တာ့ရွှမ်တိုင်းပြည်၏ကံကြမ္မာ
Vol. 53 Ch. 746
အခန်း (၇၄၆) တာ့ရွှမ်တိုင်းပြည်၏ကံကြမ္မာ
ရန်ကျောက်ကဲ ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သောစကားကြောင့် လော့ကျီးထောင် ၊ ထန်ကျင်းနှင့် ကွမ်းမင်ဂိုဏ်းမှကျင့်ကြံသူများ မျက်နှာများမဲမှောင်သွားကြသည်။ ကွမ်းမင်ဂိုဏ်းမှလူများအားလုံးမှာ အချိန်မရွေးပေါက်ကွဲတော့မည့် မီးတောက်များအလား ဖြစ်နေကြ၏။
မြောက်ပင်လယ်ဓားခန်းမမှ ကုဟုန်မှာလည်း မချိပြုံး ပြုံးလိုက်မိသည်။ နှစ်ဖက်ကြားရန်ငြိုးများက ပိုမိုနက်ရှိုင်းလာဟန်ပင်။
သူတို့ကြားထဲ ကိစ္စအတော်များများဖြစ်ပျက်ခဲ့ဟန်ရှိပြီ ဒဏ္ဍာရီလာ ယိုးမင်ဂူဗိမာန်နှင့် ဆက်စပ်နေဟန်ရှိသည်။ ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ က ယိုးမင်ဂိုဏ်းတစ်ခုလုံး မျိုးသုဉ်းလုနီးပါး တိုက်ခိုက်ခဲ့သည်မှာလည်း ဤကိစ္စနှင့် ဆက်စပ်နေနိုင်သည်။
ကုဟုန်က ထိုအကြောင်းကိုစိတ်ထဲမှာသာထားလိုက်ပြီး ရန်ကျောက်ကဲနှင့် ကွမ်းမင်ဂိုဏ်းအကြား ဖျန်ဖြေရန်လည်းရည်ရွယ်ချက်မရှိသဖြင့် ပေါ့ပေါ့ပါးပါးပင် စကားဆိုလိုက်သည်။
“မိတ်ဆွေလေး’ရန်’ ... မင်း မော်လူဒေသကို ဧည့်သည်အဖြစ် လိုက်ခဲ့ပါဦးလား”
ထိုစကားကိုကြားတော့ ကုဟုန်က ရန်ကျောက်ကဲကို ကာကွယ်ပေးရန်ဆန္ဒရှိနေသေးကြောင်း လော့ကျီးထောင်တို့အုပ်စု နားလည်လိုက်ကြသည်။
ကွမ်းမင်ဂိုဏ်းမှ တန်ခိုးစွမ်းအားရှင်များ ကူရာကယ်ရာမဲ့သွားကြသည်။ ယခုတစ်ကြိမ် ကုဟုန် ဇာမဏီနယ်မြေသို့လာရောက်ခြင်းက သူတို့၏ဖိတ်ကြားချက်ကြောင့်ဖြစ်သည်။
ထို့ကြောင့် ကုဟုန်ကို ရင်ဆိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ တိုက်ခိုက်မည်ဆိုပါကလည်း နေလစကြာတွင် လစကြာကို ဆုံးရှုံးသွားသည့်အပြင် လော့ကျီးထောင်ကိုယ်တိုင်မှာ အတော်လေးပင်ပန်းနွမ်းနယ်နေသဖြင့် အနိုင်ရရန် ယုံကြည်ချက် မရှိတော့ပေ။
ရန်ကျောက်ကဲက ပြုံးရင်း...
