ကောင်းကင်လမ်းပန်း
Vol. 13 Ch. 173
ထိုတီကောင်များ ကြောင်သွားသည့် အချိန်တိုအတွင်း မိုဝူကျီက သဘာဝ စွမ်းအားများ အားလုံးကို ခြေထောက်အောက် ပို့လွှတ်ကာ ထိုတီများနှင့် ဝေးရာဆီ သွားလိုက်တော့သည်။
ထိုတီများက မိုဝူကျီ၏ လျှပ်စီးကို ခဏတာသာ တွန့်ဆုတ် သွားကြပြီး သူတို့ အသိဝင် လာသည်နှင့် မိုဝူကျီကို သဲကြီးမဲကြီး လိုက်ကြတော့သည်။ မိုဝူကျီက သူတို့ကို ခြောက်လှန့်ရန် လျှပ်စီးများ ထုတ်လွှင့်သော်လည်း သူတို့က မမောတန်း လိုက်နေကြဆဲ ဖြစ်သည်။ သေခြင်းတရားနှင့် ထိပ်တိုက် ရင်ဆိုင် ရသည့်အခါ စွမ်းအားများ အားလုံး ထုတ်သုံး၍ ထွက်ပြေး ရတော့သည်။
“ဘုန်း ...” မိုဝူကျီက ထွက်ပြေးဖို့ရာ အကောင်းဆုံး ကြိုးစားသော်လည်း ကျောက်စရစ် မြေပြင်ပေါ် လဲကျသွားလေသည်။
လဲကျမှုမှ နာကျင်မှုကို လျစ်လျူရှု ထားရင်း မိုဝူကျီက ထွက်ပြေးဖို့ရာ တွားသွား လိုက်တော့သည်။ ထိုမြေပြင် အမာသည် ကျတ်တီးမြေမှ ကင်းလွတ်သွားပြီ ဖြစ်ကြောင်း သိသာနေသည့် အချက် ဖြစ်သည်။
မိုဝူကျီက ဆယ်မီတာလောက် ပြေးလွှားပြီး နောက်တွင် ရပ်တန့် လိုက်တော့သည်။ သူက စိတ်စွမ်းအားဖြင့် နောက်ကို ဖြန့်ကြက် ကြည့်လိုက်ပြီး ထိုတီများ လိုက်မလာသည်ကို သေချာအောင် အတည်ပြု လိုက်လေသည်။ ထိုတီများသည် ကျတ်တီးမြေ အထိသာ သွားလာနိုင်ပြီး ထို့ထက် အဝေးကို မသွားမလာ နိုင်ကြချေ။
တစ်ခုခုတော့ မှားယွင်း နေလေပြီ။
မိုဝူကျီက ကျတ်တီးမြေမှ နံရံအပျက်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ သူ့က နေ့ဝက်လောက် စစ်ဆေးကြည့်ပြီး နောက်တွင် ထိုတီများက လိုက်မလာတာ အကြောင်း တိုက်ဆိုင်၍ မဟုတ်ဘဲ သူတို့ကို ထွက်မလာ နိုင်စေရန် တားဆီး ထားခြင်းကြောင့် ဖြစ်လေသည်။
ထိုတီများ ထွက်မလာနိုင်ရန် တားဆီး ထားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အစီအရင်ကို အသုံးပြုခြင်း ဖြစ်သည်။ မိုဝူကျီ၏ အစီအရင် တာအို အရည်အချင်း နိမ့်နေသေး၍ ထိုအစီအရင်ကို မသိသည်မှာ နှမြောဖို့ ကောင်းလှသည်။
မိုဝူကျီက အစီအရင် တာအိုတွင် အဆင့်နိမ့်ကောင်း နိမ့်နိုင်သော်လည်း သူက အသိနှေးသည့် သူတော့ မဟုတ်ပေ။
တစ်ယောက်ယောက် အတွက် ထိုတီများကို ဤနေရာတွင် ပိတ်ထား၍ အနီးအနားတွင် တန်ဖိုးရှိ ရတနာ တစ်ခုခု သို့မဟုတ် လှည့်ကွက် တစ်ခုခု ဖြစ်ကောင်း ဖြစ်နိုင်သည်။
