ရိုးရိုးလေးချီ၏ မမှားသင့်သော အမှား
Vol. 13 Ch. 171
ချွီကျန်းယွမ်က သူတို့၏ ငြင်းခုံမှုကြား ဝင်ဖြတ် ပြောလိုက်ပြီး …
“အကြီးအကဲဂျင် အတည်မပြု ရသေးတဲ့ အရာအတွက် ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ နာမည် ဒါမှမဟုတ် တာအိုဂိတ်ရဲ့ နာမည်ကို မသုံးတာ ပိုကောင်းလိမ့်မယ်။ တကယ်လို့ အဲဒီအပြင်စည်း တပည့်က လေ့ကျင့်ဖို့ ထွက်သွားတာ ဆိုရင် မသေချာတဲ့ အခြေအနေ အောက်မှာ သူ့ကို ပြန်ခေါ်ဖို့ အတွက် ဝရမ်း မထုတ်သင့်ဘူးလေ ...”
အထဲတွင် ဂျင်ယွီက ချွီကျန်းယွမ် ပြောသည့်အရာကို မုန်းတီးလှသည်။ သူက ကောင်းကင်ဖွေရှာ နန်းတော် နာမည် မသုံးလျှင်ပင် ထိုအပြင်စည်း တပည့်ကို ပြန်လာအောင် ဝရမ်း ထုတ်နိုင်သေး၏။ ပညာရပ် ခန်းမတွင် ဂျင်ကျွိကျန်း နေရာကို လုရဲသည့် အချက်ကပင် သူ့အတွက် မိုဝူကျီကို ညှာညှာတာတာ မရှိ အပြစ်ပေးဖို့ရာ လုံလောက် နေလေပြီ။
“ကဲ ... လူစုခွဲကြစို့ ...” ယခု သူတို့သည် ထိုကိစ္စတွင် အပြင်စည်း တပည့် ပါဝင်နေသည်ကို သိရှိပြီးပြီ ဖြစ်၍ ချွီကျန်းယွမ်က ထပ်၍ မပြောလိုတော့ပေ။ ဂျင်ယွီက အမြဲတမ်း အမြော်အမြင် ကြီး၍ သူ့လူများအပေါ် ကာကွယ် တတ်သည့်သူ ဖြစ်သည့်အတွက် သူ့ကို တားဆီး၍ ရမည် မဟုတ်ပေ။
တာအိုဂိတ်တွင် ပါရမီရှင် တပည့်အနေနှင့် ဂျင်ကျွိကျန်း တစ်ယောက်တည်း မဟုတ်ပေ။ ထို့အပြင် သူက ယခင်ကတည်းမှ ဂျင်ကျွိကျန်းကို မနှစ်သက်ခဲ့သည့် အတွက် သူသေလျှင် သေဆုံးတာသာ ဖြစ်သည်။ ဘာမှ ထွေထွေထူးထူး မခံစားမိပေ။
ကန္တာရထဲ ရောက်သွား ပြီးနောက် မိုဝူကျီက လုံးဝ စိတ်အေးလက်အေး ဖြစ်သွားတော့သည်။ ဤ အဆုံးမရှိသည့် ပျောက်ဆုံး ကောင်းကင် မြို့ပျက်ထဲတွင် သူ့အား ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ချေ။ သူက ထိုကိစ္စအတွက် ဆိုင်အကူကို ကျေးဇူးတင်ရ လိမ့်မည်။ အကယ်၍ ဆိုင်အကူသာ သူ့ကို ခေါ်မထုတ်ခဲ့လျှင် တစ်ယောက်ယောက်၏ ထောင်ချောက် အတွင်းသို့ သက်ဆင်း သွားလောက်လေပြီ။
သို့သော်လည်း ဆိုင်အကူ ညွှန်းပေးသည့် ရိုးရိုးလေးချီသည် စိတ်စွမ်းအင် ကျောက်တုံးများကို အဆမတန် တောင်းသော်လည်း ပထမ အကြိမ်တည်းဖြင့် ကောင်းကင်လမ်းပန်း တည်နေရာကို ရှာတွေ့ခဲ့လေသည်။ ထိုမှတစ်ဆင့် သူသည် ရိုးရိုးလေးချီ ဆိုင်သို့ ဆိုင်အကူ လမ်းညွှန်ပေးသည့် ပထမဆုံးလူ မဖြစ်နိုင်ပေ။ ကြည့်ရသည်မှာ ဆိုင်သည် တရားဝင် ဖြစ်ဟန် ပေါ်သည်။
