← Chapters

ပုန်းလျှိုးကွယ်လျှိုး ပါရမီရှင်လား ဒါမှမဟုတ် လူလိမ်လား

Vol. 13 Ch. 169

ပုန်းလျှိုးကွယ်လျှိုး ပါရမီရှင်လား ဒါမှမဟုတ် လူလိမ်လား

Vol. 13 Ch. 169

“ရိုးရိုးလေးချီရဲ့ ဆိုင်” ဟူသော စာလုံး အနည်းငယ်သာ ဖော်ပြ ထားလေသည်။ အကယ်၍ ထိုစာလုံးများကို အာရုံစိုက် မထားပါက မြင်နိုင်မည် မဟုတ်လောက်ပေ။

မုတ်ဆိတ်မွေးနှင့် လူကြီးက ဆိုင်ထောင့်တွင် တစ်ခုခုကို ထုရိုက် နေလေသည်။ မိုဝူကျီ ဝင်လာသည့်အခါ သူက ခေါင်းကို မော့လိုက်ပြီး မိုဝူကျီကို သွားမည်းများဖြင့် အားရပါးရ ပြုံးဖြီးပြ လိုက်သည်။

မိုဝူကျီက ခေါင်းကို မော့ထားပြီးတော့ ပတ်ဝန်းကျင်ကို အကဲခတ် လိုက်သည်။ သူက နံရံတွင် ချိတ်ဆွဲထားသည့် ပစ္စည်းများသည် ဝိညာဉ် ပစ္စည်းလား ဒါမှမဟုတ် မှော်ပစ္စည်းလား ဆိုတာ မပြောနိုင်ချေ။ မှိန်ပျပျ အလင်းရောင်က ထိုအရာကို မကူညီပေး နိုင်ပေ။

ထိုအရာများမှ လွဲ၍ အပေါက်များဖြင့် ပြည့်နေပြီး ကြွေပုလင်းများစွာ ထည့်ထားသည့် ဗီရိုတစ်လုံးသာ တွေ့ရှိလေသည်။ ထိုပစ္စည်းများကို ဆေးလုံး သို့မဟုတ် အခြားအရာများ ထည့်သိမ်းဖို့ရန် အတွက် ဖြစ်နိုင်ပေသည်။

အဓိပ္ပာယ် မရှိဆုံး ကိစ္စရပ်မှာ ထိုဗီရိုအောက်ဆုံး အဆင့်တွင် ဖုန်များဖြင့် ပေပွနေသည့် ဝိညာဉ်ဆေးပင် ဆယ်ပင်မက ရှိနေခြင်း ဖြစ်သည်။ ဝိညာဉ် ဆေးပင်များကို သိမ်းဆည်းသည့် နည်းလမ်းမှာ ထိုအပင်များကို ပျက်စီးစေမှန်း သိသာလှသည်။

မိုဝူကျီက နဖူးကို ပွတ်လိုက်ပြီး ထိုဆိုင်အကူသည် သူ့ဆေးလုံးများကို လက်ခံပြီးသည့် နောက်တွင် ကျေးဇူးမသိတတ် လိုက်တာဟု သံသယ ဝင်မိလာသည်။ မိုဝူကျီက ဤနေရာသို့ အခေါ်ခံ လာရပြီးနောက် ဆိုင်အကူ ပြောသည့်အတိုင်း ရိုးရိုးလေးချီ ဆိုင်မှ ပစ္စည်းမှာ အစစ်အမှန်ဆုံး ဖြစ်ကြောင်း ပြောခဲ့သည်ကို ပြန်တွေးမိ လိုက်သည်။

လူကြီးက ရုတ်တရက် ကောက်ကာငင်ကာ ပြောလေသည်။

“စိတ်ကြိုက်ကြည့်ပါ၊ တစ်ခုခု စိတ်ဝင်စားတာ တွေ့ရင် အဲဒီအတွက် ဈေးလျှော့ ပေးပါ့မယ် ...”