မိုဝူကျီက ထိုအတွေးကို ခေါင်းခါလိုက်သည်။ အကြောင်းမှာ သူသည် သိသော်လည်း ဘာမှ မလုပ်ဆောင်နိုင်ချေ။ သူ့စွမ်းဆောင်ရည်နှင့် အင်အားဖြင့် သူ့အတွက် အဖြေရှာနိုင်မည့် နည်းလမ်း မရှိပေ။ ထို့ကြောင့် ပစ္စည်းက မည်မျှပင် ကောင်းနေပါစေ သေချာပေါက် သူ့အပိုင် ဖြစ်မည် မဟုတ်ပေ။
အင်အားအကြောင်း တွေးမိသောအခါ မိုဝူကျီက အချိန်မဖြုန်းဘဲ ချက်ချင်းပင် အရှိန်မြင့် လိုက်တော့သည်။
ရိုးရိုးလေး ချီဆိုင်တွင် ရိုးရိုးလေးချီကား မိုဝူကျီနှင့် အရောင်းအဝယ် ပြီးသည်နှင့် သူ၏ ရိုးရှင်းလှသည့် ဟန်ပန်ဖြင့် ဆိုင်ထောင့်တွင် ထိုင်နေလေသည်။ သူက သူ့တူဖြင့် ဆက်တိုက် ထုနေလေသည်။
ဘာကိုမှ အသိမပေးဘဲ သူက ရုတ်တရက် ထရပ်လိုက်ရင်း သူလက်ထဲမှ အရာအားလုံးကို လွှင့်ပစ် လိုက်တော့သည်။
ရိုးရိုးလေးချီ မတ်တတ်ရပ် လိုက်သည်နှင့် တစ္ဆေနှင့် တူသည့် အမျိုးသမီးက ချက်ချင်း ပေါ်လာကာ …
“ဘာဖြစ်လို့လဲ ... ”
ရိုးရိုးလေးချီက ပျောက်ဆုံး ကောင်းကင်မြို့ပျက်မှ တည်နေရာကို လက်ညှိုး ထိုးပြကာ …
“အဲဒီကောင်လေး ... သူက နတ်ဘုရား ရွှေနေကြာကို သွားရှာတာ ပြီးတော့ သူတွေ့သွားပြီ ... ”
“သေချာရဲ့လား ...” အမျိုးသမီး အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်တုန်ယင်ယင် ဖြစ်နေပြီး ရိုးရိုးလေးချီကို ဆွဲလိုက်ပြီး …
“ဒါပေမဲ့ ငါတို့ သူ့ကို ရောင်းလိုက်တဲ့ စာအုပ်မှာ နတ်ဘုရား ရွှေနေကြာ အကြောင်းမှ မပါတာ ... ဟုတ်တယ်မလား ... ”
ရိုးရိုးလေးချီ လက်က တုန်ယင်နေဆဲ ဖြစ်ကာ ပြောလိုက်သည်။
“သေချာတာပေါ့ တစ်ရာ ရာခိုင်နှုန်း သေချာတယ်။ သူ့အပေါ် ထားထားတဲ့ အမှတ်အသား ကနေ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ အရင်တုန်းက ကျန်းမို ပျောက်ဆုံး နယ်မြေထဲမှာ နတ်ဘုရား ရွှေနေကြာ နည်းနည်းလေး ရှိခဲ့တယ်။ ကျုပ်ကိုယ်တိုင် မြင်ခဲ့တာ ... အဲဒါကြောင့် အားပြင်းပြင်း အငွေ့အသက်ကို မေ့နိုင်မှာ မဟုတ်ဘူး ... ဒီပျောက်ဆုံး ကောင်းကင် မြို့ပျက်ထဲမှာ ပေါ်လာမယ်လို့ မထင်မိဘူး ... ”
“ဟုတ်တယ် ... ဟုတ်တယ် ...” အမျိုးသမီးက မပြောခင် ထပ်ခါ ထပ်ခါ ရေရွတ်လိုက်သည်။
“ချီစန်း ... ပျောက်ဆုံး ကောင်းကင် မြို့ပျက်ထဲ မြန်မြန် သွားရအောင် ... ငါတို့ နတ်ဘုရား ရွှေနေကြာသာ ရှာနိုင်ရင် သူတို့ကို ကြောက်ဖို့ မလိုတော့ဘူး ... ”
