နတ်ဘုရား ရွှေနေကြာ
Vol. 13 Ch. 175
အချိန်အတော် ကြာသည့်အခါ မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြန်ဖြစ် သွားလေပြီ။ ထိုစဉ် သူက မစိုးရိမ်တော့ပေ။ ထိုသုံးယောက် ပြန်ရောက် လာလျှင်ပင် သူက ကြောက်နေစရာ မလိုပေ။
သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၁၀ကို ရောက်စဉ်က သူသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အလယ်အလတ် အဆင့်မှ လူနှစ်ယောက်နှင့် ထိပ်တိုက် တွေ့ခဲ့သည်။ ယခု သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၁၂ဖြင့် စိတ်ဝိညာဉ် တည်ဆောက် ပြီးသောအခါ ထိုစိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်မှ လူများကို အဘယ်ကြောင့် ကြောက်နေ ရမည်နည်း။
မိုဝူကျီက သူ့ထျန်းဂျီတုတ်ကို ဆွဲပြီး အောက်ကို ရိုက်ချလိုက်သည်။ သူက ထိုသုံးယောက်နှင့် မတူညီပေ။ ထိုသုံးယောက်လုံးက ပြန်လာရန် ကြံထားသောကြောင့် သူတို့က စိတ်စွမ်းအင် ကျောက်တွင်းကို ဖွင့်ရာတွင် သေချာ ဂရုတစိုက် လုပ်ဆောင်ကြသည်။ တစ်ဖက်တွင် မိုဝူကျီက ပြန်မလာတော့ပေ။ သူ့တုတ်ဖြင့် စိတ်စွမ်းအင် ကျောက်တွင်းကို အပေါက် ဖြစ်အောင် ဖောက်ပစ်လိုက်သည်။
ထိုသည်က မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တွင်း ဖြစ်သည်။ အထဲတွင် ပုံစံမျိုးစုံ၊ အရွယ်အစား မျိုးစုံဖြင့် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများ ရှိသည်။ မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံးများကို သိုလှောင်အိတ်ထဲ ကောက်ထည့်လိုက်ပြီး သက်ပြင်း ချလိုက်တော့သည်။ ပျောက်ဆုံးနယ်မြေ တစ်ခုလုံးတွင် စိတ်စွမ်းအင် ကျောက်တုံးများကို ပိုင်ဆိုင်ခြင်းက အတော်လေး ကောင်းလှပေသည်။
စိတ်စွမ်းအင် ကျောက်တုံးများသည် အရွယ်အစား အမျိုးမျိုးရှိကာ ထိုကျောက်များက ကျောက်တွင်းကနေ တူးဖော်ထားသည့် အရာများ ဖြစ်လိမ့်မည်။
မိုဝူကျီ သိုလှောင်အိတ်က ပြည့်သွားသည့် အခါ သူက ရုတ်တရက် အင်မတန် ကြည်လင်နေသည့် စိတ်စွမ်းအင် ကျောက်တုံးကို ရှာတွေ့ သွားလေသည်။ ထိုစိတ်စွမ်းအင် ကျောက်တုံးသည် တစ်စက်လေးမှ ချွတ်ယွင်းချက် မရှိဘဲ ပြီးပြည့်စုံသည့် ခြောက်ထောင့် သဏ္ဌာန် ရှိနေ၍ မယုံကြည်နိုင်စရာ ကောင်းလွန်း၏။
