← Chapters

မဖြစ်နိုင်သည်ကိုဖြစ်အောင်လုပ်သူ

Vol. 53 Ch. 750

မဖြစ်နိုင်သည်ကိုဖြစ်အောင်လုပ်သူ

Vol. 53 Ch. 750

အခန်း (၇၅၀) မဖြစ်နိုင်သည်ကိုဖြစ်အောင်လုပ်သူ

ထူးကဲယန်စည်းတံဆိပ်က ခန်းဖင်းကို ပိတ်ဆို့ထားလိုက်ပြီး ဤစည်းတံဆိပ်၏ တုန်လှုပ်ဖွယ်ရာစွမ်းအားအကူအညီဖြင့် ရန်ကျောက်ကဲက ဓားအလင်းတန်းကို ဆန့်ကျင်ဘက်သို့ လွင့်စင်သွားစေသည်။

ပကတိမိုးကြိုးစွမ်းအားမှတစ်ဆင့် ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားများက အမြင့်ဆုံးအဆင့် ပေါက်ကွဲထွက်သွားသည်။

မိုးကြိုးတုန်လှုပ်သိုင်းကွက်ဖြင့် နတ်ဘုရားအဆုံးသတ်ဓားသိုင်းကို ထုတ်ဖော်လိုက်သည့်အခါ ရန်ကျောက်ကဲက ဓားနှင့်လူတစ်သားတည်းကျသွားပြီး ခန်းဖင်း၏ဓားအလင်းတန်းကမ္ဘာတွင် အက်ကွဲကြောင်းတစ်ခုဖြစ်သွားကာ လေထဲသို့ ထိုးဖောက်ထွက်ခွာသွားသည်။

အချိန်စီးဆင်းမှု ပုံမှန်အတိုင်းပြန်ဖြစ်သွားသဖြင့် ပတ်ဝန်းကျင်က အုံ့မှိုင်းဖျော့တော့နေခြင်း မရှိတော့ပေ။

ခန်းဖင်း၏ စွမ်းအားမြင့်မားသောဓားချက်ကို ဆန့်ကျင်ရင်း ရန်ကျောက်ကဲက သူ၏စွမ်းအားများကို ဆုံချက်တစ်ခုတည်းတွင် အာရုံစိုက်ထားသည်။ ဤနည်းအားဖြင့် ပစ်မှတ်ကို ထိုးဖောက်ထွက်နိုင်ခဲ့ခြင်း ဖြစ်၏။

ရန်ကျောက်ကဲ၏ဓားကွက်ကိုတွေ့သည်နှင့် လင်ဟန့်ဟွာမျက်လုံးများ ရုတ်ချည်းတောက်ပသွားသည်။

ခန်းဖင်းက ရန်ကျောက်ကဲကို အေးစက်စွာကြည့်ရင်း...

“သိပ်တော်တယ်...”

“ဒါပေမဲ့ မင်း နောက်ထပ် ဘာဆက်လုပ်မလဲ”

သူက လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ဓားအလင်းတန်းက ချက်ချင်းပင် ရှည်လျားသော အချိန်ရေစီးကြောင်းမြစ်ရေအဖြစ် ပြောင်းလဲသွားပြီး ရန်ကျောက်ကဲထံသို့ ဦးတည်ဝင်ရောက်သွားသည်။

သူ၏ဓားအလင်းတန်းက ရန်ကျောက်ကဲထက်ပိုမိုလျှင်မြန်ပြီး တစ်ခဏအတွင်း အမီလိုက်နိုင်သွားသည်။

“နောက်ထပ်လား...”

ရန်ကျောက်ကဲက ပေါ့ပါးစွာရယ်မောလိုက်သည်။

“နောက်ထပ်ကတော့ ငါတို့တွေ နောက်မှပြန်ဆုံကြတာပေါ့...”

