← Chapters

ဇနီးသေဆုံးသွားတဲ့ အမတကူးပြောင်းခြင်းအဆင့်သိုင်းသူတော်စင်

Vol. 53 Ch. 747

ဇနီးသေဆုံးသွားတဲ့ အမတကူးပြောင်းခြင်းအဆင့်သိုင်းသူတော်စင်

Vol. 53 Ch. 747

အခန်း (၇၄၇) ဇနီးသေဆုံးသွားတဲ့ အမတကူးပြောင်းခြင်းအဆင့်သိုင်းသူတော်စင်

အရှေ့တောင်ထိပ်တန်းအရှင်သခင်က ခန်းဖင်းတို့အုပ်စုကို ကျူတောပင်လယ်ဒေသတွင် ဆက်လက်နေထိုင်ခွင့်ပြုခဲ့သည်။ အဓိပ္ပါယ်ကတော့ ‘ကောင်းကင်စွမ်းအားအစီအရင်’ တည်ဆောက်ခြင်းအား တိတ်တဆိတ်လျစ်လျူရှုလိုက်သည့် သဘောပင်။

အဆင့်အတန်း ပိုမိုမြင့်မားသော တန်ခိုးစွမ်းအားရှင်များကြားဆက်ဆံရေးတွင် အကျိုးအမြတ်ဖလှယ်မှု မည်သို့ရှိကြောင်း ရန်ကျောက်ကဲ မသိရှိနိုင်ပေ။ သူသိရှိရန်လိုအပ်သည်မှာ တာ့ရွှမ်တိုင်းပြည်က ကျူတောပင်လယ်ဒေသတွင် တည်တည်ငြိမ်ငြိမ် ရပ်တည်တော့မည်ဆိုသောအချက် ဖြစ်၏။

ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်အရေအတွက်နှင့် အလုံးစုံအင်အားတို့ကိုကြည့်မည်ဆိုလျှင် ကျူတောပင်လယ်ဒေသတစ်ခုလုံးတွင်  တာ့ရွှမ်တိုင်းပြည်က သံသယရှိစရာမလိုအောင် ပြိုင်ဘက်ကင်းသည်။ ပြင်ပဖိအားများ မရှိတော့ဘူးဆိုလျှင် သူတို့အနေဖြင့် ကျူတောပင်လယ်ဒေသ၏ ဘုရင်များအဖြစ် အမြင့်မြတ်ဆုံး စိုးစံနိုင်ကြပေမည်။

သို့သော် တာ့ရွှမ်တိုင်းပြည်အား ဆန့်ကျင်သူများဖြစ်သော ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းတို့နှစ်ခုလုံး ယိုးမင်ဂူဗိမာန်တွင် ဆုံးရှုံးမှုများရှိခဲ့သဖြင့် ရှေ့ဆက်ရမည့်နေ့ရက်က မှောင်မိုက်နေပေသည်။

မည်သို့ပင်ဖြစ်စေ လင်ဟန့်ဟွာ၏စကားများကြောင့် ရန်ကျောက်ကဲကတော့ ဖိအားများစွာမခံစားရပေ။

ယင်စန်းတောင်ဓားဘုရင်ကိုယ်တိုင် သီးသန့်တွေ့ဆုံ သတိပေးသည်ကို ကြည့်ခြင်းအားဖြင့် အရှေ့တောင်ထိပ်တန်းမျိုးနွယ်များက သူ့ကို အရေးစိုက်သည်မှာ ထင်ရှားသည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင်က ခန်းဖင်းတို့အုပ်စု ‘ကောင်းကင်စွမ်းအားအစီအရင်’ တည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး ခပ်မဆိတ်နေခြင်းဖြင့် သဘောတူညီခဲ့သဖြင့် ရန်ကျောက်ကဲအနေဖြင့် အတော်လေး အဆင်မပြေသည့်အနေအထားတွင်ရှိသည်။