မိုဝူကျီက ပြန်ပြောစရာပင် ရှာမတွေ့တော့ချေ။ သူက ဆိုင်မှ ထွက်သွားရန် အတွက် နောက်ပြန်ဆုတ် လိုက်သည်။ သို့သော် ထိုအချိန်တွင် သူက မျက်စိထောင့်မှ တစ်ခုခုကို သတိထားမိ သွားသည်။ မိုဝူကျီက ဗီရို အောက်ခြေမှ ဝိညာဉ်ဆေးပင် အခြောက်များကို ထပ်ကြည့်လိုက်သည်။ အရိုးတံနှင့် တူသည့် ဆေးပင်သည် သူ့အာရုံကို ဖမ်းစား သွားလေ၏။

ခြောက်သွေ့ နေသော်လည်း ဝိညာဉ်ဆေးပင်မှ ထုတ်လွှင့်နေသည့် အငွေ့အသက်က ရင်းနှီး လှပေသည်။

မိုဝူကျီက အချိန်တိုအတွင်း မှတ်မိ သွားလေသည်။ ထိုအရာသည် သူ့တွင် များစွာရှိနေသည့် ခရမ်းဟုန် ကြာပန်း၏ အမြစ်ပွား ဖြစ်လေသည်။

ခရမ်းဟုန် ကြာပန်းသည် အဆင့် ၇ ဆေးပင် ဖြစ်သောကြောင့် အလွန့်လွန် ရှားပါးလှသည်။ မိုဝူကျီက သူ့၏ ၉၉ခုမြောက် ချီသွေးကြော ဖွင့်နိုင်သည့် အကြောင်းအရင်းကို သေချာသိလေ၏။ သူ့ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးအာနိသင် ကြောင့်သာ ဖြစ်သည်။ အကယ်၍ သူ့တွင် ခရမ်းဟုန် ကြာပန်း မရှိဘဲ ရတနာ သွေးပဒုမ္မာ ကြာနှင့်သာ ဆက်ဖော်စပ်လျှင် ၉၉ခုထိ ဖွင့်နိုင်ပါ့မလား …

မိုရွယ်၏ စာအုပ်တွင် ခရမ်းဟုန် ကြာပန်းသည် ဝိညာဉ် လမ်းကြောင်းများ ဖွင့်ရန်နှင့် ပြန်လည် ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်သည်ဟု ပြောထားလေ၏။ ထိုသည်က ကျင့်ကြံသူတိုင်းက အလိုရှိနေသည့် အရာ ဖြစ်သော်လည်း ဤလူကြီးက ဗီရိုအောက်တွင် အမှိုက်သဖွယ် ပစ်ထားလေသည်။

မိုဝူကျီက စိတ်စွမ်းအားကို ထိန်းချုပ်လိုက်ပြီး ဘေးပတ်လည်ကို ကြည့်ကြည့်လိုက်သည်။ အကယ်၍ ထိုအရာက ခရမ်းဟုန် ကြာပန်းမြစ် ဖြစ်နေခဲ့လျှင် ဤရိုးရိုးလေး ချီသည် ရိုးစင်း လှသည်တော့ မဟုတ်ချေ။ တကယ်လို့ သူက သူ့တွင် စိတ်စွမ်းအား ရှိနေကြောင်း သိသွားခဲ့လျှင် ဆိုးရွား သွားလိမ့်မည်။

သူက နောက်ဆုတ်လိုက်ပြီး ထောင့်စုံအောင် တစ်ချက် ပြန်ကြည့်လိုက်သည်။

သူက မေးဖို့ရန် ခဏတာ တွေဝေနေပြီး …

“ဆိုင်ရှင်ချီ ... ကျွန်တော်က ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကို လာချင်တာက ကျွန်တော်ရဲ့ နိမ့်ပါးတဲ့ စွမ်းဆောင် ရည်ကြောင့်ပါ။ အဲဒါကြောင့် ဒီနေရာမှာ ကျွန်တော့်အတွက် အသက် ရှင်နိုင်ခြေ မြင့်နိုင်မဲ့ အရာမျိုး လိုချင်တယ်ဗျ၊ ဒါပေမဲ့လည်း တစ်ခုမှ မတွေ့သေးဘူး ...”

