← Chapters

စက်ဆုပ်ဖွယ် တီကောင်များ

Vol. 13 Ch. 172

စက်ဆုပ်ဖွယ် တီကောင်များ

Vol. 13 Ch. 172

မိုဝူကျီ စိတ်ထဲ လေးလံ သွားလေသည်။ သိုလှောင်အိတ်ကို လိုချင်ခြင်းက ဓားပြတိုက် လုယက်နေသည်ပဲ မဟုတ်ပေဘူးလား …

သူလက်ဖြင့် သိုလှောင်အိတ်ကို ချက်ချင်း ကာထားလိုက်သည်။ သူက ဝိညာဉ် လမ်းကြောင်း အဆင့် ၁၀တွင် ရှိနေစဉ်က စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် နှစ်ယောက်ကို သတ်ပစ်ခဲ့သည်။ ယခု သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၂သို့ ရောက်ရှိ နေသောကြောင့် ထိုလူများနှင့် ဖြေရှင်းဖို့ များစွာ မခက်ခဲ လောက်ချေ။

“ညီလေး (၂)  အလျင်မလိုပါနဲ့ … တခြား တစ်ယောက်ရဲ့ သိုလှောင်အိတ်ကို ဝယ်ချင်တာက သူ့ဆီက လုယက်တယ်လို့ ထင်နေမှာပေါ့ ...” နောက်ထပ် အမျိုးသားက လမ်းလျှောက် လာရင်း ပြောလိုက်သည်။ ထိုအမျိုးသားက အရပ် အတော်အတန် ရှည်ကာ မျက်နှာတွင် ထင်ရှားသည့် အမာရွတ်ရှိသည်။

ပြောပြီးနောက်တွင် အမျိုးသားက မိုဝူကျီကို ရိုရိုသေသေ ဦးညွှတ်လိုက်ပြီး …

“မိတ်ဆွေ ကျူပ်တို့က လက်နက်ပစ္စည်း ထုတ်လုပ်ဖို့ သတ္တုတွေကို တွေ့ထားလို့ သိုလှောင်အိတ်ကို အရေးတကြီး လိုအပ်နေတာ၊ ကျုပ်တို့က တစ်ယောက်ယောက်ဆီက လုယူဖို့ မရည်ရွယ် ထားပါဘူး၊ အဲဒါကြောင့် စိတ်ချနေပါ ... ကျုပ်တို့က ဈေးကောင်း ပေးမှာပါ …”

သူက ထိုအမျိုးသား စကားများကို ကြားသောအခါ မိုဝူကျီက ထိုလူများက တစ်နေရာရာတွင် ရတနာ တွေ့ခဲ့ကြောင်း သိလိုက်သည်။ သူတို့ သိုလှောင်အိတ်များက ပြည့်နေပြီ ဖြစ်သော်လည်း  ထိုရတနာများကို ချန်ရစ် မထားနိုင်ပေ။ ထို့ကြောင့် သိုလှောင်အိတ်ကို အလိုရှိနေခြင်း ဖြစ်သည်။

မိုဝူကျီက ပြန်ဖြေလိုက်သည်။

“ကျုပ် သိုလှောင်အိတ် ကလည်း ပြည့်နေပြီ …”

“ရတယ်လေ ခင်ဗျား ပစ္စည်းတွေကို ထုတ်လိုက်၊ ကျုပ်တို့က သိုလှောင်အိတ်ပဲ လိုတာ … ” အရပ်ရှည်ရှည်လူက ပြုံးရင်း ဆက်ပြောလိုက်သည်။ သို့သော် မိုဝူကျီ အသံက အေးစက်လာကာ …

“ခင်ဗျားတို့က ပစ္စည်းသိမ်းဖို့ သိုလှောင်အိတ်ကို လိုတာဆိုတော့ ခင်ဗျားတို့ ဆီကို သိုလှောင်အိတ် ရောင်းပြီး ကျုပ်က လက်ဗလာနဲ့ သယ်ရမှာလား ...”