ကျူတောပင်လယ်ဒေသမှ တာ့ရွှမ်မင်းဆက်ကို အောင်မြင်စွာနှင်မထုတ်နိုင်ခဲ့သည့်အပြင် တည်ငြိမ်စွာပင် ရပ်တည်နိုင်တော့မည် ဖြစ်လေရာ သူတို့ပြန်လည်ဦးမော့လာချိန်တွင် သေချာပေါက် ရန်ကြွေးများ ဖြေရှင်မည်ဖြစ်၏။

သူတို့က မြောက်ပင်လယ်ဓားခန်းမ ၊ ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်းနှင့် ကြေးနီကျွန်းတို့ကဲ့သို့ ပုန်ကန်သူများထက် ရန်ကျောက်ကဲကို ပိုမိုမုန်းတီးနေမည်မှာ အမှန်ပင်။

အစောပိုင်းတိုက်ပွဲများတွင် တာ့ရွှမ်တိုင်းပြည်က အသာစီးရနေခဲ့ပြီး ရန်ကျောက်ကဲလက်ချက်ကြောင့် အခြေအနေများဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရလေရာ သေချာပေါက် ရန်ငြိုးထားပေလိမ့်မည်။ ထို့ပြင် ‘ခန်း’ သခင်မတို့သားအမိ (၃)ယောက် ကောင်းကင်အက်ကွဲကြောင်းတွင် သူ့ကိုသတ်ရန်ကြိုးစားခဲ့သည့်ကိစ္စလည်း ရှိသေးသည်။

ထိုအချိန်က ကျင်းထင်တောင်မှ သတင်းရောက်လာခြင်း မရှိသေးပေ။ သို့သော် ဤဖြစ်ရပ်က ရန်ကျောက်ကဲကို ထိုးနှက်ရန် အကြောင်းပြချက်ပိုရှိသွားသည်။

ရန်ကျောက်ကဲအပြင် လင်ဟန့်ဟွာ ၊ ချန်ကျိလျန်နှင့် အခြားသူများသည်လည်း ထိုကဲ့သို့ ထင်ရှားသောသဘောတရားကို နားလည်ကြပေသည်။

“သူတို့လက်စားချေဖို့ ပစ်မှတ်ဖြစ်လာမယ့် ‘ရန်’ လူငယ်လေးအကြောင်း ဆရာက မေ့မထားခဲ့ပါဘူး”

လင်ဟန့်ဟွာက ရန်ကျောက်ကဲကိုကြည့်ရင်းဆိုသည်။

“သူတို့ဘက်က ကောင်းကင်စွမ်းအားအစီအရင်တည်ဆောက်ဖို့ အကြောင်းရှိတယ်ဆိုလို့ တိတ်တဆိတ်ခွင့်ပြုလိုက်ရပေမယ့် အခြေအနေကိုသိရှိပြီးမှ ချိန်ဆပြီး ဆုံးဖြတ်ချက်ချရတာနဲ့ ဘာမှမသိဘဲ ဒီအတိုင်းလှည့်စားခံနေရတာက မတူတဲ့အချက်တွေပဲလေ”

ထို့ပြင် ရန်ကျောက်ကဲက တောင်ပိုင်းထိပ်တန်းအရှင်သခင်၏တပည့် ဝမ်ဟွေ့ကိုဖမ်းဆီးရာတွင်လည်း ကူညီ‌ပေးခဲ့သေးသည်။

လင်ဟန့်ဟွာက...

“မိတ်ဆွေလေး’ရန်’ က ကျူတောပင်လယ်ဒေသမှာပဲနေချင်လား တခြားနေရာကိုသွားချင်လား”

ရန်ကျောက်ကဲက ပြုံးရင်း...

“ကျွန်တော်တော့ ဓားဘုရင်ကိုအချိန်တစ်ခုအထိ ဒုက္ခပေးရဦးမယ်ထင်တယ်”

လင်ဟန့်ဟွာက ခေါင်းညိတ်ရင်း...