“ခန်းမသခင် ‘ကု’ က ယဉ်ကျေးလွန်းနေပြီ ၊ ဒီလိုဆိုမှတော့ ဒီ’ရန်’ က ဒုက္ခပေးရတော့မယ်”
လော့ကျီးထောင်က ကုဟုန်ကို နက်မှောင်သောအကြည့်များဖြင့် နှုတ်ဆက်လိုက်ပြီး ရန်ကျောက်ကဲကိုတော့ တစ်ချက်ပင် မကြည့်ပေ။
ထွက်ခွာသွားသည့် လော့ကျီးထောင်ပုံရိပ်ကိုကြည့်ရင်း ကုဟုန်က သက်ပြင်းချလိုက်သည်။
“ဒီတစ်ခေါက် ခရီးထွက်သွားတာ အတော်ခံလိုက်ရပုံရတယ် ၊ ဒါပေမဲ့ သူ ပြန်ကောင်းလာဖို့ သိပ်တော့အချိန်ကြာမှာမဟုတ်ဘူး ၊ သူတို့အင်အားပြန်ကောင်းလာရင် ယိုးမင်ဂိုဏ်းကို သေချာပေါက် တိုက်ခိုက်မှာပဲ”
ယခုတစ်ခေါက်ခရီးစဉ်တွင် ကွမ်းမင်ဂိုဏ်းသည်လည်း ယိုးမင်ဂိုဏ်းကဲ့သို့ပင် ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသည်။ သို့သော် ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ ကိုယ်တိုင် စီးနင်းတိုက်ခိုက်ခံရသည့် ယိုးမင်ဂိုဏ်းနှင့် နှိုင်းယှဉ်ပါက များစွာအခြေအနေကောင်းမွန်နေသေးသည်။
ယိုးမင်ဂိုဏ်းအနေဖြင့် အချိန်တိုအတွင်း ပြန်လည်ရပ်တည်နိုင်မည် မဟုတ်ပေ။ သူတို့၏ ကာလရှည်ကြာရန်သူဖြစ်သည့် ကွမ်းမင်ဂိုဏ်းက ဤအခွင့်အရေးကို လုံးဝလက်လွတ်ခံမည် မဟုတ်ပေ။ ယိုးမင်ဂိုဏ်းပျက်ဆီးသွားမှသာ ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းကြားမှ နှစ်ပေါင်းများစွာ ဖြစ်ပွားနေသော ရန်ငြိုးသည်လည်း အဆုံးသတ်သွားမည် ဖြစ်သည်။
ဤသည်က ကုဟုန်ဝင်ရောက်စွက်ဖက်နိုင်သည့်ကိစ္စ မဟုတ်ပေ။
သို့ပေသိ...
ရန်ကျောက်ကဲကတော့ ထိုသို့မဖြစ်နိုင်ဟု ထင်မိသည်။
မည်သူမှ ကူညီမပေးလျှင် ယိုးမင်ဂိုဏ်းပြန်လည်ရပ်တည်နိုင်ရန်မှာ အချိန်များစွာလိုအပ်မည်ဖြစ်ကြောင်း လူတိုင်း သိရှိကြသည်။
ကျူတောပင်လယ်ဒေသတွင် တာ့ရွှမ်တိုင်းပြည်ကို ဆန့်ကျင်တွန်းလှန်ခဲ့ကြသော ထိပ်သီးသိုင်းဂိုဏ်းကြီး (၄)ဂိုဏ်းဖြစ်သည့် ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်း ၊ မြောက်ပင်လယ်ဓားခန်းမနှင့် ကြေးနီလူသားကျွန်းတို့တွင် ယိုးမင်ဂိုဏ်းသည် ကျဆင်းသွားခဲ့ပြီဖြစ်သည်။
အခြားသော စွမ်းအားစု (၃)ခုနှင့် မည်သည့်နည်းနှင့်မှ ရင်ပေါင်တန်း ရပ်တည်နိုင်တော့မည် မဟုတ်ပေ။
