စိတ်ဝိညာဉ် တည်ဆောက်ခြင်း
Vol. 13 Ch. 174
မိုဝူကျီက သူ့ခန္ဓာ တစ်လျှောက်မှ နာကျင်မှုကို လုံးဝ လျစ်လျုရှုထားပြီး ခြေထောက်တွင် အားအပြည့် ထည့်ကာ ရှေ့ကို တစ်ဟုန်ထိုး ပြေး၍ ကောင်းကင် လမ်းပန်းကို ချိန်ရွယ် လိုက်တော့သည်။
ကောင်းကင် လမ်းပန်းသည် မြူထဲတွင် ချိတ်ဆွဲထား သကဲ့သို့ ဖြစ်ပေါ် နေသောကြောင့် အလွယ်တကူ ဆွတ်ခူး နိုင်ခဲ့သည်။ ထို့နောက် ပန်းကို ကျောက်စိမ်း သေတ္တာထဲ ထည့်ထား လိုက်တော့သည်။
ကောင်းကင် လမ်းပန်းကို ရပြီးသည်နှင့် မိုဝူကျီက ဤနေရာတွင် တစ်စက္ကန့်မျှ မနေချင်တော့ပေ။ ထို့ကြောင့် သူက လှည့်ထွက်လိုက်ပြီး မြူတွေထဲမှ ထွက်လာလိုက်သည်။ ထိုစဉ် သူ့တွင် စိတ်စွမ်းအား ပိုင်ဆိုင်ခြင်းကို ကျေးဇူး တင်နေလေ၏။ ထိုအရာ မပါရှိဘဲ သူ့အတွက် ဤနေရာသို ဝင်လာရန် မဖြစ်နိုင်ချေ။
မြန်လွန်းလှသည့် နှုန်းဖြင့် မိုဝူကျီက အမွှေးတိုင် တစ်တိုင်အတွင်း လျှိုစောက် ထွက်ပေါက်သို့ ရောက်ရှိသွားကာ မြူထဲတွင် ပိတ်မိနေမည့် အိပ်မက်ဆိုးကား အဆုံးသတ် သွားချေပြီ။
သူ့ခန္ဓာထဲမှ နာကျင်မှုများက တစ်ခုပြီး တစ်ခု ပေါ်လာပြီး သူ့အား အဆိပ်ဖြေ ဆေးလုံး ထပ်သောက်ရန် ထောက်ခံ နေကြသည်။ မြူကား ထူးခြား ဆန်းကြယ်လှကာ သူသည် အဆိပ် အမျိုးအစားကိုပင် အဖြေ မထုတ်နိုင်ပေ။
ဤတစ်ကြိမ်တွင် မိုဝူကျီက သူ လာခဲ့သည့် ဆန့်ကျင်ဘက် ဦးတည်ရာကို သွားလိုက်တော့သည်။ ပို၍ ထူးဆန်းသော ပေါင်းပင်များနှင့် နံရံ အပျက်များကို ဖြတ်သန်းဖို့ရာက သူ နောက်တစ်ခေါက် မလုပ်ချင်သော အရာ ဖြစ်သည်။ ဤတစ်ခါတော့ သူက ရိုးရိုးလေးချီ မြေပုံအတိုင်း မသွားတော့ပေ။
သုံးရက်တာလောက် ပြေးလာပြီး နောက်တွင် တစ်ခုခုက မှားယွင်း လာလေသည်။ သူ့ခန္ဓာကား ဖြည်းဖြည်းချင်း တောင့်တင်း လာသောကြောင့် အဆိပ် မိထားကြောင်း သိသာလှသည်။
ဆက်၍ မသွားခင် သူ့ခန္ဓာမှ အဆိပ်ကို အရင် ဖယ်ရှားသင့်သည်။ မိုဝူကျီက ဘေးပတ်လည်ကို ကြည့်လိုက်သည်။ တစ်ဖက်တွင် ရွှံ့မြေမှ လွဲ၍ အားလုံးကား ပုန်းစရာ နေရာ တစ်ခုမှ မရှိသည့် ကျတ်တီးမြေများသာ ဖြစ်ကြသည်။
