ခွန်ဖိန်နေမင်းနောက်သို့လိုက်ခြင်း ၊ မိုးကြိုးတုန်လှုပ်သိုင်းကွက်
Vol. 53 Ch. 749
အခန်း (၇၄၉) ခွန်ဖိန်နေမင်းနောက်သို့လိုက်ခြင်း ၊ မိုးကြိုးတုန်လှုပ်သိုင်းကွက်
ဤတိုက်ပွဲမတိုင်ခင်ကတည်းက ရန်ကျောက်ကဲက အကြောင်းအရာများစွာကို တွက်ချက်ထားပြီး ဖြစ်သည်။
‘ခန်း’ သခင်မ သေဆုံးပြီးသည့်နောက် တာ့ရွှမ်တိုင်းပြည်က သူ့ကိုအလွတ်ပေးမည်မဟုတ်ပေ။ အထူးသဖြင့် ခန်းဖင်းနှင့် သူ၏သားနှစ်ယောက်ဖြစ်၏။
ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်ဆိုလျှင် အဆင်ပြေသော်လည်း စွမ်းအားမြင့်မားသည့် ခန်းဖင်းဆိုလျှင်တော့ ရန်ကျောက်ကဲအတွက် အသက်အန္တရယ်ပင် ခြိမ်းခြောက်မှုရှိသည်။
သူက ကျင်းထင်တောင်နှင့် မိတ်ဆွေဖြစ်သော်လည်း အရှေ့တောင်ထိပ်တန်းမျိုးနွယ်တစ်ယောက် မဟုတ်ပေ။ ခန်းဖင်းကတော့ အထင်ကြီးလောက်စရာ နောက်ခံတစ်ခုကို ပိုင်ဆိုင်ထားသည်။
လင်ဟန့်ဟွာနှင့် အခြားသူများအပေါ် မျှော်လင့်ချက်ထားနိုင်သည့်တိုင် အလုံးစုံအန္တရယ်ကင်းမည်ဟု အာမမခံနိုင်ပေ။
ထို့ကြောင့် ရန်ကျောက်ကဲက ကိုယ်ပိုင်အစီအစဉ်များစွာ ပြုလုပ်ထားခဲ့သည်။ သို့ပေသိ ထိုအစီအစဉ်များက ခန်းဖင်း မြောက်ပင်လယ်ဓားခန်းမကို လာရောက်တိုက်ခိုက်သည့်အခါ အသုံးပြုရန်အတွက် ဖြစ်၏။
ယခုတော့ ခန်းဖင်းက တိုက်ဆိုင်စွာပင် ဤနေရာသို့ရောက်ရှိလာသဖြင့် သေချာပေါက် တိုက်ပွဲတစ်ပွဲ ရင်ဆိုင်ရပေမည်။ မျှော်လင့်မထားသည့်ကိစ္စဖြစ်သော်လည်း ရန်ကျောက်ကဲ တုန်လှုပ်ခြင်း မရှိခဲ့ပေ။
အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းသူတော်စင်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ ကိုယ်ခွဲပေါင်းစပ်ခြင်း ကနဦးအဆင့်သာရှိသော ရန်ကျောက်ကဲအတွက် သေချာပေါက် အသက်ဆုံးရှုံးမည်မှာ မေးခွန်းထုတ်စရာ မလိုပေ။
အကယ်၍ အခြားသော သိုင်းသူတော်စင်ပထမအဆင့် ကျင့်ကြံသူဆိုလျှင် သိုင်းသူတော်စင် သတ္တမအဆင့်ဖြစ်ရုံသာမက ထာဝရအလင်းကောင်းကင်ကျမ်းစာကျင့်ကြံထားသည့် ခန်းဖင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရပါက ချက်ချင်းအသက်ပျောက်သွားမည်ပင်။
ခန်းဖင်းအနေဖြင့် များစွာအားထုတ်ရမည် မဟုတ်ပေ။
သူ့အတွက် ထိုသို့သောရန်သူများစွာ တစ်ပြိုင်နက်တည်းရင်ဆိုင်ရလျှင်ပင် အားလုံးကို သတ်ဖြတ်ပစ်နိုင်ပေသည်။
ယနေ့ ရန်ကျောက်ကဲသည်လည်း ထိုသူကို အနိုင်ရမည် မဟုတ်ပေ။