မိုဝူကျီက ကိုင်ကြည့် လိုက်သောအခါ လက်မ အရွယ်လောက် ရှိသည့် ကျောက်တုံးက လက်ထဲ ပါလာလေသည်။ မြေကမ္ဘာစိတ်စွမ်းအင် ကျောက်တုံးများနှင့် ယှဉ်လျှင် သိပ်သည်းပြီး သန့်စင်လှသည့် ဝိညာဉ် စွမ်းအားများက သူ့လက်ထဲ စိမ့်ဝင်လာလေသည်။ ထိုသန့်စင်သည့် ခံစားချက်က ကျင့်ကြံခြင်း တာအိုကို လွှမ်းခြုံထားဟန် ရှိပြီး မိုဝူကျီကို ထိုကျောက်တုံးဖြင့် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၂ သို့ အလွယ်တကူ တက်လှမ်းနိုင်ကြောင်း ခံစားနေရသည်။
ထိုသည်က ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးလား … မိုဝူကျီက သူ့လက်ထဲမှ ကျောက်တုံးကား ကောင်းကင်စိတ်စွမ်းအင် ကျောက်တုံး ဖြစ်ကြောင်း သေချာ သွားလေသည်။ သူက ကျောက်စိမ်း သေတ္တာကို ထုတ်ယူလိုက်ပြီး ကျောက်တုံးကို သိမ်းဆည်း လိုက်တော့သည်။ ထို့နောက် သိုလှောင်အိတ်ထဲသို့ ထည့်လိုက်တော့သည်။
မိုဝူကျီက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးများ၏ လုပ်ဆောင်ချက်ကို မသိသော်လည်း ကျင့်ကြံခြင်း အတွက် သုံးရသည်မှာ နှမြောစရာ ကောင်းသော ဖြုန်းတီးမှုဟုသာ ခံစားရသည်။ မိုဝူကျီက စိတ်အား ထက်သန်စွာဖြင့် တူးကြည့်ဖို့ရာ လုပ်ဆောင်လိုက်သည်။ သို့သော်လည်း တစ်နာရီ အကြာတွင် ထိုအတွေးကို လက်လျှော့ လိုက်တော့သည်။ ကြည့်ရသည်မှာ ထိုတစ်ခုတည်း ရှိဟန် ပေါ်သည်။ ဤနေရာတွင် ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး ရှိနေသည်။ ထပ်တူးကြည့်လည်း အကျိုးမရှိပေ။
နှမြောစရာ ကောင်းလိုက်တာ … ...
အကယ်၍ ဘယ်သူမှ ဤနေရာကို မသိလျှင် မိုဝူကျီက ဤနေရာတွင် ကျင့်ကြံချင်မိသည်။ ကျင့်ကြံခြင်း အတွက် အမှန်ပင် အကျိုးများ လှသည်။
သူက ဤနေရာသို့ ရောက်နေသည်မှာ ရက်များစွာ ကြာနေကြောင်း အမှတ်ရ လိုက်သောအခါ သူက ထပ်၍ အချိန်ဆွဲ မနေတော့ပေ။ သူက တည်နေရာ ပြောင်းလဲရန် ဆုံးဖြတ် လိုက်တော့သည်။ သူ့ဆီက စိတ်စွမ်းအင် ကျောက်တုံးများ ကုန်ဆုံး သွားသောအခါ နောက်တစ်ကြိမ် ပြန်လာနိုင်သေး၏။