မိုဝူကျီ ရွေးချယ်မှုက သိသာလှပေသည်။ မိုဝူကျီက ရွှံ့မြေထဲသာ ဆင်းလိုက်တော့၏။ သူသည် အဆိပ်မည်မျှ ပြင်းထန်ကြောင်း မသိသေးပေ။ အကယ်၍ အရမ်း ပြင်းထန်ပါက သူသည် သူ့ခန္ဓာကိုယ် စနစ်မှ ထွက်သွားဖို့ရန် နာရီအတော် ကြာပေလိမ့်မည်။ ထို့ကြောင့် သူရွေးချယ်မည့် နေရာသည် လျှို့ဝှက်၍ လုံခြုံမှု ရှိရမည်။
ရွှံ့မြေတွင် လူသွားလူလာ နည်းသည့်အတွက် သူသာ နေရာကောင်း တစ်ခု ရှာနိုင်ပါက လုံလောက်လေပြီ။
မိုဝူကျီ ရွှံ့မြေထဲ ရောက်သာသည်မှာ နေ့ဝက်ခန့် ရှိသွားသော်လည်း သူ့ကိုယ်သူ ပုန်းအောင်းရန် နေရာ ရှာမတွေ့သေးပေ။ သူ့တစ်ကိုယ်လုံးကား ရွှံ့များဖြင့် ဖုံးလွှမ်း နေသော်လည်း ထိုသည်က အရေးကြီးဆုံး မဟုတ်ပေ။ သူ့ခန္ဓာတွင် တဖြည်းဖြည်းချင်း တောင့်တင်းလာမှုက ပို၍ပင် ဆိုးရွား လာနေသည်။ သူသည် လျှိုစောက် အတွင်းမှ လူသားရုပ်တုများ ကဲ့သို့ ဘယ်အချိန် ပြောင်းသွားမည်ကို မည်သူ သိမည်နည်း။
ပျောက်ဆုံး ကောင်းကင်မြို့ပျက်သည် အမှန်ပင် အန္တရာယ် ကြီးလှသည်။ သူက စိတ်မချရသည့် နေရာများကို မသွားသော်လည်း အသက်အန္တရာယ် နှစ်ခုကို ကြုံတွေ့ပြီးလေပြီ။
မိုဝူကျီ အမြင်အာရုံတွင် ရင်းနှီးသော ပုံရိပ်သုံးခု ရောက်ရှိ လာသောကြောင့် ရွှံ့ရေထဲသို့ အလျင်အမြန် ဝပ်ချ လိုက်တော့သည်။ သူက ထိုသုံးယောက်သည် သူ့ဆီက သိုလှောင်အိတ် လုယက်ရန် ကြိုးစားဖူးသည့် လူတွေမှန်း အမှတ် ရလိုက်သည်။ သူ့ကို လွှတ်ပေး လိုက်သည်မှာ ရိုးရိုးလေးချီဆီမှ စာအုပ်နှင့် မြေပုံကို ပေးလိုက်သောကြောင့် ဖြစ်သည်။
ထိုသုံးယောက်နှင့် နောက်တစ်ကြိမ် တိုက်တိုက်ဆိုင်ဆိုင် ထပ်တွေ့မည်ဟု မည်သူ ထင်ထားမည်နည်း။ ဤတစ်ကြိမ်တွင် သူက လူမြင်ခံ၍ မဖြစ်သေးပေ။ မဟုတ်လျှင် သူ့လက်ရှိ တောင့်တင်း နေမှုဖြင့် သေခြင်းတရားကို လက်ယက် ခေါ်နေသည့် အလား ဖြစ်နေလိမ့်မည်။
သူက ခေါင်းစခြေဆုံး ရွှံ့များဖြင့် ဖုံးလွှမ်းနေ၏။ ယခု သူက ရွှံ့ရေထဲ ဆင်းလိုက်သော အခါ သူ့ကို ကြည့်လျှင်ပင် သူ့တည်ရှိမှုကို မြင်နိုင်မည် မဟုတ်ပေ။ ထိုသုံးယောက်က မိုဝူကျီကို မရှာဘဲ ခဏတာ လှည့်ပတ်ကြည့် ပြီးနောက် ထွက်သွား ကြတော့သည်။
သူတို့ အပြုအမူများက မိုဝူကျီကို နားမလည်အောင် ဖြစ်စေသည်။ စာစောင်တွင် ဤရွှံ့မြေ အကြောင်း ပြောမထားပေ။ ထို့ကြောင့် ထိုသုံးယောက်က ဤနေရာတွင် ဘာလုပ်နေကြ သနည်း။