ခန်းဖင်း၏ ကျင့်ကြံခြင်းအဆင့်မြင့်မားမှုကို လူတိုင်း ထင်သာမြင်သာ သိရှိကြသည်။ သူတို့နှစ်ယောက်ကြား ကျင့်ကြံခြင်းကွာခြားချက်က အလွန်ကြီးမားသည်။
ထို့ကြောင့် ရန်ကျောက်ကဲကလည်း သူသေကိုယ်သေတိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။ လွတ်မြောက်အောင်ထွက်ပြေးနိုင်လျှင်ပင် အောင်မြင်မှုရရှိသည်ဟု ဆိုနိုင်သည်။
သို့သော် ထွက်ပြေးရန်အတွက် အရင်ဆုံးတိုက်ခိုက်ရမည်က အသေအချာပင်။ ရန်ကျောက်ကဲက သူ့ကိုသတ်ချင်သူများရှေ့တွင် လည်စင်းခံပေးရန် ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပေ။
သူ့အတွက် အကျိုးအရှိဆုံးနည်းလမ်းဖြင့် မည်သို့တိုက်ပွဲဝင်မည်ဆိုသည်က အတော်လေး ရှုတ်ထွေးလှသည်။
ခန်းဖင်း မလှုပ်ရှားခင်မှာပင် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများ ပေါက်ကွဲထွက်လာသည်။
ခန်းဖင်းသာ မတိုက်ခိုက်ဘူးဆိုလျှင် ရန်ကျောက်ကဲ၏လှုပ်ရှားမှုက တစ်ယောက်တည်းသိုင်းကွက်ပြသနေသည့်အလား ခပ်ကြောင်ကြောင်လုပ်ရပ် ဖြစ်သွားပေမည်။
သို့သော် ခန်းဖင်းက တိုက်ခိုက်ခဲ့လေ၏။
ဤနည်းဖြင့် ရန်ကျောက်ကဲ၏ ပထမဆုံးလှုပ်ရှားမှုက အခွင့်အရေးကို အရယူနိုင်ခဲ့ပြီး ခန်းဖင်း၏ အားသာချက်နှင့်အရှိန်အဟုန်ကို အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သည်။ သူသာ ခန်းဖင်းထက် ခြေလှမ်းတစ်ဝက်ခန့် အသာစီးယူမထားဘဲ ခန်းဖင်းနှင့် တစ်ပြိုင်တည်းလှုပ်ရှားမည်ဆိုပါက တုံ့ပြန်ရန်အချိန်မရှိဘဲ ဓားချက်ထိမှန်မည် ဖြစ်သည်။
သို့သော် ယခု ခန်းဖင်းဓားချက် ဝင်ရောက်လာသည်နှင့် ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အဆင်သင့်လှုပ်ရှားစေလိုက်သည်။
ခန်းဖင်းကတော့ မျက်နှာအမူအရာမပြောင်းလဲဘဲ ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့်သာ ရှိနေ၏။
သူ၏ဓားဝိညာဉ်က ရှည်လျားသော အချိန်ရေစီးကြောင်းမြစ်ရေပမာ တောက်ပနေပြီး သီးခြားကမ္ဘာတစ်ခုဖန်ဆင်းလိုက်သည့်အလား ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။
ဓားအလင်းတန်းကြောင့် ကမ္ဘာကြီးတစ်ခုလုံးက လေးလံသွားပြီး အုံ့ဆိုင်းမှိန်ဖျော့သွားသည်။
ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့၏ လှုပ်ရှားမှုများ ရုတ်တရက် နှေးကွေးသွားပြီး ခန်းဖင်း၏ ဓားအလင်းသည် ရုတ်တရက် မြန်ဆန်လာသည်။ သူတို့၏ လျှင်မြန်မှုအပြောင်းအလဲကြောင့် ခန်းဖင်း၏ဓားချက်ကို ကနဦးကြိုတင်ကာကွယ်ရန် ကြိုးစားခဲ့သည်က ရန်ကျောက်ကဲအတွက် အသုံးမဝင်တော့သည့်အလားပင်။