သူ ဘယ်လိုပင် လုပ်စေကာမူ မိုဝူကျီတွင် စိတ်ကောင်းရှိ၍ လောဘ မကြီးတတ်ပေ။ အကယ်၍ တခြား တစ်ယောက်သာ ဆိုပါက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကို ရှာတွေ့ပြီး နောက်တွင် လောဘတကြီး ဆက်တူးယူ ကြလိမ့်မည်။ မိုဝူကျီက မတူပေ။ အချိန်သည် တန်ဖိုး အရှိဆုံးအရာ ဖြစ်ကြောင်း ယုံကြည်သည်။ ဤနေရာတွင် တူးရန် အချိန်ဖြုန်းမည့် အစား ကျင့်ကြံဖို့ နေရာသာ ရှာလိုက်မည်။ အကြောင်းမှာ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးအပေါ် သူ့နားလည်နိုင်စွမ်း ကန့်သတ်ချက် ကြောင့် ဖြစ်သည်။
သူက ကျောက်တွင်းမှ တဖြည်းဖြည်းချင်း ပြန်ဆုတ်လိုက်ပြီး ဝင်ပေါက် ရောက်သည့်အခါ ထျန်းဂျီတုတ်ဖြင့် မြေပြင်ကို ရိုက်ကာ အပေါ်လှန် လိုက်သည်။ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းပြီး နောက်တွင် သူ့စွမ်းဆောင်ရည်က အဆများစွာ ခုန်တက် သွားခဲ့သည်။
“ဒေါင် ...” သတ္တုရိုက်ခတ်သံကို ကြားရ၍ ခုန်ထွက်တော့မည့် မိုဝူကျီသည် နောက်တစ်ကြိမ် ပြန်ဆင်း လိုက်ရသည်။
ထိုသည်က သူ့ထျန်းဂျီတုတ်က မြေပြင်၊ ကျောက်တုံးတို့ဖြင့် ရိုက်ခတ်မိသည့် အသံ မဟုတ်ပေ။ သူ့ထျန်းဂျီတုတ်သည် သတ္တုတစ်ခုခုကို ရိုက်မိဟန် ရှိသည်။ မိုဝူကျီက ပြန်ဆင်း လိုက်ရသောကြောင့် မြေပြင်ပေါ် နောက်တစ်ကြိမ် ခြေချမိ သွားသည်။ ထိုမြေကား လတ်လတ်တူး၍ ပြန်ဖို့ထားသော မြေ ဖြစ်နေသည်။
မိုဝူကျီက ထျန်းဂျီတုတ်ဖြင့် စတင် တူးလိုက်တော့သည်။ သိပ်မကြာခင်တွင် သုံးမီတာလောက် ရှိသည့် နေကြာပန်းနှင့် တူသည့် ရွှေကား သူ့ရှေ့တွင် ရှိနေလေပြီ။
မိုဝူကျီက သတ္တုများ အကြောင်း ကောင်းကောင်း မသိသော်လည်း ထိုအရာကား ရိုးရှင်းသော အရာ မဟုတ်မှန်းတော့ ပြောနိုင်သည်။
မိုဝူကျီနှင့် မိုင်ထောင်ချီ အဝေးတွင် အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့က မြေပုံကို လေ့လာ နေကြသည်။
“ဒီနေရာမှာ ဘာမှ မရှိသလိုပဲ … အဲဒါကို စာစောင်က ဘာလို့ နက်ရှိုင်း ဝိညာဉ်ကျောက်က ဒီမှာ ရှိတယ်လို့ ရေးထားတာလဲ …” အရပ်ရှည်ရှည် အမျိုးသားက မြေပုံကို စစ်ဆေးရင်း နားမလည်စွာ ပြောလိုက်သည်။
အမျိုးသမီးက ပြန်လည်ချေပကာ ပြောဆိုလိုက်သည်။
“စာအုပ်က မှားနေတာတော့ မဖြစ်နိုင်ဘူး၊ ဒီနေရာက ယင်စွမ်းအားလည်း ကြွယ်ဝတယ် အဲဒါက နက်ရှိုင်း ဝိညာဉ်ကျောက် ဖြစ်ဖို့အတွက် အကောင်းဆုံး နေရာပဲ။ ပြီးတော့ ငါတို့ ဖြတ်လာတဲ့ လမ်းအမှတ်အသားတွေ ကလည်း မြေပုံကနဲ့ အတူတူပဲ။ အဲဒီလိုဆိုတော့ မြေပုံက အစစ်ပဲ နေမှာ၊ စာအုပ်ပေါ်က ပြထားတဲ့ ရတနာတွေကလည်း မမှားဘူးလေ ...”