ကွမ်းမင်ဂိုဏ်းက အလွတ်ပေးလိုက်လျှင်ပင် ယိုးမင်ဂိုဏ်းအနေဖြင့် လက်ရှိပြိုလဲမှုကို ကျော်လွှားနိုင်ရန် အချိန်ကြာမြင့်စွာ လိုအပ်မည် ဖြစ်သည်။
အနည်းဆုံးအဆင့် ဂိုဏ်းချုပ် ကျိုးဟောကရှန်း ဒဏ်ရာပြန်လည်သက်သာလမည် ဖြစ်သည်။ သို့သော် ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ ကြောင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အရှေ့တောင်ထိပ်တန်းအရှင်သခင်၏တပည့် လင်ဟန့်ဟွာ၏ အကူအညီကြောင့်သာ အသက်ရှင်နိုင်ခဲ့ခြင်းပင်။
ကျိုးဟောက်ရှန်း ပြန်လည်ကောင်းမွန်လာသည့်တိုင် ယခင် အထွတ်ထိပ်စွမ်းအားအတိုင်း အပြည့်အဝပြန်လည်ရရှိပါမည်လား မသေချာပေ။ ဤသို့သောအခြေအနေအောက်တွင် ကာလရှည်ကြာရန်သူများဖြစ်ကြသည့်တိုင် ကွမ်းမင်ဂိုဏ်းအနေဖြင့် ယိုးမင်ဂိုဏ်းကိုဖိနှိပ်ရန် အလျင်လိုစရာမရှိပေ။
အထူသဖြင့် ကွမ်းမင်ဂိုဏ်းတစ်ဂိုဏ်းလုံး ယိုးမင်ဂိုဏ်းထက် ပိုပြီးမုန်းတီးရသောအရာတစ်ခု ရှိနေလေသောအခါ...
ရန်ကျောက်ကဲ မေးစေ့ကို ပွတ်သပ်လိုက်သည်။
လော့ကျီးထောင် ၊ ထန်ကျင်းနှင့် ကျန်သူများသည် ကွမ်းမင်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိပြီး အင်အားပြန်လည်ပြည့်ဝလာသည်နှင့် ကွမ်းမင်ဂိုဏ်းကိုတိုက်ခိုက်မည်မဟုတ်ဘဲ သူကိုယ်တိုင်နှင့် ဝါဒတောင်ကိုသာ ပစ်မှတ်ထားမည်ဟု ရန်ကျောက်ကဲ ခံစားရသည်။
သူ့တွင် ယိုးမင်ဂမ္ဘီရစက်ဝန်းသည်လည်း ပိုင်ဆိုင်ထားသည် မဟုတ်လား။
အရှေ့တောင်ထိပ်တန်းမျိုးနွယ်များနှင့် မြောက်ပင်လယ်ဓားခန်းမတို့က သူ့ကိုကာကွယ်ပေးထားသဖြင့် ကွမ်းမင်ဂိုဏ်းအနေဖြင့် သူ့ကိုနှိမ်နင်းရန်မလွယ်ကူလျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဝါဒတောင်ကို ပစ်မှတ်ထားနိုင်ဖွယ် ရှိသည်။
သို့သော် ဆရာဘိုးဘိုး ယွမ်ကျန်းဖုန်း အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ အချိန်မီပြန်လည်ရောက်ရှိပြီး သူ၏တပည့်ဖြစ်သူ ရန်တိနှင့် ပေါင်းစည်းမည်ဆိုလျှင် ကွမ်းမင်ဂိုဏ်းအနေဖြင့် ဂိုဏ်း၏လူကုန်ချီတက်သွားသည့်တိုင် ဝါဒတောင်ကို ချေမှုန်းနိုင်မည် မဟုတ်ပေ။