“ပြဿနာမရှိပါဘူး”

ကျူတောပင်လယ်ဒေသအခြေအနေသည် အနာဂတ်တွင် သိသိသာသာ ပြောင်းလဲသွားမည်ဖြစ်ပြီး ရန်ကျောက်ကဲအနေဖြင့် နောက်ဆုံးပြောင်းလဲသွားသော အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ဂရုတစိုက် အစီအစဉ်ဆွဲရန် လိုအပ်သည်။

ကွမ်းမင်ဂိုဏ်းပိုင်နက်နယ်မြေထဲတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့သွားရောက်သည့် ကောင်းကင်အက်ကွဲကြောင်း ရှိနေသေးသည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင်က ရန်ကျောက်ကဲက အကူအညီပေးခဲ့သည်ကို မမေ့လျော့သလို ပစ်လည်းမထားလေရာ သူ့အနေဖြင့် ကျူတောပင်လယ်ဒေသတွင်နေထိုင်သည်က ပိုပြီးအန္တရယ်ကင်းနိုင်သည်။ အထူးသဖြင့် သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ အမတကူးပြောင်းခြင်းအလယ်ဆင့်ရှိသော လင်ဟန့်ဟွာကိုယ်တိုင် ဤဒေသတွင်နေထိုင်သည် မဟုတ်ပါလား။

စကားအနည်းငယ်ပြောဆိုပြီးနောက် လင်ဟန့်ဟွာက ရန်ကျောက်ကဲဘက်မှ ရပ်တည်ကြောင်း ထုတ်ဖော်ပြသခဲ့သည့်တိုင် ရန်ကျောက်ကဲသည်လည်း တာ့ရွှမ်တိုင်းပြည်ကို ဆက်လက်မနှောက်ယှက်ရန် အရိပ်အမြွက်ပြောဆိုခဲ့သည်။

ရန်ကျောက်ကဲ စဉ်းစားနေစဉ် အစေခံတစ်ယောက်ရောက်လာပြီး သတင်းပို့လေသည်။

အစေခံက အသံပို့လွှတ်စနစ်ဖြင့် သတင်းပို့လိုက်သော်လည်း လင်ဟန့်ဟွာက ရန်ကျောက်ကဲကို ဖုံးကွယ်မထားခဲ့ပေ။

သတင်းကိုနားထောင်ပြီးနောက် လင်ဟန့်ဟွာက ခဏမျှစဉ်းစားရင်း ရန်ကျောက်ကဲရှေ့မှာပင် ပြောလိုက်သည်။

“သူ့ကိုဝင်လာခိုင်းလိုက်ပါ...”

အမိန့်ရသည်နှင့် အစေခံကထွက်ခွာသွားပြီး မကြာမီ လူတစ်ယောက် အခန်းထဲသို့ ဝင်ရောက်လာသည်။

အခြားသူမဟုတ် ၊ ‘ခန်းဖင်း’ ပင် ဖြစ်၏။

ရန်ကျောက်ကဲကိုတွေ့တော့ ခန်းဖင်းမျက်ဝန်းများ အေးစက်သွားသည်။

လင်ဟန့်ဟွာက...

“ဆရာခန်း ဘာကိစ္စများရှိလို့ ရောက်လာရတာလဲ”

ရန်ကျောက်ကဲက ဘေးနားတွင်တိတ်ဆိတ်စွာပင်ရပ်နေစဉ် လင်ဟန့်ဟွာက ခန်းဖင်းကိုတွေ့ဆုံခြင်းဖြစ်သည်။ ထိုအကြောင်းကြောင့် ရန်ကျောက်ကဲက သူ့ကိုဘေးဖယ်ထားသည်အထင်ဖြင့် ရှက်ရွံ့သွားခြင်း မရှိပေ။ လင်ဟန့်ဟွာက သူ၏အဆင့်အတန်းကို ခန်းဖင်းသိအောင်ပြသပြီး ရန်ကျောက်ကဲကို တာ့ရွှမ်တိုင်းပြည်အန္တရယ်မှ ကာကွယ်ပေးနေသည် မဟုတ်လား။

လင်ဟန့်ဟွာ၏ရည်ရွယ်ချက်ကို ခန်းဖင်းကလည်း ချက်ချင်းနားလည်လိုက်သည်။

သူက ခဏမျှတိတ်ဆိတ်နေပြီးမှ ဖြည်းညင်းသောလေသံဖြင့်...