“အင်း မင်းပြောတာ မှန်တယ်။ မြေပုံရော စာစောင်ရော အမှန်ပဲ။ ဒါပေမဲ့ ငါ့ကို အံ့အားသင့်စေတာ ရှိတယ်၊ ဒီပစ္စည်းက ဘယ်လိုလုပ် မင်းတို့လက်ထဲ ရောက်နေတာလဲ …” ထိုသုံးယောက် အပြင် နောက်ထပ် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ် လာလေ၏။ သုံးယောက်သား လှည့်ကြည့် လိုက်သည့်အခါ သူတို့ဘေးတွင် ရောက်နေသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
အမျိုးသားတွင် သွားမည်းကြီးများ ရှိပြီး စုတ်တီးစုတ်ချာနှင့် အသုံးမကျသည့် သူနှင့် တူလေသည်။ အမျိုးသမီး၏ ခေါင်းတစ်ခုလုံးကို ပဝါအနက်ဖြင့် ဖုံးအုပ်ထားပြီး မျက်ဝန်း နှစ်ခုသာ မြင်ရလေသည်။
“ဘယ်သူလဲ ...” မိုဝူကျီ သိုလှောင်အိတ်ကို လုချင်သည့် ပိန်ပါးပါး အမျိုးသားက မေးလိုက်သည်။ တစ်ချိန်တည်းတွင် သူက လက်နက်ကို ထုတ်လိုက်တော့သည်။
“ငါက ရိုးစင်းတဲ့ လူပါ ...” စုတ်တီးစုတ်ပြတ် သွားမည်း အမျိုးသားက ရုတ်တရက် ရှေ့တိုးလာပြီး ပိန်ပါးပါး အမျိုးသားဆီ လက်ဝါးတစ်ချက် ပို့လွှတ်လိုက်သည်။ အကယ်၍ မိုဝူကျီသာ ဤနေရာတွင် ရှိနေပါက ထိုသွားမည်းကား ရိုးရိုးလေးချီမှန်း တန်းမှတ်မိ လောက်သည်။
ပိန်ပါးပါး အမျိုးသားက လက်ဝါးချက်ကို ရှင်းရှင်းလင်းလင်း မြင်သော်လည်း သူက မရှောင်နိုင်ခဲ့ပေ။ သူက မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် လက်ဝါးချက် သူ့ဦးခေါင်းပေါ် ရောက်လာသည်ကို စိုက်ကြည့်တာသာ လုပ်နိုင်လေသည်။
“ဖူး ...” ဦးနှောက် အရည်များက ပြန့်ကျဲသွားလေ၏။ ထိုအမျိုးသားက တစ်လက်မပင် မရွေ့လျားဘဲ သေသည့်အထိ အရိုက်ခံ လိုက်ရသည်။ အကြောင်းပြချက် သို့မဟုတ် တိုက်ပွဲ မရှိပေ။
“စီနီယာ ဒီလို ဘာကြောင့် လုပ်ရတာလဲဗျာ ...” အရပ်ရှည်ရှည် အမျိုးသားက နောက်ဆုတ်ကာ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
သူတို့က ထိုသွားမည်း အင်အားကို ခုခံနိုင်စွမ်း မရှိပေ။ သူက လက်နက်ကိုပင် မထုတ်ရဲချေ။ တစ်ချိန်တည်းတွင် အမျိုးသမီး ကျင့်ကြံသူက မြေပြင်ပေါ်တွင် မလှုပ်မရှား ရပ်နေရင်း သူမ မျက်နှာကား ဖြူဖျော့ နေလေသည်။ ထိုသို့ စွမ်းအားကြီး ကျင့်ကြံသူများက သူတို့ဆီမှ ဘာအလိုရှိ သနည်း။
ရိုးရိုးလေးချီက နှာခေါင်းရှုံ့ကာ …