ရိုးရိုးလေးချီက ဒူးပေါ် ထောက်ကာ မတ်တတ်ရပ်ဖို့ အားယူလိုက်ပြီး မိုဝူကျီကို အားရပါးရ ရယ်ပြလိုက်သည်။ သူက ဗီရိုထဲမှ အံဆွဲတစ်ခုကို ထုတ်ယူ လာပြသည်။ သူထုတ်လာသည့် အခိုက်အတန့်တွင် ဘေးဝန်းကျင်က ဖုန်များ ထလာလေသည်။

ရိုးရိုးလေးချီက အမူအရာမရှိ အံဆွဲထဲမှ ဆေးပုလင်းများကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။

“ဒါက အားအကောင်းဆုံး အဆိပ်ဖြေ ဆေးလုံးပဲ၊ ဒီပျောက်ဆုံး ကောင်းကင်မြို့ပျက် ထဲက နေရာတိုင်းမှာ အဆိပ်ရှိတယ်၊ ငါ့ရဲ့ အဆိပ်ဖြေ ဆေးလုံးကပဲ အဲဒီအဆိပ်တွေကို ဖြေပေးနိုင်တာ …ပြီးတော့ ဈေးနှုန်းကလည်း မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၂၆၀၀၀၀ပဲ ရှိတာ ”

မိုဝူကျီက လေအေးများ မှုတ်ထုတ်လိုက်ပြီး သူ့တွင် အဆိပ်ဖြေ ဆေးလုံးများစွာ ရှိနေလျက်နှင့် အဆိပ်ဖြေဆေး တစ်လုံးအတွက် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၂၆၀၀၀၀ သုံးကာ အဘယ်ကြောင့် ဝယ်ယူ ရမည်နည်း။ သူက ရုးနေတာလည်း မဟုတ်ချေ။

ရိုးရိုးလေးချီက သူ့စကား ဆုံးဆုံးချင်း စာရွက်အစုတ်ကို ထုတ်ယူလိုက်ကာ …

“ဒါက ဒီမှာရှိတဲ့ အားအကောင်းဆုံး အုပ်စု တိုက်ခိုက်ခြင်း အဆောင်ပဲ၊ မင်းရန်သူက ဘယ်လောက် အားကောင်း နေပါစေ … ဒီဟာနဲ့ မင်းရဲ့ ရန်သူကို ပိတ်ထားပြီးတော့ အဆုံးသတ်ပစ်လို့ ရတယ်၊ ဒါလေးက မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၃၁၀၀၀၀ပဲ ကျတာပါ ... ဈေးလည်း ချိုပါတယ် …”

မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၃၁၀၀၀၀ က ဈေးချိုတယ်တဲ့လား…

ရိုးရိုးလေးချီက နောက် အံဆွဲတစ်ခု ဖွင့်ခါနီးတွင် မိုဝူကျီက တားလိုက် ရတော့သည်။

“ဆိုင်ရှင်ချီ ... ကျွန်တော်က ကျွန်တော့်ရဲ့ အဆိပ်ဖြေ ဆေးလုံးတွေ ပါပါတယ် ပြီးတော့ ဒီအဆောင် ကလည်း သုံးရပါ့မလား ဆိုတော့ သံသယဝင်မိသား … တကယ်တော့ ကျွန်တော်က ပျောက်ဆုံး ကောင်းကင်မြို့ပျက်ရဲ့ မြေပုံကို ရှာနေတာပါ အထူးသဖြင့် ရတနာ ဝိညာဉ်ပစ္စည်းတွေ ထုတ်ပေးတဲ့ နေရာမျိုး ပါတာပေါ့ …”

“အဲဒါလည်း ရှိတာပေါ့ ခဏစောင့် …” ရိုးရိုးလေးချီက ဗီရိုထဲမှ နောက်အံဆွဲ တစ်ခုကို ထုတ်လာပြန်သည်။

အကယ်၍ ရိုးရိုးလေးချီသာ အံဆွဲတွေ တစ်ခုပြီး တစ်ခု ထုတ်မယူ လာခဲ့လျှင် မိုဝူကျီက ထိုဗီရို အဟောင်းလေးတွင် အံဆွဲများစွာ ရှိနေလိမ့်မည်ဟု သိမည် မဟုတ်ပေ။

အံဆွဲ ၇ ခု၊ ၈ခု လောက် ယူပြီးနောက်တွင် ရိုးရိုးလေးချီက သားရေမြေပုံနှင့် စာစောင်ကို ထုတ်ယူ လာတော့သည်။