သူတို့သည် အတင်းကျပ် သိုလှောင်အိတ် ဝယ်ဖို့ ကြိုးစားဖူးသည်ကို အမှတ်ရ၍ ထိုသုံးယောက်သည် တစ်ခုခု ကောင်းတာ တွေ့ထားကြောင်း ပြောနိုင်သည်။ ယခုအမြင်အရ ဤနေရာသည် ထိုပစ္စည်းရှိသည့် နေရာ ဖြစ်ရမည်။ သူက မှောက်လျက် ရှိနေသည်မှာ အမွှေးတိုင် တစ်ဝက်ခန့်ပင် ရှိသွားလေပြီ။ ထို့နောက် ထိုလူသုံးယောက် ပေါ်လာသည့် နေရာကို လွှားခနဲ သွားကြည့် လိုက်တော့သည်။
ထိုသည်က ရွှံ့မြေထဲမှ ပုံမှန် တွေ့ရတတ်သော တောင်ကုန်း အသေးလေး ဖြစ်၏။ ဘေးပတ်လည်တွင် ချိုင့်လေးများမှ လွဲ၍ အခြားသော ရေနေ အပင်များသာ လွှမ်းခြုံ ထားလေသည်။
ဤနေရာတွင် ဘာမှ မရှိဘူးလား ... မိုဝူကျီက ထိုတောင်ကုန်း အပုလေးကို နှစ်ကြိမ် ပတ်ကြည့်လိုက်သည်။ တတိယ အကြိမ်တွင် နောက်ဆုံးတွင် မှားယွင်းနေသည့် အရာကို တွေ့ရှိသွားလေ၏။ တောင်ကုန်းပုလေး အခြေတွင် ပေါက်နေသော ရေနေအပင် တစ်ပင်ကား အတော်လေး စောင်းနေလေသည်။ အကယ်၍ သူ့အနီးကပ် စစ်ဆေးမှုကြောင့်သာ မဟုတ်လျှင် ထိုအသေးစိတ်လေးကို သတိထားမိမည် မဟုတ်ပေ။ ထိုအရာတင် မကပေ။ ထိုအပင်လေး ဘေးပတ်လည်တွင် ရေတစ်စက်မှ ရှိမနေပေ။
မိုဝူကျီက လျှောက်လှမ်း သွားလိုက်ပြီး အပင်ကို ဆွဲနုတ်လိုက်သည်။ သူ့မျက်စိရှေ့တွင် တွင်းတစ်ခု ပေါ်လာလေ၏။ အပေါက်ကား ဘေးမှ တောင်ကုန်းပုလေးနှင့် ဆက်စပ်နေသည်။ သိပ်သည်းလှသော ဝိညာဉ် စွမ်းအားများက ထိုအပေါက်မှ ထွက်ပေါ်နေကာ သူ့အာရုံကို ဖမ်းစား သွားလေသည်။ ထို့ကြောင့် သူက ချက်ချင်း အပေါက်ထဲ ခုန်ချလိုက်သည့် အချိန်တွင် တစ်ဆက်တည်း ဆိုသလို ရေနေ အပင်ကိုလည်း မူလအခြေအနေ ဖြစ်အောင် ပြန်ပြုပြင် လိုက်သည်။
အတွင်းနက်ပိုင်းသို့ ဆင်းလေလေ ဝိညာဉ် စွမ်းအားများက ပိုသိပ်သည်း လာလေလေ ဖြစ်သည်။ မိုဝူကျီက သူ့ခန္ဓာတောင့်တင်း နေမှုကြောင့် မသက်မသာ ဖြစ်နေသော်လည်း ထိုမျှ သိပ်သည်းလှသော ဝိညာဉ် စွမ်းအားများနှင့် ထိတွေ့ခြင်းက အကျိုး သက်ရောက်မှုတော့ ရှိလေသည်။
နာရီဝက်လောက် လျှောက်သွားပြီး နောက်တွင် သူက ရပ်တန့်လိုက်သည်။ သူ့မျက်စိရှေ့မှ မြင်ကွင်းကို အံ့ဩတကြီး ဖြစ်နေလေသည်။ မြေပြင်ပေါ်တွင် စိတ်စွမ်းအင် ကျောက်တုံးများ ပြန့်ကျဲလျက် ရှိသည်။ သူ့ရှေ့တွင် ရှိနေသည်က တူးဖော်ထားပြီးသော စိတ်စွမ်းအင် ကျောက်တွင်း ဖြစ်နေသည်။ အကယ်၍ မိုဝူကျီသာ ထိုသုံးယောက်က ဘာအတွက် သိုလှောင်အိတ် လိုအပ်နေမှန်း မသိလျှင် သူသည် ငအ တစ်ယောက် ဖြစ်နေလိမ့်မည်။ ထိုသုံးယောက်က စိတ်စွမ်းအင် ကျောက်တွင်းကို တွေ့ခဲ့သောကြောင့် သိုလှောင်အိတ် ဆယ်အိတ် ပါလျှင်ပင် လုံလောက်မည် မဟုတ်ပေ။ သူ့တွင်လည်း တစ်အိတ်သာ ပါရှိလေသည်။