အမျိုးသမီးက သွားရန် အကြောင်း ပြောသည်နှင့် ရိုးရိုးလေးချီက ပစ္စည်းများကို စတင် သိမ်းဆည်း လိုက်တော့သည်။ သူ့တွင် ရတနာ ပစ္စည်းများ တည်နေရာ ပါနေသည့် မြေပုံနှင့် စာစောင် ရှိနေသည့် အကြောင်းမှာ သူက နတ်ဘုရား ရွှေနေကြာကို ရှာချင်၍ ဖြစ်သည်။ သို့သော်လည်း သူက ပျောက်ဆုံး ကောင်းကင်မြို့ပျက်တွင် နတ်ဘုရား ရွှေနေကြာကို ရှာတွေ့ဖို့ရာ မဖြစ်နိုင်ကြောင်း သိ၏။
မဖြစ်နိုင်သည့် အရာသည် ဖြစ်လာလေပြီ။ သူတို့ ယုံကြည်ထားရာကို ဆန့်ကျင်၍ မမျှော်လင့် ထားသည့် အရာများက ပျောက်ဆုံး ကောင်းကင် မြို့ပျက်ထဲတွင် ဖြစ်ပျက်လာလေသည်။
မိုဝူကျီဆီမှ မြေပုံနှင့် စာစောင်ကို လက်ခံ ရရှိထားသော သုံးယောက် အဖွဲ့သည် ရွှံ့မြေ အနက်ပိုင်းတွင် စုစည်းနေကြသည်။
သူတို့ရှေ့တွင် တည့်တည့် ရှိနေသော အရာကား နေကြာပန်းနှင့် တူသည့် တောက်ပသော သတ္တု တစ်ခု ဖြစ်လေသည်။ သို့သော်လည်း ထိုသတ္တု၏ အရွယ်အစားမှာ ပုံမှန် နေကြာပန်းထက် သုံးဆမက ကြီးမားလေ၏။
“ဘာများလဲ ... နည်းနည်း အေးပြီးတော့ တော်တော်မာတယ် ...” အမျိုးသမီးက နေကာပန်းနှင့် တူသည့် သတ္တုကို သူ့မလက်ဖြင့် စမ်းကြည့်လိုက်ပြီး အံ့ဩတကြီး ပြောလိုက်သည်။
အခြား နှစ်ယောက်က သူ့တို့ လက်ကို ဆန့်ထုတ်ကာ စမ်းကြည့် လိုက်ပြီးနောက် တစ်ခုမှ မသိသည့် အလား ခေါင်းခါ လိုက်ကြတော့သည်။
“ဒီလို ပစ္စည်းတွေက ဝိညာဉ်ကြောတွေ အလယ်မှာ ကြီးထွားကြတာ ... သူတို့ ဘယ်လောက်တောင် တောင့်တောင့်တင်းတင်း ဖြစ်နေလဲ ဆိုတာသာ ကြည့် ... အရည်အသွေးက အဆင့် မနိမ့်လောက်ဘူး ငါတို့သိတဲ့ ထိပ်တန်း ရတနာ တစ်ခုတောင် ဖြစ်နေနိုင်တယ် ...” ပိန်ပါးပါး အမျိုးသားက ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့နဲ့ ယူမသွားနိုင်ဘူး။ ငါတို့ သိုလှောင်အိတ်ထဲက ပစ္စည်းတွေ အကုန် ဖယ်လိုက်ရင်တောင် နေရာဆံ့မှာ မဟုတ်ဘူး ...” အမျိုးသမီးက ပြောလိုက်သည်။ ကျန်နှစ်ယောက်လည်း ထိုနေကြာပန်းနှင့် တူသည့် သတ္တုသည့် မဆံ့မှန်း သိကြသည့်အတွက် တိတ်ဆိတ် နေကြသည်။
နောက်ဆုံးတွင် အရပ်ရှည်ရှည် အမျိုးသားက အကြံပေးလိုက်သည်။
“ဒါကို ငါတို့ ဖြတ်ပြီးတော့ တစ်နေရာမှာ ဝှက်ထား ကြမယ်လေ ... ဘာလဲဆိုတာ သေချာသိမှ ပစ္စည်းကောင်း ဆိုရင် နောက်တစ်ကြိမ် လာယူကြတာပေါ့ ...”