“အကြောင်းပြချက် မရှိဘူး။ ငါ မင်းတို့ကို မေးမယ် ဒီမြေပုံနဲ့ စာစောင်က မင်းတို့ဆီ ဘယ်လိုလုပ် ရောက်လာတာလဲ … ”
အရပ်ရှည်ရှည် အမျိုးသားက ထိုစွမ်းအားကြီး ကျင့်ကြံသူ နှစ်ယောက်က သူတို့ကို လာရှာသည့် အကြောင်းအရင်းကို သဘောပေါက် သွားလေသည်။ အကြောင်းမှာ မြေပုံနှင့် စာစောင်ကြောင့် ဖြစ်၏။ သူက ရိုးရိုးလေးချီ လက်ထဲသို့ ထိုပစ္စည်းများကို ပြန်ထည့်ပေး လိုက်ပြီး …
“စီနီယာ … လူငယ်လေး တစ်ယောက်က ကျွန်တော်တို့ဆီ လာပြီး ဈေးကောင်းကောင်းနဲ့ ရောင်းသွားတာပါ၊ စီနီယာတို့ ရှာနေတယ်ဆိုတာ မသိလို့ပါဗျ ... သိရင် ကျွန်တော် …”
မဝယ်ရဲတာလား ... ဒါမှမဟုတ် သိမ်းမထားရဲတာလား ... မည်သို့ပင် ဖြစ်နေပါစေ ထိုကောင်စုတ်က သူတို့ကို မြေပုံနှင့် စာစောင်ကို ကြည်ဖြူစွာ ပေးကမ်းသွားလဲ ဆိုတာ သဘောပေါက် သွားလေပြီ။ ထိုသည်က ကောင်းချီး မဟုတ်ဘဲ ကျိန်စာသာ ဖြစ်သည်။
“အာ ...” ရိုးရိုးလေးချီက စာစောင်ဖွင့် လိုက်သည့်အခါ သူက အံ့ဩတကြီး ဖြစ်သွားလေသည်။
“ဘာဖြစ်တာလဲ ...” တိတ်ဆိတ် နေခဲ့သည့် အမျိုးသမီးက ပျော့ပျောင်းစွာ မေးလိုက်သည်။
ရိုးရိုးလေးချီက စာစောင်၏ ပထမစာရွက်ကို လှန်လိုက်ပြီး ပြောလိုက်သည်။
“အနက် ဆေးလုံးကို ကျိုးဖျက်ထားတယ်၊ ကျုပ်ထားထားတဲ့ အမှတ်အသားကို စာစောင်ထဲ ချန်ထားတာပဲ ... ”
“အို ... ဒီက မိန်းမအိုကြီးတောင် သူ့ကို ကောက်ချက်ချ မှားသွားတာပဲ။ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ရောက်နေမယ်လို့ ထင်မထားဘူး ...” မျက်နှာ လွှာထားသည့် အမျိုးသမီးက လေးလေးနက်နက် ပြောလိုက်သည်။
သို့သော်လည်း ရိုးရိုးလေးချီက ခေါင်းခါလိုက်ပြီး …
“သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ရောက်ဖို့ မလိုပါဘူး။ ကျန်းမိုနယ်မြေမှာ ဆိုရင် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် မရောက်ခင် စိတ်စွမ်းအား အသုံးပြုနိုင်တဲ့ ကျင့်ကြံသူတွေ ရှိခဲ့တာပဲလေ … ”
“ဒီမှာက ကျန်းမိုနယ်မြေမှ မဟုတ်တာ …” အမျိုးသမီးက ပြန်ပြောလိုက်သည်။
ရိုးရိုးလေးချီက ပြုံးထားရင်း …
“ဒါပေမဲ့ ဒီမှာ နတ်ဘုရား ရွှေနေကြာ ရှိနေတယ်လေ ... ”