သူ့ခန့်မှန်းခြေ အရ ထိုလူ သုံးယောက်သည် မြန်မြန် ပြန်ရောက်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် သူက စိတ်စွမ်းအင် ကျောက်တွင်း အလယ်တွင် ထိုင်ရင်း သူ့ခန္ဓာမှ အဆိပ်ကို စတင် အဖြေရှာလိုက်သည်။ မိနစ်အတော် ကြာသွားသည့်အခါ မိုဝူကျီ နဖူးကား ချွေးများ စိုစွတ် လာလေသည်။ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူများ အားလုံးတွင် သူ့ကဲ့သို့ ချီသွေးကြောများနှင့် ရင်းနှီး ကျွမ်းဝင်မည့်သူ မရှိလောက်ပေ။ ချီသွေးကြော တစ်ခုစီကား လျှပ်စီးကို သူတို့ကြား ဖြတ်သန်း စီးဆင်းရန် လမ်းညွှန်ပေးသော သူ့အားထုတ်မှု ကြောင့်သာ ဖြစ်သည်။
သို့သော်လည်း သူ့ခန္ဓာ အခြေအနေနှင့် ရင်းနှီး နေလျှင်ပင် သူက အမှားကို ရှာမတွေ့ပေ။ သူသည် အဆိပ် ဘယ်လို မိလာတာလဲ ဒါမှမဟုတ် ဘယ်အဆိပ် မိလာတာလဲ ဆိုတာ တစ်ခုမှ မသိပေ။
မိုဝူကျီက စိတ်ပျက်လက်ပျက် မျက်မှောင်သာ ကြုတ်လိုက်တော့သည်။ ယခု သူက ကောင်းကင်လမ်းပန်းကို တွေ့ခဲ့သော်လည်း အဆိပ်ကိုတော့ ဖြေမရသေးပေ။ ပန်းနှင့် စိတ်စွမ်းအင် ကျောက်တွင်း ရှာတွေ့ခြင်းက အဓိပ္ပာယ် မဲ့နေသေး၏။
ထို့နောက် သူက သိုလှောင်အိတ် အတွင်းမှ ကျောက်စိမ်း သေတ္တာကို ဖွင့်လိုက်သည်နှင့် လှပသော ခရမ်းရောင်ပန်းကို တွေ့လိုက်ရသည်။ ကျောက်စိမ်းသေတ္တာ အဖုံး လှပ်လိုက်သည့် အခါ လန်းဆန်းလှသည့် ရနံ့လေးက မိုဝူကျီကို စိတ်ကျေနပ်စေသည်။
ဒီကောင်းကင် လမ်းပန်းက အဆိပ်ကို ဖြေနိုင်တာများ ဖြစ်နေမလား … ကမ္ဘာမြေမှ တရုတ် တိုင်းရင်းဆေးကို လေ့လာသူ အနေနှင့် စိတ်ထဲ အတွေးပေါက် လာလေသည်။ အဆိပ်ပင် တော်တော်များများသည် သူတို့၏ ဖြေဆေးကား သူတို့နှင့် မနီးမဝေးတွင် ပေါက်ရောက် တတ်ကြသည်။ ထိုသည်က သိပ္ပံနည်းကျ မဟုတ်သော်လည်း မိုဝူကျီက ဖြေဆေးရှာရန် အလျင်လိုနေ၏။