ထိုစဉ် မိုဝူကျီက ရုတ်တရက် နားလည် သဘောပေါက် သွားလေသည်။ ဤသည်က ဆိုင်အကူသည် လူအများကို ရိုးရိုးလေး ချီဆိုင်သို့ လမ်းညွှန်ပေးခဲ့ပြီး ထိုသူများသည် အရည်အသွေးကောင်း ပစ္စည်းများ ရသွားကြသည်မှာ ပထမဆုံး အကြိမ် မဟုတ်နိုင်ပေ။ ထိုသို့ဆိုလျှင် ရိုးရိုးလေး ချီဆိုင်မှ ဝယ်လာသော မြေပုံမှာ သူ ဦးဆုံး ရရှိထားခြင်း မဟုတ်ပေ။
သို့သော်လည်း အကယ်၍ ရိုးရိုးလေးချီ၏ မြေပုံသည် အမှန်တကယ် ဈေးကြီးပြီး အကြိမ်များစွာ ရောင်းချ ထားလျက်နှင့် မပေါက်ကြား သွားပေဘူးလား … အခြားသော လူများမှလွဲလျှင် သူပင် အနည်းဆုံး သူသိသည့် လူဆီ ပြန်ရောင်းလိမ့်မည် ဒါမှမဟုတ် ပျောက်ဆုံး ကောင်းကင် မြို့ပျက်မှ ထွက်မသွားခင် ကုန်သည်အိမ်တော် တစ်ခု၌ ပြန်ရောင်းခဲ့ မိလိမ့်မည်။ စိတ်စွမ်းအင် ကျောက်တုံးများစွာ သုံးထားရပြီး တစ်ကြိမ်တည်း အသုံးဝင်သည့် ကိစ္စက အဓိပ္ပာယ် သိပ်မရှိချေ။
လက်တွေ့တွင် ဆိုင်အကူ စကားများအရ မိုဝူကျီသည် ရိုးရိုးလေးချီ၏ မြေပုံသည် ပုံတူ ကူးထားခြင်း ဖြစ်ကြောင်း ပြောနိုင်သည်။
မိုဝူကျီက အတွေးကွင်းဆက် ချိတ်ဆက်မိ သွားသောအခါ ကျောရိုး တစ်လျှောက် ကြက်သီး တဖြန်းဖြန်း ထသွားလေသည်။ ကိစ္စများက ရှင်းလင်း သွားချေပြီ။ ပထမဆုံး ဖြစ်နိုင်ချေသည် ရိုးရိုးလေးချီ မြေပုံကို ဝယ်ယူသူတိုင်း ပျောက်ဆုံး ကောင်းကင် မြို့ပျက်ထဲသို့ ကျရောက် သွားကြဟန် ဖြစ်သည်။ အကယ်၍ ထိုသို့ဆိုလျှင် နောက်ကွယ်က အကြောင်းရင်း တစ်ချက် ရှိရမည်။ မြေပုံပေါ်ရှိ ရတနာများသည် အန္တရာယ်ကြီးသည့် နေရာတွင်သာ ရှိကာ ထိုနေရာတွင် အသက်ရှင်ဖို့ရာ ခက်ခဲ ပေလိမ့်မည်။
ဒုတိယ ဖြစ်နိုင်ချေကား ရိုးရိုးလေးချီ မြေပုံကို ဝယ်ယူသူတိုင်းက ပျောက်ဆုံး ကောင်းကင် မြို့ပျက်ထဲမှ ရတနာများကို ရရှိကြသော်လည်း သူတို့ ပြန်ရောက်သည့် အခါ အားလုံး ပျောက်ဆုံး သွားကြခြင်း ဖြစ်နိုင်သည်။ ဘာကြောင့် ပျောက်ဆုံး သွားတာလဲ ... ရိုးရိုးလေးချီကြောင့် ဖြစ်နေမလား …