ရယ်မောသံကြားမှာပင် အဆုံးမရှိသောအမှောင်ထုက ကောင်းကင်ထက်တွင် လိုက်ကာတစ်ခုအလား ထွက်ပေါ်လာသည်။ ဤအခြေအနေကို အခွင့်ကောင်းယူပြီး ရန်ကျောက်ကဲက ခန်းဖင်း၏ဓားအလင်းမှ တစက္ကန့်မျှအကွာတွင် ပုန်းအောင်းနေလိုက်နိုင်သည်။

ခန်းဖင်း၏ ဓားအလင်းတန်းက မရပ်မနားထွက်ပေါ်လာပြီး နေရာတိုင်းတွင် ဓားရိပ်များလွှမ်းခြုံသွားကာ အဆုံးမရှိအမှောင်ထုကို ဖြတ်တောက်ပစ်လိုက်သည်။

သို့သော် ရန်ကျောက်ကဲက သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပေပြီ။

ပကတိအမှောင်ထုထဲတွင် ရန်ကျောက်ကဲအတွက် အချိန်နှင့်နေရာ တူညီမှုမရှိတော့ဘဲ ပြင်ပကမ္ဘာ၏အဖြစ်အပျက်များကိုပင် တိုင်းတာမရနိုင်တော့ပေ။

လင်ဟန့်ဟွာရော ခန်းဖင်းပါ အနည်းငယ် အံ့အားသင့်သွားကြသည်။ အနီးပတ်ဝန်းကျင်မှ ယိုးမင်ဂိုဏ်းကျင့်ကြံသူများမှာလည်း အုတ်အုတ်သဲသဲ ဖြစ်သွားကြ၏။

လင်ဟန့်ဟွာက ယိုးမင်ဂိုဏ်း၏ ဂိုဏ်းခွဲပလ္လင်တွင်နေထိုင်နေခြင်း ဖြစ်သည်။ ကျိုးဟောက်ရှန်းနှင့် အခြားသူများ ဤနေရာတွင် မရှိကြတော့သော်လည်း အခြားသော ယိုးမင်ဂိုဏ်းကျင့်ကြံသူများကတော့ အနီးပတ်ဝန်းတွင် ကျန်ရှိနေဆဲပင်။

သူတို့က လင်ဟန့်ဟွာနေထိုင်သည်ကို မနှောက်ယှက်ဝံ့သော်လည်း ယိုးမင်ဂိုဏ်းခွဲ အခြေခံလည်ပတ်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ ဂိုဏ်းခွဲကိုကာကွယ်ပေးထားသော ပင်မအစီအရင်ကိုလည်း ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်၏။

ယခု ရန်ကျောက်ကဲက ယိုးမင်ဂိုဏ်းခွဲ ပင်မအစီအရင်ကို အသက်သွင်းလိုက်ပြီး ထိုအထဲတွင် ပုန်းအောင်းနေခြင်း ဖြစ်သည်။

ယခင်တစ်ချိန်က  ပန်းပွင့်ငြိမ်းချမ်းနယ်မြေရှိ ယိုးမင်ဂိုဏ်းခွဲမှ အဓိကပလ္လင်ရှိရာသို့ ပင်မအစီအရင်ကိုအသုံးပြုကာ စီးဆင်းဖြတ်သန်းသွားဖူးသည့် အတွေ့အကြုံတစ်ခု ရန်ကျောက်ကဲတွင် ရှိလေသည်။ ထိုစဉ်အချိန်က ရန်ကျောက်ကဲ အတော်လေး မူးဝေတုန်လှုပ်သွားသော်လည်း ယိုးမင်ဂိုဏ်းပင်မအစီအရင် ဖွဲ့စည်းမှုနည်းပညာကို နားလည်သွားခဲ့သည်။

ပြီးတော့ သူက ယိုးမင်ဧကရာဇ် ယင်ထျန်းရှ၏ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကိုလည်း ကျင့်ကြံထားသူ ဖြစ်၏။ ယိုးမင်ဂမ္ဘီရဂိုဏ်း၏ အမြင့်မြတ်ဆုံးသော အမွေအနှစ် အခြေခံအုတ်မြစ်ကို ရန်ကျောက်ကဲက လေးနက်စွာ နားလည်သဘောပေါက်ခဲ့သည်။

ခန်းဖင်းနှင့်တိုက်ခိုက်ရသည့်အခါ ယိုးမင်ဂိုဏ်းခွဲ၏ ပင်မအစီအရင်ကို ယူငင်အသုံးပြုရန်မှာလည်း သူရေးဆွဲထားသော ဗျူဟာများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။

ယခု ယိုးမင်ဂိုဏ်းမှကျင့်ကြံသူများမှာ မျက်လုံးအပြူးသား ၊ ပါးစပ်အဟောင်းသား ဖြစ်နေပြီး သူတို့ဂိုဏ်း၏ ပင်မအစီအရင်က ကြိုတင်သတိပေးခြင်းမရှိဘဲ လှုပ်ခါနေသည်ကို တွေ့မြင်ကြရသည်။ ဤအစီအရင်၏ မူလပိုင်ရှင်များဖြစ်သည့်တိုင် ဘာဖြစ်သည်ကို အပြည့်အဝ နားမလည်နိုင်ကြပေ။