“ဒါက ပျောက်ဆုံး ကောင်းကင်မြို့ပျက် တစ်ခုလုံးရဲ့ အကောင်းဆုံး မြေပုံပဲ ... ဒီထက် ပြည့်စုံတဲ့ဟာ မရှိနိုင်ဘူး ဆိုတာ အာမခံနိုင်တယ်။ ဒီစာစောင်က ရတနာ ဝိညာဉ် ပစ္စည်းတွေရဲ့ တည်နေရာတွေ မှတ်သားထားတာ၊ နှစ်ခုလုံးက အရမ်း ဈေးပေါတယ် …”

ရိုးရိုးလေးချီက ပစ္စည်းများ အားလုံးကို အားအကောင်းဆုံး ဒါမှမဟုတ် အကောင်းဆုံးဟု မိတ်ဆက် ပေးနေသဖြင့် မိုဝူကျီပင် ကျင့်သား ရသွားလေချေပြီ။ ရိုးရိုးလေးချီ စကားမဆုံးခင် မိုဝူကျီက ဝင်ဖြတ် ပြောလိုက်သည်။

“ဆိုင်ရှင်ချီက စာအုပ်ကို အရင် လှန်ကြည့်လို့ ရမလား …”

မိုဝူကျီက စာစောင်ကို ညွှန်ပြလိုက်ရင်း ထိုအထဲတွင် ကောင်းကင် လမ်းကြောင်းပန်း ပါဝင်လားဆိုတာ သိချင်မိသည်။ ပျောက်ဆုံး ကောင်းကင်မြို့ပျက် ထဲတွင် သူ့အတွက် အရေးကြီးဆုံး အရာမှာ ကောင်းကင် လမ်းကြောင်းပန်းသာ ဖြစ်၏။

ရိုးရိုလေးချီက ဟက်ဟက်ပက်ပက် ရယ်မောရင်း …

“မင်းအတွက် စာစောင်ကို လှန်ကြည့်တာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့လည်း ကျုပ် အရင်က ပြောခဲ့တဲ့ ပစ္စည်းထဲက တစ်ခု ဝယ်ရင် တစ်ခါ လှန်ခွင့်ပေးမယ် ...”

မိုဝူကျီက ခဏတာ ပြောစရာ ရှာမတွေ့ ဖြစ်သွားလေသည်။

ဒီလူက ရိုးသားတာရော ဟုတ်ရဲ့လား… သူက အကြံအစည် ချနေတာသာ ဖြစ်ရမည် …

သို့သော်လည်း သူက ကောင်းကင် လမ်းကြောင်းပန်းသည် စာစောင်ထဲတွင် တကယ်ရှိ၊ မရှိ အမှန်တကယ် စိတ်ဝင်စား နေမိသည်။ ထို့ကြောင့် သူက ပြန်ဖြေလိုက်သည်။

“ဆိုင်ရှင်ချီ အခု ကျွန်တော့်မှာ စိတ်စွမ်းအင် ကျောက်တုံး အချို့တော့ ပါလာပေမဲ့ အဲဒါတွေက ကျွန်တော် ကျင့်ကြံဖို့ အတွက်ဆိုတော့ ခင်ဗျားရဲ့ အဆိပ်ဖြေ ဆေးလုံးကို ဝယ်ယူလို့ ဖြစ်နိုင်ပါ့ မလား …”

ရိုးရိုးလေးချီ ပြောခဲ့သည့် ပစ္စည်းထဲတွင် အဆိပ်ဖြေ ဆေးလုံးက ဈေးအချိုဆုံး ဖြစ်သည်။

ရိုးရိုးလေးချီက မျက်မှောင်ကြုတ် လိုက်ပြီးတော့ မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်သည်။

“အဲဒီလို ဆိုမှတော့ မင်းက ဆေးတစ်လုံး ဝယ်ရင် စာအုပ်လှန်ခွင့် ပေးလိုက်မယ်၊ ပြီးတော့ မင်းက ဆင်းရဲတာ ဆိုတော့ ဈေးလျှော့ပေး လိုက်မယ် ... အမ်း ... မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၃၀၀၀၀ပဲ ပေးသွားပါ ... ”

စာအုပ် လှန်တာတောင် ခင်ဗျား မျက်နှာထားလောက် အပြောင်းအလဲ မမြန်ဘူး ...