ပြီးတော့ သူတို့ အနေဖြင့် အောက်ဘုံကမ္ဘာသို့ဆင်းသက်မည်ဆိုလျှင် ကျင့်ကြံခြင်းအဆင့်ကို သိုင်းသူတော်စင် စတုတ္ထအဆင့်အောက်အထိ ဖိနှိပ်ပြီးမှ ဆင်းသက်နိုင်မည် ဖြစ်၏။
ထိုသို့စဉ်းစားရင်း ရန်ကျောက်ကဲက ကျူတောပင်လယ်ဒေသ၏မြောက်ဘက်တွင်ရှိသော မော်လူဒေသသို့ ကုဟုန်နှင့်အတူ လိုက်ပါလာခဲ့သည်။
ရန်ကျောက်ကဲက မြောက်ပင်လယ်ဓားခန်းမတွင် ဧည့်သည်အဖြစ်နေထိုင်ရင်း ကျူတောပင်လယ်ဒေသ၏ လက်ရှိအခြေအနေကို အာရုံစိုက်လေ့လာခဲ့သည်။
ရန်ကျောက်ကဲက ကွမ်းမင်ဂိုဏ်းအပြင် တာ့ရွှမ်တိုင်းပြည်၏ လှုပ်ရှားမှုများကို အထူးအာရုံစိုက်ခဲ့သည်။
အကယ်၍ သူ၏ခန့်မှန်းချက်မှန်ကန်မည်ဆိုလျှင် ထိုနေ့က သွေးနီရောင်ဝဲဂယက်ထဲမှ လွတ်မြောက်လာသည့်တိုင် ‘ခန်း’ သခင်မအနေဖြင့် အသက်ရှင်နိုင်မည် မဟုတ်ပေ။
ကောင်းကင်အက်ကွဲကြောင်းအတွင်းမှထွက်ပေါ်လာသည့် အချိန်ရေစီးကြောင်းဓားဝိညာဉ်က ပုံမှန်မဟုတ်ပေ။ လူတစ်ယောက် အသက်မသေခင် တောက်ပစွာလင်းလက်နေသည့်အလား ၊ ဘဝ၏နောက်ဆုံးပွင့်လန်းမှုပမာ ထင်မှတ်ရသည်။
ရန်ကျောက်ကဲက အခြားသူများကိုသတင်းမေးမြန်းခြင်းထက် သူ့ကိုကူညီသူများထံမှ သတင်းများစွာ ရရှိခဲ့သည်။ ထို့ကြောင့် ကိုယ်တိုင်လှုပ်ရှားစရာမလိုဘဲ သတင်းစောင့်နေရန်သာ လိုအပ်သည်။
“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာလိုပဲ ဒီ အထက်ဘုံကမ္ဘာမှာ သတင်းအချက်အလက်စုစည်းတဲ့ ကွန်ယက်တစ်ခု အမြန်တည်ဆောက်ဖို့လိုပြီထင်တယ်”
ရန်ကျောက်ကဲ တွေးလိုက်သည်။
သတင်းအချက်အလက် များများသိရှိရန်က အရေးကြီးဆုံးဖြစ်သည်ဟု ရန်ကျောက်ကဲ သိမြင်သည်။
ရန်ကျောက်ကဲ သိရှိသည့်အတိုင်း အထက်ဘုံကမ္ဘာတွင် ပြီးပြည့်စုံပြီး အပြစ်အနာအဆာကင်းသော အယုတ်မာဆုံးအစီအစဉ်များကို ပြုလုပ်နိုင်ရန် ရန်သူ့ဘက်မှရော မိတ်ဆွေဘက်မှပါ ရရှိနိုင်သော သတင်းအချက်အလက်များပေါ်တွင် မူတည်သည်။
ထို့ကြောင့် သူက အမြဲတမ်း ထိုကိစ္စကို အလေးထားသည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်လည်း ဤအတိုင်းဖြစ်သလို အထက်ဘုံကမ္ဘာတွင်လည်း အတူတူပင် ဖြစ်၏။
နေ့ရက်များ တဖြည်းဖြည်းဖြတ်သန်းသွားပြီးသည့်နောက် ကွမ်းမင်ဂိုဏ်း တဖြည်းဖြည်းပြန်လည်အားပြည့်လာပြီး လော့ကျီးထောင်သည်လည်း စွမ်းအားပြန်လည်ပြည့်ဝလာပြီဟု သတင်းရရှိသည်။