ယခု မိုဝူကျီတွင် ဆက်ပြေးဖို့ရာ စိတ်အခြေအနေ မဟုတ်ပေ။ သူက ကျောက်တုံးများ၊ သဲများ၊ တွင်းပေါက်များကို တွေ့လိုက်ရသည်။
ပထမဆုံး သူလုပ်လိုက်သည့် အရာက ရိုးရိုးလေးချီ မြေပုံကို ထုတ်ယူပြီး စိတ်စွမ်းအားဖြင့် အားလုံးကို မှတ်သား ထားလိုက်ခြင်း ဖြစ်သည်။ တစ်နာရီ အကြာတွင် အတော်အတန် ကြီးမားသော မြေပုံကို စိတ်ထဲတွင် ပုံတူမှတ်ယူ ထားပြီးလေပြီ။ ထို့နောက်တွင် သူက ရတနာများ အကြောင်း ပါဝင်သည့် စာအုပ် အသေးလေးကို ထုတ်ယူလိုက်ပြီး အားလုံးကို ချရေးဖို့ရာ နောက်တစ်နာရီ ယူလိုက်ရသည်။
ထို့နောက် မိုဝူကျီက မြေပုံနှင့် စာအုပ်ကို စစ်ဆေးကြည့် လိုက်သော်လည်း အမှတ်အသားကိုတော့ ရှာမတွေ့ပေ။
မိုဝူကျီက စိတ်မရှည်စွာ နှစ်ခုလုံးကို ချထား လိုက်တော့သည်။ သူက စိတ်စွမ်းအားကို ထိန်းချုပ်သည့် အခြေခံ နည်းလမ်းကိုသာ သိသည်။ စိတ်စွမ်းအားကို လေ့ကျင့်မည့် ကျင့်စဉ်မရှိဘဲ သူ့အတွက် အခြားလူများ လုပ်ထားသည့် အမှတ်အသားများကို စိတ်စွမ်းအားဖြင့် စစ်ဆေး သိရှိဖို့ရန် ခက်ခဲလှသည်။
ထိုပစ္စည်း နှစ်ခုသည် သူ့လက်ထဲတွင် အချိန်ကိုက်ဗုံး ထားထားရ သကဲ့သို့ ဖြစ်နေလေသည်။ ထိုပစ္စည်းများကို ဖယ်ရှား ပစ်ဖို့ရာ နည်းလမ်းတချို့ ရှာရလိမ့်မည်။ သူတို့ကို နေရာ တစ်ခုတည်းတွင် မြှုပ်နှံထားခဲ့၍ မဖြစ်ပေ။
မဟုတ်သေးချေ ... သူသည် အနက်ဆေးလုံးပါ ဝယ်ယူခဲ့သေး၏။
သူက ထိုအချက်ကို သတိဝင်လာသည်နှင့် သူက သိုလှောင်အိတ်ထဲက အဆိပ်ဖြေ ဆေးလုံးကို ထုတ်ယူ လိုက်တော့သည်။ သူက ဤဆေးလုံးကို ဝယ်ယူခဲ့စဉ်က အသေးစိတ်ကို မစစ်ဆေးမိခဲ့ပေ။ သို့သော် ဆေးလုံးက သူ့လက်ထဲ ရှိနေပြီး ထိုဆေးလုံးက ထိုမျှ မရိုးရှင်းကြောင်း သိလိုက်ရသည်။
ဆေးလုံးဆရာ တစ်ယောက် အနေနှင့် သူ့လက်ထဲမှ ဆေးလုံးသည် လုံးဝကို ဝန်းစက်နေပြီး အရောင်အဆင်းတွင် မသန့်စင်မှု လုံးဝ မပါရှိချေ။ ထို့ကြောင့် ဆေးလုံးဆရာသည် ထိုဆေးလုံးကို အရည်အသွေး မြင့်မြင့် ဖော်စပ်ထားခြင်း ညွှန်ပြနေသည်။
မိုဝူကျီက ဆေးလုံးကို အနံ့ခံ ကြည့်လိုက်ပြီး အနံ့ဆိုးဆိုး တစ်ခု အနည်းငယ် ရလိုက်လေသည်။ နောက်ဆုံးတွင် ထိုဆေးလုံးကို မှတ်မိသွားလေ၏။ ထိုဆေးလုံးက တော်တော် အံ့ဩဖို့ ကောင်းသော်လည်း မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၃၀၀၀၀တော့ မတန်ပေ။