သူ့စကားတွင် ကျန်းမိုနယ်မြေ၌ နတ်ဘုရား ရွှေနေကြာကား အလွန် ရှားပါးသော်လည်း ဤနေရာတွင် ပေါ်လာသေး၏။ သူ့စကားလုံးများက ပျောက်ဆုံးနယ်မြေမှ ကျင့်ကြံသူများသည် ကျန်းမိုနယ်မြေထက် ပိုဆိုးကြောင်း ပြောသော်လည်း ထိုရှားပါးလှသော ရတနာ ပစ္စည်းများ ပေါ်လာမှုကြောင့် မိုဝူကျီက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်သို့ မရောက်ခင် စိတ်စွမ်းအားကို အသုံးပြုနိုင်လေ၏။
အမျိုးသမီးက …
“နတ်ဘုရား ရွှေနေကြာ” ကို ကြားသောအခါ သူမက အရပ်ရှည်ရှည် ကျင့်ကြံသူဘက်သို့ လှည့်ကာ အေးစက်စက် ပြောလိုက်သည်။
“နတ်ဘုရား ရွှေနေကြာကို ဘယ်မှာ ဝှက်ထားတာလဲ …”
“နတ်ဘုရား ရွှေနေကြာက ဘာလဲ …” အရပ်ရှည်ရှည် အမျိုးသားက နားမလည်စွာ ပြန်မေးလိုက်သည်။
ရိုးရိုးလေးချီက အားရပါးရ ရယ်မောလိုက်ပြီး လက်ဝါးချက်ကို ပို့လွှတ်လိုက်သည်။ အရပ်ရှည်ရှည် အမျိုးသားက နေရာတွင် အကျဉ်းချ ခံလိုက်ရ သကဲ့သို့ ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးကား မြောက်လာသည့် အလား ခံစားလိုက်ရသည်။
သူက အမှန်ပင် မှားမိသည်။ ယခုအချိန်အထိ သူသည် ဘာတွေ ဖြစ်ပျက်နေမှန်း သေချာမသိပေ။
“ဘမ်း ...” ရိုးရိုးလေးချီလက်ကို အမျိုးသမီးက တားဆီးလိုက်ကာ …
“ခဏနေဦး ... ”
အရပ်ရှည်ရှည် အမျိုးသား တစ်ကိုယ်လုံးကား ချွေးများ ရေကူးထား သကဲ့သို့ စိုစွတ်နေလေသည်။ သူက သေခြင်း၊ ရှင်ခြင်း ဂိတ်တံခါးကို ကျော်ဖြတ်လာရမှန်း သိလိုက်သည်။
“ဒါကို မသိဘူးလား …” အမျိုးသမီးက လက်ကို ခါလိုက်ပြီးတော့ သူမလက်ထဲတွင် အဖြူအမည်း ပုံရိပ်လေး ပေါ်လာလေသည်။
အရပ်ရှည်ရှည် အမျိုးသားက ပုံရိပ်ကို ကြည့်ရင်း ချက်ချင်း ပြောလိုက်သည်။
“ဒီဟာကို သိတယ် ... စီနီယာ ကျွန်တော်တို့တွေ အရင်က စိတ်စွမ်းအင် ကျောက်တွင်းကို တွေ့ခဲ့တာနဲ့ အဲဒီထဲမှာထား …’
“ဘယ်မှာလဲ …” ရိုးရိုးလေးချီက ရှေ့တက်လှမ်း လာပြီး အရပ်ရှည်ရှည် အမျိုးသား ခါးကို ဆွဲပြီး မြှောက်လိုက်သည်။
ရိုးရိုးလေးချီက သူ့ကို ခါးမှ မြှောက်လိုက်သော်လည်း ထိုအမျိုးသားက ရိုးရိုးလေးချီထက် အရပ်ပိုမြင့်သည့် အတွက် သူ့ခြေထောက်ကား မြေပြင်ပေါ်တွင် ကျန်ရှိနေသေး၏။
ရိုးရိုးလေးချီက ကသိကအောက်ဖြင့် အမျိုးသားကို မြေပြင်ပေါ် ပြန်ချလိုက်တော့သည်။
“အဲဒါက စိတ်စွမ်းအင် ကျောက်တွင်းထဲမှာပါ ... အပေါ်ကနေ မြေပြန်အုပ် ထားတယ် ...” အရပ်ရှည်ရှည် အမျိုးသားက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြောလိုက်သည်။