သို့သော် ထို့ထက်ပိုပြီးထူးခြားသော သတင်းတစ်ခု ထွက်ပေါ်လာသည်။
တာ့ရွှမ်တိုင်းပြည်မှ နံပါတ် (၁) တန်ခိုးစွမ်းအားရှင် ၊ ရှန်လင်ဓား (၁၀)လက်တွင် ခေါင်းဆောင်ဖြစ်သော “ခန်းဖင်း” ကျူတောပင်လယ်ဒေသသို့ ပြန်ရောက်လာြခင်း ဖြစ်သည်။
ယခင်က ခန်းဖင်းက အရှေ့တောင်ထိပ်တန်းအရှင်သခင်၏တပည့်ဖြစ်သော ချန်ကျိလျန်နှင့်အတူ အရှေ့တောင်ထိပ်တန်းအရှင်သခင်ကိုတွေ့ဆုံပြီး အခြေအနေကိုရှင်းပြရန်အတွက် ကျင်းထင်တောင်သို့ လိုက်ပါသွားခဲ့သည်။
ဤကိစ္စက ကျူတောပင်လယ်ဒေသတစ်ခုလုံးကို သက်ရောက်နိုင်သဖြင့် အလွန်တရာ အရေးပါသည်။
တာ့ရွှမ်တိုင်းပြည်က စစ်ဗုံတီးခတ်ခြင်းကို ရပ်တန့်လိုက်ပြီး မြောက်ပင်လယ်ဓားခန်းမ ၊ ကွမ်းမင်ဂိုဏ်းနှင့် အခြားသောအင်အားစုများသည်လည်း ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုတ်နေခဲ့ကြသည်။ ဤသည်က သူတို့အားလုံး အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြခြင်းပင် ဖြစ်၏။
အချိန်အတော်ကြာ ခရီးထွက်သွားသော ခန်းဖင်းတစ်ယောက် ကျူတောပင်လယ်ဒေသသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်လေရာ ဤပြဿနာနိဂုံးချုပ်သွားပြီဟု ဆိုနိုင်သည်။
အရှေ့တောင်ထိပ်တန်းအရှင်သခင် အလွန်အမင်းဒေါသထွက်သည်ဆိုပါက တာ့ရွှမ်တိုင်းပြည်ကို အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် နေထိုင်ခွင့်ပေးမည် မဟုတ်ပေ။ ဧကရာဇ်ရွှမ်ဝမ် ၊ ရှန်လင်ကျီနှင့် တာအိုဆရာရှီတို့၏ အဆက်အနွယ်များဖြစ်သော တာ့ရွှမ်မင်းဆက်တစ်ခုလုံး ရာစုနှစ်ပေါင်းများစွာတည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်ကို စွန့်ပယ်ကာ ကျူတောပင်လယ်ဒေသမှ ထွက်ခွာသွားကြရမည် ဖြစ်သည်။
ထို့ကြောင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ဆုံးဖြတ်ချက်က ကျူတောပင်လယ်ဒေသတစ်ခုလုံးအား ပြောင်းလဲသွားစေနိုင်သည်ဆိုလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
ရိပ်ဖမ်းသံဖမ်းသတင်းကြားသည်နှင့် အားလုံးက တိကျသောအဖြေကိုစောင့်မျှော်လျှက် ရှိကြသည်။
မြောက်ပင်လယ်ဓားခန်းမတွင် ဧည့်သည်အဖြစ်နေထိုင်နေသော ရန်ကျောက်ကဲကတော့ မတူညီသည့်အရာတစ်ခု လက်ခံရရှိခဲ့သည်။