စကားလုံးမဲ့ ဆေးနည်း စာအုပ်တွင် အဆင့်၇ ဆေးလုံးများကို မိတ်ဆက်စဉ်က ထိုဆေးအကြောင်း ရှင်းပြ ထားဖူးသည်။ ထိုဆေးလုံးကို အနက်ဆေးလုံးဟု ခေါ်ဆိုသည်။ ဖော်စပ်ဖို့ရာ ခက်ခဲလှသော အဆိပ်ဖြေဆေးလုံး ဖြစ်သည်။ သို့သော်လည်း အနက်ဆေးလုံးသည် သာမန်အဆိပ် အတွက် မဟုတ်ဘဲ အာရုံကြော အဆိပ်အတွက် ဖြစ်လေသည်။ ထိုဆေးလုံး ဈေးနှုန်းမှာ ယန်ချင်ယင် ယခင်က အသုံးပြုဖူးသော သဘာဝ အသက်ဓာတ် ဆေးလုံးထက် သေချာပေါက် အဆများစွာ မြင့်ပေလိမ့်မည်။
ထိုဆေးလုံးကို လွှင့်ပစ်ဖို့ရာ နှမြောဖို့ ကောင်းလှလေသည်။ ထိုသို့လည်း မလုပ်ဆောင်ရက်ချေ။ သို့သော်လည်း သူက သူနှင့်အတူ သိမ်းထားဖို့ ရာလည်း မလုပ်ဆောင်ရဲပေ။ ရိုးရိုးလေးချီသည် အမှန်ပင် ကြောက်စရာ ကောင်းလှသည်။ ရိုးရိုးလေးချီဆီမှ ပစ္စည်းများကို သူ့ဘေးတွင် မထားချင်ပေ။
မိုဝူကျီက များစွာ တွေးတောပြီးနောက် သူက လွှင့်မပစ်ဖို့ရာ ဆုံးဖြတ် လိုက်တော့သည်။ ထိုဆေးလုံးက အဖိုးတန်လွန်းသည့် အချက်အပြင် သူက အန္တရာယ် အများဆုံး နေရာသို့ သွားရမှာ ဖြစ်သည့်အတွက် အာရုံကြော အဆိပ်နှင့် တွေ့လျှင် မည်သို့ လုပ်ရမည်နည်း။
သို့သော် ဆေးလုံးကို ဦးစွာ စစ်ဆေး ကြည့်သင့်သည်။ သူ့စိတ် စွမ်းအားဖြင့် သူသည် တစ်ခုခု မှားယွင်းနေသည်နှင့် ရှာတွေ့မည် ဖြစ်ကြောင်း ယုံကြည်ချက် ရှိသည်။ အကယ်၍ သူက ဘာပြဿနာမှ မတွေ့လျှင်ပင် ထိုဆေးလုံးကို စွန့်လွှတ်ရမည်သာ ဖြစ်သည်။ အာရုံကြော အဆိပ် မိခြင်းသည် ပါရမီရှင် တစ်ယောက်ဆီမှ လှည့်ဖြားခံရပြီး နောက်ဆုံး၌ သူ့လက်ထဲသို့ ကျဆင်း သွားသည်ထက် ပိုကောင်းလေသည်။
မြေကမ္ဘာ ဝိညာဉ် ကာကွယ်ရေး ဆေးလုံးကို ဘေးမှာ ချထားပြီး မိုဝူကျီက စိတ်စွမ်းအားကို အနက်ဆေးလုံး၏ တစ်လွှာချင်းစီ တဖြည်းဖြည်းချင်း ဝင်ရောက်လိုက်သည်။ ထိုဖြစ်စဉ် တစ်လျှောက်လုံးတွင် ဆေးလုံးကို တစ်ပိုင်းစီ စစ်ဆေးကြည့်ခြင်း ဖြစ်သည်။ ဤသည်က အဆင့် ၇ ဆေးပင် ခရမ်းဟုန် ကြာပန်းကို သန့်စင်ပြီးသည်မှ စ၍ ဝိညာဉ် စွမ်းအားကို အလွန်အကျွံ သုံးခြင်းက ဒုတိယအကြိမ် ဖြစ်သည်။