“အိတ်ထဲ ထည့်သယ်လို့ ရပါတယ် ...” ပထမ အမျိုးသားက နောက်တစ်ကြိမ် ဖွင့်ဟ၍ ပြောလိုက်သည်။

ထိုအဖြေကို မိုဝူကျီက တစ်ခွန်းမျှ ပြန်မပြောတော့ပေ။ သူက လက်ကို မြှောက်လိုက်သည့် အခါ ထျန်းဂျီတုတ်က လက်ထဲ ပေါ်လာလေ၏။ အကယ်၍ သူတို့က လုယက်ချင်လျှင် သူတို့ကို ကြိုးစား ကြည့်ခိုင်းလိုက်မည်။ သူ့အတွက်လည်း ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၂သို့ ရောက်ရှိ လာပြီးနောက် မည်မျှ အားကောင်းလာကြောင်း စမ်းသပ်လို့ ရသည့် အခွင့်အရေး ဖြစ်သည်။

မိုဝူကျီက တွန့်ဆုတ် နေခြင်းမရှိ လက်နက် ထုတ်ယူ လိုက်သည်ကို တွေ့၍ အမျိုးသား နှစ်ယောက်က မျက်မှောင်ကြုတ် လိုက်ပြီး အလောတကြီး မလုပ်ဆောင် ရဲကြချေ။

ခွေးရူးနှင့် ရင်ဆိုင်နေရသည့် အလား ထွက်ပြေးလျှင်လည်း ခွေးရုးက နောက်မှ တကောက်ကောက် လိုက်ကိုက်မည် ဖြစ်သည်။ အကယ်၍ အကိုက်ခံရပြီး ထွက်မပြေးဘဲ ထို့အစား ရင်ဆိုင်လိုက်လျှင် ခွေးက ကြောက်ရွံ့ပြီး နောက်ဆုတ် သွားနိုင်သည်။

အမျိုးသား နှစ်ယောက်သည် ထိန်းချုပ်မှုအတွင်း ကျရောက် သွားသည်နှင့် မိုဝူကျီက ရုတ်တရက် ပြောလိုက်သည်။

“ခင်ဗျားတို့တွေက ဒီနေရာကို မတော်တဆ တွေ့တာမလား၊ ကျုပ်က ဒီမရောက်ခင် ကတည်းက သိပြီးသား၊ ခင်ဗျားတို့သာ ရပ်မယ်ဆိုရင် မြေပုံပေးနိုင်တယ် …”

ပြောပြီးသည့် နောက်တွင် မိုဝူကျီက သူတို့ အဖြေကိုပင် မစောင့်တော့ဘဲ မြေပုံကို အရပ်ရှည်ရှည် အမျိုးသားဆီ ပစ်ပေး လိုက်တော့သည်။

ပင်ကိုဗီဇအရ ထိုလူသည် ဘေးသို့ ရှောင်ရှားလိုက်သည်။ တစ်ခုခု မမှားယွင်းကြောင်း သိတော့မှ အထုပ်ကို ကောက်ယူလိုက်သည်။

ထို့နောက်တွင် အံ့ဩတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။ ကျန်နှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြတော့၏။ နောက်ထပ် အမျိုးသားနှင့် အမျိုးသမီးက ထိုသူ့ဘေးသို့ လျှောက်လှမ်းလာပြီး မြေပုံကို စစ်ဆေးကြည့် လိုက်သည့်အခါ ပျောက်ဆုံး ကောင်းကင်မြို့ပျက်၏ ရတနာ တည်ရှိရာ မြေပုံမှန်း သိလိုက်သည်။

မိုဝူကျီက ထိုအခွင့်အရေးကို အသုံးချ၍ ထွက်သွားလိုက်သည်။

“အစ်ကိုကြီး ကျုပ်တို့ သူတို့ဖမ်းပြီး သတ်ပစ်သင့်လား ...” မိုဝူကျီ ထွက်သွားသည်ကို မြင်ပြီး မြေပုံကို လက်ခံထားသည့် ပိန်ပိန်ပါးပါး အမျိုးသားက မေးလိုက်သည်။