မိုဝူကျီက စိတ်ထဲက ပြောဆို နေလိုက်တော့သည်။ ထိုလူသည် အစက ဆေး ၁၂လုံးကို မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၂၆၀၀၀၀ နှင့် ဆိုခဲ့၏။ ယခုတွင် ဆေးတစ်လုံးကို ၃၀၀၀၀ တောင်းနေပြန်သည်။ စာအုပ်လှန်ခွင့် ရဖို့က သူ့ရည်ရွယ်ချက် ဖြစ်သော်လည်း မိုဝူကျီက ထိုလူကို သိပ်တော့ မကျေနပ်ပေ။

အကယ်၍ သူသာ ခရမ်းဟုန် ကြာပန်းကို မမြင်ခဲ့ဘဲ ရိုးရိုးလေးချီတွင် ပစ္စည်းကောင်းများ ရှိနေမည်ဟု ယုံကြည်နေမိလျှင် မိုဝူကျီက လှည့်ထွက်သွားတာ ကြာလောက်လေပြီ။

“ဟုတ်ပြီ အဲဒါဆို မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၃၀၀၀၀ပဲ၊ ဒါပေမဲ့လည်း အရင်ဆုံး ပြောရဦးမယ်၊ ကျွန်တော်က စာစောင်ကို လှန်ကြည့်ရုံတင် မဟုတ်ဘူး အနည်းဆုံး စာရွက်တိုင်းကို အကြမ်းဖျင်းတော့ ကြည့်ရမယ် ...” ရိုးရိုးလေးချီ၏ ဉာဏ်နီ ဉာဏ်နက်များကို ကြုံတွေ့ပြီးနောက် မိုဝူကျီက မပေးချေခင် ပြောလိုက်ရသည်။ သူက ထိုစကားတွင် ထောင်ချောက်များစွာ ရှိကြောင်း ခံစားမိနေသည်။

ရိုးရိုးလေချီက မိုဝူကျီသည် သူ့ထောင်ချောက်ကို ရိပ်မိသွားသည်ကို အံ့ဩသွားမိပြီး ပြောလိုက်သည်။

“မရဘူး အနည်းဆုံး သုံးကြိမ်ပဲ လှန်ခွင့်ပေးမယ် ...”

မိုဝူကျီက မယုံကြည်နိုင်ပေ။ အကယ်၍ သူသာ မပြောမိလျှင် အရှုံးနှင့် ကြုံတွေ့ရဦးမည်။

“ဒီလို ဆိုမှတော့ အရောင်းအဝယ်က ပြီးပြီ၊ တခြားဆိုင်ပဲ သွားတော့မယ် ...” မိုဝူကျီက ပြောပြီးနောက် လှည့်ထွက်ဖို့ရာ ပြင်လိုက်သည်။ သူသည် ခရမ်းဟုန် ကြာပန်းကို တွေ့ခြင်းမှာ ထိုလူက တမင်သက်သက် ထားတာလားဟုပင် သံသယ ဝင်မိလာသည်။ ဆိုင်တစ်ခုလုံးကား ဖုန်များ ဖုံးလွှမ်းနေ၏၊ ကြည့်ရသည်မှာ လာကြည့်သူများကို ပို၍ ဆွဲဆောင်နိုင်ဟန် ဖြစ်ရမည်။

ထိုသို့ မဟုတ်နိုင်သည့် အကြောင်းအရင်း တစ်ချက်မှာ အကယ်၍ သူသာ ခရမ်းဟုန် ကြာပန်းကို မမြင်တွေ့ဖူးပါက ထိုအရာကို မှတ်မိနိုင်မည် မဟုတ်ပေ။

“ကောင်းပြီလေ အဲဒါဆို မင်းကို ငါးကြိမ် လှန်ခွင့်ပေးမယ်၊ တကယ်လို့ သဘော မတူရင်တော့ ထွက်သွား လိုက်တော့ ...” ရိုးရိုးလေးချီက မိုဝူကျီကို အော်ပြောလိုက်သည်။

ထိုလူက အမှန်တကယ် ပုန်းလျှိုးကွယ်လျှိုး ပါရမီရှင် တစ်ယောက်လေလား ...