ဒါကိုမြင်တော့ ခန်းဖင်း အံ့အားသင့်သွားသော်လည်း တိုက်ခိုက်မှုကတော့ ရပ်တန့်မသွားပေ။ သူ၏ ဓားအလင်းတန်းက လေထုတစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး အလင်းတန်းအလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ယိုးမင်ဂိုဏ်းခွဲ ပတ်ပတ်လည်နေရာတစ်ခုလုံး သူ၏ဓားအလင်းတန်းဖြင့် လွှမ်းခြုံသွား၏။

အချိန်ရေစီးကြောင်းဓားဝိညာဉ်က ယိုးမင်ဂိုဏ်းခွဲကို ဖုံးအုပ်သွားပြီး ရန်ကျောက်ကဲတည်ဆောက်ထားသည့် ညကောင်းကင်ထဲတွင် ရုတ်တရက် အချိန်နှေးကွေးသွားကာ ရပ်တန့်လုမတတ် ဖြစ်သွားသည်။ အဆုံးသတ်မှာတော့ ဤသည်က ယိုးမင်ဂိုဏ်းခွဲတစ်ခုသာဖြစ်ပြီး ယခင်တစ်ချိန်က ပျက်ဆီးသွားသော အဓိကပလ္လင် ပင်မအစီအရင်ကြီးနှင့် နှိုင်းယှဉ်မရနိုင်ပေ။

ထူးခြားသောစွမ်းအားများ ပိုင်ဆိုင်ထားသည့် ခန်းဖင်း၏ ဓားအလင်းတန်းက ပင်မအစီအရင်နှင့်အတူ ရန်ကျောက်ကဲကိုပါ သုတ်သင်ပစ်တော့မည့်အလား ထင်မှတ်ရသည်။ သို့သော် သူ၏ဓားအလင်းတန်းက အမှောင်ထုကိုသန့်စင်ပစ်လုဆဲဆဲတွင် သူ့အရှေ့မှမြင်ကွင်းက ရုတ်တရက် ပြောင်းပြန် ပြောင်းလဲသွားသည်။

ခန်းဖင်းအတော်လေး အံ့အားသင့်သွား၏။

“ဒီကောင်က ယိုးမင်ဂိုဏ်းအစီအရင်ကို နားလည်နေတာလား ၊ ဒါမှမဟုတ် ယိုးမင်ဂိုဏ်းက သူ့ကို အပြည့်အဝ ကူညီပေးနေတာလား”

သို့‌သော် ယိုးမင်ဂိုဏ်းမှလူများကတော့ သူ့ထက်ပင်ပိုပြီး အံ့အားသင့်နေကြပေသည်။

သူတို့ဂိုဏ်း၏ ပင်မအစီအရင်သည် ဘယ်တုန်းကမှ ပြင်ပလူများ၏ထိန်းချုပ်မှုအောက် မကျရောက်ခဲ့ပေ။ ယခုတော့ ဤသို့ ထိတ်လန့်စရာအပြောင်းအလဲများ မည်သို့ဖြစ်လာပါသနည်း။

အဆုံးမရှိသောအမှောင်ထုသည် လျှင်မြန်စွာပင်အတွင်းထဲသို့ စုပ်ယူခံလိုက်ရပြီး ဆုံချက်တစ်ခုဆီသို့ တဖြည်းဖြည်း စုစည်းလာသည်။ အမှောင်ထု၏အစွန်းတွင် အလင်းရောင်မွေးဖွားဖြစ်တည်လာပြီး အလွန်တောက်ပသောအလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာကာ လေထုထဲတွင် အပေါက်တစ်ခု ဖြစ်တည်လာ၏။

ယိုးမင်ဂိုဏ်းခွဲ ပင်မအစီအရင်ကို နောက်ပြန်လှည့်မှုက အချိန်တိုအတွင်း အစီအရင်စွမ်းအားကို ပေါက်ကွဲထွက်စေပြီး ခန်းဖင်း၏ဓားအလင်းတန်းကို နှေးကွေးသွားစေသည်။