ထိုအရာက ဖိတ်ကြားချက်တစ်ခု ဖြစ်၏။
ထိုဖိတ်ကြားချက်က လောလောဆယ် ကျူတောပင်လယ်ဒေသတွင်နေထိုင်သည့် အရှေ့တောင်ထိပ်တန်းအရှင်သခင်၏တပည့် ၊ ယင်စန်းတောင်ဓားဘုရင် ‘လင်ဟန့်ဟွာ’ ထံမှ ဖြစ်သည်။
ရန်ကျောက်ကဲ လင်ဟန့်ဟွာနှင့် ထပ်မံဆုံတွေ့ရသည့်အခါ ပထမတစ်ခေါက်ကလိုပင် ထိုသူက ထက်ရှသည့်ဓားသွားပမာ မတ်တတ်ရပ်လျှက် ရှိသည်။
ရန်ကျောက်ကဲရောက်လာတော့မှ လင်ဟန့်ဟွာက သူ၏စွမ်းအားရောင်ဝါကိုရုတ်သိမ်းလိုက်ပြီး ယခုမှတွေ့ဆုံသူတစ်ယောက်ပမာ အတော်လေးစိတ်ဝင်စားသော အကြည့်များဖြင့် သူ့အရှေ့မှလူငယ်ကို အကဲခတ်နေသည်။
“‘သွေးမိစ္ဆာယာဇ်ပူဇော်ခြင်း’ ထုံးတမ်းအစီအရင်နဲ့ ‘ပုံရိပ်ယောင်မိစ္ဆာယာဇ်ပူဇော်ခြင်း’ ထုံးတမ်းအစီအရင်ကို ဒီလောက်ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်တာ ထင်ထားတာထက် အများကြီး ကျော်လွန်သွားတာပဲ ၊ မင်းက မိစ္ဆာလမ်းစဉ်လိုက်တဲ့သူမဟုတ်တာလည်း ရှင်းနေတာပဲလေ”
လင်ဟန့်ဟွာက ခေါင်းခါယမ်းရင်း...
“မင်းက ဗလာနယ်ကောင်းကင်ကျမ်းစာလို သိုင်းပညာမျိုးလည်း ကျင့်ကြံမထားဘူး မဟုတ်လား ၊ မင်းရဲ့ တန်ခိုးစွမ်းအားက ကျင့်ကြံခြင်းအဆင့်တူတဲ့သူတွေထက် သာလွန်တယ်ဆိုပေမယ့် ကောင်းကင်အက်ကွဲကြောင်းမှာ ဒီလို အပြောင်းအလဲကြီးကြီးမားမား ဖြစ်စေတာကတော့ လွယ်လွယ်နဲ့လုပ်လို့ရတဲ့အရာ မဟုတ်ဘူး”
ရန်ကျောက်ကဲက တည်ငြိမ်ဖော်ရွေစွာပင် ပြန်ဖြေသည်။
“အဲဒါက ‘သွေးမိစ္ဆာယာဇ်ပူဇော်ခြင်း’ နဲ့ ‘ပုံရိပ်ယောင်မိစ္ဆာယာဇ်ပူဇော်ခြင်း’ အမှန်ပါပဲ ၊ ခရီးထွက်ရင်း အမှတ်မထင် သိရှိခဲ့ရတာပါ ၊ ငယ်ငယ်ကတည်းက ဟိုစပ်စပ် ဒီစပ်စပ် လေ့လာရတာ သဘောကျတယ်လေ ၊ လူကြီးတွေ ဆူပူကြိမ်းမောင်းတာကိုလည်း ခဏခဏခံခဲ့ရလို့ ပြောရမှာတောင် ရှက်မိပါတယ်”
လင်ဟန့်ဟွာ ခေါင်းညိတ်လိုက်သည်။
သူက ကျူတောပင်လယ်ဒေသတစ်ခုလုံးအား ပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေသော ကောင်းကင်ဘုံအက်ကွဲကြောင်းကိစ္စကို ထပ်မပြောတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဆရာက ခန်းဖင်းတို့အုပ်စုကို ကျူတောပင်လယ်ဒေသမှာ ဆက်ပြီးနေထိုင်ခွင့်ပြုလိုက်တယ်”