← Chapters

ရင်ဆိုင်တိုက်ပွဲ

Vol. 53 Ch. 748

ရင်ဆိုင်တိုက်ပွဲ

Vol. 53 Ch. 748

အခန်း (၇၄၈) ရင်ဆိုင်တိုက်ပွဲ

လင်ဟန့်ဟွာက ခန်းဖင်းကို မကျေမနပ်ကြည့်လိုက်ပြီး ထက်ရှသည့် ဓားဝိညာဉ်တစ်ခု ထုတ်ဖော်လိုက်သည်။ ထိုဓားဝိညာဉ်က ခန်းဖင်း၏ အချိန်ရေစီးကြောင်းဓားထက်ပင် ပိုမိုပြင်းထန်၏။

“ဆရာခန်း...  မင်းရဲ့  ဇနီးဆုံးရှုံးသွားလို့ အမုန်းတရားတွေနဲ့ပြည့်နေတာ ငါသိပါတယ် ၊ ဒါပေမဲ့ ငါတို့ ကျင်းထင်တောင်ရဲ့ ဧည့်သည်ကို ငါ့ရှေ့မှာသတ်မှာကိုတော့ ဒီ ‘လင်’ က ထိုင်ကြည့်မနေနိုင်ဘူး”

လင်ဟန့်ဟွာက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး ရန်ကျောက်ကဲကို နောက်ဆုတ်နေရန် အချက်ပြလိုက်သည်။

သူက ခန်းဖင်းကို စူးစိုက်ကြည့်ရင်း...

“ဆရာက မင်းတို့ကို ကျူတောပင်လယ်ဒေသမှာ နေခွင့်ပြုလိုက်တာမှန်တယ် ၊ ဒါပေမဲ့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာ ကျင်းထင်တောင်ကို အရေးမစိုက်ဘဲ မင်းတို့လုပ်ချင်တိုင်းလုပ်လို့တော့ မရဘူး”

ခန်းဖင်းက အေးစက်စွာဖြင့်...

“ယင်စန်းတောင်ကဓားဘုရင်က ဘောင်ကျော်တာပဲ ၊ ဒီ ‘ခန်း’ က အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့ ကျင်းထင်တောင်ကို မလေးမစားလုပ်တာ မဟုတ်ဘူး ၊ ဒါပေမဲ့ ငါ့ဇနီးသေဆုံးရတဲ့အတွက် လက်စားချေရမယ် ၊ ဒီကိစ္စပြီးသွားရင် ခန်းဖင်းကိုယ်တိုင် ကျင်းထင်တောင်ကိုသွားပြီး အပြစ်အတွက် တောင်းပန်ပါ့မယ် ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင် ဘယ်လိုအပြစ်ဒဏ်ပေးပါစေ မေးခွန်းမထုတ်ဘဲ ခံယူပါ့မယ်”

“ယင်စန်းတောင်ဓားဘုရင်က ငါ့ကို အရာအားလုံးကို မျိုချပြီး တိတ်တိတ်လေးသည်းခံစေချင်တာဆိုရင်တော့ များလွန်းသွားပြီ”

လင်ဟန့်ဟွာမျက်ဝန်းများ အေးစက်လာသည်ကို တွေ့မြင်သော်လည်း ခန်းဖင်းကတော့ တည်ငြိမ်စွာပင် ရှိနေသည်။

“ငါ့ဇနီးက ငါ့ရဲ့ဂိုဏ်းတူညီမလေးလည်း ဖြစ်တယ် ၊ ငါတို့အဆက်အနွယ်က တပည့်နှစ်ယောက် ဒီရန်ကျောက်ကဲလက်ချက်ကြောင့် သေဆုံးခဲ့ကြရတယ် ၊ ပြီးတော့ ဒီ ‘ရန်’ မျိုးနွယ် ကောင်စုတ်လေးက ကျင်းထင်တောင်ကတပည့်မှမဟုတ်တာ ၊ ကျင်းထင်တောင်က ငါ လက်စားချေမှာကို ဘာလို့တားဆီးရတာလဲ”

လင်ဟန့်ဟွာက သူ့ကိုအေးစက်စွာကြည့်ရင်း...

