← Chapters

မွေးစားအဖေခဲ

Vol. 115 Ch. 1615-extra-1

မွေးစားအဖေခဲ

Vol. 115 Ch. 1615-extra-1

တောင်စွယ်တွင် မေးတင်နေသော ဆည်းဆာနေကြောင့် တိမ်တိုက်တိမ်စိုင်များကား ပတ္တ‌မြားရောင်ကွန့်မြူးလျက် ရှိလေ၏။ ညနေခင်း၏ အလင်းရောင်သည် မြေပြင်များကို အနီရောင်ခြယ်မှုန်းထားပြီး အဆွေတော်လေကလည်း တဖြူးဖြူး တိုက်ခတ်လျက် ကျီစယ်နေရာ စပါးခင်းတို့မှာ လိမ္မော်ရောင်လှိုင်းများပမာ တအိအိ လှုပ်ရှားယိမ်းနွဲ့နေကြတော့သည်။

အရာအားလုံး အလွန်လှပနေသည်။

လေယူရာယိမ်းနေသော ရှည်ရှည်မျောမျော စပါးပင်များ၏အလှကား ... မြင်တွေ့လိုက်ရသူတိုင်းကို မျက်စိပသာဒဖြစ်စေသည်။ အမှန်တကယ် နတ်ပြည်သဖွယ် တင့်တယ်လှပနေ၏။

ဤမြေသည် မြေဩဇာကောင်း၍ ကောက်ပဲသီးနှံများစိုက်ပျိုးရိပ်သိမ်းဖို့ လွယ်ကူ၏။ ထို့ကြောင့် လယ်သမားများ ချမ်းသာကြလေသည်။ နေထိုင်ကြသူများမှာ သေမျိုးများဖြစ်ပြီး လူနေလည်း ထူထပ်သည်။ လူတိုင်းသည် သူတို့၏ကိုယ်ပိုင်စံအိမ်များတွင် သူတို့၏မိသားစုများနှင့် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်ကြ၏။

ဤနေရာ၏ ကုန်းမြင့်တစ်နေရာတွင် သားအဖနှစ်ယောက်နေထိုင်သော စံအိမ်တစ်လုံးရှိသည်။ သားဖြစ်သူသည် အလွန်လိမ္မာ၏။ သူတို့မိသားစုကား ကျိကျိတက်ချမ်းသာကြွယ်ဝသော်လည်း သားသည် လူပေါ်ကြော့သဖွယ် မနေပေ။ သူ့အဖေအပေါ် သူ၏ချစ်ခင်လေးစားမှုကိုလည်း မည်သည့်အရာနှင့်မှ ယှဉ်၍မရပေ။

အဖေဖြစ်သူသည် အသက်သိပ်မကြီးသေး။ လေးဆယ်ဝန်းကျင်သာ ရှိသေးသည်။ သို့သော် ဆယ်သက်စားမကုန်နိုင်အောင် ချမ်းသာနေပြီဖြစ်သည်။ နေ့စဉ်နေ့တိုင်း မိုးသောက်ချိန်ရောက်လျှင် သူသည် ခြံထဲထွက်၍ ကောင်းကင် သို့မဟုတ် စပါးခင်းများကို ကြည့်ရသည်ကို နှစ်သက်၏။ ညနေခင်းများတွင်လည်း နွေးထွေးသော နေဝင်ဆည်းဆာကို ကြည့်ဖို့ ထွက်တတ်ပြန်သည်။

သူသည် အလွန်ပျော်ရွှင်ကျေနပ်နေ၏။ စပါးခင်းများက သူ့မိသားစုအတွက် ဝမ်းစာလုံလောက်သည်ဟု ဆိုလိုသည်။ သို့သော် သူ့ကို အပျော်ဆုံးအကျေနပ်စေဆုံးဖြစ်စေသည့်လူကတော့ သူ့သားပင်။

