← Chapters

ရိုးရိုးလေးချီ၏ ကြံစည်မှု

Vol. 13 Ch. 170

ရိုးရိုးလေးချီ၏ ကြံစည်မှု

Vol. 13 Ch. 170

မိုဝူကျီက ဆိုင်အကူသည် သူ့အတွက် အရေးကြီးကိစ္စ တစ်ခုခု ရှိမှန်း သိလိုက်သည်။ ထိုသို့ မဟုတ်လျှင် သူက အလောတကြီး ပြေးလာပြီး မိုဝူကျီကို စိုးရိမ်စွာ ကြည့်နေမည် မဟုတ်ပေ။ သူ့လက်ထဲမှ စာစောင်ကို ပြန်ထားလိုက်ပြီး မိုဝူကျီက အားနာစွာ ပြောလိုက်သည်။

“ဆိုင်ရှင်ချီ ဒီဟာက ကျုပ်အတွက် အသုံးမဝင်ဘူးဗျ၊ တခြား နေရာကနေ ရှာကြည့်မှ ထင်တယ်၊ ကျေးဇူးပါဗျာ …”

“မလောပါနဲ့ဦး၊ မင်းကြည့်ဖို့ နှစ်ရွက် ကျန်သေးတယ်လေ၊ အဲဒီ စာရွက်ထဲမှာ မင်းစိတ်ဝင်စားတဲ့ အရာ ရှိနေမလားဆိုတာ ဘယ်သူ သိမှာလဲ …” မိုဝူကျီ မျှော်လင့် ထားသည့်အတိုင်း ရိုးရိုးလေးချီသည် အရောင်းအဝယ် ကိစ္စကို မထူးမခြားနားဟန် ပြုမူနေပေမဲ့ မိုဝူကျီ ထွက်သွားတော့မည် ဆိုသောအခါ သူက ချက်ချင်းပင် ပူပင်လာလေ၏။

မိုဝူကျီက တည်ကြည် လေးနက်သည့် လေသံဖြင့် …

“ဆိုင်ရှင်ချီ … ရှင်းရှင်းပြောရရင် ခင်ဗျားရဲ့ ဈေးနှုန်းက တော်တော်လေး မြင့်တယ် …”

“မြေပုံနဲ့ ဒီဝိညာဉ်ပစ္စည်းအတွက် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၅၀ ၀၀၀ပဲ ကျသင့်တာလေ ...” ရိုးရိုးလေးချီက အလျင်အမြန် ပြောလိုက်သည်။ ဤတစ်ကြိမ်တွင် မိုဝူကျီက စိုးရိမ်စွာ ခုန်ပေါက်နေသည့် သူ့နှလုံးခုန်သံကိုပါ ကြားရလေ၏။

မိုဝူကျီက တံခါးဝတွင် ရပ်နေသော ဆိုင်အကူသည် သူ့အား အဓိပ္ပာယ်ပါပါ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ မိုဝူကျီက ပို၍ ဝေခွဲမရ ဖြစ်လာကာ ဘာတွေများ ဖြစ်နေတာလဲဟု တွေးမိလာသည်။

“မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၂၀၀၀၀ပဲ၊ တကယ်လို့ ဒီဈေးလက်ခံရင် ချက်ချင်း ပေးလိုက်မယ်၊ မဟုတ်ရင်တော့ ထွက်သွားတော့မယ် …” မိုဝူကျီက စိတ်မရှည်စွာ ပြောလိုက်သည်။

ဆိုင်အကူက မိုဝူကျီကို ကူညီတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ရိုးရိုးလေးချီက ဆိုင်အကူ၏ အမူအရာကို မြင်လိုက်ရသည်။ သူက သွားမည်းကို ကြိတ်လိုက်ပြီး မိုဝူကျီလက်ထဲကို ပစ္စည်း နှစ်ခုကို ထည့်ပေးကာ …

“ရောင်းမယ်၊ ဘာလို့ မရောင်းရမှာလဲ …”

မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံးကတ်နှင့် ပေးချေလိုက်ပြီး ထိုပစ္စည်း နှစ်ခုကို သိုလှောင်အိတ်ထဲကို ကောက်ထည့်လိုက်သည်။