“မင်းလို သိုင်းသူတော်စင် သတ္တမအဆင့်ရှိတဲ့လူက သိုင်းသူတော်စင် ပထမအဆင့်ရှိတဲ့လူတစ်ယောက်ကို တိုက်ခိုက်မလို့လား ၊ မင်း ဘယ်လိုမျက်နှာနဲ့စကားပြောနေတာလဲ”

သူက ဆက်ပြောသည်။

“မင်းတို့ကြားမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးရန်စတွေကို သိပါတယ် ၊ ငါတို့ ကျင်းထင်တောင်က အဲဒါကို လုံးဝ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး ၊ ငါ သတင်းကြားတာတော့... မင်းရဲ့သားနှစ်ယောက်က သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူတွေ မဟုတ်လား ၊ ဘာလို့ သူတို့က သူတို့အမေအတွက် လက်စားချေဖို့ရောက်မလာဘဲ ဘာလို့ မင်းက ရောက်လာရတာလဲ ၊ မင်းရဲ့သားတွေက မိတ်ဆွေလေး’ရန်’ ထက် အသက်လည်းပိုကြီးသလို ကျင့်ကြံခြင်းအဆင့်လည်း မြင့်မားတာပဲ မဟုတ်လား”

လင်ဟန့်ဟွာက ရယ်မောလိုက်ရင်း...

“သူတို့တွေကို မျိုးဆက်တစ်ဆက်တည်း ကျင့်ကြံသူတွေလို့ ယူဆလိုက်မယ်ဆိုရင်... ဘာလို့ မျိုးဆက်တူတဲ့သူအချင်းချင်းက အမေဖြစ်သူအတွက် လက်စားချေဖို့မလာရတာလဲ”

ကျင့်ကြံခြင်းအဆင့် တူညီသူများတွင် ရန်ကျောက်ကဲက တန်ခိုးစွမ်းအား ပိုမိုမြင့်မားကြောင်းကို ကျူတောပင်လယ်ဒေသတစ်ခုလုံး အသိအမှတ်ပြုထားကြပြီ ဖြစ်၏။

လင်ဟန့်ဟွာရော ခန်းဖင်းပါ ထိုအချက်ကို သိရှိကြသည်။

ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်တို့က သိုင်းသူတော်စင် တတိယအဆင့် ဖြစ်ကြသော်လည်း ရန်ကျောက်ကဲနှင့်ရင်ဆိုင်ရလျှင် သူ့သားနှစ်‌ယောက်အနိုင်ရမည်ဟု ခန်းဖင်း ယုံကြည်မှု မရှိပေ။

ခန်းကျင်းယွမ်နှင့် ရန်ကျောက်ကဲ တစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်းခဲ့ဖူးသည်ဖြစ်ရာ ပြောနေစရာပင် မလိုတော့ပေ။

ခန်းမောက်ရှန်းကတော့ ခန်းဖင်းကို အမြဲတမ်း ဂုဏ်ယူစေသူ ဖြစ်သည်။ သူက ကျင့်ကြံခြင်းအဆင့်တူသူများအလယ်မှာပင် ထူးခြားသာလွန်သူတစ်ယောက်လည်း ဖြစ်၏။

သို့သော် ရန်ကျောက်ကဲနှင့် ယှဉ်မည်ဆိုလျှင်တော့ သိသိသာသာ မှေးမှိန်သွားပေလိမ့်မည်။

ဤသို့ဖြစ်ရသည်က ခန်းမောက်ရှန်း မတော်သောကြောင့် မဟုတ်ပေ။ ရန်ကျောက်ကဲက အလွန်တရာ စွမ်းအားမြင့်မားနေသောကြောင့် ဖြစ်သည်။