“ဇနီးတစ်ယောက်လုံးဆုံးသွားတာကို ဒီ’ခန်း’ က ခင်ပွန်းတစ်ယောက်အနေနဲ့ ဒီအတိုင်းကြည့်မနေနိုင်ပါဘူး”

သူ့ဇနီး....

အမှန်တကယ်ပင် ‘ခန်း’ သခင်မ သေဆုံးသွားခဲ့သည်ပဲ။

ရန်ကျောက်ကဲက သိပ်တော့အံ့အားသင့်ခြင်းမရှိပေ။ အေးဆေးတည်ငြိမ်စွာပင် ရှိနေသည်။

‌ကောင်းကင်အက်ကွဲကြောင်းမှ ထွက်ခွာလာစဉ် အချိန်ရေစီးကြောင်းဓားအလင်းတန်းက ပုံမှန်မဟုတ်ဘဲ လင်းလက်တောက်ပနေကတည်းက ထိုသို့ပင်ဖြစ်နိုင်သည်ဟု ရန်ကျောက်ကဲ အကြမ်းဖျင်း ခန့်မှန်းခဲ့မိ၏။

ဟုတ်ပေ၏။ လော့ကျီးထောင်တို့အုပ်စု ဗလာနယ်အက်ကွဲကြောင်းမှ အရင်ဆုံးထွက်ခွာလာနိုင်ခဲ့ကတည်းက ‘ခန်း’ သခင်မ လွတ်မြောက်လိမ့်မည်ဟု ရန်ကျောက်ကဲ မျှော်လင့်မထားခဲ့ပေ။

လင်ဟန့်ဟွာမျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ခန်းဖင်းမျက်နှာက ခံစားချက်ကင်းမဲ့နေချိန် တိတ်ဆိတ်နေသော ရန်ကျောက်ကဲက ဝင်မေးလိုက်သည်။

“မင်းရဲ့သားတွေရော ... ဘယ်လိုနေလဲ”

“သူတို့ဘာမှမဖြစ်ဘူး”

ခန်းဖင်းက တည်ငြိမ်စွာပင်ဆိုသည်။ သူ့မျက်ဝန်းများကတော့ ရန်ကျောက်ကဲကို မျက်တောင်မခတ် စူးစိုက်ကြည့်နေ၏။

အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်၏ ကြောက်မက်ဖွယ်ရာဖိအားက ဆူနာမီလှိုင်းလုံးကြီးပမာ ရန်ကျောက်ကဲထံသို့ ဝင်ရောက်လာပြီး အသက်ရှူကျပ်မတတ် ဖြစ်သွားရသည်။

သို့သော် ထိုစွမ်းအားလှိုင်းလုံးကြီးများ ချက်ချင်းပျောက်ကွယ်သွားပြီး အချိန်ရေစီးကြောင်းဓားဝိညာဉ် ထွက်ပေါ်လာသည်။

လင်ဟန့်ဟွာက ချက်ချင်းပင် ရန်ကျောက်ကဲရှေ့သို့ရောက်လာပြီး သိမ်မွေ့စွာဖြင့်...

“ထပ်တူစိတ်မကောင်းဖြစ်ရပါတယ် ဆရာခန်း...”

ခန်းဖင်း၏ စွမ်းအားရောင်ဝါက ထပ်မံကျယ်ပြန့်လာခြင်းမရှိဘဲ အကြောက်အရွံ့မဲ့စွာ လင်ဟန့်ဟွာ၏မျက်လုံးများကို ရင်ဆိုင်လိုက်သည်။

“ငါ ဇနီး သေ ပြီ...”