မိုဝူကျီ ထွက်သွားသည်နှင့် ဆိုင်အနောက်ဘက်မှ “ဂျောင်း” ဟု ထွက်ပေါ်လာပြီး မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသမီး လျှောက်ထွက်လာသည်။

“ဘယ်လိုလဲ၊ အဲဒီကောင်လေးက ဘာလိုချင်တာလဲ ... သူက ကောင်းကင် လမ်းပန်းကို ရှာနေတာလား …” သူမ ပေါ်လာသည့် အခိုက်အတန့်တွင် အမျိုးသမီးက ရိုးရိုးလေးချီကို မေးခွန်းထုတ် လိုက်တော့သည်။

ရိုးရိုးလေးချီက သွားဖြီးပြုံး လိုက်ပြီး …

“သူက ကောင်းကင် ပန်းလမ်းကို ရှာနေတာလား ဆိုတာ မသေချာဘူး၊ ဒီကောင်လေးက အရမ်း ဉာဏ်ကောင်းတယ်၊ ကျုပ်က အပြီးအထိ အရောင်းအဝယ်ကို အလေး မထားသလို ဟန်ဆောင်ခဲ့ပေမဲ့ သူက ဝိညာဉ် ပစ္စည်းကနေ တစ်ခုခု လိုအပ်နေတယ်လို့ ပြောနိုင်တယ်၊ ဖြစ်နိုင်တာက သူက ကောင်းကင်ပန်းကို ရှာနေတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ သူက မရည်ရွယ်ပဲ ဝယ်သွားတာလည်း ဖြစ်နိုင်ချေ ရှိသေးတယ် … ”

“ဖူး ...” အမျိုးသမီးက ရိုးရိုးလေးချီ ခေါင်းပေါ်ကို တံတွေး ထွေးထုတ်လိုက်ပြီး …

“အရူး… သူက စာမျက်နှာ ၆ကို လှန်တုန်းက ခံစားချက် နည်းနည်း ပြောင်းသွားတယ်၊ ဒီမိန်းမအိုကြီးတောင် ကြားတယ်၊ မင်း အရူး … သူက မရည်ရွယ်ဘဲ ဝယ်သွားတာတဲ့လား …. မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၂၀၀၀၀ နဲ့လား …”

ရိုးရိုးလေးချီက ကျိတ်ရယ်မော လိုက်ပြီး …

“သူက စိတ်စွမ်းအင် ကျောက်တုံး မပြတ်လပ်တဲ့ သခင်လေး နေမှာပေါ့၊ သူ့မှာ သူ့ဝိညာဉ် စွမ်းအားကို ဖုံးကွယ် ပေးထားတဲ့ မျက်နှာဖုံးတောင် ရှိသေးတာပဲ၊ အဲဒီလို ရတနာ ပစ္စည်းနဲ့ စိတ်စွမ်းအင် ကျောက်တုံး ပြတ်လပ်နေတယ်လို့ ပြောလို့ ရပါ့မလား…”

အမျိုးသမီးက တိတ်ဆိတ်သွားပြီး အကယ်၍ ထိုလူတွင် ဝိညာဉ်စွမ်းအား ဖုံးကွယ်ခြင်း ရတနာသာ ရှိနေလျှင် အမှန်ပင် ချမ်းသာသည့် သခင်လေး ဖြစ်ရမည်။ ခဏအကြာတွင် …

“သူ့ပစ္စည်းတွေအပေါ် အမှတ်အသား ထားလိုက်သေးလား…”

“စိတ်ချနေပါ အားလုံးအပေါ် ထားလိုက်ပြီးပြီ ... ပြီးတော့ အနက်ဆေးလုံးလဲ ပါသွားပါ သေးတယ်၊ တကယ်လို့ သူက အဲဒီနေရာ သွားတာနဲ့ သေချာပေါက် အနက်ဆေးလုံးကို သုံးရမှာပဲ၊ အဲဒါဆို အဲဒီကျ ကျုပ်တန်းသိမှာပါ ….” ရိုးရိုးလေးချီက ဂုဏ်ယူစွာ ပြောလိုက်သည်။

“ခင်ဗျား မိတ်ဆက်ပေးတဲ့ ရိုးရိုးလေးချီက နည်းနည်းလေးမှကို မရိုးဘူး … သူ့ပစ္စည်းတွေက အရမ်း ဈေးကြီးတယ် … ” မိုဝူကျီက ရိုးရိုးလေးချီ၏ ဆိုင်မှ ထွက်လာလာချင်း ဆိုင်အကူကို ညည်းတွား လိုက်တော့သည်။