ခန်းဖင်း နောက်ဆုံးမှထုတ်ဖော်လိုက်သောဓားအလင်းတန်းက ပထမဆုံး ဝင်ရောက်လာသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ခန်းဖင်းက ရန်ကျောက်ကဲထက်ပိုမိုလျှင်မြန်သည်မှာ ငြင်းမရသည့်ကိစ္စ ဖြစ်၏။
ရေစီးကြောင်းပမာဓားအလင်းတန်းအောက်တွင် အချိန်က သိပ်သည်းသွားပြီး ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့၏ လှုပ်ရှားမှုများ နှေးကွေးသွားရုံသာမကဘဲ သူတို့၏ စိတ်အာရုံအတွေးများသည်လည်း နှေးကွေးသွားပုံရသည်။
ထိုခဏတွင် ဤကမ္ဘာမှ အချိန်စီးဆင်းမှုရပ်တန့်သွားပြီး ဆက်လက်ရွေ့လျားခြင်း မရှိတော့ပေ။
ခန်းဖင်းနှင့် သူ၏ဓားသာလျှင် လောကတစ်ခုလုံးအား အုပ်စိုးနေဟန် ရှိသည်။
သို့သော် ရန်ကျောက်ကဲမျက်ဝန်းထဲ အလင်းရောက်တစ်ချက် တောက်ပသွားပြီး ဤအရေးကြီးသောအခိုက်အတန့်က ချက်ချင်းပင် မူလအရှိန်အဟုန်အတိုင်း ပြန်ဖြစ်သွားသည်။
ခန်းဖင်းက ထိုက်ယီချိုးဖျက်အစီအရင်၏သက်ရောက်မှုကို ဓားတစ်လက်တည်းဖြင့် ထုတ်ဖော်ပြသခဲ့ပြီး ရန်သူကိုအားနည်းစေကာ မိမိကိုယ်ကိုယ်အားကောင်းစေခဲ့သည်။
သို့သော် ရန်ကျောက်ကဲက ထိုက်ယီချိုးဖျက်အစီအရင်နှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်သူဖြစ်၏။
ထို့ပြင် လျောင်ကျန်းထံမှ ထာဝရအလင်းကောင်းကင်ကျမ်းစာ၏ မပြည့်စုံသော ဗဟုသုတအချို့ကို သိရှိခဲ့ပြီး ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ၏အကူအညီဖြင့် အလွန်ပင် လျှင်မြန်လျှက် ရှိသည်။
ရန်ကျောက်ကဲက ခန်းဖင်း၏ဓားချက်ကို လုံးဝလျစ်လျူရှုလိုက်သည်။
သူက သိုင်းသူတော်စင် သတ္တမအဆင့်ရှိသော ၊ ထာဝရအလင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသည့် ခန်းဖင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရလောက်အောင် ရူးမိုက်သူ မဟုတ်ပေ။
ယခု သူက မပြောင်းလဲမှုအလယ်မှ အဆုံးမရှိသော ပြောင်းလဲခြင်းများနှင့် ရင်ဆိုင်ရင်း ရှိသမျှ အကြံကုန်သုံးကာ တိုက်ခိုက်နေခြင်း ဖြစ်၏။
ရန်ကျောက်ကဲ သူ့လက်များကို ပင့်မြှောက်လိုက်သည်။ ဘယ်ဘက်လက်က စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ပြီး ညာဘက်လက်က နေမင်းကျမ်းဂန်အမွေအနှစ်၏ နက်ရှိုင်းသောစွမ်းအားများကို ထုတ်ဖော်လိုက်သည်။
သူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနောက်တွင် မတ်တတ်ရပ်နေပြီး ထိုကိုယ်ပွား၏ ကျောပြင်ကို လက်ဖဝါးနှစ်ဖက်လုံးဖြင့် ဖိကပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ မြင့်တက်လာပြီး ပြောင်းလဲမှုများဖြစ်ပေါ်လာကာ ယင်ယန်ကောင်းကင်ကျမ်းစာမှ ထူးကဲယန်စွမ်းအား ထွက်ပေါ်လာသည်။
ထူးကဲယန်စွမ်းအားများအားလုံးက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွား၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ခန္ဓာကိုယ်မှ သွေးကြောဆုံချက်များ ခုန်လှုပ်လာပြီး တောက်ပသောအလင်းတန်းများ ထွက်ပေါ်လာသည်။
ယခု မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ဦးခေါင်းထက်ရှိ ပိုင်ဟွေ့ဆုံချက်သာမက ခန္ဓာကိုယ်ဘေးနှစ်ဖက်မှ သွေးကြောဆုံချက်များသည်လည်း သန့်စင်နိုင်ခဲ့ပြီး ကြယ်စင်များနှင့်ပဲ့တင်ထပ်ကာ နတ်ဘုရားသိမြင်ခြင်းကို အောင်မြင်ခဲ့ပြီ ဖြစ်သည်။
ဤသွေးကြောဆုံချက်များက ထူးကဲယန်သွေးကြောဆုံချက်များဖြစ်ပြီး နတ်ဘုရားသိမြင်ခြင်းအောင်မြင်ခဲ့သဖြင့် ထူးကဲယန်စွမ်းအားများစွာကို ယာယီအားဖြင့် လက်ခံယူနိုင်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတွင် ထူးကဲယန်စွမ်းအားများ မြင့်တက်လာသည့်အခါ ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှင့် နေမင်းကျမ်းဂန်လက်သီးချက်လည်း အလားတူပင် စွမ်းအားမြင့်မားလာသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့လက်နှစ်ဖက်ဖြင့် ထူးကဲယန်စည်းတံဆိပ်ကို တွန်းထုတ်လိုက်သည်။
‘ခွန်ဖိန်နေမင်းနောက်သို့လိုက်ခြင်း’ တိုက်ကွက်။
ကောင်းကင်မှဆင်းသက်လာသော နေမင်းနှင့် အမှန်တကယ်ဆင်တူသည့် ထူးကဲယန်စည်းတံဆိပ်က ယခင်ကနှင့်မကြုံစဖူး အားကောင်းသောစွမ်းအားရောင်ဝါများ ပေါက်ကွဲထွက်လာပြီး ပို၍ပင် လွှမ်းမိုးနိုင်စွမ်း မြင့်မားလာသည်။
လင်ဟန့်ဟွာနှင့် ခန်းဖင်းပင်လျှင် သူတို့ရှေ့မှ ဗလာနယ် လောင်မြိုက်သွားသလို ခံစားလိုက်ရ၏။
ရန်ကျောက်ကဲက သိုင်းသူတော်စင် ပထမအဆင့်ဖြစ်သော်လည်း သူ၏ကိုယ်ပွားက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင် ဖြစ်သည် မဟုတ်ပါလား။
ထူးကဲယန်စည်းတံဆိပ်၏ စွမ်းအားကို အပြည့်အဝထုတ်ဖော်ရန် မလုံလောက်သော်လည်း အလွန်တရာ အဆင့်တိုးတက်နေပြီ ဖြစ်သည်။
ပြီးတော့ ထူးကဲယန်စည်းတံဆိပ်၏ မူလအခြေခံကိုက အလွန်တရာ စွမ်းအားမြင့်မားလွန်းသည်။