ယခု လင်ဟန့်ဟွာက ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်တို့ကို ရန်ကျောက်ကဲနှင့် ရင်ဆိုင်စေလိုကြောင်း ပြောလာသည်။ ဤသည်က လင်ဟန့်ဟွာစိတ်ထဲမှ ရန်ကျောက်ကဲအပေါ် ဘက်လိုက်လိုမှုမှာ သံသယမရှိ ထင်ရှားလှသည်။

သို့သော် ခန်းဖင်းကဲ့သို့လူတစ်ယောက်က ရန်ကျောက်ကဲကို တိုက်ခိုက်မည်ဆိုလျှင် ကြီးမားသောအနိုင်ကျင့်မှုတစ်ခုဖြစ်လေရာ သူ့အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် လုံလောက်သည်။

ရန်ကျောက်ကဲက ကျင်းထင်တောင်နှင့် အလွန်ကောင်းမွန်သောဆက်ဆံရေးရှိသဖြင့် ကျင်းထင်တောင်ကို အကူအညီတောင်းပါက သေချာပေါက် ကူညီမည်အမှန်ပင်။ သို့သော် သူစိုးရိမ်သည်မှာ တာ့ရွှမ်တိုင်းပြည်နောက်ကွယ်တွင်ရှိနေသောပုဂ္ဂိုလ် ဖြစ်၏။

ခန်းဖင်း၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

“ဒါက ကျင်းထင်တောင်ရဲ့ သဘောထားလား ၊ မင်းရဲ့ ကိုယ်ပိုင်သဘေားထားလား ...ယင်စန်းတောင်ဓားဘုရင်”

လင်ဟန့်ဟွာက မျက်ခုံးတစ်ချက်ပင့်ရင်း...

“ငါ့ကိုယ်ပိုင်သဘောထားဆိုတော့ရော မင်းကဘာလုပ်ချင်လဲ”

ခန်းဖင်းက...

“ယင်းစန်းတောင်ဓားဘုရင်... မင်းရဲ့ ကျင့်ကြံခြင်းက ကြောက်စရာကောင်းလွန်းတယ် ၊ ဒီ ‘ခန်း’ က မင်းနဲ့မယှဉ်နိုင်မှာ စိုးရွံ့မိပါတယ် ၊ ဒါပေမဲ့ ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရတော့မယ်ဆိုရင်လည်း ဒီ’ခန်း’ အသက်သေရုံအပြင် ဆုံးရှုံးစရာ မရှိပါဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ငါသေတာအပြင်... အရှေ့တောင်ထိပ်တန်းအရှင်သခင်ရဲ့ သြဇာလွှမ်းမိုးမှုကို ထည့်မတွက်တော့ဘူးလား ၊ ဒီကိစ္စအတွက်နဲ့ ငါတို့နှစ်ယောက် ဆက်ဆံရေးပျက်ပြားရတာ တန်လို့လား”

လင်ဟန့်ဟွာ ရယ်မောလိုက်သည်။ သို့သော် သူ့မျက်ဝန်းများကတော့ အန္တရယ်အငွေ့အသက်များ မြင့်တက်လာ၏။

“မင်းက ဘယ်သူ့ကို ခြိမ်းခြောက်နေတာလဲ”

ခန်းဖင်းက ခေါင်းခါယမ်းရင်း...

“ကျင်းထင်တောင်အဆက်အနွယ်တွေက ဓားသိုင်းကျင့်ကြံသူတွေများပါတယ် ၊ စွမ်းအားပြင်းထန်ပြီး တိုက်ခိုက်နိုင်စွမ်း မြင့်မားတယ် ၊ အဲဒီလူတွေထဲမှာမှ ယင်စန်းတောင်ဓားဘုရင်က အတော်ဆုံးသူတစ်ယောက်ပါ ၊ ငါက ဘယ်လိုလုပ် မင်းကို ခြိမ်းခြောက်ရဲပါ့မလဲ ၊ ကိစ္စတစ်ခု ရှင်းလင်းအောင် မေးချင်ရုံတင်ပါ”

သူက ရန်ကျောက်ကဲကို လက်ညှိုးထိုးရင်း...