ကောင်းကင် လမ်းပန်းသည် အဆိပ်မြူထဲတွင် ရှင်သန် နိုင်သောကြောင့် အဆိပ်ကို မကြောက်ဘူးဟု ဆိုလိုခြင်းပင် မဟုတ်ပါလား … ဖြစ်နိုင်သည်က ကောင်းကင် လမ်းပန်းသည် ဖြေဆေး ဖြစ်နေနိုင်သည်။
ထိုစဉ် မိုဝူကျီက စွမ်းအားဖြည့် ဆေးလုံးများကို ဝါးစား လိုက်တော့သည်။ သူက ကျင့်ကြံဖို့ရာ ဆေးလုံးများ အသုံးပြုခြင်း ရှားပါးလှကာ ယခုကဲ့သို့ ပတ်ဝန်းကျင်က ဝိညာဉ် စွမ်းအားများ သိပ်သည်းတာ မျိုးလည်း ရှားပါးလှပေသည်။ သူ့စိတ်ထဲတွင် ရှိနေသည်က ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၂ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိဖို့ရာ ဖြစ်၏။ ထို့နောက်တွင် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းရမည်။
ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၃ထိ ရှိနေလျှင်ပင် သူက ကောင်းကင် လမ်းပန်းကို အသုံးပြု၍ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ကို ဖြတ်ကျော်ဖို့ရာ ကြိုးစားရမည်။
စိတ်စွမ်းအင် ကျောက်တွင်းတွင် ကျင့်ကြံခြင်းက သာမန် စိတ်စွမ်းအင် ကျောက်တုံးများကို အသုံးပြုခြင်းထက် အဆများစွာ များစွာ ပို၍ အကျိုးရှိလေသည်။အကြောင်းမှာ စိတ်စွမ်းအင် ကျောက်တုံးများကို မတူးခင်က သူတို့သည် ကောင်းကင်မြေကြီးနှင့် သဘာဝကျစွာ တည်ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံဖို့ရ ပို၍ သင့်တော်လေသည်။ မိုဝူကျီ၏ စွမ်းအား စုပ်ယူနှုန်းနှင့် ပေါင်းလိုက်သည့် အခါ စိတ်စွမ်းအင် ကျောက်တွင်းတွင် ကျင့်ကြံသည်က တစ်ကြောင်း၊ ထို့အပြင် ဆေးလုံးများ ကိုလည်း အသုံးပြုသေး၏။ ထို့ကြောင့် သူ့ကျင့်ကြံနှုန်းကား ထိုထက် မမြန်နိုင်တော့ချေ။
နှစ်ရက်တာ အတွင်း သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၁၂ နောက်ဆုံး အဆင့်သို့ ရောက်ရှိသွားလေ၏။ စွမ်းအားဖြည့် ဆေးလုံးများစွာကို မျိုချရင်း မိုဝူကျီက ဝိညာဉ် စွမ်းအားများကို သဲသဲမဲမဲ စုပ်ယူနေ လိုက်သည်။
သူ့ဘေးနားမှ ဝိညာဉ် စွမ်းအားများက ဝဲဂယက်ပုံ ဖြစ်နေပြီး ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူအတွက် မမြင်ဖူးပေ။ သူ့စုပ်ယူနှုန်းကား အရမ်းမြင့်၍ သူ့တိုးတက်နှုန်းလည်း ပိုပိုမြင့် လာလေသည်။ သို့သော်လည်း မိုဝူကျီက လုံးဝ မပျော်ရွှင် နိုင်သေးပေ။ သုံးရက်တာ ကုန်ဆုံးသွားပြီ ဖြစ်ကာ သူ့ခန္ဓာကိုယ်ကား ကြာလာသည်နှင့် အမျှ တဖြည်းဖြည်း တောင့်တင်း လာလေသည်။