သူက ကောင်းကင်ပန်း တည်နေရာကို သိ၍ ကျေနပ်နေသော်လည်း သူ့ပေးလိုက်ရသည့် အခကြေးငွေမှာ အဆမတန် ဖြစ်သည်။

ဆိုင်အကူက မြန်မြန်ဆန်ဆန် ပြောလိုက်သည်။

“ရိုးရိုးလေးချီရဲ့ ပစ္စည်းတွေက ဈေးကြီးပေမဲ့ တန်ပါတယ်၊ တခြား ပစ္စည်းတွေတော့ မသိပေမဲ့ ရိုးရိုးလေးချီ ဆိုင်ကို ဝိညာဉ်ပစ္စည်း စာအုပ်ကို ဝယ်ဖို့ ခေါ်လာတဲ့ နောက်တစ်ယောက် ကတော့ ဝယ်သွားခဲ့တယ်၊ ပြီးတော့ အဲဒီလူက အရမ်းကို ကျေနပ်နေတာ … ကျုပ်ကိုတောင် ညွှန်းပေးတဲ့ အတွက် လာပြီး ချီးကျူး သွားသေးတယ်ဗျ… ”

သူက ထိုစကားကို ကြားသောအခါ မိုဝူကျီက ရုတ်တရက် ထူးထူးဆန်းဆန်း ခံစားမိလိုက်သည်။ သူက ဆုပ်ကိုင် ထားချင်သော်လည်း ထိုအရာကို မမြင်နိုင်သည့် ခံစားချက်မျိုး ဖြစ်၏။

“ဟုတ်သား … ဒါနဲ့ ဘာလို့ စိုးရိမ်တကြီး ရောက်လာတာလဲ ...” မိုဝူကျီက ဆိုင်အကူ အလောတကြီး ရောက်လာသည့် အကြောင်းကို ရုတ်တရက် ထမေးလိုက်သည်။

ဆိုင်အကူက သူ့မူလ ရည်ရွယ်ချက်ကို သတိရသွား ဟန်ဖြင့် မိုဝူကျီကို ဘေးသို့ ဆွဲကာ တီးတိုး ပြောလိုက်သည်။

“မိတ်ဆွေ ကျုပ်က ဝရမ်းကို တွေ့ခဲ့တယ်ဗျ … အဲဒီထဲက လူနဲ့ ခင်ဗျားနဲ့ သိပ်တူတာပဲ … ”

မိုဝူကျီ၏ နှလုံးခုန်နှုန်း စတင် မြန်လာပြီး ဂျင်ကျွိကျန်းကို သတ်ခဲ့သည့် ကိစ္စကို စစ်ဆေးမည်မှန်း မျှော်လင့် ထားပြီးသား ဖြစ်သည်။ သို့သော် ဝရမ်းပြေးပုံကား မကြာခင် ထွက်လာမည်ဟု ထင်မထားခဲ့ပေ။ သူက ပျောက်ဆုံး ကောင်းကင်မြို့ပျက်သို့ ရောက်စ ဖြစ်ကာ ဝရမ်းပြေးပုံကား နောက်မှ လိုက်လာလေသည်။ ဖြစ်နိုင်သည်က ထိုပုံသည် ပျောက်ဆုံး ကောင်းကင်မြို့တွင် မကဘဲ အခြားသော မြို့များတွင်လည်း ရောက်ပြီး လောက်ချေပြီ။

ဂျင်ကျွိကျန်းသည် လေလုံး ထွားနေခြင်း မဟုတ်ခဲ့ပေ၊။ သူသည် အမှန်ပင် တာအိုဂိတ်၏ အရေးပါသူ တစ်ယောက် ဖြစ်နေသည်။ တာအိုဂိတ်သည် ကောင်းကင်ဖွေရှာ နန်းတော်တွင် နံပါတ်တစ် အစိတ်အပိုင်း ဖြစ်ကာ ဆေးလုံး ဘုံစေတီနှင့် ဓားရေကန်တို့ထက် ပိုရှေ့ရောက်၏။

“စီနီယာ ခင်ဗျားကို နောက်တံခါးကနေ ခေါ်ထုတ်ပေးမယ် …” ဆိုင်အကူက ညင်ညင်သာသာ ပြောလိုက်သည်။