“ငါ ဒီကောင်လေးကို သတ်မယ် ၊ ဘယ်လိုနည်းလမ်းအသုံးပြုရပါစေ ၊ ဘယ်လောက်ပေးစပ်ရပါစေ ဒီ ‘ခန်း’ သူ့အသက်ကို ယူမယ်”

လင်ဟန့်ဟွာ မျက်မှောင်တစ်ချက်ကြုံ့လိုက်ပြီး မည်သည့်စကားမှ မဆိုပေ။

သူက ခန်းဖင်းကို ကြောက်ရွံ့ခြင်းမရှိသော်လည်း တကယ်တမ်း ခန်းဖင်း သေဆုံးသွားမည်ဆိုလျှင် နောက်ဆက်တွဲပြဿနာများ ရှိလာနိုင်သည်။

ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့်သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော လျောင်ကျန်းသေဆုံးသွားခြင်က နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင် ‘ခန်း’ သခင်မ သေဆုံးသွားခြင်းနှင့် နှိုင်းယှဉ်မရပေ။

‘ခန်း’ သခင်မက ခန်းဖင်း၏ဇနီးဖြစ်သဖြင့် သူတို့နှစ်ယောက်ဆက်ဆံရေးက ပိုမိုလေးနက်သည်။

ထို့ပြင် ခန်းဖင်းက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက် ဖြစ်၏။ အမတကူးပြောင်းခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက် သေဆုံးခြင်းက မတူညီသောအဓိပ္ပါယ်တစ်ခု ထပ်မံဖြစ်ပေါ်စေပေလိမ့်မည်။

ခန်းဖင်းက ကျူတောပင်လယ်ဒေသ ၊ တာ့ရွှမ်တိုင်းပြည်တွင် စွမ်းအားအမြင့်မားဆုံး ဖြစ်သည်။ ‘ကောင်ကင်စွမ်းအားအစီအရင်’ ပြုလုပ်ခြင်းက သူနှင့် ဧကရာဇ်ရွှမ်မုအပေါ်တွင် အများဆုံးမူတည်သည်။

ထိုသူက ယခုတော့ ရန်ကျောက်ကဲကိုသတ်ဖြတ်ရန်အတွက် အသက်သေသည်အထိ တိုက်ခိုက်မည်ဟု ခေါင်းမာမာဖြင့် တင်းခံနေခဲ့၏။ အကယ်၍ လင်ဟန့်ဟွာက ခန်းဖင်းကိုသတ်ဖြတ်မည်ဆိုလျှင် သူ့နောက်ကွယ်မှပုဂ္ဂိုလ်က အကြီးအကျယ် ဒေါသထွက်ပေမည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင်က ခန်းဖင်းတို့အုပ်စုကို ကျူတောပင်လယ်ဒေသတွင် နေခွင့်ပေးခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ခန်းဖင်းတို့၏နောက်ကွယ်မှပုဂ္ဂိုလ်နှင့် ညှိနှိုင်းပြီးပြီဟု ယူဆရသည်။

ထိုသို့သောအခြေအနေတွင် လင်ဟန့်ဟွာက ခန်းဖင်းကို သတ်ဖြတ်လိုက်ပါက ယုံကြည်မှုဖောက်ဖျက်သည်ဟု မလွဲမသွေ သံသယဝင်ခံရပေမည်။

လင်ဟန့်ဟွာက ရဲရင့်ပြီး အကြောက်အရွံ့မရှိသော်ငြား သူ၏ဆရာက မည်သို့တွေးမည်ကို မသိနိုင်ပေ။

ထိုအချိန် ခန်းဖင်းက ရန်ကျောက်ကဲကို အေးစက်စွာကြည့်ရင်း...