ဤပေါက်ကွဲမှုပြီးဆုံးသည်နှင့် အစီအရင်က ပြိုကျပျက်ဆီးသွားပေမည်။ သို့သော် ရန်ကျောက်ကဲအတွက်တော့ လုံလောက်သည်။

အလင်းတန်းများအလယ်တွင် ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား မတ်တတ်ရပ်နေပြီး သူ၏ဦးခေါင်းထက် လေထုထဲတွင် ကြီးမားသောနန်းတော်ကြီးတစ်ခု ပျံသန်းထွက်ပေါ်လာသည်။ ထိုနန်းတော်ကြီးက ‘အသင်္ချေနဂါးနန်းတော်’ ပင်။

လင်ဟန့်ဟွာနှင့် မတွေ့ခင်ကပင် ရန်ကျောက်ကဲက ယိုးမင်ဂိုဏ်းခွဲ၏ ပင်မအစီအရင်ကို အသေင်္ချနဂါးနန်းတော်အတွင်းသို့ တိတ်တဆိတ်ရွှေ့ပြောင်းထားပြီး ဖြစ်သည်။

လင်ဟန့်ဟွာကို သတိထားခြင်းလည်းဖြစ်သလို အစီအစဉ်တစ်ခုကိုလည်း စမ်းသပ်လိုသောကြောင့် ဖြစ်၏။ သို့သော် ဤသည်က အန္တရယ်ရှိသော စွန့်စားမှုတစ်ခုဖြစ်သည်။

ယခုတော့ ခန်းဖင်း တန်းပြီးတိုက်ခိုက်ရသည်ဖြစ်ရာ အလုပ်ဖြစ်မဖြစ် စမ်းသပ်ရန်ပင်အချိန်မရှိတော့ပေ။

ထို့ပြင် အန္တရယ်ရှိသောစမ်းသပ်မှုဆိုသော်လည်း ဒေါသချောင်းချောင်းထွက်နေသည့် အမတကူပြောင်းခြင်းအဆင့် သိုင်းသူတော်စင်နှင့်ရင်ဆိုင်ရခြင်းလောက် အန္တရယ်ရှိနိုင်မည် မဟုတ်တော့ပေ။

လက်ရှိမှာတော့ ရန်ကျောက်ကဲက အန္တရယ်များသော အလောင်းအစားတစ်ခုကို ပြုလုပ်ပြီး ကိုယ်ပိုင်အစီအစဉ်ဖြင့်ပင် အောင်မြင်စွာ ရှေ့သို့ခြေတစ်လှမ်းတိုးနိုင်ခဲ့သည်။

သူက အသင်္ချေနဂါးနန်းတော်အတွင်းသို့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ ဝင်ရောက်သွားပြီး နန်းတော်ရှေ့တွင် တောက်ပသော အလင်းတန်းများထွက်ပေါ်လာကာ လေထုထဲတွင်ပွင့်နေသည့် အပေါက်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဗလာနယ်အာကာသစီးကြောင်းများအတွင်း ဝင်ရောက်သွားသည့်တိုင် သေချာပေါက် အန္တရယ်ကင်းသည်ဟု မဆိုနိုင်သေးပေ။

ခန်းဖင်းက သူ့နောက်လိုက်လာမည်မှာ သေချာလှ၏။

သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ပရမ်းပတာဗလာနယ်စီးကြောင်းများ အလွန်အကျွံအားကောင်းခြင်းမရှိလျှင် အလွယ်တကူ ထိခိုက်နိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲ အသက်ရှင်လျက် လွတ်မြောက်ရန်မှာ မသေချာသေးပေ။

သို့သော် ပရမ်းပတာ ဗလာနယ်စီးကြောင်းများအတွင်း ဝင်ရောက်လိုက်သည်နှင့် အကန့်အသတ်မရှိ ဖြစ်နိုင်ချေများနှင့် ကျယ်ပြောလှသော နေရာများအားလုံးသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများစွာ ရှိလေ၏။ အထက်ဘုံကမ္ဘာတွင် ဆက်လက်တိုက်ခိုက်နေခြင်းထက် လွတ်မြောက်ရန် အခွင့်အရေးပိုမိုများပြားသည်။