အရပ်ရှည်ရှည် အမျိုးသားက မိုဝူကျီ ထွက်သွားသည့်  ဦးတည်ရာကို ကြည့်ပြီး အားရပါးရ ရယ်မောလိုက်ကာ …

“မလိုဘူး ... ဒီမြေပုံက သူ့သိုလှောင် အိတ်ထက် အများကြီး အဖိုးတန်တယ်၊ ကြည့်ကြည့်  ငါတို့ ရှာနေတဲ့ နေရာလည်း ပါတယ်၊ ငါတို့တော့ ချမ်းသာပြီကွ ... ဒါက ရတနာသိုက်ပဲ ... ”

“အဲဒီလိုဆိုရင် သူ့ကို သတ်ပစ် လိုက်တာက ပိုပြီး စိတ်မချ ရဘူးလား ...” တစ်လျှောက်လုံး တိတ်ဆိတ် နေခဲ့သည့် အမျိုးသမီးက ဖွင့်ပြောလိုက်သည်။

“ဒါပေါ့ ...” အရပ်ရှည်ရှည် အမျိုးသားက ခေါင်းခါလိုက်ပြီး …

“ဒါပေမဲ့  သူ့ကို မြင်ရတဲ့အတိုင်း သတ်မှတ် မနေနဲ့ဦး၊ ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကို တစ်ယောက်တည်း ဝင်လာရဲပုံနဲ့ သူက ရိုးရှင်းတဲ့ သူတော့ မဟုတ်ဘူး။ သူဝန်းကျင်မှာ ဝိညာဉ် စွမ်းအားတွေ မရှိပေမဲ့  သူ့လက်နက် ဆွဲထုတ်လိုက်တာကို ကြည့်တာနဲ့ သာမန်လူ မဟုတ်တာ သိသာတယ်။  သူ့မှာ ကျင့်ကြံဆင့် ဖုံးထားနိုင်တဲ့ နည်းလမ်းတချို့ ရှိပုံပဲ ... တကယ်လို့ ငါခန့်မှန်းတာသာ မှန်ရင် ငါတို့ သုံးယောက်လုံးက သူ့ကို ဆွဲထားနိုင်မှာ မဟုတ်ဘူး။  ငါတို့မှာ ရတနာ ရပြီဆိုတော့ စတေးဖို့ မလိုတော့ဘူးလေ ... အဲဒါကြောင့် ငါတို့က ရတနာပဲ လိုက်ရှာကြတာပေါ့ ... သူက အဲဒီနေရာကို ရောက်လာရဲတယ် ဆိုရင် ငါတို့အတွက် သူ့ကို လိုက်ဖမ်းဖို့ အချိန်ကို ချွေတာပြီးသား ဖြစ်သွားလိမ့်မယ် ... ”

အမျိုးသားနှင့် အမျိုးသမီးက သဘောတူစွာ ခေါင်းညိတ်ပြ လိုက်သည်။ သူ ပြောတာ မှန်ကန်ပေသည်။ အကယ်၍ မိုဝူကျီက အမှန်ပင် အားနည်းသည် ဆိုလျှင် ပျောက်ဆုံးကောင်းကင် မြို့ပျက်ထဲသို့ တစ်ယောက်တည်း မည်သို့ သွားလာရဲမည်လဲ ...  သူတို့၏ ဝိညာဉ် စွမ်းအားကို ဖုံးကွယ်ထားသော လူသည် သေချာပေါက်  ရိုးရှင်းမည် မဟုတ်ပေ။

ထိုသုံးယောက် သူ့နောက်က လိုက်မလာသည်ကို မြင်သောအခါမှ သက်ပြင်း ချနိုင်တော့သည်။ သူက သူတို့ကို မကြောက်သော်လည်း သူတို့နှင့် မတိုက်ခိုက် ရသည်က ပိုကောင်းပေသည်။ ထိုအပြင် သူက စိတ်ဝိညာဉ်ကို မတည်ဆောက် ရသေးပေ။ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၂ သည်လည်း ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တွင်းသာ ဖြစ်သည်။