“မင်းက စကားကြီးစကားကျယ်တွေပြောနေပြီး တခြားသူနောက်မှာ ပုန်းကွယ်နေတာလား”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ငါ့ကိုအဲဒီလိုလာမပြောနဲ့ ၊ ဒေါသထွက်အောင် စွ‌ပေးတာက ငါ့အတွက် အသုံးမဝင်ဘူး ၊ ဒါပေမဲ့ စောစောကစကားတွေက စိတ်ရင်းနဲ့ပြောတဲ့စကားတွေပဲ ၊ ဝန်မခံရဲစရာ ဘာမှမရှိပါဘူး”

ထို့နောက် သူက လင်ဟန့်ဟွာကို ခေါင်းညိတ်ပြလိုက်ရင်း ရိုးရှင်းစွာပင် ဆိုလိုက်သည်။

“ဓားဘုရင်ရဲ့ ဂရုစိုက်ပေးမှုအတွက် ဒီ ‘ရန်’ က အဆုံးမရှိ ကျေးဇူးတင်မိပါတယ် ၊ တကယ်လို့ ကျူတောပင်လယ်ဒေသအပြင်ဘက် ရောက်ခဲ့မယ်ဆိုရင် အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို ကျေးဇူးတင်စကားဆိုဖို့ သေချာပေါက် ကျင်းထင်တောင်ကို လာခဲ့ပါ့မယ် ၊ ပြီးတော့ အကြီးအကဲ’ကျန့်မင်’ နဲ့ အကြီးအကဲ’ချန်ကျိလျန်’ တို့ကိုလည်း ကျေးဇူးတင်စကားဆိုချင်ပါသေးတယ်”

သူက ဆက်ပြောသည်။

“ဧည့်သည်ဆိုတာ အိမ်ရှင်နဲ့ အဆင်ပြေအောင် နေရပါတယ် ၊ အိမ်ရှင်အခက်တွေ့အောင် မလုပ်သင့်ဘူးမဟုတ်လား”

ရန်ကျောက်ကဲက သူ့ထံမှအကူအညီရယူရန် စကားချိုချိုများနှင့် ဟန်ဆောင်နေခြင်းမဟုတ်ဘဲ အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း လင်ဟန့်ဟွာ ရိပ်မိလိုက်သည်။

သူက လူငယ်ကိုအလွန်လေးစားသွားမိသလို ပဟေဠိလည်း ဖြစ်သွားသည်။

ခန်းဖင်းက ရန်ကျောက်ကဲကိုကြည့်ရင်း ခေါင်းညိတ်လိုက်၏။

“ကောင်းတယ်... သိပ်ကောင်းတယ်”

ထို့နောက်သူက တစ်ချက်ပင်မတုံ့ဆိုင်းဘဲ လက်နှစ်ဖက်ဝှေ့ယမ်းလျှက် ရန်ကျောက်ကဲရှိရာသို့ ဓားဝိညာဉ်အလင်းတန်းဖြင့် ထိုးစိုက်ချလိုက်သည်။

သူ၏လှုပ်ရှားမှုက နှေးကွေးပုံရသော်လည်း တကယ်တမ်း အလွန်လျှင်မြန်သည်။ လင်ဟန့်ဟွာ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် မျက်လုံးထဲတွင် ရိပ်ကနဲသာ မြင်လိုက်ရသည်။

သာမန်အခြေအနေဆိုလျှင် ထိုမျှ လျှင်မြန်ပြင်းထန်သော ဓားသိုင်းအရှိန်အဟုန်အား ရန်ကျောက်ကဲအနေဖြင့် တုံ့ပြန်ချိန်ပင်ရရှိမည်မဟုတ်ဘဲ ဓားဖြင့်ထိုးစိုက်ခံရကာ သေလို့သေမှန်းပင် သိရှိလိုက်မည် မဟုတ်ပေ။