“မြန်မြန် လမ်းပြ …” ရိုးရိုးလေးချီက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
ရိုးရိုးလေးချီနှင့် မျက်နှာဝတ်ရုံနှင့် အမျိုးသမီးက သူတို့ကို မသတ်တော့သည်ကို တွေ့၍ အရပ်ရှည်ရှည် အမျိုးသားက သက်ပြင်း ချလိုက်တော့သည်။ အကယ်၍ ရိုးရိုးလေးချီသာ သူ့နောက်ဆုံး အဖွဲ့ဝင်ကို သတ်လိုက်ပါက သူလည်း လိုက်သေဖို့ရန် တွေဝေနေမည် မဟုတ်ပေ။ ထို့အပြင် သူက လမ်းညွှန် ပေးသော်လည်း အဆုံးတွင် အသတ်ခံရ နိုင်သေး၏။
ယခု ရိုးရိုးလေးချီက မသတ်တော့သည်ကို မြင်သောအခါ သူ့စိတ်ထဲတွင် မျှော်လင့်ချက် အရိပ်အယောင် တောက်ပလာလေ၏။ ဖြစ်နိုင်သည်က စိတ်စွမ်းအင် ကျောက်တွင်းမှ နတ်ဘုရား ရွှေနေကြာကို ယူပြီးသည့် နောက်တွင် ရိုးရိုးလေးချီက သူ့တို့ကို သတ်ရန် စိတ်ထဲ ထားနေမည် မဟုတ်ပေ။
နေ့ဝက် အကြာတွင် အရပ်ရှည်ရှည် အမျိုးသားနှင့် အဖွဲ့ဝင်က ရိုးရိုးလေးချီတို့ နှစ်ယောက်ကို ကျောက်တွင်းဆီ ခေါ်ဆောင် လာလေသည်။
“ဒါပဲ ...” အရပ်ရှည်ရှည် အမျိုးသားက လက်ညှိုးထိုးပြ လိုက်သည်။
“ဆင်းလိုက် ...” ရိုးရိုးလေးချီက ခိုင်းစေလိုက်သည်။ သူက မိုဝူကျီနှင့် မတူပေ။ မိုဝူကျီက စိတ်စွမ်းအားကို မသုံးခဲ့ပေ။ ရိုးရိုးလေးချီ ရောက်လာသည့်အခါ သူက ချက်ချင်းပင် အနက်ကို သိရအောင် ဖြန့်ကြက်လိုက်သည်။ သို့သော်လည်း ဖြန့်ကြက်မှုက အောက်ခြေသို့ ရောက်သည့်အခါ အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေသည်။
အရပ်ရှည်ရှည် အမျိုးသားက ရေနေအပင်ကို စစ်ဆေးကြည့် လိုက်ပြီး ရုတ်တရက် ရပ်လိုက်သည်။
“ဘာလို့လဲ…” ပဝါနှင့် အမျိုးသမီးက အေးစက်စွာ မေးလိုက်သည်။
အရပ်ရှည်ရှည် အမျိုးသားက ပြောလိုက်သည်။
“စီနီယာ နှစ်ယောက် … တစ်ယောက်ယောက်တော့ ဒီနေရာ ရောက်နေပြီ ထင်တယ် … ကျွန်တော်တို့ ထွက်သွားတုန်းက … ”
“မြန်မြန် ဆင်းလိုက် ...” ရိုးရိုးလေးချီက စိတ်ထင့် လာမိသည်။ သူ့လက်ထဲ ရောက်ခါနီး ရတနာသည် လက်မတင်လေး လွတ်မြောက်သွားသည့် အလား ခံစားလိုက်ရသည်။
“ဟုတ်ကဲ့ ...” အရပ်ရှည်ရှည် အမျိုးသားက မတွန့်ဆုတ်ရဲပေ။ သူက ရေနေအပင်ကို ဆွဲလိုက်ပြီး အမှန်ပင် တစ်ယောက်ယောက် ရောက်လာလားဟု စစ်ဆေးကြည့် လိုက်သည်။ ဝင်ပေါက် ဘာလို့ အကြီးကြီး ဖြစ်နေတာလဲ …
***