အရပ်ရှည်ရှည် အမျိုးသားက သုံးယောက်ထဲတွင် လုပ်ပိုင်ခွင့် အရှိဆုံး ဖြစ်ရမည်။ သူ အကြံပေး လိုက်သည်နှင့် ကျန်နှစ်ယောက်က ကန့်ကွက်ခြင်း မရှိဘဲ သဘောတူညီ လိုက်ကြသည်။
သုံးယောက်က ထိုဧရာမ သတ္တုတုံးကြီးကို ဖြတ်ချင်ကြ သော်လည်း အခက်အခဲ တွေ့နေကြသည်။ ထိုသတ္တုတုံးသည် လုံးဝ မဖြတ်တောက်နိုင်ပေ။
“ထားလိုက်တော့ ... ဒီနေရာမှာပဲ မြှုပ်ထား ကြရအောင် ပြီးတော့ နက်ရှိုင်း ဝိညာဉ်ကျောက်ကို မြန်မြန် သွားရှာရမယ်။ ကောင်းကင်အဆင့် စိတ်စွမ်းအင် ကျောက်တုံးအတွက် ငါတို့တွေ ခုနစ်ရက်၊ ရှစ်ရက်လောက် ဖြုန်းပြီးသွားပြီ ... အဲဒီ ကောင်လေးမှာ ငါတို့ထက် အရင် မြေပုံရှိထားတာ ဆိုတော့ သူတွေ့သွား လိမ့်မယ် ...” အရပ်ရှည်ရှည် အမျိုးသားက လက်ခုပ်တီးကာ အခြားလူများကို ဆော်ဩလိုက်သည်။
သုံးယောက်သား ထိုဝိညာဉ် သတ္တုကို ဝှက်ထားဖို့ရာ ဧရာမတွင်းကြီး တူးဖို့ရန် ဆုံးဖြတ် လိုက်ကြသည်။ သုံးယောက်သည် သူ့တို့ရှေ့တွင် ရှိနေသော အရာသည် သူတို့ ရှာနေသည့် အရာထက် များစွာ အဖိုးတန်ကြောင်းကို မသိကြပေ။
မိုဝူကျီက ထိုအရာများကို မသိပေ။ သူ သိနေလျှင်ပင် ဘာမှ လုပ်မည် မဟုတ်ပေ။ သူ့အတွက် ရိုးရိုးလေးချီ၏ အာရုံစိုက်မှုကို ဖယ်ရှား နိုင်သည်ကပင် ကြီးမားသော အောင်မြင်မှု ဖြစ်နေလေပြီ။
မိုဝူကျီသည် စက်ဆုပ်ဖွယ် တီကောင်များမှ လွတ်မြောက်လာသည့် လေးရက်မြောက်နေ့ ဖြစ်သည်။ သူက မြူများ ပြည့်နေသည့် လျှိုစောက် အပြင်တွင် ရပ်နေသည်။ ထိုကျိုးပျက် နေသည့် အဆောက်အဦများကား ယခင်က လူများ နေထိုင်ခဲ့ကြောင်း သက်သေ ပြနေလေ၏။ နှစ်များစွာ ကြာခဲ့ပြီး နောက်တွင် ထိုအဆောက်အဦများက ထိုလျှိုစောက်နှင့် တစ်သားတည်း ဖြစ်လာဟန် ပေါ်သည်။ မိုဝူကျီက ထိုအဆောက်အဦများ၏ ပုံစံကို ကြည့်ရင်း ထိုအရာများသည် တချိန်က လူများ ဆောက်လုပ်ခဲ့တာ ဖြစ်ကြောင်း ပြောနိုင်သည်။
သူက ထျန်းဂျီတုတ်ကို ထုတ်ယူပြီး လျှိုစောက်ထဲသို့ သတိတကြီး ချဉ်းကပ် သွားတော့သည်။ ရိုးရိုးလေးချီဆီမှ ဝယ်ယူလာသော မြေပုံတွင် မြူများအကြောင်း ပြောမထားပေ။ မြေပုံတွင် လျှိုစောက်၏ မူလနေရာတွင် အဆောက်အဦများ ရှိခဲ့ပြီး နှစ်များစွာ တိုက်စားမှုကြောင့် တစ်စစီ ပြိုကွဲသွားကြောင်း ဖော်ပြထားသည်။ ထိုဖော်ပြချက်ကား အတော်လေး တိကျလှသည်။
ရိုးရိုးလေးချီဆီမှ ရတနာ တည်နေရာများကား အလွန်ပင် တိကျလေသည်။ ထို့ကြောင့် စာစောင်တွင် ကောင်းကင် လမ်းပန်းအကြောင်း ပြောထားသည့် အတိုင်း မိုဝူကျီသည် ဤနေရာတွင် ရှာတွေ့ဖို့ရာ မစိုးရိမ်တော့ချေ။ တစ်ခုတည်းသော စိုးရိမ်မှုက လူအများက သူ့ထက် အရင် ရောက်လာမည်ကို ဖြစ်၏။