မိုဝူကျီက မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၃၀၀၀၀ကို ထုတ်ယူကာ ရိုးရိုးလေး ချီဆီမှ အနက်ရောင် ဆေးလုံးနှင့် လဲလှယ်လိုက်သည်။ ရိုးရိုးလေးချီက ဆေးလုံး ထည့်ဖို့ပင် ဆေးပုလင်း မပေးချေ။

ကံကောင်းလှစွာ မိုဝူကျီက စိတ်ထဲမထား၍ ဆေးလုံးကို သိုလှောင်အိတ် ထဲသာ ကောက်ထည့် လိုက်တော့သည်။ သူက စာစောင်ကို လှန်ကြည့်ဖို့ရာ စိတ်လှုပ်ရှား နေလေသည်။

“မှတ်ထားဦး ၊ ငါးကြိမ်ပဲ ပြီးတော့ ဘယ်စာရွက်မှာမှ ရပ်လို့မရဘူး ဒီအတိုင်း လှန်သွားရမှာ ...” ရိုးရိုးလေးချီက သတိပေးရင်း သူပြောထားသည့်ထက် တစ်ကြိမ် ပိုလှန်မည်ကို စိုးသည့်အလား မိုဝူကျီ လက်ကို စိုက်ကြည့် နေလိုက်သည်။

မိုဝူကျီက စာစောင်ကို ကြည့်လိုက်ပြီး အနည်းဆုံး ခြောက်ရွက်၊ ခုနစ်ရွက်သာ ပါရှိကြောင်း သိလိုက်ရသည်။ စာရွက်ငါးကြိမ် လှန်ခွင့်ရသည်မှာ သူသည် စာစောင်၏ ပါဝင် အကြောင်းအရာ အများစုကို မြင်ပြီးလေပြီဟု သတ်မှတ်၍ ရနေသည်။

မိုဝူကျီက ရှေ့စာမျက်နှာကို လှန်ဖို့ရာ စိတ်မကူးပေ။ ကောင်းကင် လမ်းကြောင်းပန်း ကဲ့သို့ ရှားပါး ပစ္စည်းသည် ရှေ့ဆုံးတွင်တော့ ရှိနေမည် မဟုတ်လောက်ပေ။

မိုဝူကျီက တတိယ စာရွက်ကို လှန်ကြည့်လိုက်ပြီး …

“အဆုတ် လေဝါးပင်၊ ခရမ်း မက်မွန်သီးနှင့် နက်ရှိုင်း ဝိညာဉ်ကျောက် ...” တို့ကို မြင်လိုက်ရသည်။

မိုဝူကျီ ကြားပင် မကြားဖူးသည့် ထူးဆန်းသော ပုံစံအမျိုးမျိုးနှင့် ရတနာ မျိုးစုံကို စာရွက် နှစ်ရွက်တွင် တွေ့ရလေ၏။ သို့သော်လည်း ရတနာများ ချရေးထား သရွေ့ စာစောင်သည် ပျောက်ဆုံး ကောင်းကင်မြို့ပျက်ရှိ တည်နေရာများ ကိုလည်း ချရေး ထားလေသည်။ အမှန်တကယ် အားဖြင့် မိုဝူကျီသည် ထိုသို့အရာမျိုး လိုအပ်နေခြင်း ဖြစ်သည်။ ထိုလူသည် နောက်ဆုံး အချိန်ကောင်းကို စောင့်နေ၍ အခွင့်ကောင်းကို ချောင်းမြောင်းနေသည် အလားဟု စတင် ယုံကြည်မိလာသည်။

စတုတ္ထမြောက်နှင့် ပဉ္စမမြောက် စာရွက်တို့ကို လှန်လိုက်သည့် အခါတွင်လည်း ကောင်းကင် လမ်းပန်းကို ရှာမတွေ့ပေ။

မိုဝူကျီက နောက်စာရွက် လှန်လိုက်သည့် အခါ အကယ်၍ သူသာ ကောင်းကင် လမ်းပန်းကို ရှာမတွေ့လျှင် ဤစာအုပ်အပေါ် မေးခွန်း ထုတ်မိလိမ့်မည်။ မေးမကြည့်ဘဲဖြင့် မိုဝူကျီသည် ရိုးရိုးလေးချီ၏ ပစ္စည်းများက ဈေးချိုမည် မဟုတ်ကြောင်း သိနေသည်။