ခန်းဖင်းက တစ်လုံးချင်းဆိုသည်။

“ဒီအတွက် ပြန်ပေးဆပ်ရမယ်”

“ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်က ဒီကိစ္စမှာ တာဝန်အရှိဆုံးပဲ”

“မြောက်ပင်လယ်ဓားခန်းမက ကုဟုန်က ကောင်းကင်အက်ကွဲကြောင်းအပြင်ဘက်မှာ ဆရာဦးလေး’ဟယ်’ နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ငါ့ဇနီးကို အကူအညီပေးဖို့ နှောင့်နှေးခဲ့ရတယ်”

“ပြီးတော့...”

ခန်းဖင်းက လင်ဟန့်ဟွာ အနောက်ဘက်သို့ လက်ညှိုးထိုးလိုက်ရင်း...

“ပြီးတော့... မင်းနောက်က ‘ရန်‌ကျောက်ကဲ’ ၊ သဲလွန်စပြန်လိုက်မယ်ဆိုရင် အခြေအနေတွေအားလုံး ဒီလိုဖြစ်လာအောင် ဒီကောင်စုတ်လေးဖန်တီးခဲ့တာပဲ”

ရန်ကျောက်ကဲ လင်ဟန့်ဟွာနောက်မှ ထွက်လာပြီး တည်ငြိမ်စွာဖြင့်...

“အဲဒီတုန်းက အခြေအနေအရဆိုရင်... ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်ထက် ခြေတစ်လှမ်းနောက်ကျတာနဲ့ သူတို့ (၃)ယောက်လုံး သေကြရမှာ”

သူကဆက်ပြောသည်။

“အင်း... မိခင်မေတ္တာက တကယ့်ကိုကြီးမားတာပဲ ၊ ရန်သူဖြစ်ပေမယ့် ဒီ ‘ရန်’ က ခန်းသခင်မကို တကယ်လေးစားပါတယ် ၊ သူက တကယ့်ကို အံ့သြစရာအလုပ်ကို ပြုလုပ်နိုင်ခဲ့တယ်”

"ဒါပေမယ့် ‘ခန်း’ သခင်မနဲ့ မင်းရဲ့သားတွေက ဒီ ‘ရန်’ ကို သတ်ချင်နေတာ ၊ ဒီ ‘ရန်’ ကလည်း အသတ်ခံရဖို့ ထိုင်စောင့်ရတာမျိုး စိတ်မဝင်စားဘူး”

ရန်ကျောက်ကဲက...

“သူများကိုသတ်ချင်ရင် ကိုယ်လည်းသေရမှာပဲ ၊ ဒါက လူတိုင်းအတွက်နိယာမပဲ”

ခန်းဖင်းက ဖြည်းညင်းစွာဖြင့်...

“အေး ... အဲဒီနိယာမက မင်းအတွက်လည်းအတူတူပဲ”

ရန်ကျောက်ကဲက ရယ်မောရင်း...

“လူတိုင်းအတွက်လို့ ပြောပြီးသားပဲဗျာ...”

သူ့ခန္ဓာကိုယ်က အသင့်အနေအထားရှိနေပြီး သူ၏စိတ်အစဉ်ကကြည်လင်ငြိမ်သက်နေရာ အတွေးများက လျှင်မြန်စွာလည်ပတ်နေပြီး စိတ်အာရုံတစ်ခုလုံး နိုးကြားလျှက် ရှိသည်။

သူ့အရှေ့တွင်ရှိနေသူက အမတကူးပြောင်းခြင်းအဆင့် သိုင်းဆရာသခင်ဖြစ်ပြီး ဇနီးဖြစ်သူသေဆုံးရခြင်းအတွက် ဒေါသပေါက်ကွဲကာ လက်စားချေချင်နေသူ ဖြစ်၏။ ထိုသူက သိုင်းသူတော်စင် သတ္တမအဆင့်မှာပင် ထိပ်တန်းအဆင့်ရှိကြသော ကုဟုန် ၊ ဟယ်တုန်းချန်နှင့် ကုကျန်းတို့ထက် တန်ခိုးစွမ်းအား မြင့်မားသူ ဖြစ်သည်။