စိတ်စွမ်းအားဖြင့် စစ်ဆေး ကြည့်ခြင်းသည် မိုဝူကျီ ခေါင်းတစ်ခုလုံးကို ခြေမွှထား သကဲ့သို့ ခံစားနေရ သော်လည်း သူက စိတ်စွမ်းအား များများ ထုတ်လိုက်ပြီး ဆေးလုံးအထဲကို ဝင်ရောက်လိုက်သည်။
အကယ်၍ သူသာ မူမမှန်မှု တစ်ခုခုကို ရှာတွေ့ခဲ့သည်နှင့် သူ့တွင် အသက်ပို တစ်ချောင်း ရရှိသည့်အလား ဖြစ်လိမ့်မည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားကာ မိုဝူကျီ မျက်နှာတွင် ချွေးစက်များ ထွက်လာရင်း ဖြူဖျော့ လာလေသည်။ မြေကမ္ဘာ ဝိညာဉ်ကာကွယ်ရေး ဆေးလုံး ပုလင်းတစ်ဝက်ကို အသုံးပြုပြီးပြီ ဖြစ်ကာ အနက် ဆေးလုံးကို စစ်ဆေးနေခြင်းက မပြီးဆုံးသေးပေ။
အမွှေးတိုင် တစ်ဝက်ခန့် ကုန်သွားပြီးနောက် သူက လက်လျှော့တော့မည့် ဆဲဆဲတွင် မိုဝူကျီ၏ စိတ်စွမ်းအားက စွမ်းအား အရိပ်အယောင် တစ်ခုကို သွားထိမိလေသည်။
ဒီဟာပဲ ...
မိုဝူကျီက စိတ်လှုပ်ရှားစွာ လက်နှစ်ဖက်ကို ဆုပ်ထားလိုက်ပြီး မြေကမ္ဘာဝိညာဉ် ကာကွယ်ရေး ဆေးလုံးကို ထပ်သောက်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့စိတ်စွမ်းအားဖြင့် ထိုစွမ်းအားလေးကို လှည့်ပတ်ရင်း လေ့လာ နေလိုက်သည်။ ခဏအကြာတွင် ထိုစွမ်းအင် တည်ရှိနေသည့် အရင်းအမြစ် ဖြစ်သည့် ရှုပ်ထွေးလှသည့် အစီအရင် တစ်ခုကို တွေ့လိုက်ရသည်။ ထိုအစီအရင်များသည် တစ်ခုခုကို ရစ်ပတ်ထားဟန် ရှိသောကြောင့် မိုဝူကျီက မထိရဲပေ။
အကယ်၍ သူကသာ ထို့ထက် အားကောင်းလျှင် သူသည် အတွင်းက ဘယ်အရာပင် ရှိရှိ အစီအရင်ကို ဖယ်ရှားပြီး လောက်လေပြီ။ သို့သော်လည်း မိုဝူကျီ၏ လက်ရှိ အင်အားကား မလုံလောက်သေးပေ။ ထို့ကြောင့် သူက အခြေခံအကျဆုံး နည်းလမ်း ဖြစ်သည့် ဆေးလုံးအထဲ စစ်ဆေးပြီး ထိုအစီအရင်မှ စွမ်းအား အစိတ်အပိုင်း သေးသေးလေးသာ ဖြည်းဖြည်းချင်း ထုတ်ယူနိုင်လေသည်။
ထိုသည်က ဆေးလုံး အာနိသင်ကို များစွာလျော့ကျ သွားနိုင်သော်လည်း ဆေးလုံး တစ်ခုလုံး ပစ်လိုက် ရသည်နှင့် ယှဉ်လျှင်တော့ ပိုကောင်းသေး၏။ ထို့အပြင် မိုဝူကျီက အဆင့်လေး ဆေးလုံးဆရာ ဖြစ်သည့်အတွက် ဆေးလုံးကို ဖွင့်သည့်အခါ အာနိသင် အလျော့ပါးမှု အနည်းဆုံး နည်းလမ်းကို သိလေသည်။