သူ့သား မည်မျှလိမ္မာကြောင်း သူတို့၏အိမ်နီးချင်းအားလုံး သိကြ၏။ ထိုစိတ်နေစိတ်ထားသည် သူ၏အရိုးထဲစွဲနေသောအရာ၊ သူ့ဝိညာဉ်၏တစ်စိတ်တစ်ပိုင်းအလားပင်။ မည်သည့်အချိန်ဖြစ်ဖြစ်၊ မည်သည့်နေရာတွင်ဖြစ်ဖြစ် သူ့အဖေအပေါ် ထားရှိသည့် သူ၏ချစ်ခင်လေးစားမှုအား မနှိုင်းယှဉ်နိုင်ပေ။

အဖေဖြစ်သူသည် ခဲယွင်ဟိုင် ဖြစ်ပြီး သူ့သားကတော့ ခဲကျုံစစ် ဖြစ်လေ၏။

ခဲကျုံစစ်၏ ဆန္ဒကြောင့် မန်ဟိုက အဖေခဲနှင့် ခဲကျုံစစ်ကို လူပြန်ဝင်စားပြီးနောက် သားအဖအဖြစ် ပြန်ပေါင်းစည်းပေးခဲ့သည်။

သူတို့သည် အတိတ်ဘဝကို ကောင်းကောင်းမမှတ်မိနိုင်သော်လည်း ဤဘဝတွင် ခဲယွင်ဟိုင်ရော၊ ခဲကျုံစစ်ပါ အလွန်ပျော်ကြလေသည်။

ယခုဘဝတွင် နှစ်ယောက်လုံး သေမျိုးများ ဖြစ်၏။ ခဲကျုံစစ် လက်ထပ်သောအခါ လက်ထပ်ပွဲအား အကြီးအကျယ်ကျင်းပပြီး ဆွေမျိုးမိတ်သင်္ဂအားလုံး တက်ရောက်ကြသည်။ လက်ထပ်ပွဲသည် ခုနစ်တိုင်တိုင်ကြာမြင့်ပြီး စံအိမ်တစ်ခုလုံး စည်ကား‌သိုက်မြိုက်လျက်ရှိ၏။

ဤသို့ဖြင့် အချိန်တွေ ကုန်လွန်လာသည်။ တစ်ရက်ပြီး တစ်ရက်၊ တစ်နှစ်ပြီး တစ်နှစ်...

ခဲကျုံစစ်သည် အသက်ကြီးလာပြီး မကြာခင် မိသားစုတွင် မျိုးဆက်အသစ် မွေးဖွားလာ၏။ ခဲယွင်ဟိုင်လည်း အိုမင်းလာသည်။ အချိန်မည်မျှကြာကြာ စံအိမ်လေးမှာ အမြဲနွေးထွေးပြီး ချစ်ခြင်းမေတ္တာများပြည့်နေမြဲသာ။ ခဲယွင်ဟိုင်သည် မိုးသောက်ချိန်နှင့် ညနေစောင်းတိုင်း အပြင်ထွက်၍ ကောင်းကင်အား ကြည့်ရသည်ကို နှစ်သက်နေမြဲပင်။ ထိုအကျင့်အား ဘယ်တော့မှ မပြောင်းခဲ့ပေ။

“ဘိုးဘိုး ဘာတွေကြည့်နေတာလဲ” သူ့မြေးက ဤမေးခွန်းကို မကြာခဏ မေးတတ်ပြီး ခဲယွင်ဟိုင်က တစ်ခါမှမဖြေတတ်ပေ။ သူသည် အမြဲပြုံးရုံသာ ပြုံး၍ ခေါင်းခါတတ်၏။ ခဲကျုံစစ်က သူ့သားဆံပင်ကို ထိုးဖွတတ်သော်လည်း သူ၏မျက်ဝန်းများအရ မေးခွန်း၏အဖြေကို သိကြောင်း ထင်ရှားသည်။

နှစ်နှစ်ဆယ်ကြာသော် မြေးသည် လူပျိုဖြစ်လာ၏။ ခဲယွင်ဟိုင်မှာ ပို၍အိုလာသော်လည်း သူ့မျက်လုံးများက ကြည်လင်မြဲကြည်လင်နေဆဲပင်။ အမှန်တွင် အတိတ်ဘဝကို ပြန်မြင်နိုင်သွားသည့်အလား ယခင်ထက်ပင် ပိုမိုကြည်လင်တောက်ပနေ၏။