သူ့လက်ထဲက အချိန်ကိုက် ဗုံးသည် အဝေး ရောက်သွားပြီ ဖြစ်၍ အလွန်အမင်း ကျေနပ်နေသည်။ မူလ အကြံစည်ကား ထိုပစ္စည်းများကို သဲကန္တာရ မိကျောင်း ပါးစပ်ထဲ ထည့်ဖို့ရာ ဖြစ်သည်။ ထိုလူသုံးယောက် ပေါ်လာသည်နှင့် ထိုကိစ္စကား အလွယ်လေး ဖြေရှင်းပြီးသား ဖြစ်သွားလေပြီ။

ရိုးရိုးလေးချီဆီမှ ပစ္စည်း သုံးခုလုံးသည် သေချာပေါက် မကောင်းပေ။ ထို့ကြောင့် သူတို့ သုံးယောက်က သူ့အပေါ် အမြတ် ထုတ်ချင်သည့် အတွက် သူတို့သည် ရိုးရိုးလေးချီနှင့် ရင်ဆိုင်ရတော့မည်။ သူက ကောင်းကင် လမ်းပန်းကို သက်သက်သာသာ ရှာနိုင်လေပြီ။

ထိုလူ သုံးယောက်သည် ကောင်းကင်ပန်းလမ်းကို သွားရှာမည့် ကိစ္စကိုတော့ မစိုးရိမ်ပေ။ ထိုသို့ ဖြစ်နိုင်ချေသည် အလွန် နည်းပါးလွန်း၏။ အခြားသော ရတနာများနှင့် ယှဉ်လျှင် ကောင်းကင် လမ်းပန်းသည် ထူးခြားလှသည် မဟုတ်ပေ။ အားလုံးက သူကဲ့သို့ ၁၀၀ခုမြောက် ဝိညာဉ် လမ်းကြောင်းကို ဖွင့်ချင်နေမည် မဟုတ်ပေ။

ဘာတစ်ခုမှ စိုးရိမ်စရာ မလိုတော့ဘဲ မိုဝူကျီသည် ဦးတည်ချက် ထပ်ပြောင်းလိုက်သည်။ ဤတစ်ကြိမ်တွင် သူက ကောင်းကင် လမ်းပန်း၏ တည်နေရာဆီ ဦးတည် လိုက်တော့သည်။

ရိုးရိုးလေးချီက မည်မျှပင် မရိုးသား စေကာမူ ထိုစာအုပ် အပါးထဲမှ ရတနာများ တည်နေရာသည် အတော်လေး တိကျလှသည်။

ရက်များစွာ ကုန်ဆုံး သွားပြီးနောက် မိုဝူကျီသည် မြက်ခြောက်ကွင်း ရှေ့တွင် ရပ်တန့်လိုက်သည်။ နေရာအနှံ့တွင် နံရံအပဲ့များ ရှိနေပြီး ဖုန်များဖြင့် လွှမ်းခြုံ ထားလေ၏။ သူတို့ကြားတွင် မျိုးစုံသော ပေါင်းပင်များ ပေါက်နေကြပြီး  အချိန်များစွာ ကြာနေပြီ ဖြစ်သည့်  ရှေးဟောင်း စစ်မြေပြင် ကဲ့သို့ ဖြစ်နေလေသည်။

ပေါင်းပင်များကို လေတိုးရာမှ အသံများ ထွက်ပေါ်နေပြီး မိုဝူကျီ၏ စိတ်စွမ်းအားက သူတို့ဆီ စိမ့်ဝင် သွားလေသည်။ ထို့နောက် မြက်များနှင့် ကျောက်တုံးများကြားတွင် အရိုးခြောက်များ တွေ့လိုက်ရသည်။ ထိုအရာများမှ လွဲ၍ တခြားအရာ မရှိပေ။ ဆူညံသံကား လေတိုက်ခတ် သွား၍ ဖြစ်နိုင်သည်။