“ဟုတ်ပါပြီ ကျေးဇူး အများကြီး တင်ပါတယ်ဗျာ ...” မိုဝူကျီသည် ဆိုင်အကူက ထိုသို့ သတိပေး လိုက်သည့် အပြုအမူ အတွက် ဆုလာဘ် လိုချင်ကြောင်း သိ၏။ ပို၍ အရေးကြီးသည်က သူ့မြေကမ္ဘာ ယွမ်ဆေးလုံး၏ အကျိုး သက်ရောက်မှု ကြောင့်သာ ဖြစ်သည်။ ကံကြမ္မာဆိုသည့် အရာသည် အမှန်တကယ် ရှိကာ မထင်မရှား ဆိုင်အကူသည်ပင် သူ့အတွက် အကျိုးများစွာ ဖြစ်ခဲ့သည်။

ဆိုင်အကူက မိုဝူကျီကို မြေအောက် ဈေးကွက်ကို ဆယ်ကြိမ်ထက် မနည်း ပတ်ကာ‌ ခေါ်ဆောင် သွားပြီးနောက် လမ်းကြောင်းလေးကို ညွှန်ပြ၍ ပြောလိုက်သည်။

“စီနီယာ ဒီလမ်းက ပျောက်ဆုံး ကောင်းကင်မြို့ အပြင်ကို ရောက်တယ်၊ ကျုပ်က လိုက်လို့ မရတော့ဘူး၊ အရင်လမ်းဆီ ကျုပ်က ပြန်သွားရဦးမှာ …”

မိုဝူကျီက ကျောက်စိမ်း ပုလင်းကို ထုတ်ကာ ဆိုင်အကူကို ပေးလိုက်သည်။

“ဒါက ခင်ဗျား အတွက်ပါ… ကျုပ်ကို လမ်းညွှန်ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်…”

ထိုသို့ပြောပြီး မိုဝူကျီက ထိုလမ်းဆီ အမြန်အဆန် ဆင်းသွားလိုက်ပြီး မကြာခင် ပျောက်ကွယ် သွားတော့သည်။ သူက ထိုလမ်းကို စိတ်စွမ်းအား ဖြန့်ကြက်၍ စစ်ဆေး ကြည့်ပြီးပြီ ဖြစ်ရာ ဆိုင်အကူသည် သူကို မလိမ်ညာကြောင်း သိ၏။ ထိုသည်က မြေအောက် ဈေးကွက်မှ ထွက်လာနိုင်သည့် အစစ်အမှန် လမ်းပင် ဖြစ်သည်။

မြေအောက် ဈေးကွက်မှ ထွက်လာပြီး မိုဝူကျီက လူရှပ်လှသည့် ပျောက်ဆုံး ကောင်းကင်မြို့သို့ ပြန်မသွားပေ။ ထို့အစား သူက နေရာတစ်ခု ရွေးချယ်၍ စတင် ပြေးလိုက်တော့သည်။

သူက ပြေးနေရင်းဖြင့် ရိုးရိုးလေးချီ ဆီမှ ဝယ်ယူခဲ့သည့် မြေပုံကို ဖွင့်လိုက်သည်။

နေ့ဝက်အကြာတွင် မိုဝူကျီက ရပ်တန့်လိုက်သည်။ သူ့ရှေ့တွင် ကျတ်တီးမြေ ရှိနေပြီး အဆုံးမရှိသော ကန္တာရ တစ်ခု ဖြစ်နေသည်။ မြေပုံအရ ထိုကန္တာရသည် ပျောက်ဆုံး ကောင်းကင်မြို့ပျက်၏ နယ်မြေအတွင်း တည်ရှိလေသည်။

မိုဝူကျီက မြေပုံကို သိမ်းထားလိုက်ပြီး သူ့တွင် ရေမပါလာကြောင်း သတိထားမိ လိုက်သည်။ သို့သော်လည်း သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၂ ရောက်နေပြီ ဖြစ်၍ သူက ရေငတ်တော့ မသေလောက်ဘူး မလား ...