ထိုအချိန် ခန်းဖင်းသည်ပင် ရန်ကျောက်ကဲကို တားဆီးနိုင်မည်ဟု မသေချာတော့ပေ။

ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ကိုကိုင်ဆွဲပြီး ရန်သူအားပိတ်ဆို့ခြင်းမှအစပြုပြီး ရန်သူ့လက်မှ လွတ်မြောက်ထွက်ပြေးရန် စွမ်းအားများပေါင်းစပ်လျှက် ယိုးမင်ဂိုဏ်းခွဲ ပင်မအစီအရင်ကို အသုံးပြုကာ ဗလာနယ်လမ်းကြောင်းတစ်ခု ဖန်တီးနိုင်ခဲ့သည်။

လွတ်မြောက်ရန်နည်းလမ်း လုံးဝမရှိသည့်အခြေအနေမှ ကိုယ်ပိုင်အန္တရယ်ကင်းရေးအတွက် အစီအစဉ်များရေးဆွဲကာ တစ်ဆင့်ပြီးတစ်ဆင့် တိတိကျကျ သတ်မှတ်လုပ်ဆောင်ရာတွင် ရန်ကျောက်ကဲက တည်ငြိမ်ပြီး တိကျလွန်းသည်။

မည်သည့် သိုင်းသူတော်စင် သတ္တမအဆင့်ကျင့်ကြံသူက သိုင်းသူတော်စင် ပထမအဆင့်ကျင့်ကြံသူကို ချက်ချင်းမသတ်နိုင် ရှိပါမည်နည်း။

ထို့ပြင် ခန်းဖင်းက ကျင့်ကြံခြင်းအဆင့် တူညီသူများထဲမှာပင် သာလွန်သူတစ်ယောက်ဖြစ်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တန်ခိုးစွမ်းအား ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သို့သော် ယခုအချိန်တွင်တော့ ရန်ကျောက်ကဲကို ထိန်းထားနိုင်မည်ဟု အပြည့်အဝ မသေချာတော့ပေ။

ခန်းဖင်းက စကားတစ်လုံးမဆိုဘဲ မျက်နှာအမူအရာက ခံစားချက်ကင်းမဲ့နေသည်။ သို့သော် သူ၏အေးစက်သောမျက်ဝန်းများက မီးဝင်းဝင်းတောက်နေပြီး ဒေါသနှင့်နာကျည်းမှုများ ထင်ဟပ်နေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ဗလာနယ်ဝင်ပေါက်ဆီသို့ ရောက်ရှိသွားပြီး ထွက်ပြေးသွားသည့် ရန်ကျောက်ကဲနောက်သို့ မိုးအဆုံးမြေအဆုံး လိုက်လံတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။

သို့သော်...

ဓားဝိညာဉ်တစ်ခုထွက်ပေါ်လာပြီး ခန်းဖင်းကိုသာမက ရန်ကျောက်ကဲကိုပါ တားဆီးထားလိုက်သည်။

ထိုအချိန် ပြောင်းပြန်လည်ပတ်နေသော ယိုးမင်ဂိုဏ်းခွဲပင်မအစီအရင်က ပြိုကျသွားပြီး တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်ကာ ခန်းဖင်းကိုပိတ်ဆို့ထားသော်လည်း အခြားသူများကို ထိခိုက်ခြင်း မရှိပေ။

ကောင်းကင်ထက်တွင် လူတစ်ယောက်မတ်တတ်ရပ်နေပြီး သူ၏ညာလက်ကို ၎င်း၏လက်ညိုး ၊ လက်ခလယ်အသုံးပြုပြီး ဓားဝိညာဉ်တစ်ခု ဖန်ဆင်းထားသည်။

သူ၏ဓားဝိညာဉ်က ခန်းဖင်း၏ဓားဝိညာဉ်ဖြင့် လေထဲတွင် ရိုက်ခတ်မိပြီး အချိန်ရေစီးကြောင်းဓားဝိညာဉ်ကို ဟန့်တားလိုက်၏။

တစ်ချိန်တည်းပင် သူ၏ဘယ်ဘက်လက်က ဗလာနယ်ထွက်ပေါက်အတွင်းဝင်ရောက်သွားပြီး တုနှိုင်းမရအောင်ကြီးမားသော ဧရာမလက်ကြီးအဖြစ် ကြီးမားလာကာ အဝေးသို့ထွက်ပြေးတော့မည့် အသင်္ချေနဂါးနန်းတော်ကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။

ဤသို့လှုပ်ရှားမှုပြုလုပ်လိုက်သူက ယင်စန်းတောင်ဓားဘုရင် ‘လင်ဟန့်ဟွာ’ မှလွဲပြီး အခြားသူ မဟုတ်ပေ။

All Chapters