ထိုစဉ် ကောင်းကင်က မှောင်နေပြီ ဖြစ်ကာ မိုဝူကျီက အဝေး တစ်နေရာကို လှမ်းကြည့်လိုက်သည်။ တည်နေရာကား မပြီးဆုံး နိုင်သည့် အပျက်အစီးများနှင့် ပေါင်းပင်များနှင့် ပြည့်နှက်နေပြီး ဤနေရာကို ဖြတ်သွားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အပင်များနှင့် နံရံအကျိုးများကို ဖြတ်သွားခြင်း ဖြစ်သည်။ သူတို့ကို ကွေ့ပတ် သွားဖို့ရာက ရွေးချယ် စရာတော့ မဟုတ်ပေ။

သူက ထိုအရာကို ဖြတ်သွားသည်နှင့် ကောင်းကင် လမ်းပန်းကို ရှာတွေ့နိုင်လိမ့်မည်။ ကောင်းကျိုး၊ ဆိုးကျိုးကို ချင့်ချိန်ပြီးနောက် သူက ထိုအပင်များကို ဖြတ်သွားရန် ဆုံးဖြတ် လိုက်တော့သည်။ အင်အားအတွက် သူ့လိုအင်ဆန္ဒကား အလွန် ပြင်းထန်လွန်း လှသည်။

တစ်ခုခုတော့ မှားယွင်း နေလေပြီ။ မိုဝူကျီ ပထမခြေလှမ်း ချလိုက်သည့် အခိုက်အတန့် တစ်ခုခုက ကြွလာကြောင်း ခံစားမိ လိုက်သည်။

မြက်များကြားတွင် အရိုးခြောက် များစွာ ရှိကာ သူတို့သည် တိုက်ပွဲကြောင့် သေဆုံးခဲ့ရဟန်နှင့် မတူပေ။ အကယ်၍ ထိုသို့ မဟုတ်လျှင် အခြားသော အကြောင်းပြချက် တစ်ခုတော့ ရှိနေရမည်။ ထိုကျင့်ကြံသူ အားလုံးသည် မြက်တောကို ဖြတ်ဖို့ရာ ကြိုးစားရင်းနှင့် အရိုးခြောက်များ ဖြစ်သွားခြင်း ဖြစ်သည်။

မိုဝူကျီက ခြေထောက်ကို ပြန်ရုပ်သိမ်း လိုက်ပြီး အပင်များနှင့် နံရံများမှ ဘေးပတ်လည်မှ အရိုးခြောက်များ အထိ သေချာ အသေးစိတ် စစ်ဆေးလိုက်သည်။

အမွှေးတိုင် တစ်ဝက်အကြာတွင် သူက သူ့ရှေ့မှ ပုံရိပ်တစ်ခုလုံးကို ပြည့်ပြည့်စုံစုံ မြင်နိုင်သွား၏။ အရိုးခြောက်များက ဖြူဖျော့မနေဘဲ မီးခိုးရောင် ဖျော့ဖျော့လေး သန်းနေလေသည်။ မီးခိုးရောင်တွင် အနက်အစက် အပြောက်များလည်း တွေ့နိုင်လေသည်။ အရိုးခြောက် တစ်ခုချင်းစီတွင် အတူတူပင် ဖြစ်၏။ ခြားနားချက် မရှိပေ။

မီးခိုးရောင် အရိုးခြောက်များက ပုံမှန် ဖြစ်သော်လည်း အနက်အစက် အပြောက်များက သေချာပေါက် ပုံမှန် မဟုတ်ပေ။ အရိုးခြောက် တစ်ခုစီတွင် တူညီသော အနက်အစက်များ ရှိနေသောကြောင့် ပို၍ပင် မူမမှန် ဖြစ်စေသည်။

အဆိပ်များလား ...