တစ်ယောက်ယောက်က သူ့အား ပျောက်ဆုံး ကောင်းကင်မြို့အထိ နောက်မှ လိုက်လာလေသည်။ ထို့ကြောင့် ရေရရှိဖို့ရန် အတွက်နှင့် သေချာပေါက် ပြန်မသွားနိုင်ချေ။

မိုဝူကျီက ကန္တာရထဲ ဝင်လိုက်တော့သည်။ မကြာခင်တွင် သူက အဝါရောင် သဲကန္တာရထဲ ပျောက်ကွယ် သွားတော့သည်။

မိုင်ထောင်ချီ အဝေးရှိ ကောင်းကင်ဖွေရှာ နန်းတော် တာအိုဂိတ် ခန်းမတွင် တာအိုဂိတ် အကြီးအကဲ ဖြစ်သည့် ဂျင်ယွီက အမူအရာ ပျက်နေလေသည်။ သူ့မျက်နှာသာ အပေးဆုံး အဖွဲ့ဝင် ဖြစ်သည့် ဂျင်ကျွိကျန်းသည် အမှန်တကယ် အသတ်ခံရ၏။ ထို့အပြင် သူသည် ကောင်းကင်ဖွေရှာ မြို့သို့ သွားရာလမ်းတွင် အသတ်ခံရခြင်း ဖြစ်လေသည်။

မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ သူသည် ဂျင်ကျွိကျန်းကို သူ့မျိုးနွယ်စုမှ ကောင်းကင်ဖွေရှာ နန်းတော်သို့ တသီးတသန့် ခေါ်ဆောင်လာခြင်း ဖြစ်သည်။

“ဂျင်ကျွိကျန်းကို သတ်လိုက်တဲ့ သူက ကျုပ်တို့ ဂိုဏ်းက ဖြစ်ရမယ်။ တခြားသူတွေက သူ့ကို လုပ်မှာ မဟုတ်ဘူး၊ လုပ်ရဲမှာလည်း မဟုတ်ဘူး ... ကျုပ်က စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်နဲ့ အထက်ကို စစ်ဆေးချင်တယ် … အဲဒီအတွက် တာအိုသခင်က ကျုပ်ကို ထောက်ခံပေးမယ်လို့ မျှော်လင့်ပါတယ် ...” ဂျင်ယွီက လက်သီးဆုပ် အရိုအသေပေးကာ ခေါင်းဆောင် ထိုင်ခုံတွင် ထိုင်နေသည့် သပ်ရပ်လှသည့် အမျိုးသားဆီ တောင်းဆိုလိုက်သည်။ သူ့စကားလုံးများက လေးနက်ပြီး ပြတ်သားလှသည်။

သပ်ရပ်လှသည့် အမျိုးသားက ကောင်းကင်ဖွေရှာ နန်းတော် တာအိုဂိတ်၏ တာအိုသခင် ချွီကျန်းယွမ် ဖြစ်သည်။ သူက ဆေးလုံး ဘုံစေတီမှ ဘွားဘွား လင်းလောင်နှင့် ခြားနားလှသည်။ ဆေးလုံး ဘုံစေတီမှ အမျိုးမျိုးသော ဆေးလုံး ဆရာများသည် တစ်ယောက်အပေါ်တွင် တစ်ယောက် မထိန်းချုပ် နိုင်ကြသော်လည်း တာအိုဂိတ်မှ တာအိုသခင်သည် ကောင်းကင်ဖွေရှာ နန်းတော် တာအိုဂိတ်တွင် နံပါတစ် ဖြစ်လေသည်။

ချွီကျန်းယွမ်က အခြား အကြီးအကဲများကို တစ်ချက် ကြည့်လိုက်ပြီး တစ်ယောက်မှ ဂျင်ယွီအတွက် ထွက်လာသည်ကို မမြင်ပေ။ အကြောင်းမှာ ဂျင်ယွီ၏ မျိုးနွယ်စုဝင်မှာ အရမ်းကို ခြယ်လှယ်လွန်း၍ ဖြစ်သည်။ ဂျင်ယွီ အနေအထားနှင့် သူ့သာလွန်သော ဝိညာဉ်ကြောကြောင့် သူသည် ဂိုဏ်းအတွင်း စိတ်တိုင်းကျ ပြုမူနေခြင်း ဖြစ်သည်။

အကယ်၍ ထိုသို့သော လူမျိုးမှ ဂိုဏ်းမှ ထွက်သွားသည်နှင့် သေချာပေါက် ဒုက္ခတွေ့ပေလိမ့်မည်။ ကံဆိုးလှစွာ သူက ဂိုဏ်းမှ မထွက်ခွာရသေးခင် အသတ် ခံလိုက်ရ၏။

