သွားသည့်အခါ သူက မိုင်အဝေးကြီး ရောက်နေလောက် လေပြီ ဖြစ်၏။ မိုဝူကျီနှင့် နောက်တစ်ကြိမ် တွေ့သည့်အခါ သူသည် သေချာပေါက် ပြုသမျှ နုမနေတော့ပေ။

“ဘမ်း ...”

“အား ...”

လုပင်းက ဦးတည်ရာ ပြောင်းလိုက်ပြီး မီတာ အနည်းငယ်လောက် ပြေးလိုက်သော်လည်း သံမဏိတုတ် ရောက်ရှိလာပြီး သူ့နံရိုးကို ချိုးလိုက်တော့သည်။ သဘာဝ စွမ်းအားများသာ ထွက်မလာလျှင် သူခါးသည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်နေလောက် လေပြီ၊။ လုပင်းက အော်ငိုကြွေးရုံက လွဲပြီး မတတ်နိုင်တော့ချေ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...

ဒီလူက ငါနေရာ ပြောင်းလိုက်တာကို ဘယ်လိုလုပ် သိနေတာလဲ ...

ဒီဟာက အဆင့်ငါး မြူအဆောင်လေ ...

လမ်းဘေးမှာ လွယ်လွယ်နဲ့ တွေ့နိုင်တဲ့ အဆောင်မျိုး မဟုတ်ဘူးလေ ...

အတွေးများ ဟိုဟိုဒီဒီ မပျံ့နှံ့ခင် သူ့လည်ပင်းကို ဖြတ်သွားသည့် အေးစက်စက် ခံစားချက်ကို ရလိုက်သည်။ လုပင်း စိတ်ကား မည်းမှောင်သွားပြီး ထပ်၍ မတွေးတော နိုင်တော့ချေ။ သူသည် သူ့ဘဝကား ဤနေရာတွင် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူ လက်ချက်ဖြင့် အဆုံးသတ် လိမ့်မည်ဟု တွေးမထားမိဖူးပေ။ သူနောက်ဆုံး တွေးနေသည့် အရာကား သူ၏ မြူအဆောင်သည် သူ့ကို ကူညီပေးခဲ့တာ မဟုတ်ဘဲ မိုဝူကျီကို ဖြစ်နေသည့် အကြောင်း ဖြစ်သည်။ မိုဝူကျီတွင် စိတ်စွမ်းအား ရှိကာ သူမမြင်နိုင်သည့် အရာများကို မိုဝူကျီက ရှင်းရှင်းလင်းလင်း မြင်ရ၏။

မိုဝူကျီက လုပင်းအဆောင် အသက် ဝင်နေသည့် နယ်ပယ်မှ ထွက်လာပြီး သူ့ထျန်းဂျီတုတ်ကို ကိုင်ဆွဲပြီး တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်လေးဆီ လျှောက်လှမ်း သွားလိုက်တော့သည်။

“မင်း ငါ့ကို ထိလို့မရဘူး၊ ငါက ကောင်းကင်ဖွေရှာ နန်းတော် တာအိုဂိတ်ရဲ့ ဂျင်ကျွိကျန်းပဲ ... ငါက အသာလွန်ဆုံး ဝိညာဉ်ကြောနဲ့ ပါရမီရှင်ပဲ ... ပြီးတော့ ...”

“အား ...” ဂျင်ကျွိကျန်း စကားဆုံးအောင် မစောင့်ဘဲ မိုဝူကျီ၏ ထျန်းဂျီတုတ်က သူ့ခေါင်းဆီ ရောက်သွားတော့သည်။ ဂျင်ကျွိကျန်း၏ အသက် အဆုံးမသတ်ခင် သူက မိုဝူကျီ စကားများကို ကြားလိုက်ရလေ၏။

“ငါ မင်းကို လာမနှောင့်ယှက်နဲ့လို့ ပြောထားတယ်မလား ... မင်းက နားမထောင်မှတော့ နားထောင်ဖို့ရာ လုပ်မနေနဲ့တော့ ... ”

လူသုံးယောက်လုံးကို တစ်ကြိမ်တည်းဖြင့် သတ်ပစ်လိုက်ပြီး မိုဝူကျီက ဤနေရာက မြန်မြန် ထွက်သွားဖို့ လိုအပ်ကြောင်း သိ၏။ သူ့ခါးမှ အရိုးများသည် လုပင်း၏ ကျာပွတ်ကြောင့် များစွာ ဒဏ်ရာ ရထားလေသည်။ ကံကောင်းလှစွာ သူက နာကျင်မှု ခံနိုင်ရည်စွမ်း မြင့်ပြီး ဆေးလုံးဆရာ ဖြစ်နေသည်။ သူ့တွင် ဆေးလုံး လုံလုံလောက်လောက် ပါလေ၏။ ထို့ကြောင့် စိုးရိမ်စရာ များစွာ မရှိချေ။

ဆေးလုံး တချို့ကို မျိုချလိုက်ပြီး မိုဝူကျီက လုပင်း၊ ကျန့်ဝေနှင့် ဂျင်ကျွိကျန်းတို့ အလောင်းများကို တောထဲ ရွှေ့လိုက်သည်။ တစ်ချိန်တည်းတွင် မီးကို စတင် ရှို့လိုက်တော့သည်။

ကောင်းကင်ဖွေရှာ နန်းတော်သည် သူ့အား ခြေရာ ခံနိုင်လျှင်ပင် သူ့က ထိုအလောင်းများကို ဖျက်ဆီးပစ်ရမည် ဖြစ်သည်။