တစ်ရက် သူ့မြေးက ထိုမေးခွန်းကိုပင် ထပ်မေးသောအခါ ခဲယွင်ဟိုင်က သက်ပြင်းချသည်။

“ငါ့မြေးဦးလေးကို စောင့်နေတာ”

“သားရဲ့ဦးလေး ဟုတ်လား” လူပျိုပေါက်မြေးဖြစ်သူက အတန်ငယ်အံ့အားသင့်သွားပုံဖြင့် တုံ့ပြန်သည်။

“မင်းအဖေမှာ ညီတစ်ယောက်ရှိတယ်လို့ ဘိုးဘိုး အမြဲခံစားခဲ့ရတယ်။ ဟိုးတစ်ချိန်တုန်းက သူ ထွက်သွားပြီး အခုထိ ပြန်မလာသေးဘူး” ခဲယွင်ဟိုင်သည် အတိတ်ကို ပြန်တွေးနေဟန်တူသော်လည်း သူ့မျက်ဝန်းက တောက်ပနေ၏။

မြေးလုပ်သူက နားမလည်သော်လည်း ခဲကျုံစစ်ကတော့ နားလည်သည်။ သူ့မျက်ဝန်းများသည်လည်း အလားတူ တောက်ပနေလေသည်။

**

ဤကမ္ဘာလောကတွင် နေထိုင်သော လူအတော်များများသည် ဘဝပြန်ဝင်စားခြင်းသံသရာတွင် ပြန်မွေးဖွားလာခဲ့သည့် မန်ဟို၏ဆွေမျိုးအပေါင်းအသင်းများ ဖြစ်ကြ၏။

ရှုချင်နှင့်ထွက်သွားခင် မန်ဟိုက တစ်ဂြိုဟ်ပြီးတစ်ဂြိုဟ် သွားရောက်ကာ သူ၏ဆွေမျိုးအပေါင်းအသင်းအားလုံးကို စစ်ဆေးကြည့်ရှုခဲ့သည်...

စိတ်ချလက်ချဖြစ်သည့်အခါ မန်ဟိုသည် ရှုချင်အား ကြယ်တာရာကောင်းကင်တစ်နေရာတွင် လွင့်မျောနေ‌သော မြေထုတစ်ခုဆီ ခေါ်သွား၏။

“ဒီမှာ မိတ်ဆွေတွေ ရှိတာလား” ရှုချင်က မြေထုကို လှမ်းကြည့်ရင်း နူးညံ့သောအသံလေးဖြင့် မေးသည်။

သူက ပြုံးပြီး မြေထုကို တခဏလှမ်းကြည့်သည်။ သူ၏မျက်ဝန်းများတွင် အမှတ်တရများ ဖြတ်ပြေးသွား၏။

“ဒီနေရာမှာ ကိုယ် လေးစားရတဲ့ လူတစ်ယောက်ရှိတယ်။ ကိုယ် ဘယ်တော့မှ မမေ့နိုင်တဲ့တစ်ယောက်ပေါ့။ ကိုယ်တို့ ထွက်မသွားခင် သူ့ကို သွားတွေ့ဖို့ လိုတယ်”

ဆောင်းတွင်းဖြစ်၏။ နေသည် ပတ္တမြားရောင်ခြည်များဖြင့် မြေပြင်များအား ရေးခြယ်လျက် အနောက်မိုးကုပ်စက်ဝန်းတွင် ဝင်စပြုနေသည်။ မန်ဟိုနှင့် ရှုချင်သည် စံအိမ်တစ်လုံး၏ ဝင်းခြံထဲတွင် ပေါ်လာကြ၏။

လူဝင်စားခဲယွင်ဟိုင်က မန်ဟို့ကို မမြင်နိုင်ပုံပေါ်သည်။ သူသည် ခဲကျုံစစ်နှင့် သူ့မြေးနှင့်အတူ မိုးကောင်ကင်အား မော့ကြည့်ရင်း ရပ်နေ၏။