တစ်ယောက်မှ ရှေ့မထွက် လာသည်ကို မြင်သောအခါ ချွီကျန်းယွမ်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်လည်း ဒီတောင်းဆိုမှုကို သဘော မတူနိုင်ဘူး။ ဂျင်ကျွီကျန်းရဲ့ အသာလွန်ဆုံး ဝိညာဉ်ကြောနဲ့ ဆိုရင်တောင် သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ပဲ ရောက်သေးတာလေ … ပြီးတော့ ကောင်းကင်ဖွေရှာ နန်းတော်မှာ ပါရမီရှင်တွေက တိမ်တွေလို ပေါများချက် … ဒါပေမဲ့လည်း အကြီးအကဲဂျင်က ဒီလို ဖြစ်တယ်လို့ ယုံကြည်မှု ပြင်းထန် နေရင်တော့ ကူညီပေးပါ့မယ် …”

“အစ်ကိုဂျင် ... ဂျင်ကျွီကျန်းရဲ့ သိုလှောင်အိတ်အပေါ် အမှတ်အသား ထားမထားဘူးလား …” ဂျင်ယွီဘေးတွင် ထိုင်နေသော အမျိုးသမီး ကျင့်ကြံသူက ဝေခွဲမရစွာ မေးလိုက်သည်။

ဂျင်ယွီက သက်ပြင်း ချလိုက်ပြီး …

“ဘာလို့ မထားဘဲ နေရမှာလဲ ... သူ့သိုလှောင်အိတ်တင် မဟုတ်ဘူး စိတ်စွမ်းအင် ကျောက်တုံး၊ ဆေးလုံး၊ မှော်ရတနာ … အားလုံးအပေါ် မှတ်ထားတယ် ... ဒါပေမဲ့ သတ်ဖြတ်သူက အရည်အချင်း ရှိပုံပဲ… တစ်ခုမှ ထိမသွားဘူး …”

လက်တွေ့တွင် ဂျင်ယွီ တောင်းဆိုမှုကို တာအိုသခင်က ထောက်ခံမပေးပေ။ အကယ်၍ တာအိုသခင်က ထောက်ခံ ပေးလျှင်ပင် ဂိုဏ်းချုပ်က ခွင့်ပြုမည် မဟုတ်ပေ။ ကောင်းကင်ဖွေရှာ နန်းတော် တစ်ခုလုံးကို စစ်ဆေးဖို့လား ….

ဂျင်ယွီက ထိုမျှ မကြီးကျယ်ပေ။ ယခု သူ့စကားလုံးများသည် နောင်အခါ သူ့တောင်းဆိုချက် အတွက် လမ်းဖောက်ထားဟန် ဖြစ်သည်။

“တာအိုသခင် အဲဒါဆို ကျုပ်တော့ ကောင်းကင်ဖွေရှာ နန်းတော် နာမည်နဲ့ ဝရမ်းထုတ် ပေးချင်တယ် ...” အမျိုးသမီး ကျင့်ကြံသူ၏ မေးခွန်းကို ဖြေပြီးသည့် နောက်တွင် ဂျင်ယွီက ဆက်ပြောလိုက်သည်။ ထိုတောင်းဆိုချက်သည် သူအမှန်ပင် လိုချင်ခြင်း ဖြစ်၏။

ချွီကျန်းယွမ်က ဝေခွဲမရ မေးလိုက်သည်။

“ဘယ်သူ သတ်တာလဲ ဆိုတာ သိလား…”

ဂျင်ယွီက ခေါင်းကို ခါလိုက်ပြီး …

“အဲဒါတော့ မသိသေးပါဘူး။ ဒါပေမဲ့ ဂျင်ကျွိကျန်း မသေခင် သူက အပြင်စည်း တပည့်နဲ့ ကတောက်ကဆတ် ဖြစ်ခဲ့သေးတယ်။ အဲဒီနောက်မှာ ကျွီကျန်းနဲ့ သူ့အစောင့် နှစ်ယောက်က အသတ်ခံ လိုက်ရတာပဲ … ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအပြင်စည်း တပည့်လည်း အဲဒီအချိန်က ဂိုဏ်းအပြင် ထွက်သွားတယ် ...”