သို့သော်လည်း သူက ခြောက်ရွက်မြောက်ကို လှန်လိုက်သည့် အခါ မိုဝူကျီက ကောင်းကင် လမ်းပန်းကို တွေ့လိုက်ရသည်။ သူ့အတွေ့အကြုံ ကြောင့်သာ မဟုတ်လျှင် မိုဝူကျီက စိတ်လှုပ်ရှားမှုကို ထိန်းထားနိုင်မည် မဟုတ်ချေ။

မိုဝူကျီသည် ယခင်က ထိုထက် အံ့အားသင့်ပြီး တုန်လှုပ်ဖွယ် အတွေ့အကြုံ များစွာကို ကြုံတွေ့ခဲ့ရသည်။ ဥပမာအားဖြင့် ဤကမ္ဘာတွင် ပြန်လည်‌ မွေးဖွာလာပြီး သူ၏ ပထမဆုံး ချီသွေးကြောကို ဖွင့်နိုင်သည့် အချိန်၊ အဆုံးမဲ့ဝိညာဉ် တာရှည်ခံပန်းကို ရှာတွေ့သည့် အချိန်တို့ ဖြစ်သည်။ ဤသို့ ကိစ္စ အသေးလေးများ အတွက် မိုဝူကျီသည် ခံစားချက် အမူအရာကို ထိန်းချုပ်နိုင် သွားလေပြီ။

အကြံသမား ရိုးရိုးလေးချီက သူ့စိတ်လှုပ်ရှားမှု အသေးစား လေးကိုပင် သတိပြုမိ နိုင်သည်။ အကယ်၍ ရိုးရိုးလေးချီက သူ့ရည်ရွယ်ချက်ကို ရှာတွေ့သွားပါက သူသည် သေချာပေါက် စာစောင်ကို ဈေးမြင့် ပြောလိမ့်မည်။ သူက ဈေးနှုန်း မမြင့်လျှင်ပင် မိုဝူကျီက သူအလိုရှိနေသည့် အရာကို ရိုးရိုးလေးချီကို မသိစေလိုပေ။ သူက ကျိတ်ကြံသည် ဖြစ်စေ၊ မကြံသည် ဖြစ်စေ စိတ်စွမ်းအင် ကျောက်တုံးများ အပေါ် သူ့လောဘကား အမှန်ပင် ဖြစ်၏။

ကောင်းကင် လမ်းပန်း၏ တည်နေရာကား ရှုပ်ထွေးလွန်း နေသည့် အချက်နှင့် စာရွက်တွင် ရပ်နေလို့ မရသည့် အချက်မှာ နှမြောဖွယ် ကောင်းလှသည်။ ထို့အပြင် မိုဝူကျီက ရိုးရိုးလေးချီ ရှေ့တွင် စိတ်စွမ်းအားကို အသုံးမပြုချင်ပေ။ ထို့ကြောင့် ဖျတ်ခနဲသာ မြင်လိုက်ရသည်။

မစစ်ဆေး ကြည့်နိုင်သည့် စိတ်ပျက်မှုနှင့် အတူ မိုဝူကျီက ခုနစ်ရွက်မြောက် စာရွက်ကို လှန်လိုက် ရတော့သည်။

မိုဝူကျီက ရိုးရိုးလေးချီသည် အခြားသူများ မပြောနိုင်သည့် သူ့စိတ်ပျက်မှုကို သိလိမ့်မည် ဖြစ်ကြောင်း ယုံကြည်သည်။

ခုနစ်ရွက်မြောက် စာရွက်ကို လှန်လိုက်သည့်အခါ မိုဝူကျီကို ဤဆိုင်သို့ ခေါ်လာပေးသည့် ဆိုင်အကူက အူယားဖားယား ပြေးလာလေသည်။ သူက ဆိုင်အပေါက်တွင် ရပ်ရင်း မိုဝူကျီ ထွက်မသွား ရသေးသည်ကို မြင်သောအခါ စိုးရိမ်စွာ ကြည့်လိုက်လေ၏။

***

All Chapters