ထို့အပြင် ဤပျောက်ဆုံး ကောင်းကင် မြို့ပျက်သို့ ဦးတည် နေကြသော အဆုံးမသတ်သည့် ကျင့်ကြံသူ များစွာ ရှိသည်။ ထို့ကြောင့် သူ့ထက် အရင် တစ်ယောက်ယောက် ရောက်နေမည် ဆိုလျှင်ပင် အံ့ဩစရာတော့ မဟုတ်ပေ။
မိုဝူကျီက လျှိုစောက်သည် ရှေးဟောင်း အဆောက်အဦများ၏ အပျက်အစီး ဖြစ်နေသောကြောင့် သတိတကြီး ဝင်သွားလိုက်သည်။ မိုဝူကျီက ထိုင်ခုံနှင့် တူသော ရုပ်တုကို မြင်လိုက်ရသည်။ အမွှေးတိုင် တစ်ဝက်လောက် ကြာချိန်တွင် မိုဝူကျီက ဘာမှ မတွေ့ရသောကြောင့် ရပ်လိုက်တော့သည်။
သူ မြင်မြင်သမျှ အရာကား မြူများသာ ဖြစ်နေသည့် အတွက် အမြင်အာရုံ အဆင် မပြေတော့ပေ။
ရိုးရိုးလေးချီ ပြောသည့် ပျောက်ဆုံးကောင်းကင် မြို့ပျက်၌ နေရာတိုင်းတွင် အဆိပ်ရှိနိုင်သည့် အကြောင်းကား မှန်ကန်ပေသည်။ မြူထဲတွင် သူ့အမြင်အာရုံ ဝေဝါးစေသည့် အဆိပ်တချို့ ပါဝင်နေသည်။
မိုဝူကျီက မြူထဲတွင် အဆိပ်ပါကြောင်း သိသိချင်း အလျင်စလို မပြုမူပေ။ သူက အဆိပ်ဖြေ ဆေးလုံး တချို့ ထုတ်ယူလိုက်ပြီး မျိုချလိုက်သည်။ ထို့နောက် မျက်လုံးကို ပိတ်ထား လိုက်လေ၏။
အကယ်၍ ဤမြူတွင် အဆိပ်ပါဝင်ပါက သာမန် ကျင့်ကြံသူများက ပေါ်မလာဘူးဟု ဆိုလိုခြင်းပင် ဖြစ်၏။ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ တစ်ယောက် အတွက် သူ့စိတ် စွမ်းအားက မှော်ရတနာ အဆင့်လောက်သာ ရှိဦးမည်။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူသာ သူတို့ စိတ်စွမ်းအားကို သူ့ကဲ့သို့ ပတ်ဝန်းကျင် တစ်လျှောက် ဖြန့်ကြက် နိုင်ကြလိမ့်မည်။
ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူ၏ စိတ်စွမ်းအားသည် သူ့ကိုယ်ပိုင် စိတ်စွမ်းအားထက် ပိုသာအောင် ပြုလုပ် ထားနိုင်သည်။ သို့သော်လည်း မိုဝူကျီက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်နှင့် စိတ်စွမ်းအင် ကိုက်ညီမည့် အကြောင်းကို စိတ်ထဲ မထားပေ။ ထိုအရာက သူ လိုချင်နေသော အရာ မဟုတ်သေးပေ။ သူ အလိုချင်ဆုံးက သူ့စိတ်စွမ်းအားဖြင့် ဦးတည်ရာ လေးနေရာလုံး ဖြန့်ကြက်နိုင်ရန် ဖြစ်သည်။
ဖြစ်နိုင်သည်က လျှိုစောက်၏ မူလ အနေအထားကြောင့် ရှေ့တွင် ဖြောင့်တန်းမှု မရှိသည့် လမ်းကြောင်းများသာ ရှိနေလေ၏။ အနည်းဆုံး ရွေးချယ်စရာ ၇ခု၊ ၈ခု ရှိလေသည်။