သူ့စစ်ဆေးမှုတွင် ဂျင်ယွီက ဂျင်ကျွိကျန်းသည် မိုဝူကျီ အိမ်သို့ လူများ လွှတ်လိုက်သည်ကို သိ၏။ သို့သော်လည်း သူက ထုတ်ပြောမည် မဟုတ်ပေ။ ထိုကိစ္စမျိုးသည် လျှို့ဝှက် ထားသင့်ပြီး မပေါက်ကြားသင့်ပေ။

“အဲဒါဆို အဲဒီအပြင်စည်း တပည့်ရဲ့ ကျင့်ကြံဆင့်က အရမ်း မြင့်နေလို့လား ... သူ့နာမည်က ဘာတဲ့လဲ ...” ချွီကျန်းယွမ်က စိတ်ဝင်တစား မေးလိုက်သည်။

ဂျင်ယွီက အင်တင်တင်ဖြင့် ပြန်ပြောလိုက်သည်။

“သူ့နာမည်က မိုဝူကျီတဲ့၊ ကောင်းကင်ဖွေရှာ နန်းတော်ကို ဝင်တာ မကြာသေးဘူး။ သူ့ကျင့်ကြံဆင့်နဲ့ ပတ်သက်ရင်တော့ မြင့်တယ်လို့တော့ ပြောလို့ မရဘူး၊ သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ကို ပြီးပြည့်စုံခြင်း အဆင့်ပဲ ရှိဦးမှာ …”

လက်တွေ့တွင် ဂျင်ယွီ၏ စိတ်ထဲ၌ မေးခွန်းများဖြင့်သာ ပြည့်နေလေသည်။ သူက မိုဝူကျီအကြောင်း စုံစမ်းခဲ့၍ သူသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ထဲသာ ရှိကြောင်း အတည်ပြုနိုင်သည်။ မိုဝူကျီသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းသွားသည့် အကြောင်းအရာကိုလည်း ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် မိုဝူကျီသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တွင်သာ ရှိရမည်။ စိတ်ဝိညာဉ်တောင် မတည်ဆောက် နိုင်သေးတဲ့ ပမွှားလေးက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အလယ်အလတ် အဆင့် နှစ်ယောက်နှင့် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၉ ကျင့်ကြံသူများကို သတ်သွားသည်လား … ဒါက ဖြစ်ရော ဖြစ်နိုင်လို့လား…

“ဟားဟား အကြီးအကဲဂျင် ... ခင်ဗျားရဲ့ မခံပြင်းမှုတွေက စိတ်ကို ဖုံးလွှမ်းသွားပြီလား ... အပြင်စည်း ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် နှစ်ယောက်ကို သတ်ခဲ့တာလား … ပြီးတော့ ခင်ဗျားရဲ့ မျိုးနွယ်စုက ဂျင်ကျွိကျန်းလည်း ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ကိုး မဟုတ်ဘူးလား … ပြောပြပါဦး အဲဒီ ကျင့်ကြံသူက ဘယ်လိုများ လုပ်ခဲ့တာလဲ …” ဂျင်ယွီကို အမြဲတမ်း မကျေမနပ် ဖြစ်နေသည့် တာအိုအကြီးအကဲ တစ်ယောက်က သူ့အား ပြက်ရယ်ပြုဖို့ရာ တွန့်ဆုတ်မနေပေ။

ထိုသည်က တာအိုဂိတ်၏ အရေးပါသည့် အတွင်းစည်း တပည့်လည်း မဟုတ်သည့် အတွက် ထိုအဓိပ္ပာယ်မရှိသည့် ကိစ္စကို ဆက်လက် စုံစမ်းနေစရာ မလိုအပ်ပေ။

ဂျင်ယွီက အေးစက်စွာ ပြန်ဖြေလိုက်သည်။

“သူ့ကို ကူညီတဲ့သူ ရှိလို့ နေမှာပေါ့ …”

ထိုသို့ ပြောပြီး ဂျင်ယွီက လက်နှစ်ဖက် ယှက်လျက် …

“တာအိုသခင် ကျုပ်က အဲဒီလူကို ဖမ်းပြီးတော့ မေးခွန်း နည်းနည်း မေးပြီး စစ်ကြည့်ချင်တာပါ …”

***

All Chapters