ဤပစ္စည်းက ရွှမ်ဧကရာဇ်လှံရှည် ၊ တိမ်လွှာအလင်းဓားနှင့် နေလစကြာတို့နှင့် လုံးဝ နှိုင်းယှဉ်နိုင်သောအရာမျိုးမဟုတ်ဘဲ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများထဲတွင် ထိပ်တန်းအဆင့် တည်ရှိမှုတစ်ခု ဖြစ်သည်။
ရန်ကျောက်ကဲ၏ အသက်ရှင်သန်ခွင့်သည်လည်း ထူးကဲယန်စည်းတံဆိပ်ပေါ်တွင် မူတည်နေသည်။
ပြင်းထန်လွန်းလှသော ထူးကဲယန်စည်းတံဆိပ် တန်ခိုးစွမ်းအားက လေထုတစ်ခုလုံး ပြိုကျသွားစေပြီး ရေစီးကြောင်းပမာဓားအလင်းတန်းကို အက်ကွဲသွားစေသည်။
“တကယ့်ကို မျှော်လင့်မထားမိဘူး ၊ ဒါပေမဲ့ မင်း ဒီပစ္စည်းကို ဘယ်လောက်ကြာကြာ သုံးနိုင်မှာတဲ့လဲ”
ခန်းဖင်းက သူ၏ဓားအလင်းတန်းကို ပြန်ရုတ်သိမ်းလိုက်သည်။ သို့သော် ရှည်လျားသောမြစ်တစ်စင်းက ရက်စက်ကြမ်းတမ်းလွန်းသော ထူးကဲယန်စည်းတံဆိပ်ထံသို့ အသံတိတ်ဝင်ရောက်သွား၏။ ထိုရေစီးကြောင်းတွင် အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းသူတော်စင်တစ်ယောက်၏ တန်ခိုးစွမ်းအား အပြည့်အဝ ထင်ဟပ်လျှက် ထူးကဲယန်စည်းတံဆိပ်ရှိရာသို့ ဝင်ရောက်လာခြင်းဖြစ်သည်။
“ဒီရတနာပစ္စည်းက အတော်ကောင်းတာပဲ ၊ စိတ်မကောင်းစရာက မင်းလက်ထဲမှာ ရှိနေတာပဲ ၊ မင်းအသက်ကို ဘယ်လိုကယ်နိုင်မှာတဲ့လဲ”
ခန်းဖင်း၏ ဓားဝိညာဉ်က ပြင်းထန်လာပြီး ဓားအလင်းတန်းက ပိုမိုငြိမ်သက်လာသော်လည်း ခြိမ်းခြောက်မှုက နှစ်ဆတိုးလာသည်။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏ဓားအလင်းတန်းကို ထူးကဲယန်စည်းတံဆိပ် အသုံးပြုတားဆီးရင်း လေထဲသို့ ပျံသန်းထွက်ခွာသွားသည်။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ‘ခွန်ဖိန်နေမင်းနောက်သို့လိုက်ခြင်း’ တိုက်ကွက်ကိုအသုံးပြုပြီးနောက် ရန်ကျောက်ကဲက သူ့ကို အပြည့်အဝ လျစ်လျူရှုထားသည်။
ထူးကဲယန်စည်းတံဆိပ်ဖြင့်တိုက်ခိုက်မှု အောင်မြင်မည်လား ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အန္တရယ်ကင်းမည်လား ဆိုသည်များကို ရန်ကျောက်ကဲက လုံးဝ အရေးမစိုက်တော့ဟန်ပင်။
သူ၏ ညာဘက်မျက်လုံးမှ လျှပ်စီးတစ်ချက်လင်းလက်သွားပြီး ပကတိမိုးကြိုးစွမ်းအား ထွက်ပေါ်လာသည်။
“မိုးကြိုးတုန်လှုပ်သိုင်းကွက်” ကို အပြည့်အဝ ထုတ်ဖော်အသုံးပြုပြီး သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ဆက်တိုက်လှည့်ပတ်ကာ ထူးကဲယန်စွမ်းအားက ပရမ်းပတာချီစွမ်းအားအစုအဝေးအဖြစ် ပြောင်းလဲသွားပြီး ထိုပရမ်းပတာ ချီစွမ်းအားများက အဆုံးမရှိသော လျှပ်စီးစွမ်းအားဖြစ် အသွင်ပြောင်းသွားသည်။
“သွားစမ်း...”