မိုဝူကျီက ဂျင်ကျွီကျန်း၏ သိုလှောင် အိတ်ထဲက ဘာပစ္စည်းမှ ယူမထားချေ။ သူက အထဲကိုပင် ဖွင့်မကြည့်လိုက်ပေ။

အကြောင်းမှာ သူက ပစ္စည်းများကို မလိုချင်၍ မဟုတ်ဘဲ သူ့ကျင့်ကြံဆင့်က နိမ့်နေ၍ ဖြစ်၏။ အကယ်၍ ကျွမ်းကျင် အဆင့်မြင့် တစ်ဦးက အမှတ်အသား ပြုလုပ်ထားလျှင် ဘယ်လို လုပ်မလဲ ... သူသည် သိတောင် မသိလိုက်ဘဲ ခြေရာခံမိ သွားနိုင်သည်။

မိုဝူကျီက ကောင်းကင်ဖွေရှာ မြို့ထဲ ပေါ်လာသည့် နှစ်နာရီလောက် ရှိနေပြီ ဖြစ်သည်။

ကောင်းကင်ဖွေရှာ နန်းတော်၏ သွားလာရေး စခန်းသည် ကမ္ဘာမြေက လေယာဉ်ကွင်း၊ ရထားဘူတာရုံ တို့ကဲ့သို့ ဖြစ်သည်။ ဤနေရာတွင် လျှပ်စစ် သင်္ဘောပျံများ၊ သားရဲပျံများနှင့် သာမန် သားရဲလှည်းများ ရှိကြသည်။ ဤနေရာမှ ကိုယ်သွားလိုရာကို ရွေးချယ်နိုင်သည်။

“မိတ်ဆွေ ဘယ်သွား မလို့လဲဗျ ... ကျုပ်ဆီမှာ သားရဲပျံတွေ အမျိုးမျိုး ရှိတယ် ... သူတို့က သာမန် သားရဲလှည်းတွေထက် ဈေးချိုတယ်နော် မြန်လည်းမြန် ဈေးလည်း သက်သာတယ် ... ” မိုဝူကျီက လက်မှတ် ကောင်တာဆီ ရောက်လာသည်နှင့် ကျင့်ကြံသူ တစ်ယောက်က သူတို့၏ ဝန်ဆောင်မှု အပိုင်းကို အားတက်သရော ပြောပြလိုက်သည်။

သူက မိုဝူကျီ ဘေးနားတွင် ဝိညာဉ်စွမ်းအား မခံစားမိ သောအခါ မိုဝူကျီသည် သင်္ဘောပျံများကို မတတ်နိုင်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူက မိုဝူကျီကို သားရဲပျံများ ရှိသည့် လှည်းအမျိုးမျိုးဆီ ခေါ်ဆောင် သွားလေ၏။

ထိုကျင့်ကြံ သူသည် သွားလာရေး စခန်းတွင် နှစ်များစွာ လုပ်ကိုင်လာသည့် အတွက် သူ့ခန့်မှန်းချက်ကား အမြဲတမ်း မှန်ကန်ပေသည်။ အချိန်အများစုတွင် သူက အကောင်းဆုံးနှင့် အတိအကျဆုံး ညွှန်ကြားချက်များကို ပြုလုပ်ပေးနိုင်သည်။

ကံဆိုးလှစွာ ယနေ့ မိုဝူကျီအပေါ် ခန့်မှန်းချက်ကား မှားယွင်း သွားလေပြီ။ မိုဝူကျီက ပြုံးရင်း …

“ပျောက်ဆုံး ကောင်းကင်မြို့ပျက်ဆီ သွားမဲ့ အမြန်ဆုံးလမ်းကို သိချင်လို့ပါ ... ”

ပျောက်ဆုံး ကောင်းကင်မြို့ပျက်လား ... ...

ထိုကျင့်ကြံသူက တွေဝေသွားပြီး တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။

“ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကို သွားဖို့ဆိုရင် သင်္ဘောပျံနဲ့ သွားရမှာ အနည်းဆုံး တစ်လလောက်တော့ ကြာမယ်၊ ဒါပေမဲ့လည်း သင်္ဘောပျံ ဈေးနှုန်းက အရမ်း မြင့်တယ်ဗျ ... ခန့်မှန်း‌ခြေ မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၁၀ ၀၀၀ လောက် ကျလောက်တယ် ...”

မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံးကတ်ကို ထုတ်ပေးလိုက်ပြီး ပြောလိုက်သည်။

“အဲဒါဆို ပျောက်ဆုံး ကောင်းကင်မြို့ပျက် သွားမဲ့ လက်မှတ်တစ်ခု ဝယ်ချင်ပါတယ် ... ”

တဲ့တိုး ဆန်လှချည်လား ...

ထိုကျင့်ကြံ သူသည် မိုဝူကျီက မေးမြန်း ကြည့်ရုံမျှသာဟု ထင်နေဆဲ ဖြစ်ကာ မိုဝူကျီက အမှန်တကယ်‌ ပေးချေလိမ့်မည်ဟု တွေးမထားခဲ့ပေ။ သူ့ပေးချေ သည့်အခါ ဈေးနှုန်းပင် ထပ်မမေးခဲ့ပေ။

“တစ်နာရီ အကြာကျ ဝမ်လောင်ဟောင် သင်္ဘောပျံက ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကို ထွက်မှာ ... မိတ်ဆွေ သင်္ဘောပေါ်တက်ဖို့ ဒီလက်မှတ် ယူထားလိုက်ပါ ...” ကျင့်ကြံသူက သင်္ဘော လက်မှတ် ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး မိုဝူကျီဆီ လှမ်းပေးလိုက်သည်။

***

All Chapters