မန်ဟိုက သူတို့ကို ကြည့်ပြီးနောက် ခဲယွင်ဟိုင်အရှေ့သို့ လျှောက်သွားပြီး ဒူးထောက်ဂါဝရပြုသည်။

သူတို့အနေဖြင့် သူ့ကို မမြင်နိုင်သော်လည်း မန်ဟိုသည် နဖူးနှင့် မြေကြီးကို ထိလျက် ဂါဝရပြုနေ၏။ အမှတ်တရပေါင်းများစွာ သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် အဖေခဲ သူ့အပေါ် မည်မျှဂရုစိုက်ခဲ့သည်ကို သူ သတိရသည်။ ပထမဆုံးအကြိမ် ဖခင်မေတ္တာအား ခံစားခဲ့ရသည်ကိုလည်း သတိရသည်။ ထိုခံစားချက်များသည် ယခု သူ့နှလုံးသားတွင် ပြည့်နှက်နေလေသည်။

မွေးစားအဖေခဲသည် သူ့အတွက်ဆိုလျှင် မည်သည့်အရာပဲဖြစ်ဖြစ် ပေးဆပ်ဖို့ အသင့်ရှိခဲ့သည်ကို မန်ဟို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။ သူ၏ဆံပင်များသည် ဖြည်းဖြည်းချင်း ဖြူလာခဲ့ပြီးနောက်ဆုံး သူ ကွယ်လွန်သွားခဲ့သည်။ ထိုနောက်ဆုံးအချိန်ကျမှ ခဲယွင်ဟိုင်သည် သူက ခဲကျုံစစ်မဟုတ်မှန်း တစ်လျှောက်လုံး သိနေခဲ့ကြောင်း မန်ဟို သ‌ဘောပေါက်ခဲ့၏။

အာကာပြင်ကျယ်စကြဝဠာ၏အပြင်ရှိ အတုအယောင်ကမ္ဘာထဲ၌ သူ ပြုစားခံခဲ့ရစဉ်တုန်းက အဖြစ်အပျက်ကိုလည်း ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။ အဖေခဲသည် မန်ဟို နစ်မျောနေရာမှာ နိုးထလာအောင် သူ့ကိုယ်သူ သတ်သေပြခဲ့၏။

မန်ဟို ဂါဝရပြုနေစဉ် ဤအတွေးများက သူ၏စိတ်ကို စိုးမိုးနေသည်။

ရှုချင်သည် ဘေးတွင် ရပ်နေပြီး မန်ဟို့အပြုအမူကို မြင်လျှင် နားလည်သွားသည်။ သူမလည်း ရှေ့လျှောက်သွားပြီး ချွေးမတစ်ယောက် လုပ်သင့်သည့်အတိုင်း ဒူးထောက်ဂါဝရပြုသည်။

“မွေးစားအဖေ” မန်ဟိုက ပြောသည်။ “သား အဖေ့ကို နောက်ဆုံးအကြိမ် လာတွေ့တာပါ...”

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ခဲယွင်ဟိုင်က ရုတ်တရက် ငုံ့ကြည့်သည်။ သူ၏မျက်လုံးများက ပိုမိုတောက်ပလာပြီး သူက ပြုံးလေသည်။

ခဲကျုံစစ်လည်း အလားတူ တောက်ပစွာ ပြုံးနေသည်။

ခဲကျုံစစ်၏သား၊ ခဲယွင်ဟိုင်၏မြေးဖြစ်သော လူငယ်မှာ သူ့အဖေနှင့်အဘိုး ပြုံးနေခြင်းကြောင့် ဇဝေဇဝါဖြစ်သွားသည်။

“ငါ ခံစားနေရတယ်” ခဲယွင်ဟိုင်က ပြုံးလျက် ပြောသည်။ “ငါ့မြေးရေ မင်းဦးလေး ပြန်ရောက်လာပြီ....”

All Chapters