နောက်ဆုံးတွင် သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၂ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားလေပြီ။ ထိုအခိုက်အတန့်ကို သူစောင့်မျှော်နေတာ ဖြစ်ပြီး သူက ကောင်းကင် လမ်းပန်းကို ပါးစပ်ထဲ ထည့်ဖို့ရာ ပြင်လိုက်တော့သည်။
ကောင်းကင် လမ်းပန်း၏ နှင်းဆီနှင့်တူသည့် ရနံ့နှင့်အတူ ပေါ့ပါးပြီး ချိုမြိန်သည့် အရသာ ရရှိလေသည်။ သို့သော် မိုဝူကျီက အရသာ ခံနေစဉ် ပြင်းထန်သည့် ဝိညာဉ်စွမ်းအားက သူ့ခန္ဓာအတွင်းမှ မီးမြှိုက်လိုက်သည့် အလား ခန္ဓာဆီ အပြေးအလွှား ဝင်ရောက် သွားလေသည်။
ကြောက်မက်ဖွယ် လောင်ကျွမ်းမှုက သူ့ကို ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး လေ့ကျင့်သည့် အချိန်ကို ပြန်အမှတ် ရစေသည်။ သူ့အတွင်းပိုင်းကား ပြာအဖြစ် လောင်ကျွမ်း တော့မည့်အလား လောင်မြိုက် နေလေ၏။
ထိုစဉ် မိုဝူကျီ စိတ်ထဲတွင် ပျော်ရွှင် ဝမ်းမြောက်မှုသာ ကြီးစိုး လာတော့သည်။ ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုးမှ အတွေ့အကြုံအရ သူသည် ကောင်းကင် လမ်းပန်းကြောင့် တောက်လောင် သွားမည်ကို စိုးရိမ်နေစရာ မလိုအပ်ပေ။ သူက ဘဝင်ခိုက်နေစဉ် သူ့တောင့်တင်းတင်း ခန္ဓာကိုယ်က စတင် ပျော့ပျောင်း လာလေသည်။ မျှော်လင့်ထားသည့် အတိုင်း အဆိပ် အာနိသင်သည် ဖြည်းဖြည်းချင်း ကွယ်ပျောက် လျော့နည်း လာလေပြီ။ ကြည့်ရသည်မှာ ကောင်းကင်ပန်းလမ်းမှ စွမ်းအားကြောင့် လောင်ကျွမ်းသွားဟန် ရှိသည်။
သူ့ခန့်မှန်းချက်ကား မှန်ကန်ပေသည်။ ကောင်းကင် လမ်းပန်းသည် ခန္ဓာကိုယ် တောင့်တင်းမှုကို ဖြေလျော့ပေးသည့် အဆိပ်ဖြေဆေး ဖြစ်နေသည်။
မိုဝူကျီက နောက်တစ်ဆင့် တက်လှမ်းရန် သူ့စွမ်းအားများကို အမြင့်ဆုံးအထိ လှည့်ပတ် လိုက်တော့သည်။
လှည့်ပတ်မှု အချို့ အပြီးနောက်တွင် ကောင်းကင်လမ်းပန်းမှ ထွက်လာသော ဝိညာဉ် စွမ်းအားများနှင့် သူ စုပ်ယူထားသော ဝိညာဉ် စွမ်းအားများက ပေါင်းစပ်သွားပြီး သူ့ခန္ဓာအတွင်း ဝင်ရောက် သွားလေသည်။ ထိုသည်က အန္တရာယ်အများဆုံး အချိန် ဖြစ်ပြီး ချီသွေးကြောများ ဖွင့်ရန်အတွက် လျှပ်စီးများကို လမ်းညွှန်ပေးသည့် အတွေ့အကြုံများမှ သိလေ၏။ ထိုတောက်လောင် နေသော ခံစားချက်သည် သူ့ ၁၀၀ခုမြောက် ချီသွေးကြောထဲသို့ စီးဝင် သွားတော့သည်။