နာရီအနည်းငယ် ကြာသည့်အထိ မိုဝူကျီက ကောင်းကင် လမ်းပန်း၏ အရိပ်အယောင်ပင် မတွေ့သေးချေ။ စာစောင်တွင် ကောင်းကင်လမ်းပန်း အကြောင်း ရှင်းပြထားပြီး ဤနေရာတွင် တည်ရှိကြောင်း ပြောထားသော်လည်း သူက ဘယ်နေရာတွင် ဖုံးကွယ်လျက် တည်ရှိနေမှန်း မသိသေးပေ။
မိုဝူကျီက စိတ်ရှည်စွာ နေရင်း ဆက်လက် ရှာဖွေလိုက်သည်။ ဤသည်က သူ ပျောက်ဆုံး ကောင်းကင် မြို့ပျက်သို့ ရောက်လာသည့် ရည်ရွယ်ချက် ဖြစ်ရာ တစ်လကြာကြာ၊ တစ်နှစ်ကြာကြာ ကိစ္စမရှိပေ။ ဆက်လက်၍ ရှာရမည်။
မိုဝူကျီရှေ့တွင် အရိပ်တစ်ခု ပေါ်လာသောကြောင့် အလန့်တကြား ဖြစ်သွားလေ၏။ ကံကောင်းစွာ ထိုသည်က လျှိုစောက် အတွင်းမှ အခြားသော အရာများကဲ့သို့ နှစ်များစွာ ကြာနေသည့် အတွက် ဆွေးနေသော ရုပ်တု တစ်ခု ဖြစ်လေသည်။
မိုဝူကျီက ထိုရုပ်တုဆီ လျှောက်လှမ်း သွားရင်း မိုဝူကျီထက် ခေါင်းတစ်ဝက်လောက် ရှည်လျားကာ လက်တွင် လက်စွပ် ဝတ်ဆင်ထားကြောင်း သတိပြုမိ လိုက်သည်။ မိုဝူကျီက ထိုအရာသည် သိုလှောင် လက်စွပ်လေလားဟု သံသယ ဝင်မိလာသည်။
သို့သော်လည်း သိုလှောင် လက်စွပ်က သူ့အတွက် အသုံးမဝင်ပေ။ အကြောင်းမှာ လူသားနှင့် လက်စွပ်ပါ ကျောက်တုံး ဖြစ်သွား၍ ဖြစ်သည်။
မဟုတ်သေးဘူး ... မိုဝူကျီက တစ်ခုခုကို တွေးမိဟန်ဖြင့် တိုင်လုံးနှင့် တူသည့် အရာကို အလျင်အမြန် လိုက်ရှာလိုက်သည်။ မကြာခင်တွင် မိုဝူကျီက ထိုအရာများက တိုင်လုံး မဟုတ်ဘဲ လူသားများက ရုပ်တုအဖြစ် ပြောင်းသွားကြောင်း သိလိုက်ရသည်။
အခြားသော နေရာများတွင် လူသေများက ပြာအဖြစ် ပြောင်းသွားကြပြီး အချိန်ကြာလာ သည်နှင့်အမျှ ဤလောကမှ တဖြည်းဖြည်းချင်း ပျောက်ဆုံး သွားတော့သည်။ ဤနေရာတွင် သေဆုံးကြသော သူများက ကျောက်တုံး သို့မဟုတ် ရုပ်တုများ အဖြစ် ပြောင်းလဲ သွားကြသည်။ ဖြစ်နိုင်ချေ တစ်ခုက ဤနေရာရှိ မြူကြောင့် ဖြစ်လေသည်။
စိတ်ခံစားချက် ကြောင့်လေလား ... မိုဝူကျီက ခန္ဓာကိုယ် တစ်ခုလုံး နာကျင်မှုကို ခံစားလိုက်ရသည်။
အဆိပ်မြူ အကျိုးသက်ရောက်မှု များလား ... မိုဝူကျီက စိုးရိမ်လာပြီး သူ့ပထမဆုံး တုံ့ပြန်မှုကား ထွက်ပြေးရန် ဖြစ်သည်။ သူ့အသက် ဆုံးရှုံးမှတော့ ကောင်းကင်လမ်းပန်း ရလည်း ဘာအရေးပါ မည်နည်း။
မိုဝူကျီ ထွက်ပြေးတော့မည့် ဆဲဆဲတွင် သူ့ စိတ်စွမ်းအားက ခရမ်းရောင်ပန်းကို ခံစားမိလေသည်။ ခရမ်းရောင်ပန်းကား မြူခိုးများ အလယ်တွင် ရိုးတံမရှိ၊ အခက်အလက် မရှိစွာဖြင့် ပေါက်ရောက်နေသည်။ လေထဲတွင် ချိတ်ဆွဲထားသည့် အလား ကြီးထွား နေလေသည်။
ကောင်းကင်လမ်းပန်း ... မိုဝူကျီသည် ကောင်းကင်လမ်းပန်းကို ချက်ချင်း မှတ်မိလိုက်၏။
***