ရန်ကျောက်ကဲ ကြုံးဝါးသံပြုလိုက်ပြီး ပကတိမိုးကြိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ ပေါက်ကွဲထွက်လာပြီး တစ်ခဏအတွင်း လျှပ်စီးပမာ လင်းလက်သွားသည်။
ထိုခဏတွင် ပြင်းထန်သောမိုးကြိုးသံက ကမ္ဘာမြေကြီးကိုထိုးခွင်းတော့မည့်အလား ပြင်းထန်သောစွမ်းအားများဖြင့် တောင်လောင်လာသည်။
သို့တိုင် သိုင်းသူတော်စင် သတ္တမအဆင့် ၊ အမတကူးပြောင်းခြင်း ကနဦးအဆင့်ရှိသော ခန်းဖင်းကို ယှဉ်ပြိုင်ရန် မလုံလောက်သေးပေ။
သို့ပေသိ ရန်ကျောက်ကဲ ပစ်မှတ်ထားသည်ကလည်း ခန်းဖင်း မဟုတ်ခဲ့ပေ။
သူက အနောက်သို့ ပျံသန်းသွားစဉ် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ထူးကဲယန်စည်းတံဆိပ်က အလင်းတန်းအသွင်ပြောင်းလဲသွားကာ ရန်ကျောက်ကဲ၏ ညာဘက်လက်ဖဝါးထက်သို့ ကျဆင်းသွားကာ ကြီမားသောစွမ်းအားများကို သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းဝင်ရောက်လာသည်။
ရန်ကျောက်ကဲက ခန္ဓာကိုယ်အတွင်းဝင်ရောက်လာသော ကြီးမားသောစွမ်းအားများကို တောင့်ခံထားပြီး အခြားလက်တစ်ဖက်မှ အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော သက်တံ့ဓားကို ထုတ်ယူလိုက်သည်။
စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို လှည့်ပတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲဝင်ရောက်လာသည့် ပေါက်ကွဲထွက်လုမတတ် ပြင်းထန်သော စွမ်းအားများကို ခန္ဓာကိုယ်ပြင်ပသို့ စီးဆင်းထုတ်လွှတ်လိုက်သည်။ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်သွားသည်နှင့် ရန်ကျောက်ကဲက သက်တံ့ဓားကိုဝှေ့ယမ်းလိုက်ပြီး မိုးကြိုးတုန်လှုပ်သိုင်းကွက်ဖြင့်ပေါင်းစပ်ကာ ဆန့်ကျင်ဘက်ဆီသို့ ရွေ့လျားသွားသည်။
နတ်ဘုရားအဆုံးသတ်ဓားသိုင်း၏ ပျက်သုဉ်းခြင်းတန်ခိုးစွမ်းအားက သက်တံ့ဓားထဲတွင် ဖုံကွယ်တည်ရှိနေပြီး ခန်းဖင်း၏ ဓားဝိညာဉ်ဖြင့် လွှမ်းခြုံထားသော အလင်းတန်းကမ္ဘာကိုဖြတ်ကျော်ရန် ရန်ကျောက်ကဲအား ကူညီပေးလိုက်လေ၏။