မိုဝူကျီ၏ စိတ်စွမ်းအားကို အဝေးထိ ဖြန့်ကြက်လိုက်သည်။ ပြန်မရုပ်သိမ်းခင် သူ့တွင် အန္တရာယ်တချို့ကို ခံစားမိလိုက်သည်။ ထို့အပြင် ဤနေရာတွင် သက်ရှိများ မရှိဘဲ အရိုးခြောက်များသာ ရှိလေသည်။

စိတ်စွမ်းအားကို မြေအောက်ထဲ ပို့လွှတ်လိုက်သော အခါ သူ့တစ်ကိုယ်လုံး ကြက်သီးများ ထလာတော့သည်။ သူက ချက်ချင်းပင် မအီမသာ ဖြစ်လာပြီး ထိုးအန် ပစ်ချင်စိတ်ပါ ပေါက်လာလေသည်။

တည်ငြိမ်နေသည့် အနက်နှင့် မီးခိုးရောင် နယ်ပယ်ကား မြေကြီး မဟုတ်ဘဲ တီကောင်များ အထပ်လိုက် ဖြစ်နေခြင်း ဖြစ်သည်။  အပေါ်ဆုံး အထပ်ကား သူတို့သည် မြေကြီးမှ အညစ်အကြေး သဖွယ် ဖြစ်နေကာ သိပ်သိပ်သည်းသည်း အတန်းလိုက် ရှိနေသောကာ လှုပ်ရှားမှု မရှိပေ။ သို့သော်လည်း မြေအောက်တွင် ရှိနေသော တီကောင်များက တွန့်လိမ်နေပြီး သဲသဲမဲမဲ သွားလာနေကြသည်။ အစုလိုက် အပြုံလိုက်ကား အမှန်ပင် ရွံ့ရှာဖွယ် ဖြစ်လေသည်။

ကပ်သီလေး ကံကောင်းသွားခြင်း ဖြစ်သည်။ အကယ်၍ သူ့တွင် စိတ်စွမ်းအား မရှိပါက သူမြေပြင်ပေါ် ခြေချလိုက်သည့် အခိုက်အတန့် သူ့သေခြင်းတရားသာ ဖြစ်သွားလိမ့်မည်။

ရိုးရိုးလေးချီ လုပ်နေတာများလား ... သူ့က မြေပုံကို လုပ်ထားသည့် အတွက် အန္တရာယ်ကို အဘယ်ကြောင့် သတိပေး မထားသနည်း။ တခြားသူများကို သူ့အတွက် ရတနာ ရှာပေးစေလိုခြင်းက သူ့ရည်ရွယ်ချက် မဟုတ်ပေဘူးလား ...

ရိုးရိုးလေးချီ၏ ရည်ရွယ်ချက်က မည်သို့ ဖြစ်နေပါစေ မိုဝူကျီက စိတ်ထဲ မထားပေ။ သူက ဤနေရာမှ ချက်ချင်း ထွက်သွား လိုက်တော့သည်။ သူ့လှုပ်ရှား လိုက်သည့်အခါ အပင်များကြားမှ တီကောင်များကိုလည်း ဆက်တိုက် ကြည့်မိသွားလေ၏။

တစ်နာရီ အကြာတွင် ဘေးကင်းသော နေရာကို တွေ့ရှိလေသည်။ ဤနေရာတွင် တီကောင်များ မရှိဘဲ မြေပြင်မှ ငေါ်ထွက်နေသော နံရံအပျက်များသာ ကျန်ရှိနေလေသည်။ ထိုနံရံများက မြေပေါ် ခြေမချဘဲ သွားနိုင်မည့် အကောင်းဆုံး နည်းလမ်း ဖြစ်လေသည်။