သူနှင့်အတူ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “တိမ်လွှာအလင်းဓား” လည်း ယူဆောင်လာသည်။

သူ့ဒေါသပေါက်ကွဲထွက်သွားသည်နှင့် မိုးမြေတစ်ခုလုံး အက်ကွဲပြိုကျမတတ် လွှမ်းမိုးနိုင်စွမ်း မြင့်မားသူ ဖြစ်၏။

လင်ဟန့်ဟွာ ၊ ချန်ကျိလျန်နှင့် အခြားသူများက ရန်ကျောက်ကဲကိုကာကွယ်ပေးသည်ဆိုသော်လည်း သူက ကျင်းထင်တောင်မှ တပည့်တစ်ယောက် မဟုတ်ပေ။ ခန်းဖင်းက သေဆုံးသွားသော ဇနီးဖြစ်သူအတွက် အတိအကျ လက်စားခြေချင်နေပြီး သေခြင်းရှင်ခြင်း ရန်ငြိုးဖွဲ့မှုတစ်ခုကိုဆုပ်ကိုင်ထားပြီ ဖြစ်သည်။

ရန်ကျောက်ကဲက လျောင်ကျန်းကို သတ်ဖြတ်ပြီး ကောင်းကင်ပွဲတော်အမွှေးနံ့သာ ၊ ကမ္ဘာသမုဒ္ဒရာသလင်းကျောက်များနှင့် အခြားပစ္စည်းများယူဆောင်သွားခြင်းထက် ယခု တစ်ခေါက်ရန်ငြိုးက ပိုမိုနက်ရှိုင်းသည်။

ထိုသို့သော အခြေအနေမျိုးတွင် လင်ဟန့်ဟွာနှင့် အခြားသူများက သူ့ကို အကူအညီတစ်စုံတစ်ရာမပေးနိုင်လျှင် ရန်ကျောက်ကဲက နားလည်ပေးမည် ဖြစ်၏။

သို့တိုင် ရန်ကျောက်ကဲက နောင်တရခြင်း မရှိပေ။

စောစောက သူပြောခဲ့သလိုပင် သေမှာကိုထိုင်စောင့်နေဖို့ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပေ။

‘ဒါကြေင့် မင်းမှာ ကြောက်စရာကောင်းတဲ့ ခင်ပွန်းတစ်ယောက်ရှိရုံ ၊ ကြောက်စရာကောင်းတဲ့ အဖေတစ်ယောက်ရှိရုံနဲ့ ... ငါက လည်စင်းအသတ်ခံရမတဲ့လား’

‘ဆုတောင်းလေ ဆုတောင်း’

ယခု သူ့ကိုသတ်ဖြတ်ချင်နေသည့် ကြောက်မက်ဖွယ်ရာ ခန်းဖင်းသည်လည်း အလားတူပင် ဖြစ်သည်။

ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို လှည့်ပတ်လိုက်ပြီး သူ့စိတ်ထဲတွင် အသက်ရှင်သန်ရန် အခွင့်အရေးရရှိစေမည့် တိုက်ပွဲအစီအစဉ်များစွာကို ဖြန့်ကျက်လိုက်သည်။

ထိုခဏတွင် သူက အလွန်တရာ တည်ငြိမ်နေသည်။

ဘဝအသစ် ကူးပြောင်းလာခဲ့ပြီးနောက် အသက်ရှင်သန်ခွင့်ရကတည်းက ဖြေရှင်းနိုင်သည်များကို ဖြေရှင်းရမည် ၊ ဖြေရှင်းမရသည်များကို အမှားကင်းအောင်လုပ်ရမည်ဟု နားလည်ခဲ့ပြီးသားဖြစ်သည် မဟုတ်ပါလား။

All Chapters