သို့သော် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်က ရိပ်ခနဲလှုပ်ရှားသွားပြီး လူရိပ်တစ်ခုထွက်ပေါ်လာသည်။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား လျှင်မြန်စွာပေါ်လာခြင်းပင်။

ရန်ကျောက်ကဲက ခန်းဖင်း၏တိုက်ခိုက်မှုအတွက် အချိန်တိုင်းသတိရှိနေပြီး အမြဲတမ်း ပြင်ဆင်ထားခဲ့သည်။

သူက ကြောက်ရွံ့တတ်သူမဟုတ်သော်လည်း မိုက်ရူးရဲဆန်သူတစ်ယောက် မဟုတ်ပေ။ သူနှင့် ခန်းဖင်းကြားမှ တန်ခိုးစွမ်းအားကွာဟချက်ကို အလွန်ရှင်းလင်းစွာ နားလည်ထားသည်။

ကြိုတင်လှုပ်ရှားခြင်းမရှိဘဲ ခန်းဖင်းတိုက်ခိုက်တော့မှ တုံ့ပြန်မည်ဆိုလျှင် ရန်ကျောက်ကဲအတွက် ချိန်နှောင်းသွားပေမည်။ ရန်သူက ကျင့်ကြံခြင်းအဆင့် မြင့်မားသည့်အပြင် အချိန်ရေစီးကြောင်းဓားသိုင်းကဲ့သို့ ထိပ်တန်းသိုင်းပညာကို ကျင့်ကြံထားသူ ဖြစ်၏။

ခန်းဖင်း၏ ဓားချက်မြန်နှုန်းက သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော လင်ဟန့်ဟွာနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက ပြင်ဆင်မှုများစွာကို လျှို့ဝှက်ပြုလုပ်ထားခဲ့သည်။ ထို့ကြောင့် တကယ်တမ်းတိုက်ခိုက်သည့်အခါ သူက ခန်းဖင်းထက် ခြေလှမ်းတစ်ဝက်ခန့်စောပြီး လှုပ်ရှားနိုင်ခဲ့သည်။

စကားပြောပြီးသည်နှင့် ရန်ကျောက်ကဲက ကြိုတင်ပြင်ဆင်ထားသည့် လျှို့ဝှက်ချက်များများကို တိုက်ရိုက်ပင် ထုတ်ဖော်အသက်သွင်းလိုက်၏။

ခမ်းနားကြီးကျယ်သော နေမင်းကြီးတစ်စင်း ကောင်းကင်ထက်ပျံသန်းထွက်ပေါ်လာပြီး ရက်စက်ကြမ်းတမ်းပြီး လေးနက်မြင့်မားသော တာအိုသဘောတရားအယူအဆများ ထွက်ပေါ်လာသည်။ ထိုနေမင်းကြီးက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ထူးကဲယန်စည်းတံဆိပ်မှလွဲပြီး အခြားမဟုတ်ပေ။

ဤသို့ဖြစ်လာမည်ဟု မျှော်လင့်ထားပြီးဖြစ်ရာ ခန်းဖင်းမျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ သူက ရန်ကျောက်ကဲကို ဓားဖြင့်ထိုးစိုက်ချလိုက်သည်။

“မင်းက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်တဲ့ ထူးကဲယန်စည်းတံဆိပ်ရဲ့ စွမ်းအားကို အပြည့်အဝထုတ်ဖော်နိုင်ဖို့ ကျင့်ကြံခြင်းအဆင့် မလုံလောက်သေးဘူး ၊ ငါ့ဓားချက်ကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ ၊ အသက်ကိုသာ ဖက်နဲ့ထုပ်ထားပေတော့”

All Chapters