“ဘမ်း ...” မိုဝူကျီက ၁၀၀ ခုမြောက် ချီသွေးကြောကား ပွင့်သွားပြီ ဖြစ်ကြောင်း ခံစားမိ လိုက်သည်။ ချီသွေးကြော တစ်ခု ဖွင့်ရုံနှင့် ထိုမျှ အံ့ဩတကြီး ဖြစ်သွားသည်မှာ ပထမဆုံး ဖြစ်သည်။
ကြောက်ခမန်း လိလိ ဝိညာဉ် စွမ်းအားများက တစ်နေရာရာသို့ လွတ်မြောက်သွားသည့် အလား သက်သောင့်သက်သာ ဖြစ်သွားစေသည်။
ထို့နောက်တွင် သူက သူ့၏ အင်မော်တယ် မော်တယ် ကျင့်စဉ်မှ စွမ်းအား လှည့်ပတ်ခြင်းကား ပို၍ ပြည့်စုံလာသည် သာမက ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းလည်း အဆမတန် မြန်ဆန် လာပေသည်။ သူ့သဘာဝ စွမ်းအား တချို့ကို သူ့ ၁၀၀မြောက် ချီသွေးကြောထဲ လှည့်ပတ်လိုက်သည်။
အကြီးအကဲ တိုင်ကျုး ပြောသည်က လုံးဝ တိကျသည်တော့ မဟုတ်ပေ။ ၁၀၀ခုမြောက် ချီသွေးကြော ဖွင့်ပြီးသည့်အခါ ဝိညာဉ် စွမ်းအားများသာ သိုလှောင်ထားနိုင်ရုံ သာမက ကျင့်ကြံနှုန်းလည်း တိုးသွားစေလိမ့်မည်။
အမွှေးတိုင် တစ်တိုင်စာ ကုန်ဆုံးသွားပြီး မိုဝူကျီ ချီသွေးကြောထဲမှ ဝိညာဉ် စွမ်းအားများက ဝှစ်ခနဲ သူ့ခန္ဓာ တစ်လျှောက် ဖြတ်သန်း သွားတော့သည်။ ဘေးဝန်းကျင်မှ ဝိညာဉ် စွမ်းအားများလည်း သူ့ဆီ ပြေးဝင်လာလေ၏။ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ကို ကျော်လွန်၍ အသစ် ရရှိလာသည့် အင်အားသည် ချွေးပေါက် တစ်ခုချင်းစီသို့ စိမ့်ဝင်သွားပြီး ချီသွေးကြောထဲတွင် ပွချည်ရှုံ့ချည် စွမ်းအားနံရံကြီး တစ်ခုကဲ့သို့ ဖြစ်ပေါ်နေသည်။
စိတ်ဝိညာဉ် တည်ဆောက်ခြင်းကား နောက်ဆုံးတွင် အောင်မြင် သွားလေပြီ။ သူ့စိတ်ထဲတွင် စိတ်ခံစားချက် မျိုးစုံ ဖြစ်ပေါ်နေပြီးနောက် မတ်တတ်ရပ် လိုက်တော့သည်။ သူက ဝိညာဉ်ကြော မရှိသည့် သေမျိုး ဖြစ်ကာ မရေတွက်နိုင်သည့် ကြိုးစား အားထုတ်မှုများနှင့် သေခြင်းတရားများဖြင့် အကြိမ်ကြိမ် အခါခါ ကြုံတွေ့ခဲ့ပြီးနောက် သူက နောက်ဆုံးတွင် စိတ်ဝိညာဉ်ကို အောင်အောင်မြင်မြင် တည်ဆောက် နိုင်ခဲ့သည်။
သူ ရရှိလာသည့် အရာများအားလုံးက ခက်ခက်ခဲခဲ ကြိုးစားခဲ့၍သာ ဖြစ်သည်။
***