ရိုးရိုးလေးချီသည် သူကဲ့သို့ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူ တစ်ယောက်တွင် စိတ်စွမ်းအား ရှိနေလိမ့်မည်ဟု တွေးတောင် တွေးမိမည် မဟုတ်ပေ။
လုပ်ရိုးလုပ်စဉ်များ ပြီးဆုံးသွားသည်နှင့် သူက ဆေးလုံးအကွဲကို ကျောက်စိမ်း ပုလင်းထဲ ထည့်ထား လိုက်တော့သည်။ ထို့နောက် သူက သိုလှောင်အိတ်ထဲ ထည့်လိုက်တော့သည်။
ထို့နောက် မိုဝူကျီက အစီအရင် ပါနေသည့် ဆေးလုံး အစိတ်အပိုင်းလေးကို စာအုပ်အပါးထဲ ကပ်လိုက်ပြီးတော့ မြေပုံနှင့် ပတ်ထားလိုက်သည်။
ကိစ္စများကို အလျင်အမြန် ဖြေရှင်းပြီး သွားလေပြီ။ အကောင်းဆုံး ဖြေရှင်းချက်က ဤနေရာတွင် ထိုပစ္စည်းများကို မမြှုပ်နှံပဲဖြင့် ထိုပစ္စည်းများကို ဘေးတွင် ထားကာ ယူသွားမည့် အရာကို ရှာရန် ဖြစ်သည်။
သဲတွင်းမှ ထွက်လာပြီးနောက် မိုဝူကျီက သွားရန် လမ်းရွေးချယ် လိုက်သည်။ ရိုးရိုးလေးချီ မြေပုံအရ သူသည် ဤဦးတည်ရာ အတိုင်း နှစ်ရက်တာ သွားလျှင် ဧရာမ ရေကန်ကြီး တွေ့လိမ့်မည်ဟု ပြောထားလေသည်။ မှန်ရွှေပြာ ရေကန် အလယ်တွင် အဆင့်နိမ့် သဲကန္တာရ မိကျောင်းနှင့် လက်နက် ပြုလုပ်ဖို့ရာ ရှားပါးသတ္တု ပစ္စည်းများ ရှိလေသည်။ မိုဝူကျီက ဤဦးတည်ရာကို ရွေးလိုက်သည်က ပထမ အချက်သည် သဲကန္တာရ မိကျောင်းများ အတွက် ဖြစ်ပြီး ဒုတိယအချက်မှာ ရေအတွက် ဖြစ်သည်။ မှန်ရွှေပြာ အတွက်တော့ လုံးဝဂရုမစိုက်ပေ။
သူက ပျောက်ဆုံး ကောင်းကင်မြို့မှ ထွက်လာစဉ် အလျင်စလို ထွက်လာရသည့် အတွက် ရေကို ပြင်ဆင်ချိန် မရခဲ့ပေ။ ယခင်အခါက ရေခဲတောင်တွင် ပိတ်မိနေချိန်က သူ့တွင် ရေနှင့် အဆာခံ ဆေးလုံးများ ရှိသေးသည်။ အကယ်၍ ဤနေရာတွင် ရေမပါဘဲ ပိတ်မိနေပါက ရေဓာတ် ချို့တဲ့၍ သေဆုံးသွားပါက ဟာသပြက်လုံး တစ်ခု ဖြစ်နေလိမ့်မည်။
သူ့အမြန်နှုန်းဖြင့် နေ့ဝက်ခန့်တွင် မိုဝူကျီက အဝေးမှ တဖိတ်ဖိတ် တောက်ပနေသော ရေမျက်နှာပြင်ကို မြင်လိုက်ရသည်။ သူ့စိတ်ထဲမှ ပျော်ရွှင်မှုကား ပေါက်ဖွားလာသည်။ ထိုသည်က ရိုးရိုးလေးချီ၏ မြေပုံမှာ မှန်ကန်နေကြောင်း သက်သေ ပြနေခြင်းသာ ဖြစ်၏။ ထို့ကြောင့် သူက အမြန်နှုန်း မြင့်လိုက်သည့်အခါ ခြေလှမ်း အနည်းငယ်ဖြင့် ရေကန်ဘေးသို့ ရောက်ရှိ သွားတော့သည်။ ရေကန်ကား မျက်နှာပြင်တွင် ရေလှိုင်းလေးများဖြင့် ကြည်လင်နေကာ လေတိုက်သည့် အခါ ရေပြင်လေးက လှုပ်ရှား သွားလေ၏။ ထိုအရာက သူ မခံစားရတာ ကြာပြီ ဖြစ်သည့် မိုဝူကျီ စိတ်ကို လန်းဆန်း သွားစေသည်။