ဤနေရာက သူဖြတ်သွားမည့် နေရာ ဖြစ်လေ၏။

သူ့ဆုံးဖြတ်ချက် ချပြီးသည်နှင့် မိုဝူကျီက ခုန်ကာ နံရံအပျက် တစ်ခုအပေါ် တက်လိုက်သည်။ ထိုရှေးဟောင်း နံရံများက အိုဟောင်းလွန်း နေပြီ ဖြစ်၍ သူ့ခြေထောက် အောက်တွင် ကျိုးအက်သံ ထွက်ပေါ် လာလေသည်။ သူက ထိုနံရံမှ တခြားသို့ ကူးလိုက်သောအခါ သူ့နောက်တွင် ဖုန်များအဖြစ် တစ်စစီ ကွဲအက် သွားလေသည်။

ထိုစဉ် မိုဝူကျီက ဒုတိယ နံရံအပေါ် ရောက်ပြီး တတိယသို့ ခုန်ကူးခါနီးတွင် ညအချိန် တိတ်ဆိတ်နေရာမှ  တရှဲရှဲအသံ ထွက်ပေါ်လာလေသည်။

သူက အသံ အရင်းအမြစ်ကို ရှာကြည့် လိုက်သောအခါ ကြက်သီးများ ထသွားလေသည်။ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည့် တီကောင်အုပ်ကြီးသည် သူ့နောက်သို့ အရှိန်ဟုန်တပြင်း လိုက်လာကြသည်။ အကယ်၍ သူသာ ထိုအုပ်စုလိုက် ဝန်းရံခြင်း ခံရသည်ကို စိတ်ကူးကြည့်လျှင် မိုဝူကျီ အ‌ယောက်တစ်ရာ ရှိလျှင်ပင် နေရာတွင် သေဆုံး သွားလိမ့်မည်။ ထိုအပြင် သူတို့သည် ဗြုန်းစားကြီး သေဆုံး သွားကြလိမ့်မည်။

ထို့ကြောင့် မိုဝူကျီက နေရာတွင် တစ်စက္ကန့်မျှ ကြာကြာမနေရဲချေ။ သဘာဝ စွမ်းအားကို မြှင့်တင်လိုက်ပြီး ခြေထောက် နှစ်ဖက်လုံးဖြင့် ကန်ထွက်လိုက်သည်။ သူက လေထဲတွင် ပျံသန်းနေသည့် အလား တစ်ဖက်သို့ ခုန်ကူးသွားလေ၏။

အသက်ရှူကြိမ် ခဏအကြာတွင် မိုဝူကျီက ထိုတီကောင်အုပ်စု သူ့အား မဝန်းရံမိခင် ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ကြောင်း သိ၏။ ထိုသို့ဆိုလျှင် သူ့အသက် အတွက် တိုက်ခိုက်ရုံမှ အပ တခြား ရွေးချယ်စရာ မရှိပေ။ မိုဝူကျီက လေထဲတွင် လျှပ်စီးအားကို ထုတ်လိုက်ပြီး ထိုအုပ်စုဆီ ပစ်လွှတ် လိုက်တော့သည်။

“ရှဲရှဲ ...” မရေတွက်နိုင်သည့် တီကောင်များသည် လျှပ်စီးကြောင့် လောင်ကျွမ်း သွားပြီး လေထဲတွင် တူးနံ့များ ပြည့်လာလေ၏။

တီကောင်များက ပေါက်ကွဲလာသည့် လျှပ်စီးကြောင့် မှင်တက်မိ နေသည့်အလား သူတို့နေရာတွင် ရပ်တန့်သွားကြ၏။

မိုဝူကျီက ထိုအရာကို မြင်သောအခါ စိတ်ထဲတွင် ပျော်ရွှင် လာလေသည်။ သူကြောက်သည့် အရာကား ထိုတီကောင်များတွင် အသိစိတ်မရှိမှာကို ဖြစ်၏။ သို့သော် သူ့လေ့လာချက် အရ ထိုတီကောင်များသည် နည်းနည်းတော့ အသိစိတ်ရှိကြ၍ အကြောက်တရားကို သိကြသည်။ ထို့အပြင် အသိစိတ် မရှိသည့် တီများက သူ ပေါင်းပင်တွေကြား ရောက်မှ တိုက်ခိုက်ရမည်ကို မည်သို့ သိကြမည်နည်း။

***

All Chapters