အကယ်၍ ပျောက်ဆုံး ကောင်းကင်မြို့ပျက်တွင် ထိုသို့ နေရာမျိုးနှင့် ပြည့်နေလျှင် များများ စိုးရိမ်စရာ ရှိမည် မဟုတ်ပေ။
မိုဝူကျီက ခါးကုန်းကာ ရေအနည်းငယ် သောက်လိုက်ပြီး မျက်နှာကို ရေပက်ဖျန်း လိုက်သည့်အချိန် လေဟုန်ကို ဖြတ်၍ ကျယ်လောင်သည့် အသံကြီး ထွက်ပေါ် လာလေသည်။
ချက်ချင်း ဆိုသလို သူက ခေါင်းကို မော့ကာ ဘေးကို ကြည့်လိုက်တော့သည်။ ပုံရိပ်သုံးခုက သူ့တည်နေရာဆီ အမြန်အဆန် ချဉ်းကပ် လာနေကြပြီး ရေကန်ဘေးကို လျင်မြန်စွာ ရောက်ရှိ လာလေသည်။ အားလုံးက မိုဝူကျီကို ဂရုမထားသည့် အပြင် ဝတ်စားထားသည့် အဝတ်အစားကိုပင် မဖယ်ဘဲ ရေကန်ထဲ ခုန်ချ လိုက်တော့သည်။
အိတ်အနည်းငယ် ထုတ်ယူပြီး မိုဝူကျီက ရေဖြည့်ကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။ ထိုလူများက ပျောက်ဆုံး ကောင်းကင်မြို့ပျက် အတွင်းပိုင်းမှ ရောက်လာဟန် တူသော်လည်း သူတို့ အကြောင်းပြချက်က မည်သို့ပင် ဖြစ်နေပါစေ သူက သူ့အတွက် မဟုတ်သည့် အရာကို စိတ်မဝင်စားပေ။
“မိတ်ဆွေ ခဏစောင့်ပါဦး …” သူထွက်သွားတော့မည့် ဆဲဆဲတွင် သုံးယောက်ထဲမှ တစ်ယောက်က ရေကန်မှ ထွက်လာကာ ရေကန်ဘေးမှ လှမ်းခေါ်လိုက်သည်။ ထိုလူ စကား ပြောလိုက်သည်နှင့် အခြား နှစ်ယောက်လည်း ရေကန်မှ တက်လာလေသည်။ အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့သည် သုံးယောက်အဖွဲ့ ဖြစ်ကာ မိုဝူကျီကို ရပ်တန့် လိုက်သည့် သူကား ပိန်ပိန်ပါးပါး အမျိုးသား တစ်ဦး ဖြစ်သည်။
မိုဝူကျီက ရပ်ကာ ထိုသုံးယောက်ကို သတိတကြီး ကြည့်လိုက်ပြီး မေးလိုက်သည်။
“ဘာကြောင့်များ ကျုပ်ကို တားတာလဲ ...”
သုံးယောက်လုံးသည် သူ့ထက် ကျင့်ကြံဆင့် မြင့်ကြပြီး စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်တွင် ရှိကြသည်။
ပိန်ပိန်ပါးပါး အမျိုးသားက မိုဝူကျီ၏ သိုလှောင်အိတ်ကို လှမ်းကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
“အလဲအလှယ်လေး လုပ်ရအောင် … ကျုပ်ကို ခင်ဗျားရဲ့ သိုလှောင်အိတ် ရောင်းနိုင်မလား ...”
***